← Chapters

ရာစုနှစ်က အကြီးကျယ်ဆုံး တိုက်ပွဲ

Vol. 6 Ch. 526

ရာစုနှစ်က အကြီးကျယ်ဆုံး တိုက်ပွဲ

Vol. 6 Ch. 526

လင်းရှု့မင်နှင့် ချန်းပေ့ရွှမ်းတို့သည် ကမ္ဘာ၏ အစွမ်း အထက်ဆုံး တန်ခိုးရှင်များ အဖြစ် ကျော်ကြားသည်။

လင်းရှု့မင်သည် လင်းလန့်ယာ အတွက် လက်စားချေမှုကို ရှာဖွေရန် ချန်းပေ့ရွှမ်းကို စိန်ခေါ်ခဲ့သည်။ အကယ်၍ သူတို့ နှစ်ယောက်သာ တိုက်ခိုက်ကြမည် ဆိုပါက ထိုတိုက်ပွဲသည် ရာစုနှစ်၏ အကြီးကျယ်ဆုံး တိုက်ပွဲပင် ဖြစ်လာပေလိမ့်မည်။

ထိုအတောအတွင်း သိုင်းပညာရှင်များဖြင့် ဖွဲ့စည်းထားသော အင်တာနက် ဖိုရမ်ကား ဆူပွက် နေခဲ့ပြီ ဖြစ်သည်။

"သမိုင်းက တစ်ကျော့ ပြန်လည်လာသလို ငါ ခံစားနေရတယ် ... လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က လင်းရှု့မင်နဲ့ ဂျပန် ဓားသူတော်စင်တို့ရဲ့ တိုက်ပွဲက အခု ပြန်ပြီး ဖြစ်နေသလိုပဲ ..."

"တရုတ်ရဲ့ အစွမ်း အထက်ဆုံး ဓားသမားနဲ့ အသက် အငယ်ဆုံး တန်ခိုးရှင်တို့ရဲ့ တိုက်ပွဲမှာ ဘယ်သူက အောင်ပွဲ ခံသွားမလဲ ..."

"ငါတော့ ချန်းပေ့ရွှမ်းပဲ အောင်ပွဲ ခံသွားမယ် ထင်တယ် ... သူက တန်ခိုးရှင် ခြောက်ယောက်ကိုတောင် သတ်နိုင်ခဲ့တာ ဆိုတော့ ... သူ့ရဲ့ စွမ်းအားက တန်ခိုးရှင် အဆင့်ထက် ပိုမြင့်တာ သေချာတယ် ..."

"ကျိန်းသေပြောလို့ မရဘူး ... လင်းရှု့မင်က နှစ်ခြောက်ဆယ် အထိ တံခါးပိတ် ကျင့်ကြံ နေခဲ့တာ ... သူက မြေကမ္ဘာ အဆင့်ကိုတောင် ရောက်ချင် ရောက်နေမှာ ... သူ့ကိုသူ ယုံကြည်ချက် မရှိပဲ ချန်းပေ့ရွှမ်းကို စိန်ခေါ်မှာ မဟုတ်ဘူး ..."

"မြေကမ္ဘာ အဆင့် ... အဲဒါက တကယ် ရှိလို့လား ... ဒဏ္ဍာရီထဲမှာပဲ ရှိတာ မဟုတ်ဘူးလား ..."

လူများစွာ၏ ဆွေးနွေးသော အကြောင်းအရာက မြေကမ္ဘာ အဆင့် အမှန်တကယ် ရှိမရှိသို့ ခေါင်းစဉ် ပြောင်းလာခဲ့၏။

မြေကမ္ဘာ အဆင့်ကား လွန်ခဲ့သည့် နှစ်ထောင်ချီက ဒဏ္ဍာရီများတွင်သာ ရှိသော အရာဖြစ်သည်။ ဤကမ္ဘာ၌ မြေကမ္ဘာ အဆင့်သို့ ရောက်ရှိခဲ့ကြောင်း သက်သေနှင့်တကွ ဆိုနိုင်သူ ဟူ၍ ဓားလျှို့ဝှက်ချက် တစ်ယောက်သာ ရှိသည်။

ဝူတန်၏ ကျန်းစန်းဖုန်း၊ အမှောင်ကဝေ၏ မဟာကဝေ၊ လင်းရှု့မင်၊ ချန်းပေ့ရွှမ်း စသည့် ပုဂ္ဂိုလ်များသည် မြေကမ္ဘာ အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ကောလာဟလများစွာ ရှိသော်လည်း မည်သူမျှ တိတိကျကျ သက်သေ မပြနိုင်ကြချေ။

အနောက်နိုင်ငံများ၏ နောက်ဆုံး မြေကမ္ဘာ အဆင့်မှာ သူတော်စင် ဩဂတ်စတင်း ဖြစ်သည်။ သူ သေဆုံးသည်ပင်လျှင် နှစ်ပေါင်း နှစ်ထောင်ကျော်မျှ ကြာခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်ပင် အချို့လူများသည် မြေကမ္ဘာ အဆင့်၏ တည်ရှိမှုကို စတင် သံသယ ဝင်လာကြတော့သည်။

***

ထိုအချိန် ခွန်းလွန် အခြေစိုက် စခန်း အတွင်း ...

"ဟမ့် ... မဟာကဝေတောင် မြေကမ္ဘာ အဆင့်ကို မရောက်ခဲ့ဘူး ... လင်းရှု့မင်က ဘယ်လို ရောက်နိုင်မှာလဲ ..."

စစ်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်။ သူက လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျောကို ဆန့်တန်း၍ မားမားမတ်မတ် ရပ်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အငွေ့အသက်များက ဟောင်ဂိုဏ်း ဘိုးဘေး သခင်အောက် အားနည်းခြင်း မရှိပေ။

"ဆရာ ... အဲ့ပွဲကို သွားကြည့်မှာလား ..."

အဘိုးအို၏ နောက်ရှိ အဇူရာရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူကြီးက အနည်းငယ် ပြုံးရင်း မေးလိုက်၏။

***

ထိုအချိန် ထိုင်ဝမ်ပြည်နယ်၊ ဖိုကောင်းတောင်တွင် ...

လှပ ကျော့ရှင်းသော မိန်းကလေး တစ်ဦးသည် ရှေးဟောင်း အဆောက်အဦ အတွင်းမှ ထွက်လာခဲ့သည်။ သူမ၏ ရုပ်ရည်က အသက် သုံးဆယ်ခန့်ဟုသာ ထင်ရသည့်တိုင် သူမ၏ မျက်လုံးများကမူ နှစ်ရာချီ လျှို့ဝှက်ချက်များကို သိမ်းဆည်းထားသည့် အလား လေးနက် နေခဲ့၏။

အကယ်၍ တစ်စုံ တစ်ယောက်သာ အဆောက်အဦ၏ ဆိုင်းပုဒ်ကို မော့ကြည့်ပါက ထည်ဝါစွာ ရေးသားထားသော "လေးထောင့် မျှော်စင်" ဟူသည့် စကားလုံး နှစ်လုံးကို တွေ့မြင်ရမည် ဖြစ်သည်။

***

ဂျပန် ဧကရာဇ် နန်းတော် ...

ဆာမူရိုင်း ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးကြီး တစ်ဦးသည် နန်းတော်ထဲမှ ထွက်လာခဲ့၏။

သူသည် ဆံပင်ကို ရိုးရာ ဆာဝါကီ ပုံစံ ထုံးဖွဲ့ထားကာ ဓားအား ခါး၌ စည်းကြိုးဖြင့် စည်းနှောင်ထားသည်။ သူ၏ မျက်လုံးများက အလွန်အမင်း အေးစက်နေပြီး သူ၏ လှုပ်ရှားမှုက ရက်စက်မှုနှင့် ပြတ်သားခြင်းကို ပုံဖော် နေ၏။

သူ၏ နောက်တွင်မူ ဂျပန် တော်ဝင်မျိုးနွယ်များ၊ သူဌေးကြီးများက ရိုကျိုးသော အမူအရာဖြင့် လိုက်ပါလာကြ၏။

***

ကမ္ဘာ အရပ်ရပ်မှ များစွာသော ပညာရှင်များသည် တိုက်ပွဲကို ကြည့်ကြရန် ကျောင်းဟိုင်သို့ တဖွဲဖွဲ ရောက်လာကြ၏။ နိုင်ငံကြီး၊ နိုင်ငံငယ် များသည်လည်း သူတို့၏ ဂြိုဟ်တုများကို အရှေ့ပင်လယ် ကမ်းခြေသို့ ဦးတည်ကာ မှတ်တမ်းယူရန် အလုပ်ရှုပ် နေကြ၏။

များစွာသော အထူး စုံထောက်များသည်လည်း တရုတ်သို့ တစ်သုတ်ပြီး တစ်သုတ် ရောက်ရှိ လာကြသည်။ သူတို့၏ တာဝန်မှာ တိုက်ပွဲအား မြေပြင် မြင်ကွင်းမှ မှတ်တမ်း ဖမ်းယူန် ဖြစ်သည်။

သိုင်းပညာကို စိတ်ဝင်စားသော လူငယ် များသည်လည်း အချင်းချင်း အင်တာနက်မှ ဆက်သွယ်ကာ စုံစမ်းကြသည်။

"ကျောင်းဟိုင်က တစ်ယောက်ယောက် ရှိလား ... အဲဒီကို ပညာရှင်တွေ အများကြီး သွားနေကြတယ် ကြားတယ် ... တစ်ခုခုတော့ ဖြစ်နေတာလား ..."

"ဟုတ်တယ် ... ငါ့ဆရာ ပြောတာကတော့ ရာစုနှစ်ရဲ့ အကြီးမားဆုံး တိုက်ပွဲ ဖြစ်တော့မှာတဲ့ ... အဲဒီ တိုက်ပွဲက အလွဲခံလို့ မရဘူးတဲ့ ... တစ်သက်မှာ တစ်ခါတောင် ကြုံခေါင့်ကြုံခဲလို့ ပြောတယ် ..."

"ဟုတ်လား ... ဘယ်သူတွေ တိုက်ကြမယ် မသိဘူးနော် ..."

ထိုလူငယ်လေးများကား အပျော်တမ်း သိုင်းဝါသနာရှင်များ ဖြစ်ကြရာ တိုက်ပွဲ အကြောင်း အသေအချာ မသိကြချေ။ ထို့ကြောင့်ပင် သူတို့က ကိုယ်တိုင် သွားရောက် စုံစမ်းရန် ကျောင်းဟိုင်သို့ ချီတက်လာကြသည်။

ထိုအချိန်၌ မြောက်ပိုင်းချုံးဂိုဏ်း တစ်ခုလုံးကား ချန်းဖန် ပြန်လည် ပေါ်ထွက်လာပြီ ဆိုသော စကားကြောင့် ပျော်ရွှင်နေကြ၏။

"ဆရာ ပြန်ပေါ်လာပြီလား ..."

အားရှို့က သတင်းကို ကြားသည်နှင့် ပျော်ရွှင်စွာ အော်ဟစ် လိုက်၏။

"ဟုတ်တယ် ... တန်ခိုးရှင် ဆရာချန်းက ပြန်ပေါ်လာတာနဲ့ တန်ခိုးရှင် သုံးယောက်ကို သတ်ပစ်လိုက်တယ်တဲ့ ... အခုဆို နဂါးခန်းမ ကလည်း မြောက်ပိုင်းချုံးဂိုဏ်းရဲ့ ဌာနခွဲ တစ်ခု ဖြစ်သွားပြီ ..."

ဝူရှန့်ဟယ်က ပြုံးရင်း ဆိုလိုက်သည်။

သူသည် ယခင်က ယင်တစ္ဆေဂိုဏ်း၏ ခေါင်းဆောင် တစ်ယောက် ဖြစ်သော်လည်း ယခုတွင်မူ မြောက်ပိုင်းချုံး၏ သစ္စာ အရှိဆုံး လူယုံ တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဟင်း ..."

ချန်းဖန် ပြန်ပေါ်လာသည် ဆိုသော သတင်းကို ကြားမှ ဟွာရန်ဖန်း တစ်ယောက် သက်ပြင်းချနိုင်တော့သည်။ ချန်းဖန်သာ ပြန်ပေါ်မလာပါက မြောက်ပိုင်းချုံးဂိုဏ်း ကျိန်းသေ ကျဆုံးသွားလိမ့်မည် ဖြစ်သည်။

သတင်းကောင်းအား ကြားရသည့်တိုင် ယူကီရှီရိုဆာမှာမူ အိပ်ရာပေါ်၌သာ မကြည်မသာ လဲလျောင်း နေခဲ့၏။ သူမသည် ချန်းဖန်ထံမှ ချီးကျူးမှု ရရှိစေရန် အတွက် မြောက်ပိုင်းချုံးဂိုဏ်း အင်အား ကြီးမားလာအောင် အစွမ်းကုန် ကြိုးစားခဲ့သည်။

သို့သော်လည်း လက်ရှိ ဖြစ်ပျက်နေသည့် မြောက်ပိုင်းချုံးဂိုဏ်း၏ အခြေအနေကမူ ဆိုးရွားလွန်းလှသည်။ သူမ အနေဖြင့် အလွန်ဆုံး ချန်းဖန် စိတ်မပျက်ရန်သာ ကြိတ်၍ ဆုတောင်း နေမိသည်။

"ကျွန်မတော့ ရှောင်ဖန် အတွက် စိတ်ပူ နေမိတုံးပဲ ..."

ဝမ်ရှောက်ယွင်က စိုးရိမ် ပူပန်စွာ ဆိုသည်။

"ဘာမှ စိတ်ပူစရာ မရှိပါဘူး ... ဆရာ့ရဲ့ စွမ်းအားက ကျုပ်တို့ စိတ်ကူးတောင် မကြည့်နိုင်တဲ့ အဆင့်မှာ ရှိတယ် ..."

ဟွာရန်ဖန်းက ဝမ်ရှောက်ယွင်ကို နှစ်သိမ့်လိုက်သည်။

သူ့အနေဖြင့် ချန်းဖန်၏ စွမ်းအား အစစ်အမှန်ကို သိရှိခြင်း မရှိသော်လည်း အနည်းငယ် ခန့်မှန်း နေနိုင်ပြီ ဖြစ်သည်။ မှားယွင်းသော ပြိုင်ဘက်ကို လင်းရှု့မင် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သူ ယုံကြည်သည်။

"တကယ်လို့ လင်းရှု့မင်က မြေကမ္ဘာ အဆင့် ဖြစ်ရင်ရော ... ဆရာက သူ့ကို နိုင်ပါ့မလား ..."

ထိုအတွေးဖြင့် ဟွာရန်ဖန်း၏ မျက်နှာက အနည်းငယ် အရောင်ပြောင်းသွား၏။

***

၂၀၁၂၊ ဇန်နဝါရီ ၇ ရက် ...

ကျောင်းဟိုင် အနီး အရှေ့ပင်လယ် ကမ်းခြေ၏ ကျောက်ဆောင် တစ်ခု၌ စာပေသမား လူငယ် တစ်ယောက် တင်ပျဉ်ချိတ်ကာ ထိုင်နေခဲ့၏။

ထိုကမ်းခြေ တစ်ဝိုက်ကား အများအားဖြင့် လူသူ ကင်းမဲ့ နေတတ်သော်လည်း ယနေ့တွင်မူ ကမ္ဘာ အရပ်ရပ်မှ ပညာရှင်များစွာ စုစည်း ရောက်ရှိ နေခဲ့သည်။

"ဂျပန်ရဲ့ အစွမ်းအထက်ဆုံး ကင်ဒိုမာစတာ အီရီကာလည်း ဒီကို ရောက်နေတာလား ..."

"ဟမ် နေဦး ... ဟိုတစ်ယောက်က ဘုရားသားတော် ဧဒင် မလား ... သူ့ကို ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူး ..."

"ကောင်းကင် စာအုပ်က ပညာရှင်တွေ အကုန်လုံး ဒီကို ရောက်နေကြတာလား ... တကယ့်ကို လူစုံတာပဲ ..."

သာမန် သိုင်းပညာရှင်များသည် နာမည်ကြီး ပုဂ္ဂိုလ်များကို လိုက်ကြည့်ရင်း တအံ့တဩ ရေရွတ် နေကြသည်။

မြောက်ပိုင်းချုံးဂိုဏ်း ရောက်ရှိလာသော အချိန်တွင်မူ လူထုကား ပွက်ပွက်ဆူ သွားတော့သည်။

"မြောက်ပိုင်းချုံးဂိုဏ်း ရောက်လာပြီတဲ့ ... ချန်းပေ့ရွှမ်းက ဘယ်မှာလဲ ..."

လူတိုင်းက အသစ်ရောက်လာသော အုပ်စုကို ကြည့်ရင်း စူးစမ်း လိုက်ကြ၏။

***

All Chapters