← Chapters

ပညာရှင်များစွာ

Vol. 6 Ch. 527

ပညာရှင်များစွာ

Vol. 6 Ch. 527

မြောက်ပိုင်းချုံးဂိုဏ်း၏ အဖွဲ့ဝင်များ အားလုံးသည် အရှေ့ပင်လယ် ကမ်းခြေသို့ ရောက်ရှိ လာကြသည်။

ကျောင်းဟိုင်သည် မြောက်ပိုင်းချုံးဂိုဏ်း၏ အခြေစိုက်စခန်း ဖြစ်သည်။ ထို့အပြင် ယနေ့သည် တစ်နှစ်ခွဲအတွင်း ချန်းဖန် ပထမဆုံး အကြိမ် ပြန်လည် ရောက်ရှိလာမည့်နေ့ ဖြစ်သည်။ ထို့ကြောင့် ဖန့်ချုံး၊ အန်ရာ၊ ဝမ်ရှောက်ယွင်တို့ပင် အရှေ့ပင်လယ် ကမ်းခြေသို့ လာရောက်ကြသည်။

ဟွာရန်ဖန်းသည် ထိုအုပ်စုအား ခေါင်းဆောင်လာသည်။ သူ၏ ခြေလှမ်းများက အစိပ်အကျဲ ညီနေကာ သူ၏ စိတ်တည်ငြိမ်မှုကို ရည်ညွှန်းနေသည်။

ဟွာရန်ဖန်း၏ နောက်တွင်မူ လူသန်ကြီး တစ်ယောက် လိုက်ပါလာ၏။ လူသန်ကြီး၏ အရေပြားက ကြေးရောင် တောက်ပနေ၏။ လူတိုင်းသည် ထိုလူသန်ကြီးမှာ ချန်းစံအိမ်မှ ခန္ဓာကိုယ် သန့်စင်သည့် ပညာရှင် ဖြစ်ကြောင်း ချက်ချင်းပင် မှတ်မိလိုက်ကြသည်။

"ချန်းပေ့ရွှမ်းကိုလည်း မတွေ့ပါလား ..."

လူများစွာသည် စိတ်ပျက်မှုကို ခံစားလိုက်ကြရ၏။

"ဘာဖြစ်ဖြစ် အခု ရောက်လာတဲ့ အင်အားကတောင် နိုင်ငံကြီး တစ်ခုကို လွှမ်းမိုးလို့ ရနေပြီ ..."

လူအများက ပင့်သက် ရှိုက်လိုက်မိကြသည်။

မြောက်ပိုင်းချုံးဂိုဏ်းသည် အထွတ်အထိပ် ဆယ်ချီ အပြင် တန်ခိုးရှင် အဆင့် နှစ်ယောက်ဖြင့် ချီတက်လာကြသည်။ ထို့အပြင် ကောလာဟလများ အရ နဂါးခန်းမသည်လည်း မြောက်ပိုင်းချုံးဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်ဟု ဆိုသည်။ ထိုသတင်းသာ အမှန်ဆိုပါက မြောက်ပိုင်းချုံးဂိုဏ်း၌ တန်ခိုးရှင် အဆင့် လေးယောက်နှင့် အထွတ်အထိပ် နှစ်ဆယ်ကျော် ရှိလာလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့သော အင်အားသည် တရုတ်၏ အခြား အင်အားစုများ အားလုံး ပေါင်းစည်း ထားသည်နှင့်ပင် ညီမျှသည်။ ထို့အပြင် မြောက်ပိုင်းချုံးသည် ချန်းဖန် ကဲ့သို့သော အလွန် အစွမ်းထက်သည့် ပညာရှင်ကို ပိုင်ဆိုင် ထားသေးသည်။

"မြောက်ပိုင်းချုံးက ပညာရှင်တွေ အများကြီးကို ခေါ်လာတာပဲ ... လင်းရှု့မင် သူ့တို့ကို ကိုင်တွယ်နိုင်ပါ့ မလား ..."

မြောက်ပိုင်းချုံး ပြသခဲ့သော အင်အားက လူအများအား အတွေးများစေသည်။

"ခရက် ..."

ရုတ်တရက် ကောင်းကင်သည် ညရောက် သကဲ့သို့ ခဏ မှောင်မည်းသွား၏။

အလင်းရောင် ပြန်လည် ရောက်ရှိသည်နှင့် ကမ်းခြေ၌ ရှစ်ထောင့် သင်္ကေတနှင့် တာအို ဝတ်စုံတတ် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏ ပေါ်ထွက်လာမှုက များစွာသော လူများ၏ မျက်လုံးများကို ပြူးကျယ် သွားစေ၏။

"မဟာ ကောင်းကင်သခင်ဂိုဏ်းက ယောင်တောက်ရီ ..."

ယောင်တောက်ရီသည် ဂန္ထဝင် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ ကောလာဟလများ အရ သူသည် လွန်ခဲ့သည့် နှစ်ခြောက်ဆယ်ကပင် တန်ခိုးရှင် အလယ်ဆင့်သို့ ရောက်ရှိနေပြီဟု ဆိုသည်။

ယောင်တောက်ရီ၏ လက်တွင်မူ အလွန် ကျော်ကြားသော ဓမ္မ ရတနာ ဖြစ်သည့် မိုးကြိုးတံဆိပ် ရှိသည်။ သူသည် ထိုရတနာနှင့် အတူ လွန်ခဲ့သည့် နှစ်တစ်ရာခန့်က တရုတ်၌ လျှမ်းလျှမ်းတောက်ခဲ့သည်။

လွန်ခဲ့သည့် နှစ်ခြောက်ဆယ်က ရဲ့ချင်စန်းသည် ယောင်တောက်ရီအား စိန်ခေါ် တိုက်ခိုက်ခဲ့သည်။ သုံးရက် သုံးည ကြာသည့်တိုင် မည်သူမျှ အနိုင် မယူနိုင်ခဲ့သဖြင့် ထိုတိုက်ပွဲကို သရေအဖြစ် သတ်မှတ်ခဲ့သည်။ ယခုဆိုလျှင် ယောင်တောက်ရီ မည်မျှ အထိ အစွမ်းထက်နေပြီ ဖြစ်ကြောင်း မည်သူမျှ မသိကြချေ။

ယောင်တောက်ရီက လင်းရှု့မင်အား တစ်ချက် ပြုံးပြလိုက်သည်။ ထို့နောက် သူက ကမ်းခြေ၏ တစ်နေရာသို့ သွားကာ ထိုင်ချလိုက်သည်။ သူ၏ ဘေးတွင်မူ မိုးကြိုးနှင့် လျှပ်စီးက အရောင်အဝါ အဖြစ် တောက်ပနေကာ အခြားလူများ ကပ်မလာနိုင်အောင် တားဆီးနေ၏။

"တန်ခိုးရှင် အဆင့် လေးယောက် ..."

လူတိုင်းသည် အလွန်ပင် စိတ်လှုပ်ရှား လာကြသည်။

ရုတ်တရက် သီချင်းဆိုသံ တစ်ခု အဝေးမှ ပျံ့လွင့်လာ၏။

"ထာဝရ အသက်ရှည်ဖို့က စိတ်ရဲ့ အနက်ရှိုင်းဆုံး ဆန္ဒပါ ... ပိုက်ဆံ အာဏာတွေက နတ်ဘုရား အဖြစ်ကနေ ဝေးကွာစေတယ် ..."

လူတိုင်းသည် သီချင်းဆိုသူကို ကောင်းကင်တွင် တွေ့ရ၏။ သူကား တာအို ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို တစ်ယောက် ဖြစ်သည်။ သူက ငှက်မွေး တစ်ပင် အလား ကောင်းကင်မှ မြေပြင်သို့ ညင်သာစွာ သက်ဆင်းလာ၏။

"ဝူတန် မူလတာအိုဂိုဏ်းက လီချန်းရှန့် ..."

ပဉ္စမမြောက် တန်ခိုးရှင် ပေါ်ထွက် လာခြင်းက လူထုအား ဆူပွက်စေ၏။

ဝူတန်ဂိုဏ်းသည် သိုင်းနှင့် ဓမ္မ နှစ်မျိုးကို ပူးတွဲ ကျင့်ကြံခြင်းဖြင့် သိုင်းလောကတွင် ထင်ရှားသည်။ လီချန်းရှန့်၏ အင်အားသည် လင်းရှု့မင်အောက် လျော့နည်းခြင်း မရှိဟု လူများစွာက ယုံကြည်ကြသည်။

"အစ်ကိုလင်း ... ဘာလို့ အခုလို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးရတာလဲ ..."

လီချန်းရှန့်က လင်းရှု့မင်အား ကြည့်ရင်း ခေါင်းခါလိုက်သည်။

လင်းရှု့မင်သည် အမူအရာ ကင်းမဲ့စွာ ထိုင်နေဆဲ ဖြစ်သည်။ သူက လီချန်းရှန့်၏ အဖြေကို ဖြေဆိုခြင်း မရှိချေ။

သို့သော်လည်း လီချန်းရှန်၏ မေးခွန်းက  လူများစွာကို တစ်ခုခုအား ခန့်မှန်းမိစေသည်။

"ကလန့် ..."

ရုတ်တရက် ထက်ရှသော အလင်းတစ်ခု ကောင်းကင်တွင် လင်းလက်လာပြန်၏။

ယခုတစ်ကြိမ် ရောက်ရှိလာသူကား ဆာမူရိုင်း ဝတ်ရုံဝတ် ဂျပန်စစ်သည် တစ်ဦး ဖြစ်သည်။ သူက ပင်လယ်ထက်တွင် ညင်သာစွာ လျှောက်လှမ်းရင်း ကမ်းခြေဆီသို့ လျှောက်လာခဲ့သည်။ ကြမ်းတမ်း ရိုင်းစိုင်းသော ပင်လယ် လှိုင်လုံးကြီးများကား သူ၏ အရှိန်အဝါ အောက်၌ သိမ်မွေ့စွာဖြင့် ခစားကာ လမ်းကြောင်း တစ်ခုကို ဖန်ဆင်းပေးသည်။

"သူက ဘယ်သူလဲ ..."

လူအများက ထိုအဘိုးအိုကို ကြည့်ကာ စူးစမ်းလိုက်ကြ၏။ ထိုဂျပန် ဆာမူရိုင်း စစ်သည်ကား တန်ခိုးရှင် ဖြစ်သည်မှာ သံသယ ရှိစရာ မလိုချေ။

"သူ ... သူက ဂျပန် မူလ ဓားသူတော်စင် ဝါတနာဘေ ... ဟုတ်တယ် ... သူ အသက်ရှင် နေသေးတာလား ..."

လူအို သိုင်းပညာရှင်ကြီးများကား ဂျပန် ဆာမူရိုင်းကို တွေ့သည်နှင့် ဆွံ့အ သွားကြ၏။

"ဝါတနာဘေ ..."

ထိုနာမည်က လူတိုင်းအား အကြီးအကျယ် အံ့အားသင့်စေသည်။

လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ဝါတနာဘေသည် တရုတ်သို့ လာရောက်ကာ များစွာသော ပညာရှင်များကို အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် လင်းရှု့မင်က သူ့ကို စိန်ခေါ်ကာ တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲကို ရာစုနှစ်၏ အကြီးကျယ်ဆုံး တိုက်ပွဲ အဖြစ် ယနေ့တိုင် သိုင်းသမားများစွာက တသသ ပြန်လည် ပြောဆိုနေကြတုံး ဖြစ်သည်။

"ရှု့မင် ... မင်းနဲ့ ငါ တစ်နေ့မှာ တိုက်ခိုက်ကြဖို့ ငါ မျှော်လင့်နေတုံးပဲ ... လွန်ခဲ့တဲ့ နှစ်တစ်ရာ မပြီးပြတ်သေးတဲ့ တိုက်ပွဲအကြောင်း တွေးမိရင် ငါ အမြဲ ဝမ်းနည်းရတယ် ..."

ဝါတနာဘေက လင်းရှု့မင်အား ပြောလိုက်သည်။

လင်းရှု့မင်က မျက်လုံးဖွင့်ကာ ဝါတနာဘေအား ခေါင်းညိတ်ပြလိုက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် သူတို့သည် စကားပြောစရာ မလိုပဲ တစ်ယောက်၏ စိတ်ကို တစ်ယောက် နားလည်လိုက်ကြ၏။

များစွာသော ဂျပန်လူမျိုး ပညာရှင်များသည် ဂျပန် ဓားသူတော်စင်ထံသို့ အပြေးအလွှား သွားလိုက်ကြ၏။ သို့သော်လည်း ဝါတနာဘေသည် ကမ်းခြေသို့ တက်လာခြင်း မရှိပဲ ပင်လယ်လှိုင်းလုံးများ ထက်တွင်သာ ထိုင်ချလိုက်သည်။

"တန်ခိုးရှင် အဆင့် ခြောက်ယောက် ..."

ထိုမြင်ကွင်းက လူအများ၏ ခြေလက်များကို အေးစက်စေ၏။

"သူတို့သာ တိုက်ပွဲဖြစ်ရင် ကျောင်းဟိုင်တော့ ပျက်စီးတော့မှာပဲ ... အစိုးရက ဘယ်လို ထိန်းချုပ်မယ် မသိဘူး ..."

လူများစွာက ကြောက်ရွံ့စွာ တွေးလိုက်မိကြသည်။

ထိုအချိန်မှာပင် ပင်လယ်၏ မြင်ကွင်းအဆုံး မျဉ်းကွေးမှ စစ်သင်္ဘောများ ပေါ်လာခဲ့၏။ ထိုစစ်သင်္ဘောများက စစ်သားများစွာနှင့် ခေတ်မီ အမြောက်များကို သယ်ဆောင်ကာ ကမ်းခြေသို့ ချဉ်းကပ်လာသည်။

"နောက်ဆုံးတော့ ... ခွန်းလွန်က လူတွေ ရောက်လာပြီ ..."

"ပျံလွှားနီလေး အဇူရာ နဂါး လိပ်နက် ကျားဖြူ ... ခွန်းလွန်ရဲ့ ဗိုလ်ချုပ် လေးယောက်စလုံး ရောက်လာတာပဲ ..."

"အဇူရာ နဂါးရဲ့ အရှေ့မှာ ရပ်နေတဲ့ အဘိုးကြီးက ဘယ်သူလဲ ... ရဲ့ချင်စန်းများလား ..."

လူအများက စိတ်လှုပ်ရှားစွာ စူးစမ်းလိုက်ကြသည်။

သူတို့၏ အကြည့်များ အောက်တွင်ပင် အဘိုးအိုက ယုံကြည်ချက် ရှိစွာဖြင့် စစ်သင်္ဘောထက်မှ ဆင်းသက်လာသည်။

ယောင်တောက်ရီ၊ ဝါတနာဘေတို့ကို တွေ့ရသည့်တိုင် သူ၏ ယုံကြည်မှုက အားနည်းသွားခြင်း မရှိချေ။

"သူက ရဲ့ချင်စန်း မဟုတ်ဘူး ..."

လူအို သိုင်းသမားကြီးများက ခေါင်းခါကြသည်။

"အဇူရာ နဂါး ... မင်း အသက်ရှင်နေသေးမယ် လို့ ငါ မထင်ထားမိဘူး ..."

လီချန်းရှန့်က ဖြည်းညင်းစွာ နှုတ်ဆက်လိုက်သည်။

"ဟားဟား ... မင်းမသေသေးခင် ငါလည်း မသေပါဘူး ..."

အဘိုးအိုက ရယ်မောရင်း ပြန်လည် နှုတ်ဆက်လိုက်သည်။

ယောင်တောက်ရီကမူ ဘာမှ ဝင်မပြောပဲ နှာခေါင်းကိုသာ ရှုံ့သည်။ သူသည် အဇူရာ နဂါးဟု ခေါ်သည့် အဘိုးကြီးကို ကြည့်ရပုံ မပေါ်ချေ။

"သူက အဇူရာနဂါး ပထမ မျိုးဆက် ... တန်ခိုးရှင် ... သူက တန်ခိုးရှင် ဖြစ်သွားပြီလား ..."

လူအချို့က စိတ်လှုပ်ရှားစွာ ရေရွတ်ကြသည်။

ခွန်းလွန်ကို ရဲ့ချင်စန်း စတင် တည်ထောင်စဉ်က သူ့တွင် အယုံကြည်ရဆုံး လက်ထောက် လေးယောက် ရှိခဲ့သည်။ ထိုအထဲမှ အချို့မှာ အသတ်ခံခဲ့ရသလို အဇူရာ နဂါးသည်လည်း အနားယူခဲ့သည်။ သို့သော်လည်း သူ၏ "အဇူရာ နဂါး" ဟူသော နာမည်မှာမူ မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းကာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။

"လင်းရှု့မင် ... လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ် တုံးက မင်းနဲ့ ဗိုလ်ချုပ်ရဲ့ ဘာတွေ သဘောတူထားလဲ ... မင်းက ကတိကို ချိုးဖောက်တာလား ..."

အဇူရာ နဂါးက မေးလိုက်သည်။

"ချန်းပေ့ရွှမ်းက ငါ့ရဲ့ တပည့်နဲ့ မျိုးဆက်တွေကို သတ်ဖြတ်ခဲ့တယ် ... ငါ့မှာ နောက်ထပ် ဆုံးရှုံးစရာ ဘာမှ မကျန်တော့ဘူး ... ခုလို အခြေအနေက ရောက်လာမှတော့ ငါက ဘာကတိကို စောင့်ထိန်း နေရဦးမှာလဲ ..."

လင်းရှု့မင်က ဆိုလိုက်သည်။

"ဟမ့် ... လင်းလန့်ယာက ချန်းပေ့ရွှမ်းကို အရင် တိုက်ခိုက်ခဲ့တာ ... သူ့ရဲ့ မဆင်ခြင်မှုကြောင့် သေရတာ ချန်းပေ့ရွှမ်းကို အပြစ်တင်လို့ မရဘူး ..."

အဇူရာ နဂါးက ဆိုလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အဲဒီ အတွက် ချန်းပေ့ရွှမ်း အသက်ကို ငါယူမယ် ..."

လင်းရှု့မင်က ပြတ်သားစွာ ဆိုပြီးနောက် မျက်လုံးကို နောက်တစ်ကြိမ် ပြန်လည် ပိတ်လိုက်သည်။

အဇူရာ နဂါးက ခေါင်းခါရင်း လင်းရှု့မင်၏ စိတ်ဆန္ဒတွင် လက်လျှော့လိုက်ရသည်။ ယခု အချိန်၌ လင်းရှု့မင် မည်မျှ အစွမ်းထက်ကြောင်း သိသူ မရှိပေ။ အဇူရာ နဂါးပင်လျှင် သူ့အား သွေးတိုးစမ်း၍ မစစ်ဆေးဝံချေ။

လင်းရှု့မင်မှ လွဲ၍ မည်သူက ချန်းပေ့ရွှမ်းကို ရပ်တန့်နိုင်ပါမည်နည်း။

အချိန်ကား တဖြည်းဖြည်း ညနေသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ချန်းပေ့ရွှမ်းသည် အရိပ်အယောင်ပင် ပေါ်မလာသေးချေ။

"ချန်းပေ့ရွှမ်း ဘယ်မှာလဲ ..."

သာမန် ပညာရှင်များသည် တဖြည်းဖြည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြသော်လည်း တန်ခိုးရှင်များမှာမူ စိတ်ရှည်စွာ စောင့်ဆိုင်း နေကြဆဲ ဖြစ်သည်။

"ရှောင်ဖန်ဆီကို သတင်းရော ရောက်ပါ့ မလား ..."

ဝမ်ရှောက်ယွင်က စိတ်ပူစွာ မေးလိုက်သည်။

"စိတ်မပူပါနဲ့ အဒေါ်ဝမ် ... ရှောင်ဖန် မကြာခင် ရောက်လာမှာပါ ..."

ဖန့်ချုံးက ပြောလိုက်သည်။

ဖန့်ချုံးသည် မြောက်ပိုင်းချုံး၏ စီအီးအို ဖြစ်ရာ ဝမ်ရှောက်ယွင်နှင့် အမြဲ နီးကပ်စွာ ဆက်ဆံရသည်။ ထို့ကြောင့် သူမသည် ဝမ်ရှောက်ယွင်၏ အပြည့်အဝ ယုံကြည်မှုကို သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။

"ဟိုမှာ ..."

ရုတ်တရက် ဟွာရန်ဖန်းက ပင်လယ်သို့ လက်ညှိုးထိုးလိုက်၏။

ဝါတနာဘေ၊ ယောင်တောက်ရီနှင့် လီချန်းရှန့်တို့ အားလုံးက ဟွာရန်ဖန်း ညွှန်ပြရာသို့ ကြည့်လိုက်ကြ၏။

အမှောင်ပျိုးစ၌ အမှောင်တိမ်များသည် အနက်ရောင် ကောင်းကင်ကို ဆေးခြယ်နေကြသည်။ တိမ်များ၏ အောက်တွင်မူ ကြမ်းတမ်းသော မုန်တိုင်းနှင့် ဒေါသတကြီး ရုန်းကန်သော ပင်လယ်ပင် ရှိသည်။

ကောင်းကင်နှင့် ပင်လယ်၏ ဗဟိုတွင်မူ ရေဝဲ တစ်ခု ရှိနေခဲ့၏။ ထိုရေဝဲက အဖြူရောင် လက်ချောင်းများကို ဆန့်ထုတ်၍ ကောင်းကင်သို့ ပျံတက်ကာ အနက်ရောင် တိမ်တိုက်များကို ထိတွေ့သည်။

"အဲဒါက ..."

ထိုမြင်ကွင်းက လူတိုင်း၏ ရင်များကို တဒိတ်ဒိတ် ခုန်သွားစေသည်။

ရေဝဲ၏ ထိပ်တွင်မူ အဇူရာရောင် ဝတ်စုံဝတ် လူငယ် တစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေ၏။ သူ၏ ခန္ဓာကိုယ်၌ အဇူရာရောင် ခပ်ဖျော့ဖျော့က တည်ငြိမ်စွာ တောက်ပနေ၍ ၎င်းအပေါ်မှ အဇူရာ အင်္ကျီသည်လည်း လေတွင် လွင့်ပါကာ တိမ်များအလား ကခုန်နေ၏။

သူကား ချန်းဖန်ပင် ဖြစ်သည်။

"ချန်းပေ့ရွှမ်း ... မင်း ရောက်လာပြီလား ..."

လင်းရှု့မင်က မျက်လုံးများကို ဖွင့်ကာ ထိုင်ရာမှ ထလိုက်သည်။

ပရိသတ်များကား ထိုမြင်ကွင်းကို ကြည့်ရင်း လည်ချောင်းများပင် ခြောက်ကပ် လာကြတော့သည်။ ရာစုနှစ်၏ အကြီးကျယ်ဆုံး တိုက်ပွဲကား စချေတော့မည်။

***

All Chapters