ငါးအစ်ကိုကြီး၊ ဆေးလိပ်လေး သောက်ပါဦး
Vol. 1 Ch. 4
“သက်ရှိ… သက်ရှိ… ဟုတ်သားပဲ၊ ဘာလို့ လူပဲဖြစ်ရမှာလဲ။ နတ်သိကြားလောကမှာ သတ္တဝါပေါင်းစုံရှိတာပဲ” ယွီဟွေးဖေးတစ်ယောက် ဖျတ်ခနဲ မတ်တပ်ရပ်လိုက်ပြီး သူ့အကြည့်တွေက ထင်းရှူးပင်နှစ်ပင်ဆီကို တန်းရောက်သွားသည်။
ဒါပေမဲ့ သူ့အကြည့်တွေက ထင်းရှူးပင်ကနေ အောက်ကိုတဖြည်းဖြည်းရွှေ့သွားပြီး မြေကြီးထဲမှာမြှုပ်ထားတဲ့ ရေအိုးကြီးဆီမှာ ရပ်သွား၏။
ယွီဟွေးဖေးတစ်ယောက် ဘာမှမပြောဘဲ ပြေးသွားပြီး ရေအိုးဘောင်ပေါ်မှာ မှောက်ချကာ အထဲကိုငုံ့ကြည့်လိုက်သည်။ လက်နှစ်ဖဝါးစာလောက်ရှိတဲ့ ငါးကြင်းကြီးတစ်ကောင်က ပါးစပ်အကြီးကြီးဟပြီး ရေသောက်နေ၏။ ယွီဟွေးဖေးရောက်လာတာကိုမြင်တော့ အေးအေးဆေးဆေးပဲ အမြီးလေးခါပြလိုက်တယ်။ နည်းနည်းလေးမှမကြောက်ဘူး…
ယွီဟွေးဖေးတစ်ယောက် ချက်ချင်းပြုံးလိုက်သည်။
“ကောင်းကင်ဘုံက ကျလာတဲ့ကောင်ဆိုတဲ့အတိုင်း တည်ငြိမ်တာပဲ။ လူကိုတောင်မကြောက်ဘူးဟ”
ဒီလိုတွေးရင်း ယွီဟွေးဖေးတစ်ယောက် အိုးဘေးမှာ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ငါးကြင်းကြီးဆီကို ဆေးလိပ်တစ်လိပ်ကမ်းပေးလိုက်သည်။
“ဘော်ဒါကြီး… ခုနက ကျုပ်နဲ့ လူယာဆိုတဲ့ အဘိုးကြီးစုတ် အလုပ်လွှဲပြောင်းတာကို ခင်ဗျားလည်းမြင်မှာပါ။ တခြားတော့မပြောတော့ပါဘူး။ ညီလေးက အခုမှရောက်တာဆိုတော့ နောက်ဆိုရင် ကူညီစောင့်ရှောက်ပေးပါဦးဗျာ”
ဒါပေမဲ့ အဲဒီငါးက ဆေးလိပ်မယူဘူး။ သူ့ကို မျက်လုံးအကြီးကြီးနဲ့ စိုက်ကြည့်နေ၏။ ပါးစပ်ကို အကျယ်ကြီးဟပြီး ရေမျက်နှာပြင်ပေါ်တက်လာကာ ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာက တစ်ခုခုပြောနေသလိုလို၊ ဒါမှမဟုတ် လေကိုရှူပြီးကစားနေသလိုလို…
“သဘောပေါက်ပြီ” ယွီဟွေးဖေးကလည်း ဉာဏ်ကောင်းသူပီပီ နဖူးကိုရိုက်ပြီးပြောလိုက်သည်။
ပြီးတော့ ယွီဟွေးဖေးက မီးညှိထားတဲ့ဆေးလိပ်ကို ငါးကြင်းကြီးရဲ့ပါးစပ်ထဲ တန်းထည့်ပေးလိုက်၏။ ပြီးတော့… အံ့ဩစရာမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ငါးကြင်းကြီးက လန့်ပြီးထွက်မပြေးတဲ့အပြင် ဖွာခနဲ… ဖွာခနဲ ဆေးလိပ်ကိုတောင် သောက်နေပါလေရော။
“သြော်… ဘော်ဒါကြီးကလည်း ဒီအရသာကိုကြိုက်တာကိုး။ ခင်ဗျားတို့ ကောင်းကင်ဘုံကလူတွေက အမွှေးတိုင်ပူဇော်တာကို ခံယူရတယ်လို့ကြားတယ်။ ကျုပ်ဆီမှာ အမွှေးတိုင်မရှိဘူး။ ဆေးလိပ်ကိုပဲ အမွှေးတိုင်အစားသုံးကြတာပေါ့” ယွီဟွေးဖေးတစ်ယောက် ဟားတိုက်ရယ်ရင်း ဆေးလိပ်သုံးလိပ်ထုတ်ပြီး ငါးအိုးဘေးမှာယှဉ်ပြီးစိုက် မီးညှိပြီးတော့ ငါးကြင်းကြီးကို ဆက်ပြောသည်။
“ဘော်ဒါကြီး… မနက်ဖြန် ညီလေးမှာ ကံဆိုးမိုးမှောင်ကျတော့မှာမို့ ကူညီပေးပါဦး”
ငါးကြင်းကြီးက တဖွားဖွားရှိုက်ရင်း ဆေးလိပ်ကိုဆက်သောက်နေပြီးတော့ တစ်ခွန်းမှမပြောဘူး။
ယွီဟွေးဖေးတစ်ယောက် စိတ်ထဲကနေတွေးလိုက်သည်။ ဒီငါးက တော်တော်မာနကြီးတာပဲ။
ဆေးလိပ်လည်းသောက်ပြီးပြီ၊ အမွှေးတိုင်လည်းထွန်းပြီးပြီ။ အခုထိ တစ်ခွန်းမှမပြောဘူး။
“ဘော်ဒါကြီး… အခုကျုပ်က ဘာရာထူးလဲဆိုတာ ခင်ဗျားအသိဆုံးပဲ။ နောက်ဆိုရင် ဒီဌာနမှာ ကျုပ်ကအကြီးဆုံးပဲလေ။ ခင်ဗျားကျုပ်ကို ဒီတစ်ခါကူညီပေး၊ ကျုပ်ခင်ဗျားကို အပြစ်ဒဏ်လျှော့ပေးမယ်။ ငါတို့အပြန်အလှန်ကူညီကြရင် ဘယ်လောက်ကောင်းလိုက်မလဲ” ယွီဟွေးဖေးက ခေါင်းကိုစောင်းပြီး ငါးကြင်းကြီးကိုကြည့်ကာပြော၏။
ငါးကြင်းကြီးက ရှုးရှဲ… ရှုးရှဲနဲ့ ဆေးလိပ်ကိုဆက်သောက်နေတုန်း…
ယွီဟွေးဖေးတစ်ယောက် ဒီငါးက ဆီနဲ့နယ်လို့တောင်မရမှန်းသိတော့ စိတ်တိုလာလေပြီ။
“ခင်ဗျား တစ်ခွန်းလောက်တော့ပြောပါဦးဗျ”
ရှူး… အား…
ယွီဟွေးဖေးတစ်ယောက် မခံနိုင်တော့ဘဲ ဆံပင်ကိုကုတ်ပြီးပြောလိုက်တော့သည်။
“တော်ပြီ… ဆေးလိပ်တောင်သောက်ပြီးနေပြီ။ ဘာလို့ငါးလိုဆက်ဟန်ဆောင်နေသေးတာလဲ။ ပြောစမ်းပါ… ကူညီမှာလား၊ မကူညီဘူးလား”
ရှူး… ရှူးရှဲ…
ယွီဟွေးဖေးတစ်ယောက် ဘယ်လောက်ပဲစိတ်ကောင်းရှိရှိ၊ ဒီအချိန်မှာတော့ ဒေါသပေါက်ကွဲသွားပြီ။ ပါးစပ်ထဲကဆေးလိပ်တိုကို ပစ်ချပြီးဆဲလေပြီ။
“ဟေ့… မင်းကောင်က ကျေးဇူးကန်းတဲ့ကောင်ပဲ။ ငါ့ဆေးလိပ်ကိုသောက်၊ ငါ့နေရာမှာနေပြီးတော့ အလုပ်တစ်ခုခိုင်းတာကို ငါ့ကိုလာပြီးဟန်ဆောင်နေတယ်”
“ကောင်းပြီ။ မင်းတော်တယ်။ မင်းစောင့်နေလိုက်။ နောက်မှ မင်းကိုငါ အပြစ်ဒဏ်တိုးပေးမယ်။ ဒီမှာပဲ တစ်သက်လုံးနေလိုက်တော့”
ပါးစပ်ကတော့ ကြမ်းနေပေမယ့် ယွီဟွေးဖေးရဲ့စိတ်ထဲမှာတော့ တုန်နေပြီ။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာ အတိုးကြီးငွေချေးတဲ့ကောင်တွေလာတော့မှာလေ။
ယွီဟွေးဖေးက ကြည့်ရတာတော့ ရိုးသားတဲ့လူတစ်ယောက်လိုပဲ။ ဒါပေမဲ့ သူ့ရဲ့သွေးထဲမှာတော့ ကြမ်းတမ်းတဲ့စိတ်ဓာတ်တွေ စီးဆင်းနေတယ်။ ဆိုင်ကိုသူလက်ခံလိုက်ပြီဆိုမှတော့ ဒီအတိုးကြီးငွေချေးကိစ္စကိုလည်း သူရှောင်ပြေးဖို့စိတ်ကူးမရှိဘူး…
ဘာလို့လဲဆိုတော့ ယွီဟွေးဖေးကောင်းကောင်းသိတယ်။ အခုသူနဲ့ဆိုင်က တစ်သားတည်းဖြစ်နေပြီ။ ရှောင်ပြေးလို့မလွတ်နိုင်တော့ဘူး။
ရှောင်ပြေးလို့မလွတ်နိုင်မှတော့ ရင်ဆိုင်လိုက်ရုံပဲပေါ့။
ယွီဟွေးဖေးက အဲဒီမုန့်လုံးတုတ်ကိုထုတ်လိုက်၏။ အစွမ်းကတော့ သာမန်ပဲ။ ဒါပေမဲ့ အတော်အသင့်သုံးလို့ရတဲ့ လက်နက်တစ်ခုတော့ဖြစ်ကောင်းပါရဲ့။
ပြီးတော့ ယွီဟွေးဖေးက အိတ်တစ်လုံးရှာပြီး မြေကြီးပေါ်က ကျောက်ခဲတချို့ကိုကောက်ထည့်လိုက်သည်။ ကြိုးနဲ့အိတ်ကိုချည်ပြီး ဝှေ့ယမ်းကြည့်လိုက်တော့ မုန့်လုံးတုတ်ထက် အများကြီးပိုပြီးအသုံးဝင်သလို ခံစားမိ၏။
ဒါပေမဲ့ ယွီဟွေးဖေးက စိတ်မချသေးဘူး။ သူမှတ်မိသလောက် ရှို့လင်လမ်းက ကိုးထပ်ဆောင်နဲ့ကပ်လျက်မှာ ကားပြင်ဆိုင်တစ်ဆိုင်ရှိသား။ သူအဲဒီကိုသွားပြီး အိမ်စောင့်ဖို့အတွက် အစွမ်းထက်လက်နက်တစ်ခုသွားရှာဖို့ ဆုံးဖြတ်လိုက်၏။
ဒီတစ်ညတော့ ယွီဟွေးဖေးတစ်ယောက် မုန့်လုံးတုတ်ကိုဖက်ပြီး အေးအေးဆေးဆေးအိပ်ပျော်သွားတော့သည်။ ဒါက ယွီဟွေးဖေးပဲ။ မစဉ်းစားရင်မစဉ်းစားဘူး၊ စဉ်းစားပြီးရင်လုပ်တယ်။ ဆုံးဖြတ်ပြီးရင်မကြောက်ဘူး၊ နောင်တမရဘူး။
တစ်ညကုန်သွားတော့ ဒုတိယနေ့မနက်လင်းတာနဲ့ ယွီဟွေးဖေးတစ်ယောက် ဆိုင်ထဲမှာမနေဘဲ တံခါးကိုတွန်းဖွင့်ပြီး ထွက်ပြေးသွားသည်။ ဆိုင်ရှေ့က လမ်းဘေးပလက်ဖောင်းပေါ်မှာထိုင်ပြီး ဆေးလိပ်သောက်နေတော့၏။
လမ်းသွားလမ်းလာ လှလှပပလေးတွေကိုကြည့်ရင်း လမ်းပေါ်ကအခြေအနေကိုလည်း အကဲခတ်နေ၏။
လေးထောင့်စပ်စပ်အိမ်ကြီးရဲ့တံခါးအပြင်ဘက်မှာ မြစ်ငယ်လေးတစ်စင်းရှိသည်။ မြစ်ပေါ်မှာ ကျောက်တံတားလေးတစ်ခုရှိပြီး တစ်ဖက်မှာက ရွာထဲကအစည်ကားဆုံးဈေးတန်းလမ်း၊ ရှို့လင်လမ်းပဲ။
ရှို့လင်လမ်းဘေးကအိမ်တွေက တောင်ပိုင်းက အပြာရောင်အုတ်ကြွပ်၊ အဖြူရောင်နံရံအဆောက်အအုံတွေကို တုပပြီးဆောက်ထားတာ။ ပြီးတော့ သူဌေးလီက ပတ်ဝန်းကျင်မှာ ခရီးသွားနေရာလေးတချို့လုပ်ပေးထားတော့ ရွာသားတွေအတွက် ဝင်ငွေတော်တော်လေးရစေတယ်။ အထူးသဖြင့် ဆောင်းဝင်လာပြီး နှင်းတွေကျတဲ့အခါကျရင် အိမ်ခေါင်မိုးတွေပေါ်က နှင်းတွေနဲ့ မီးပုံးနီကြီးတွေက တစ်မျိုးတစ်ဘာသာလှပပြီး ခရီးသွားတွေကို ဆွဲဆောင်နိုင်တယ်လေ။
ရွာသားတွေရဲ့ဘဝကလည်း ဒီအတွက်ကြောင့် အများကြီးတိုးတက်လာပေါ့…
လေးထောင့်စပ်စပ်အိမ်ကြီးရဲ့တံခါးဝမှာရပ်လိုက်ရင် ရှို့လင်လမ်းတစ်ခုလုံးကို မြင်နိုင်သည်။ တကယ့်ကို နေရာကောင်းပဲ။
ဈေးတန်းလမ်းပေါ်က လူတွေသွားလာနေတာကိုကြည့်ပြီး ကိုယ့်ရဲ့ခြောက်ကပ်နေတဲ့ သင်္ချိုင်းကုန်းကိုကြည့်ကာ ယွီဟွေးဖေးတစ်ယောက် သက်ပြင်းချလိုက်မိသည်။
နေရာဘယ်လောက်ကောင်းကောင်း နောက်ဆုံးတော့ သင်္ချိုင်းစောင့်နေရတာပဲ။ ဒေသခံတွေတောင် အများဆုံး တံတားထိပ်အထိပဲလာကြတယ်။ အပြင်လူတွေဆိုရင်တော့ အဝေးကနေတင် ပြန်လှည့်သွားကြပြီ…
ရှစ်နာရီကျော်လောက်မှာ လမ်းဘေးက ကားပြင်၊ ဇစ်ပြင်ဆိုင်လေးဖွင့်လာ၏။ အဘိုးကြီးတစ်ယောက်က အပြာရောင်ဝတ်စုံနဲ့ထိုင်ပြီး ဖုန်းကစားနေတာမို့
ဒီအဘိုးကြီးကို ယွီဟွေးဖေး အရင်ကမမြင်ဖူးဘူး။ ဒါပေမဲ့ သူလမ်းတစ်လျှောက် လူတိုင်းနဲ့ရင်းရင်းနှီးနှီးနှုတ်ဆက်လာတဲ့ပုံစံကိုကြည့်ရင် ဒီကိုရောက်တာ အတော်ကြာပြီဆိုတာသိသာ၏။ ယွီဟွေးဖေးက မလှုပ်ဘဲ ဆေးလိပ်ကိုသာ ဆက်သောက်နေလိုက်သည်။
ကိုးနာရီလောက်မှာ ယွီဟွေးဖေးတစ်ယောက် နောက်ဆုံးတော့လှုပ်ရှားလာသည်။ မတ်တပ်ရပ်ပြီး လေးနက်တဲ့မျက်နှာနဲ့ အသက်ပြင်းပြင်ရှုရင်း ဆဲလိုက်၏။
“လခွမ်းထဲမှပဲ… ခြေထောက်ထုံသွားပြီ…”
ကိုးနာရီခွဲလောက်မှာ လမ်းပေါ်မှာ လူတစ်အုပ်ရောက်လာလေပြီ။ ဒီလူတွေက ခေါင်းတွေက ရောင်စုံဆိုးထားပြီး ကြက်ဖုတ်တွေလိုပဲ။ တစ်ယောက်ချင်းစီက မြန်မြန်လျှောက်လာပြီး ခေါင်းကိုမော့ထားပုံက မျက်လုံးကိုထုတ်ပြီး နဖူးပေါ်မှာတပ်ထားရင်တောင် ရလောက်တယ်။
အတိုချုပ်ပြောရရင် သူတို့ပြသတဲ့ပုံစံက တော်တော်ကြမ်းတမ်းပြီး တစ်ယောက်ချင်းစီက အရှိန်အဟုန်အပြည့်နဲ့ ကိုးထပ်ဆောင်တံခါးရှေ့မှာ တစ်တန်းစီရပ်လိုက်ကြသည်။
သူတို့ထဲက ကျုံးရှန်းဝတ်စုံဝတ်ထားတဲ့ ဆံပင်တိုတိုနဲ့ လူလတ်ပိုင်းတစ်ယောက်က လက်ကိုနောက်ပစ်ပြီး သူတို့ရှေ့ကိုလျှောက်လာကာ ကိုးထပ်ဆောင်ရဲ့ဆိုင်းဘုတ်ကိုမော့ကြည့်ပြီး မထီမဲ့မြင်ပြောလိုက်၏။
“ကိုးထပ်ဆောင်တဲ့လား…”
ယွီဟွေးဖေးတစ်ယောက် သူစောင့်နေတဲ့လူတွေ ရောက်လာပြီဆိုတာသိလိုက်ပြီ။ ဒါကြောင့် ယွီဟွေးဖေးတစ်ယောက် ချက်ချင်းထပြီး ကားပြင်တဲ့အဘိုးကြီးဘေးကိုပြေးသွားကာ တိုးတိုးလေးပြောလိုက်၏။
“အဘိုးကြီး… သံကြိုးနဲ့ သော့ခလောက်ရှိလား”
“ရန်ဖြစ်မလို့လား” အဘိုးကြီးက ခေါင်းငုံ့လိုက်တော့ မျက်မှန်က နှာခေါင်းပေါ်ကျလာပြီး မျက်ခုံးပင့်လိုက်သည်။
“ကျုပ်က လူဆိုးနဲ့တူလို့လား” ယွီဟွေးဖေးတစ်ယောက် ကြောင်သွားပြီး သူ့မျက်နှာသူပွတ်ကာ ဆိုသည်။
“မင်းအဘိုးငါက ဘယ်လိုလေပြင်းမုန်တိုင်းမျိုး မကြုံဖူးလို့လဲ။ မင်းကောင်လေးက ငါ့ကိုလိမ်ချင်သေးတယ်” အဘိုးကြီးက ဟက်ဟက်ပက်ပက်ရယ်ပြီး ပြောပြီးနောက် အသံကိုနှိမ့်ပြီး ဆက်ပြော၏။
“ငါ့ဆီမှာ တစ်မူထူးခြားတဲ့လက်နက်ရှိတယ်။ မင်းလိုချင်လား။ မင်းကို ရှစ်ဆယ်ရာခိုင်နှုန်းနဲ့ရောင်းပေးမယ်လေ”
ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။ သူက လူမိုက်ကြီးတစ်ယောက်နဲ့တွေ့နေတာပဲ။
ယွီဟွေးဖေးက ချောင်းတစ်ချက်ဟန့်ပြီး ပြောလိုက်၏။
“အဘိုးကြီး… ခင်ဗျားတလွဲ ထင်နေပြီ။ ကျုပ်က သော့ခလောက်တစ်ခုဝယ်ပြီး ဆိုင်ကယ်သော့ခတ်မလို့”
“ကောင်းပြီ… တစ်ခုကို တစ်ရာ” အဘိုးကြီးက ယွီဟွေးဖေးကို မထီမဲ့မြင်ကြည့်ပြီး ပြောပြီးတော့ သော့ခလောက်တစ်ခုကို ပေးလိုက်သည်။ ယွီဟွေးဖေးက ယူကြည့်လိုက်တော့ ဒီသော့ခလောက်က ဖိနပ်ကြိုးလောက်ပဲရှိနေတာမို့ ပြန်အော်လိုက်၏။
“ဒီစုတ်ပြတ်နေတဲ့သော့ခလောက်က တစ်ရာတောင်လား”