ဖိအားတွေက တောင်လိုပုံနေပါလား
Vol. 1 Ch. 3
ဒုတိယစာရွက်မှာ ရေးထားတာက- “မျက်နှာသာပေးတာကို အထင်မသေးနဲ့ ဟုတ်ပြီလား။ မင်းကိုနောက်ဆုံးတစ်ရက်ပဲ အချိန်ပေးမယ်။ ပိုက်ဆံပေးမလား၊ ဆိုင်ကိုပေါင်မလား၊ ဒါမှမဟုတ်… ဟင်းဟင်း… ငါတို့ကို အကြမ်းမဖက်ဘူးလို့ မထင်နဲ့။ အဲ့ဒီအခါကျရင် ဘာပစ္စည်းတွေ၊ ဘယ်သူတွေ ထိခိုက်သွားမလဲဆိုတာ မင်းဘာသာမင်း သိထား”
ယွီဟွေးဖေးတစ်ယောက် အမြန်ရက်စွဲကိုကြည့်လိုက်တော့… သေစမ်း… ဒီနေ့ပဲဟ။
ပြောရရင် ဒီနေ့ကုန်သွားတာနဲ့ မနက်ဖြန်မှာ သူက လူမိုက်တစ်အုပ်နဲ့ ရင်ဆိုင်ရတော့မယ်။
ယွီဟွေးဖေးတစ်ယောက် စဉ်းစားရင်း နဖူးကနေ ချွေးစေးတွေပြန်လာပြီ။
တစ်ချိန်တည်းမှာပဲ သူ့ခေါင်းထဲမှာ မြင်ကွင်းတချို့က လျှပ်တပြက်ပေါ်လာ၏။
သတင်းစာနဲ့ကပ်ထားတဲ့ ဆိုင်းဘုတ်၊
အနီရောင်ဆေးနဲ့အပက်ခံထားရတဲ့ တံခါးမကြီး၊
ထောင့်တစ်နေရာမှာ ပစ်ထားတဲ့ အကြွေးစာရင်းစာအုပ်ထူကြီး…
ပြီးတော့ ကိုးထပ်ဆောင်ကို ဘယ်လိုတရားဝင်လွှဲပြောင်းရမလဲဆိုတဲ့ မှတ်တမ်းတင်ထားတဲ့ စာမျက်နှာတွေကလည်း လေထဲမှာလွင့်သွားသလို ပျောက်ဆုံးနေပြန်သေး။
အရာအားလုံးကိုပေါင်းစပ်လိုက်တော့ ယွီဟွေးဖေးရဲ့ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိတော့သည်။
“သေစမ်း… တကယ်ပဲ တွင်းနက်ကြီးထဲကျသွားတာပဲ”
ဒါပေမဲ့ ယွီဟွေးဖေးတစ်ယောက် နားမလည်နိုင်တာက လူယာဆိုတဲ့ကောင်က ဘာပဲဖြစ်ဖြစ် နတ်သိကြားတစ်ပါးပဲလေ။ သာမန်လူမိုက်တစ်အုပ်ကို ဒီလောက်တောင်ကြောက်နေရလား။
လူကိုဂွင်ဆင်၊ ထွက်ပြေး၊ ဒါက တော်တော်မဟုတ်ကဟုတ်ကနိုင်လွန်းတာပဲ။
ဒါပေမဲ့ ယွီဟွေးဖေးလည်းသိတယ်။ ဒီကောင်က ဒီလိုလုပ်သွားမှတော့ အကြောင်းရင်းတစ်ခုခုတော့ရှိမှာပဲ။
ဘာအကြောင်းရင်းလဲဆိုတာကတော့ လူယာဆိုတဲ့ ငမွှေကောင်က ဆွဲဖြဲသွားလောက်ပြီ။
ယွီဟွေးဖေးတစ်ယောက် မျက်နှာကိုရေအေးနဲ့သစ်ပြီး စိတ်ကိုအတင်းငြိမ်အောင်ထားကာ မျက်စိရှေ့ကအခြေအနေကို သုံးသပ်ကြည့်လိုက်သည်။
ပထမတစ်ခုက အကြွေးစာချုပ်တွေအားလုံးပေါင်းလိုက်ရင် သူက အပြင်မှာ ယွမ်ရှစ်သိန်းအကြွေးတင်နေတယ်။ ဒါက အစွန်းထွက်လေးတွေတောင် မပါသေးဘူး။ ပြီးတော့ ဒီအကြွေးတွေက တရားဝင်အကြွေးတွေ၊ မဖြစ်မနေဆပ်ရမှာ။
ဒုတိယတစ်ခုကတော့ သူ့ကိုအရမ်း ခေါင်းအကိုက်ဆုံးဖြစ်စေတဲ့ကိစ္စပဲ။ အတိုးကြီးငွေချေးတာက ဥပဒေအရ ပြန်မဆပ်ရဘူးဆိုပေမယ့် လက်တွေ့ဘဝမှာတော့ အကြွေးရှောင်လို့မလွယ်ဘူးလေ။ အပေါ်ကရေးထားတဲ့အတိုင်းဆိုရင် ဒီနေ့ပိုက်ဆံမဆပ်နိုင်ရင် မနက်ဖြန်မှာ လူမိုက်တစ်အုပ်နဲ့ အကြွေးအရတောင်းခံရတော့မယ်။
တစ်ဖက်က ဘယ်လိုအကြွေးတောင်းမလဲဆိုတာ မသိပေမယ့် စာကြောင်းတိုင်းမှာတော့ တစ်ဖက်လူရဲ့မကောင်းတဲ့အကြံအစည်တွေ အပြည့်ရေးထားတယ်။
ပြီးတော့ ယွီဟွေးဖေးခန့်မှန်းကြည့်ရသလောက် ဒီလူတွေက ကိုးထပ်ဆောင်ရဲ့ပိုင်ဆိုင်မှုကို လိုချင်လို့လာတာပဲဖြစ်ရမယ်။
ဘာပဲဖြစ်ဖြစ် ဒီလောက်ကြီးတဲ့ခြံဝင်းကြီး၊ ပြီးတော့ ရှို့လင်ရွာရဲ့ ခရီးသွားလုပ်ငန်းကလည်း တဖြည်းဖြည်းကောင်းလာတာနဲ့ဆိုရင် သင်္ချိုင်းကုန်းမှာရှိနေရင်တောင် တန်ဖိုးကမနည်းဘူး။
ဒါပေမဲ့ သူတို့က ဒီသင်္ချိုင်းစောင့်အိမ်ရဲ့ပိုင်ဆိုင်မှုကို သူဌေးလီက သူ့အဘိုးကိုပေးသွားမှန်း ဘယ်လိုသိတာလဲ။
ဒီ “ခွေးကြီး” ဆိုတဲ့လူကို ယွီဟွေးဖေးတစ်ခါမှမကြားဖူးဘူး။ အပြင်လူဖြစ်ရမယ်။
ရှို့လင်ရွာက ခရီးသွားနေရာလေးဖြစ်လာပြီးနောက်ပိုင်း ဒီနှစ်တွေမှာ အပြင်လူတွေပြောင်းလာပြီး အိမ်ငှား၊ စီးပွားရေးလုပ်တာတွေ ခဏခဏရှိတယ်။
ရှို့လင်ရွာနာမည်ကြီးလာတာကိုမြင်တော့ ရွာထဲကလူတချို့လည်း မျက်စိကျပြီး ဒီနေရာကိုအကြံအစည်ထုတ်တဲ့သူတွေလည်း တဖြည်းဖြည်းများလာပြီ။
ယွီဟွေးဖေးခန့်မှန်းကြည့်ရသလောက် ဒီခွေးကြီးက အပြင်ကလာတဲ့လူပဲဖြစ်ရမယ်။ အပြင်လူတစ်ယောက်က ဒီဒေသမှာ အတိုးကြီးငွေချေးလုပ်ငန်းလုပ်နိုင်တယ်ဆိုတာကလည်း လွယ်တဲ့လူမဟုတ်ဘူး။ တကယ့်ပြဿနာပဲ။
သူကရော…
ယွီဟွေးဖေးက သူ့လက်မောင်းသူပြန်ညှစ်ကြည့်ပြီး ခါးခါးသီးသီးပြုံးလိုက်၏။
“သူတို့က မျက်နှာကိုတော့ မထိုးလောက်ပါဘူးနော်…”
ယွီဟွေးဖေးတစ်ယောက် ထွက်ပြေးဖို့လည်းစဉ်းစားမိသည်။ ဒါပေမဲ့ ကိုးထပ်ဆောင်ကိုမလွှဲပြောင်းခင်မှာ သူ့ဘာသာသူထွက်ပြေးသွားရင် အကျိုးဆက်က ပိုဆိုးမှာ။ ငရဲဆယ့်ရှစ်ထပ်မှာ အနှစ်ရှစ်ရာ…
စဉ်းစားကြည့်တာနဲ့တင် ကြောက်စရာကြီး…
ရွာထဲကလူတွေဆီက အကူအညီတောင်းမလား။
ပြဿနာက ရွာထဲက လူငယ်လူရွယ်တွေက အပြင်မှာအလုပ်လုပ်နေကြတာ။ ကျန်ခဲ့တာက အဘိုးကြီးတွေချည်းပဲ။ ဒီအဘိုးကြီးတွေက တကယ်ပဲတိုက်ခိုက်ရေးစွမ်းရည်မြင့်မားရင် အပြင်လူတွေကို ရွာထဲမှာအတိုးကြီး ငွေချေးလုပ်ငန်း လုပ်ခွင့်ပေးမှာမဟုတ်ဘူး။
အဲဒီလူတွေက ဘယ်လိုနောက်ခံရှိလဲဆိုတာ ယွီဟွေးဖေးဘာမှမသိဘူး။ သူက သူ့ကိုကြည့်ရှုစောင့်ရှောက်ကြီးပြင်းလာစေခဲ့တဲ့ ဦးလေးတွေ၊ အဘိုးတွေအပေါ်ကို အန္တရာယ်မကျရောက်စေချင်ဘူး။
ဒီလိုတွေးမိတော့ ယွီဟွေးဖေးတစ်ယောက် ရှုပ်ပွနေတဲ့ဆံပင်ကိုကုတ်ပြီး ခြေဆောင့်ကာ သွားကြိတ်ပြီးပြောလိုက်၏။
“သောက်ကျိုးနည်း… ဘာကိုကြောက်နေရမှာလဲ။ ဟိုတုန်းက ငါလည်း လမ်းပေါ်မှာလူနဲ့ရန်ဖြစ်ဖူးတာပဲ။ အဲ့ဒီတုန်းက ထွက်ကြေးက ဆေးလိပ်သုံးလိပ်တောင်ရသေးတာ။ ဘယ်သူ့ကိုကြောက်ရမှာလဲကွ…”
ပါးစပ်ကပြောနေပေမယ့် ယွီဟွေးဖေးက ကိုးထပ်ဆောင်တစ်ခုလုံးကို ထပ်ပြီးရှာဖွေနေမိသည်။ ကိုယ့်ကိုယ်ကိုယ်လက်နက်တပ်ဆင်ဖို့ တစ်ခုခုများတွေ့မလားလို့။
ဒါပေမဲ့ ကိုးထပ်ဆောင်ထဲမှာ ဟင်းခုတ်ဓားတောင် သံချေးတက်နေပြီ။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်တဲ့ပစ္စည်းဆိုလို့ အဲဒီမုန့်လုံးတုတ်အကြီးကြီးပဲရှိတယ်။ ဒါပေမဲ့ အဲဒီဟာက ဒူးထောက်အသနားခံတာလောက်တောင် အသုံးဝင်မှာမဟုတ်ဘူး။
ဆွဲဖြဲခံထားရတဲ့ စာမျက်နှာတချို့ကိုစဉ်းစားမိတော့ ယွီဟွေးဖေးတစ်ယောက် စိတ်ထဲကနေ လူယာရဲ့ဘိုးဘေးဆယ့်ရှစ်ဆက်ကို ထပ်ပြီးဆဲမိပြန်သည်။ ဒီနည်းက တော်တော်ယုတ်မာတာပဲ။ သူ့ရဲ့ထွက်ပြေးလမ်းကို တန်းဖြတ်ပစ်လိုက်တာပဲ။
တကယ်ပဲ ဘာမှလုပ်လို့မရတော့တဲ့အဆုံးမှာ ယွီဟွေးဖေးတစ်ယောက် အကုန်လွှတ်ချပြီး မနက်ဖြန်မှာ သေခန်းပြတ်တိုက်ဖို့ပြင်ဆင်လိုက်သည်။
ဘာပဲဖြစ်ဖြစ် ယောကျာ်းတစ်ယောက်ပဲ။ လူအထင်သေးခံလို့မဖြစ်ဘူး။
ဒီလိုတွေးပြီး ယွီဟွေးဖေးတစ်ယောက် ခြေမီးတောက်မှ ဖင်ဆီလူးဆိုသလို မုန့်လုံးတုတ်ကိုကိုင်ပြီး ဝှေ့ယမ်းကြည့်၏။ ဘာမှမရှိတာထက်တော့ တော်သေးတာပေါ့။
အဲဒီအချိန်မှာပဲ ယွီဟွေးဖေးရဲ့ဘောင်းဘီအိတ်ထဲက တစ်ခုခုက ပူလာသည်။ ယွီဟွေးဖေးက ထုတ်ကြည့်လိုက်တော့ ကိုးထပ်ဆောင်အဆောင်ပြားက ပူနေတာပဲ။ တစ်ချိန်တည်းမှာပဲ အပေါ်မှာ စာတစ်ကြောင်းပေါ်လာ၏။
“ဒုတိယအကျဉ်းသားသည် မနက်ဖြန်ည ဆယ်နာရီတွင် ရောက်ရှိပါမည်။ ကိုးထပ်ဆောင် အဆောင်မှူး လက်ခံရန်ပြင်ဆင်ပါ။”
“သေစမ်း… ဘုရားရေ… ကျုပ်ကို ဒီလိုတော့ မစပါနဲ့။ ကျုပ်က တစ်ရက်တည်းမှာ လူ့ပြည်ကလူမိုက်တွေရော၊ ကောင်းကင်ဘုံကကျလာတဲ့ ရာဇဝတ်သားတွေရော ရင်ဆိုင်ရတော့မှာလား။ ဒီဘဝကို ဘယ်လိုဆက်ပြီးရှင်သန်ရမှာလဲ” ယွီဟွေးဖေးတစ်ယောက် ကြောင်သွားပြီး ငိုသံပါနဲ့ပြောလိုက်သည်။
ပါးစပ်ကအော်ဟစ်နေပေမယ့် ယွီဟွေးဖေးရဲ့လက်ကတော့မနှေးဘူး။ တခြားအသုံးဝင်မယ့်လက်နက်တွေကို အမြန်ရှာဖွေနေ၏။ မြည်းနက်ခွာ၊ ခွေးနက်သွေး ရှာရမလားလို့တောင် စဉ်းစားနေမိသည်။ အဲဒီပစ္စည်းတွေက နတ်သိကြားအကျဉ်းသားတွေအပေါ်မှာ အသုံးဝင်မဝင်တော့ မသိဘူးပေါ့။
တစ်နေကုန် ပတ်ရှာပြီးနောက်ဆုံးမှာတော့ ယွီဟွေးဖေးတစ်ယောက် ကောင်တာရှေ့မှာထိုင်ချလိုက်၏။
သူ့ရဲ့စရိုက်က ဒီလိုပဲ။ အားကြီးသူနဲ့တွေ့ရင် ပိုကြောက်သည်။ နောက်ဆုတ်စရာလမ်းမရှိတော့မှတော့ သူက မျက်စိစုံမှိတ်ပြီး ရင်ဆိုင်ဖို့ပြင်ဆင်လိုက်ရုံပေါ့။ ဘယ်တတ်နိုင်ပါ့မလဲ။ ဆုံးဖြတ်ချက်ချပြီးတော့ ဘာမှထပ်မစဉ်းစားတော့ဘူး။ လူကလည်း ငြိမ်သက် တည်ငြိမ်သွားပြီ။
ဆေးလိပ်ကို အားပါတရဖွာရှိုက်ရင်း မျက်စိရှေ့က ပစ္စည်းသုံးမျိုးကိုကြည့်နေလိုက်၏။
အကြွေးစာချုပ်ပေါင်းချုပ်၊ ကိုးထပ်ဆောင်ပေါင်းချုပ်နဲ့ တံဆိပ်ပြားပေါ်ကစာ။ ကြည့်ရင်းကြည့်ရင်းနဲ့ ယွီဟွေးဖေးတစ်ယောက် နဖူးကိုရိုက်ပြီးပြောလိုက်၏။
“သောက်ကျိုးနည်း… တကယ်ပဲ စိတ်လောပြီး ရူးသွားတာပဲ။ ကိုးထပ်ဆောင် အလုံးစုံထဲမှာ ပြောထားတာပဲ”
“ငါက ဒီနေရာရဲ့ BOSS ပဲ။ ဘယ်သူလာလာ ငါ့စကားကိုနားထောင်ရမှာ”
“မနက်ဖြန်မှာ နတ်သိကြားအကျဉ်းသားတစ်ယောက်ကျလာမှာ… သေစမ်း… အဲ့ဒီအခါကျရင် သူ့ကိုငါပေးမယ့် ပထမဆုံးအလုပ်ကြမ်းက လူမိုက်တွေကိုထိုးခိုင်းလိုက်ရင် ပြီးပြီပဲမဟုတ်လား” ဒီလိုတွေးပြီး ယွီဟွေးဖေးတစ်ယောက် ပျော်ရွှင်စွာပြုံးလိုက်သည်။
ဒါပေမဲ့ ယွီဟွေးဖေးကလည်း ဒီနည်းက အသုံးဝင်မဝင် မသေချာဘူး။ အဓိကက အဲဒီလူမိုက်တွေ ဘယ်အချိန်လာမလဲဆိုတာ သူမသိဘူး။ သူတို့ကစောစောရောက်လာပြီး နတ်သိကြားအကျဉ်းသားမရောက်ခင်မှာ သူ့ကိုအရင်ထိုးပြီး အရူးလုပ်သွားရင် ဘယ်လိုလုပ်မလဲ။
ဒါပေမဲ့ နတ်သိကြားရန်သူတစ်ယောက်လျော့သွားတော့ ယွီဟွေးဖေးရဲ့စိတ်ကလည်း ပေါ့ပါးသွားပြီး ဦးနှောက်ကလည်း ပိုမြန်မြန်အလုပ်လုပ်လာသည်။
မျက်လုံးက မျက်စိရှေ့က ပစ္စည်းသုံးမျိုးပေါ်မှာ လှည့်ပတ်ကြည့်နေရင်း ရုတ်တရက် သူက မတ်မတ်ထိုင်လိုက်ပြီး တံဆိပ်ပြားပေါ်ကစာကို စိုက်ကြည့်ကာ တစ်လုံးချင်းရွတ်ဖတ်လိုက်သည်။
“ဒုတိယအကျဉ်းသားသည် မနက်ဖြန်ည ဆယ်နာရီတွင် ရောက်ရှိပါမည်။ ကိုးထပ်ဆောင် အဆောင်မှူး လက်ခံရန်ပြင်ဆင်ပါ။”
“မဟုတ်သေးဘူး… ဘယ်လိုလုပ် ဒုတိယအကျဉ်းသားဖြစ်ရတာလဲ”
“ပထမမရှိဘဲ ဒုတိယဘယ်ကလာမှာလဲ။ ဒါဆို ငါ့ဆီမှာ အကျဉ်းသားတစ်ယောက်ရှိနေသေးတာလား။ ဒါပေမဲ့… မမြင်မိပါလား။ ငါကလွဲရင် တခြားသက်ရှိမှမရှိတာ” ယွီဟွေးဖေးက စားပွဲကိုရိုက်ပြီးအော်လိုက်၏။