သေစမ်း… ငါတော့ ဂွင်ဆင်ခံရပြီ
Vol. 1 Ch. 2
ယွီဟွေးဖေးတစ်ယောက် ကြောင်သွား၏။
တံဆိပ်ပြားတဲ့လား
သူဘယ်တုန်းက အဆောင်ပြားယူလိုက်လို့လဲ။
လက်ကိုမြှောက်ကြည့်လိုက်တော့ သူလန့်ပြီး တုန်သွား၏။ သူ့လက်ထဲမှာ အဆောင်ပြားတစ်ပြား ရောက်နေပါလား။
မည်းတူးတူးနဲ့ ဆီတွေချွဲကျိနေတာပဲ…
အဲဒါ ဘယ်ကထွက်လာလဲဆိုတာ စဉ်းစားမိတော့ ယွီဟွေးဖေးတစ်ယောက် လွှင့်ပစ်ချင်စိတ်ပေါက်သွားသည်။
အဲဒီအချိန်မှာပဲ လူယာကပြောလိုက်၏။ “အို… ဟုတ်သားပဲ။ လုံးဝမလွှင့်ပစ်နဲ့နော်။ လွှင့်ပစ်လိုက်ရင် မင်းပြန်မကောက်မချင်း မိုးကြိုးပစ်ခံနေရမှာ”
“ခင်ဗျားကိုယုံရင်တော့ ငရဲရောက်မှာပဲ။ အဘိုးကြီးကတော့ တော်တော်မွှေတာပဲ” ယွီဟွေးဖေးက ဟားတိုက်ရယ်ပြီး ပြောပြီးတာနဲ့ တံဆိပ်ပြားကို လွှင့်ပစ်လိုက်၏။
ဂျိန်း…
မိုးကြိုးတစ်စင်းက ယွီဟွေးဖေးရဲ့ခေါင်းပေါ်ကို တန်းခနဲ ပစ်ချလိုက်ပါလေရော။ ယွီဟွေးဖေးတစ်ယောက် တစ်ကိုယ်လုံး မီးလောင်သလိုပူပြီး နာကျင်မှုကို မခံမရပ်နိုင်ဖြစ်သွားသည်။
ယွီဟွေးဖေးတစ်ယောက် ဘာမှမပြောရသေး။
ဂျိန်း…
နောက်ထပ်မိုးကြိုးတစ်စင်း ထပ်ကျလာပြန်သည်။
ဒီတစ်ခါတော့ ယွီဟွေးဖေးတစ်ယောက် မခံနိုင်တော့ဘဲ အားခနဲ အော်လိုက်မိ၏။
“သြော်… မင်းက ဒီလိုအရသာမျိုးကို ကြိုက်တာကိုး။ ဒါဆိုရင်တော့ ဆက်ပြီးမိုးကြိုးအပစ်ခံလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒီဟာက အစွမ်းပိုပိုကြီးလာမှာ။ မင်းကိုမသေစေပေမယ့် ပိုပိုနာလာမှာတော့ သေချာတယ်” လူယာက ဟက်ဟက်ပက်ပက် ရယ်ပြီးပြောသည်။
ဒီစကားကြားတော့ ယွီဟွေးဖေးတစ်ယောက် လေးဘက်ထောက်ပြီး တံဆိပ်ပြားကို ပြန်ကောက်လိုက်၏။
တကယ်ပဲ… အဆောင်ပြားလက်ထဲရောက်တာနဲ့ သူ့ကိုပစ်တော့မယ့် မိုးကြိုးတစ်စင်းက လေထဲမှာ ရုတ်တရက်ရပ်သွားပြီး ပျောက်ကွယ်သွားသည်။
ယွီဟွေးဖေးတစ်ယောက် မိုးကြိုးပျောက်သွားတဲ့နေရာကို မယုံနိုင်စွာကြည့်နေမိသည်။ သူတကယ်ပဲ မိုးကြိုးကိုမြင်လိုက်ရ၏။ ပြီးတော့ သူ့ဘာသာသူ ပျောက်သွားတယ်။ ဒါ… ဒါ တော်တော်အံ့ဩဖို့ကောင်းတာပဲ။
အခုအချိန်မှာတော့ ယွီဟွေးဖေးတစ်ယောက် လူယာပြောတဲ့စကားတွေကို လုံးဝယုံသွားပြီ။ သူ မကျေမနပ်နဲ့မေးလိုက်သည်။ “ဒါဆို ကျုပ်က ဘယ်တော့မှ အငြိမ်းစားယူလို့ရမှာလဲ။ တကယ်ပဲ ကျုပ်သေမှပဲ ရမှာလား”
ယွီဟွေးဖေးက ဒီအလုပ်ကိုမလုပ်နိုင်လို့တော့ မဟုတ်ဘူး။ အဓိကက ဒီအလုပ်က သင်္ချိုင်းကုန်းမှာနေရတာ။ ဒါဆိုရင် သူ့ရဲ့အောက်ပိုင်းဘဝကို ဘယ်လိုလုပ်မလဲ။ ဘယ်ကောင်မလေးက သင်္ချိုင်းကုန်းထဲကို လိုက်နေမှာလဲ။
ယွီဟွေးဖေး မေးလို့မပြီးခင်မှာပဲ လူယာက တံခါးကိုဖွင့်ပြီး ခြေတစ်လှမ်းအပြင်ထုတ်လိုက်ကာ နောက်လှည့်ပြောသည်။
“အဲဒါ… မသိဘူး။”
ပြောပြီးတာနဲ့ လူယာက တံခါးကိုပိတ်ပြီး ထွက်သွားတော့၏။
ယွီဟွေးဖေးတစ်ယောက် အမြန်လိုက်ထွက်သွားပေမယ့် လမ်းပေါ်မှာ လူတွေသွားလာနေပေမယ့် အဲဒီအဘိုးကြီးကိုတော့ မတွေ့တော့ဘူး။
လိုက်လို့မမီတော့မှန်းသိတော့ ယွီဟွေးဖေးတစ်ယောက် သက်ပြင်းချပြီး ရွံရှာတဲ့မျက်နှာနဲ့ အဆောင်ပြားရဲ့အစွန်းကိုကိုင်ကာ ခြံထဲပြန်ဝင်လာခဲ့သည်။
ယွီဟွေးဖေးတစ်ယောက် ရင်းနှီးသလိုရှိပြီး မရင်းနှီးသလိုဖြစ်နေတဲ့ ခြံဝင်းကြီးကိုကြည့်ပြီး စိတ်ထဲမှာ လေးလံနေ၏။
သူက ပြန်လာရင် သူ့အဘိုးကိုတွေ့ရမယ်၊ အဘိုးနဲ့မြေးနှစ်ယောက် အပင်အိုကြီးအောက်မှာ ပြည်တွင်းပြည်ပ နိုင်ငံရေးအကြောင်းတွေ စကားစမြည်ပြောကြမယ်လို့ ထင်ထားတာ။
အရှေ့မြောက်ပိုင်းသား အဘိုးကြီးပီပီ အဘဦးယွီမှာ ရတနာနှစ်ပါးရှိတယ်။
ရေဒီယိုနဲ့ တီဗီ။ အရင်ကတော့ ရေဒီယိုနားထောင်၏။ နောက်ပိုင်း တီဗီခေတ်စားလာတော့ တီဗီ၊ ပြီးတော့ နေ့တိုင်း သတင်းအစီအစဉ်ကြည့်သည်။ အားရင်အားသလို ရွာထိပ်မှာထိုင်ပြီး အဘိုးကြီးတစ်အုပ်နဲ့ နိုင်ငံရေး၊ နိုင်ငံတကာအခြေအနေတွေအကြောင်း ဆွေးနွေးတတ်၏။
သူတို့ဆွေးနွေးတာတွေကလည်း အချက်အလက်နဲ့၊ ခိုင်ခိုင်မာမာနဲ့။ မသိတဲ့သူဆိုရင် တက္ကသိုလ်က ပါမောက္ခတစ်ယောက် ဟောပြောပွဲလုပ်နေတယ်လို့တောင် ထင်မိမှာ။
ဒီအချက်ကိုတော့ ယွီဟွေးဖေးတစ်ယောက် သူ့အဘိုးနဲ့ ရွာထဲက အားနေတဲ့လူတွေကို အမြဲလေးစားခဲ့သည်။ သူတို့က ဒီဘက်မှာ တကယ်ကျွမ်းကျင်တာ။ တစ်ယောက်မှ အရာရှိကြီးမဖြစ်ဘဲ ဒီရွာလေးထဲမှာပဲ ပုန်းအောင်းနေကြတာက သူတို့အတွက် တကယ်နှမြောစရာပဲ။
“အဘိုးရယ်… ခင်ဗျားသွားတာတောင် ကျုပ်လိုက်မပို့လိုက်ရဘူး… ကျုပ်လိုမြေးမျိုးကတော့ တော်တော်အသုံးမကျတာပဲ” ယွီဟွေးဖေးတစ်ယောက် ခါးခါးသီးသီးပြုံးပြီး ရှစ်ယောက်ထိုင်စားပွဲမှာထိုင်ကာ တိုးတိုးလေးရေရွတ်နေမိ၏။
လေးထောင့်စပ်စပ်အိမ်ကြီးက ရှေ့ခြံ၊ နောက်ခြံဆိုပြီး နှစ်ပိုင်းရှိသည်။ နေရာကမသေးဘူး။ ရှေ့ခြံက သင်္ချိုင်းစောင့်အလုပ်လုပ်တဲ့နေရာ၊ နောက်ခြံကတော့ နားနေတဲ့နေရာ။
ယွီဟွေးဖေးတစ်ယောက် နောက်ခြံကိုပတ်သွားလိုက်သည်။ နောက်ခြံမှာ အယ်လ်မ်ပင်အိုကြီးတစ်ပင်ရှိ၏။ အပင်ဘေးမှာ ရေတွင်းတစ်တွင်းရှိပြီး ရေတွင်းက ရေမခပ်ထားပေမယ့် နေ့တိုင်း ကြည်လင်တဲ့စမ်းရေတွေက သူ့အလိုလိုထွက်နေပြီး အိမ်ရှေ့က မြစ်ငယ်လေးထဲကို စီးဝင်သွားသည်။
ဒါက တောင်ပေါ်စမ်းရေပဲ။ သူဌေးလီက ဒီသင်္ချိုင်းကုန်းကို ရင်းနှီးမြှုပ်နှံတုန်းက ဒီစမ်းရေကိုသဘောကျလို့ သူ့ပတ်လည်မှာ ဒီသင်္ချိုင်းစောင့်အိမ်ကို တမင်ဆောက်ခဲ့တာ။ နောက်ပိုင်း ဘာကြောင့်မှန်းမသိ၊ သူဌေးလီက ဒီအိမ်ကြီးကို ယွီဟွေးဖေးရဲ့အဘိုးကို ပေးသွားသည်။
ဒါကြောင့် ဒါက ယွီဟွေးဖေးရဲ့ ကိုယ်ပိုင်အိမ်ခြံမြေလို့ ပြောလို့ရနေပေပြီ။
အခန်းတံခါးကိုတွန်းဖွင့်ပြီး မီးလင်းဖိုပေါ်က ပြတင်းပေါက်ဘေးမှာချထားတဲ့ စားပွဲပုလေးကိုကြည့်ပြီး ယွီဟွေးဖေးတစ်ယောက် အတိတ်က အဘဦးယွီ ဆေးတံကိုခဲ ပါးစပ်က မီးခိုးငွေ့တွေမှုတ်ထုတ်ရင်း သူ့ကိုသရဲပုံပြင်တွေပြော၊ ပြီးတော့ သူကြောက်ပြီး တုန်နေတာကိုကြည့်ပြီး ကျေနပ်စွာရယ်မော၊ နောက်ဆုံးမှာ အဖွားက နားရွက်ဆွဲပြီး အော်ဟစ်အသနားခံခိုင်းတဲ့မြင်ကွင်းကို ပြန်မြင်ယောင်လာတာမို့ ယွီဟွေးဖေးတစ်ယောက် မထိန်းနိုင်ဘဲ ပြုံးမိလိုက်၏။
ပြုံးရင်းပြုံးရင်းနဲ့ မျက်ရည်တွေကျလာသည်။
အဖွားက စောစောဆုံးသွားလေပြီ။ အဘိုးက စရိုက်ကထူးဆန်းပြီး ဒီသင်္ချိုင်းမှာပဲ သေခံပြီးစောင့်နေ၏။ ယွီဟွေးဖေးရဲ့အဖေနဲ့အမေက ပါးစပ်ပြဲမတတ်ပြောတာတောင် မသွားဘူး။
နောက်ဆုံးတော့ ယွီဟွေးဖေးရဲ့အဖေနဲ့အမေက စိတ်တိုပြီး ထွက်သွားရာကနေ ပြန်မလာတော့ချေ။ လစဉ် စားစရိတ်နည်းနည်းလွှဲပေးပြီး ရွာထဲကဆရာဝန်ကို မုန့်ဖိုးပေးကာ အဘိုးကြီးကို ကြည့်ရှုစောင့်ရှောက်ခိုင်းထား၏။
ယွီဟွေးဖေး ငယ်ငယ်က အဘိုးကြီးကိုလာကြည့်လေ့ရှိပေမယ့် ကျောင်းတက်ပြီးနောက်ပိုင်း သိပ်မလာဖြစ်တော့ပေ။
လာတိုင်းလည်း နှစ်ခြားတစ်ခါလောက်ပဲ။ လာတိုင်း အဘိုးကြီးက နည်းနည်းပြောင်းလဲသွားတယ်။ ဆံပင်ဖြူတွေပိုများလာတာ၊ ဒါမှမဟုတ် အရေးအကြောင်းတွေပိုများလာတာ…
ယွီဟွေးဖေးတစ်ယောက် အဘိုးကို ကောင်းကောင်းပြုစုစောင့်ရှောက်မယ်လို့ ပြောခဲ့ဖူးသည်။
အခုတော့ အဘိုးကဆုံးသွားပြီ။ သူက လိုက်ပို့ခွင့်တောင်မရခဲ့ဘူး။ ဒီလိုတွေးမိတော့ ယွီဟွေးဖေးတစ်ယောက် လူယာကို ပါးရိုက်ချင်စိတ်ပေါက်သွား၏။
အဲဒီအချိန်မှာပဲ ယွီဟွေးဖေးတစ်ယောက် စားပွဲပေါ်က စာတစ်စောင်ကို တွေ့လိုက်သည်။ ထိုစာကို ယွီဟွေးဖေးက ယူကြည့်လိုက်တော့ ကြောင်အသွား၏။
ယွီလေးရေ… ငါသွားပြီ။
ယမမင်းရဲ့တမန်တော်တွေ လာခေါ်သွားတာ။ ငါကတစ်သက်လုံး ကောင်းမှုကုသိုလ်တွေအများကြီးလုပ်ခဲ့လို့ ကုသိုလ်ကောင်းတယ်၊ ဒါကြောင့် ဒီခရီးမှာ ကားစီးရမယ်၊ ဒုက္ခမရောက်ဘူးတဲ့။
ငါတို့အိမ်ကို လူယာဆိုတဲ့ အဘိုးကြီးတစ်ယောက်ရောက်လာတယ်။ သူဘယ်သူဖြစ်ဖြစ်၊ အစွမ်းကတော့ တော်တော်ထက်သား။
မင်းအတွက်တော့ ငါမပူပါဘူး။ မင်းက ငယ်ငယ်ကတည်းက လည်တယ်၊ ရန်ဖြစ်ရင် ဘယ်တော့မှအရှုံးမခံဘူး။
ငါစိတ်မချနိုင်တာ တစ်ခုပဲရှိတယ်။ မင်းသိမှာပါ။
ဒီသင်္ချိုင်းကုန်းကို ကြည့်ရှုစောင့်ရှောက်မယ့်သူမရှိလို့မဖြစ်ဘူး။ တခြားသူကိုလည်း ငါစိတ်မချဘူး။
မင်းက အဲဒီအဘိုးကြီးဆီမှာ နတ်အမှုထမ်းအလုပ်တစ်ခုခုတော့ ရမှာပဲ။ သာမန်အလုပ်တွေလည်း မင်းလုပ်နိုင်မှာမဟုတ်ဘူး။
ဖြစ်နိုင်ရင်တော့ အဘိုးကိုကူပြီး ဒီမှာဆက်စောင့်ပေးပါကွာ။
ငါက အောက်မှာ မင်းအဖွားကိုသွားရှာတော့မယ်။ နောက်ဆိုရင် သူ့ပွစိပွစိလုပ်တာတွေ ပြန်ခံရတော့မှာ… အား… ဒုက္ခပါပဲကွာ။
မင်းငါ့ကို လိုက်မပို့လိုက်ရတာ… ကိစ္စမရှိပါဘူး။ ငါအကုန်စီစဉ်ပြီးသား။ အကြီးအကျယ်လည်းမလုပ်ခဲ့ဘူး။ တကယ်တော့ ငါသေတာသိတဲ့သူတောင် သိပ်မရှိဘူး…
နောက်မှ မင်းငါ့အုတ်ဂူပေါ်မှာ အရက်နှစ်ပုလင်းလောင်းပြီး ငါ့ကိုပို့ဆောင်ပေးလိုက်ပေါ့ကွာ…
ကဲ… မပြောတော့ဘူး။ ဟိုဘက်က လောနေပြီ။
တာ့တာ…
ဒါက သူ့ဘဝမှာတွေ့ဖူးသမျှ အရှင်းဆုံး၊ အပေါ့ပါးဆုံး သေတမ်းစာပဲဆိုတာ ယွီဟွေးဖေးတစ်ယောက် ကျိန်ဆိုရဲသည်။ တစ်လျှောက်လုံးမှာ နှမြောတသဖြစ်တာ၊ စိုးရိမ်ပူပန်တာ တစ်စက်မှမတွေ့ရဘူး။ ဇနီးသည်နဲ့ပြန်တွေ့ရမယ့် ပျော်ရွှင်မှုနဲ့ လွတ်လပ်ပေါ့ပါးမှုတွေချည်းပဲ။
ယွီဟွေးဖေးတစ်ယောက် မြင်ကွင်းတစ်ခုကိုတောင် မြင်ယောင်လာ၏။ အဘိုးကြီးတစ်ယောက်က ဆေးတံကိုကိုင်ပြီး ငရဲပြည်လမ်းပေါ်က မြင်းလှည်းလေးပေါ်မှာထိုင်ရင်း အားရပါးရ ခရီးသွားနေရင်း သွားဝါအကြီးကြီးတွေပေါ်အောင်ရယ်ပြီး ပါးစပ်ကနေ “ညီမလေးက လယ်ထိပ်မှာထိုင်၊ အစ်ကိုကြီးလာပြီဟေ့…” လို့သီချင်းဆိုနေတဲ့ပုံစံမျိုး။
“ကောင်းပြီလေ… ခင်ဗျားက ဒီလောက်ပျော်ပျော်ရွှင်ရွှင်နဲ့သွားတာဆိုတော့ ကျုပ်လည်း ဝမ်းနည်းစရာမရှိတော့ပါဘူး။ ခင်ဗျားခရီးထွက်သွားတယ်လို့ပဲ သဘောထားလိုက်မယ်။ နောက်မှ ကျုပ်အောက်ရောက်လာရင် ပြန်ဆုံကြတာပေါ့” ယွီဟွေးဖေးကလည်း စိတ်ထားကြီးသူပီပီ စိတ်ကိုဖြေပြီး ရင်းနှီးသလိုရှိပြီး မရင်းနှီးသလိုဖြစ်နေတဲ့ သင်္ချိုင်းစောင့်အိမ်၊ လောကသုံးပါးအလုပ်ကြမ်းဌာန၊ ကိုးထပ်ဆောင်ကြီးကို သေချာစူးစမ်းကြည့်တော့သည်။
လူယာက ဒီနေရာကို သူ့အခွင့်အရေးနဲ့ ပြုပြင်မွမ်းမံထားလို့ ကိုးထပ်ဆောင်လို့ခေါ်တယ်လို့ ပြောသွား၏။
ကိုးထပ်ဆောင်လို့ခေါ်မှတော့ တစ်ထပ်တည်းတော့ မဟုတ်လောက်ဘူးမလား။
ယွီဟွေးဖေးတစ်ယောက် ပတ်ကြည့်လိုက်တော့ နောက်ခြံက ဒုတိယထပ်လှေကားက ဒုတိယထပ်ရောက်ပြီးတော့ အပေါ်ကိုဆက်တက်လို့ရသေးတာကို တွေ့လိုက်ရ၏။ ဒါပေမဲ့ လှေကားအဆုံးက မျက်နှာကျက်ပဲ။ ဒါက တော်တော်ထူးဆန်းလေရဲ့။
ယွီဟွေးဖေးက လှေကားအတိုင်းတက်သွားလိုက်ချိန် ခါးစည်းပြားက အလင်းရောင်တောက်လာပြီးတော့ မျက်နှာကျက်မှာ တံခါးတစ်ချပ်ပေါ်လာ၏။
ယွီဟွေးဖေးက အဲဒီတံခါးကိုတွန်းဖွင့်လိုက်တော့ ဒီနေရာမှာ တခြားကမ္ဘာတစ်ခု ရှိနေတာမို့ အံ့ဩတကြီးဖြစ်မိသွားသည်။
တတိယထပ်မှာ တောင်ကြီးတစ်လုံးရှိသည်။ တောင်ပေါ်မှာ ရေတံခွန်တစ်ခုရှိပြီး ရေတွေက ရေအိုင်ထဲကိုကျကာ မြစ်ငယ်လေးဖြစ်ပြီး အဝေးကိုစီးဆင်းသွားလျက်ရှိချေသည်။
ရေတံခွန်အောက်မှာ ဝါးတောလေးတစ်ခုရှိတဲ့အပြင် ဝါးတောဘေးမှာ သက်ငယ်မိုးတဲလေးတစ်လုံးရှိပြီး တဲပတ်လည်မှာ မြက်ခင်းပြင်တစ်ခုရှိသည်။ မြက်ပင်တွေက ပေဝက်လောက်မြင့်ပြီး လေတိုက်တိုင်း ယိမ်းနွဲ့နေတာက တော်တော်လှ၏။
ဒီနေရာကိုမြင်တော့ ယွီဟွေးဖေးတစ်ယောက် ရာနှုန်းပြည့်သေချာသွားပြီ။ ဒါက နတ်သိကြားတွေရဲ့လက်ရာပဲ။
လစာကမများပေမယ့် ယွီဟွေးဖေးတစ်ယောက် ဒီလိုနေရာမျိုးရတာကိုပဲ အမြတ်လို့ထင်နေမိသည်။
မြေကြီးတစ်ဆုပ်ကိုဆုပ်ကိုင်ကြည့်လိုက်တော့ မြေသြဇာကောင်းတဲ့ မြေမည်းတွေ။ ယွီဟွေးဖေးတစ်ယောက် မချီးကျူးဘဲမနေနိုင်ဘူး။ “ဒီလောက်ကောင်းတဲ့မြေကြီးကို ဟင်းသီးဟင်းရွက်မစိုက်ရင် နှမြောစရာပဲ။”
ရေတံခွန်ဘေးမှာ လှေကားတစ်ခုက အပေါ်ကိုတက်သွားနေဟန်ရှိသည်။
ယွီဟွေးဖေးက တက်သွားလိုက်တော့ လှေကားက တောင်တစ်ဝက်မှာတင် ပြတ်နေတာကို တွေ့လိုက်ရတဲ့အပြင် အပေါ်မှာ ဆိုင်းဘုတ်တစ်ခုချိတ်ထားသည်။
“အခွင့်မလုံလောက်ပါ။ ဖြတ်သန်းခွင့်မပြု။”
ယွီဟွေးဖေးတစ်ယောက် ခေါင်းထဲမှာ မေးခွန်းတွေပြည့်သွားသည်။ အပေါ်မှာ တခြားနေရာရှိ မရှိဆိုတာကို သူသံသယမဝင်တော့ဘူး။ သူအခုသိချင်တာက အခွင့်ကို ဘယ်လိုအဆင့်မြှင့်ရမလဲဆိုတာပဲ။
လှေကားကနေဆင်းပြီး သစ်သားတဲထဲပတ်ကြည့်လိုက်တော့ စာအုပ်တစ်အုပ်တွေ့သည်။ အပေါ်မှာရေးထားတာက “အလုံးစုံ ကိုးထပ်ဆောင်”။
ယွီဟွေးဖေးက ထိုင်ပြီးဖတ်ကြည့်လိုက်တော့ မကြာခင်မှာပဲ ဖတ်လို့ပြီးသွားပြီး သူရောက်နေတဲ့နေရာအကြောင်းကို အတော်အသင့်နားလည်သွားသည်။
ကိုးထပ်ဆောင်ရဲ့ ပထမထပ်နဲ့ ဒုတိယထပ်က သာမန်ထပ်တွေ။ သာမန်လူတွေဝင်လာရင် ရောက်နိုင်တဲ့နေရာတွေပေါ့။
တတိယထပ်ကစပြီး နတ်ထပ်တွေ။ နတ်ထပ်တွေကို အိမ်ရှင်ဖိတ်ခေါ်မှလွဲပြီး တခြားသူတွေဝင်လို့မရဘူး။
ဒါပေမဲ့ ယွီဟွေးဖေးကိုယ်တိုင်တောင် တတိယထပ်ကို ကြိုက်သလိုဝင်လို့မရဘူး။ နေ့တိုင်း အများဆုံး တစ်နာရီပဲနေလို့ရသည်။ ဘာလို့လဲဆိုတော့ ဒီထဲမှာ နတ်စွမ်းအင်တွေက အရမ်းများလို့ သာမန်လူတွေကြာကြာနေရင် အောက်ဆီဂျင်ရှူတာများပြီး မူးသလိုပဲ၊ မူးပြီးပြန်မနိုးတော့တာမျိုး ဖြစ်နိုင်၏။
ယွီဟွေးဖေးတစ်ယောက် စဉ်းစားနေမိသည်။ သူတတိယထပ်မှာ ကြာကြာနေချင်ရင်တော့ မဖြစ်နိုင်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ကားတစ်စီးလောက်ယူလာပြီး သူ့ကိုအိတ်ဇောပိုက်နဲ့ မှုတ်ပေးနေမှပဲရမှာ…
အပေါ်ဆက်တက်ဖို့ဆိုရင် ပိုမြင့်တဲ့အခွင့်အရေးလိုတယ်။
အခွင့်အရေးက အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မိုးပြာ၊ ခရမ်းဆိုပြီး အဆင့်ခုနစ်ဆင့်ရှိသည်။ အဲဒါတွေက တာအိုဝတ်ရုံအရောင်ခုနစ်မျိုးနဲ့ ကိုက်ညီ၏။ တာအိုဝတ်ရုံလို့ပြောပေမယ့် တကယ်တော့ ဝတ်ရုံရှည်တွေပဲ။ အခု ယွီဟွေးဖေးဝတ်ထားတာက အနီရောင်ဝတ်ရုံ၊ အနိမ့်ဆုံးအဆင့်။ ဒါကြောင့် တတိယထပ်ကို ဝင်လို့ရတာ။
အဆင့်ဘယ်လိုမြှင့်ရမလဲဆိုတာကိုတော့ ဒီမှာဘာမှမရေးထားဘူး။ သေချာကြည့်လိုက်တော့ တစ်ယောက်ယောက်က ဆွဲဖြဲသွားတဲ့ပုံပဲ…
နောက်တစ်ခုက ကိုးထပ်ဆောင်ရဲ့ပိုင်ဆိုင်မှုကို တရားဝင်နည်းလမ်းနဲ့ပဲ လွှဲပြောင်းလို့ရတယ်။ မဟုတ်ရင် ဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုးထပ်ဆောင်ရဲ့ တကယ့်ထိန်းချုပ်ခွင့်ကို ဆုံးရှုံးသွားရင် အစိုးရပိုင်ပစ္စည်းကို တရားမဝင်ရောင်းချမှုနဲ့ အရေးယူခံရမှာ။
ငရဲဆယ့်ရှစ်ထပ်မှာ အနှစ်ရှစ်ရာ အကျဉ်းကျခံရမှာ။
ရှင်းရှင်းပြောရရင် ကိုးထပ်ဆောင်ရဲ့ တကယ့်ထိန်းချုပ်ခွင့်က ကိုးထပ်ဆောင်ပိုင်ရှင်လက်ထဲမှာပဲ ရှိရမယ်။ တခြားသူက ကိုးထပ်ဆောင်ကိုသိမ်းပိုက်သွားတာ၊ ဒါမှမဟုတ် တစ်ခုလုံးကို ငှားစားတာမျိုးလုပ်ရင် နတ်စည်းကမ်းဖောက်ဖျက်မှုနဲ့ အပြစ်ပေးခံရမှာ။
ဒါပေမဲ့ ယွီဟွေးဖေးကို စိတ်ညစ်စေတာက ကိုးထပ်ဆောင်ကို ဘယ်လိုတရားဝင်လွှဲပြောင်းရမလဲဆိုတဲ့ စာမျက်နှာတွေကလည်း… သေစမ်း… တစ်ယောက်ယောက်က ဆွဲဖြဲသွားပြန်ပြီ။
ယွီဟွေးဖေးတစ်ယောက် ခြေမနဲ့စဉ်းစားရင်တောင် ဘယ်သူလုပ်သွားလဲဆိုတာ သေချာသိသည်။ သူဒေါသထွက်ပြီး သွားကြိတ်ကာ စိတ်ထဲကနေကျိန်ဆဲလိုက်၏။
“လူယာ… သောက်အဘိုးကြီး… ငါ့လက်ထဲမိလို့ကတော့…”
ကိုးထပ်ဆောင်ကို ဘယ်လိုလွှဲပြောင်းရမလဲ၊ အခွင့်အရေးဘယ်လိုမြှင့်ရမလဲဆိုတာ မသိပေမယ့် ယေဘုယျအားဖြင့်တော့ အံ့ဩစရာကောင်းတဲ့ လေးထောင့်စပ်စပ်အိမ်ကြီးတစ်လုံးရလိုက်တာက ဘယ်လိုတွက်တွက် သူကအမြတ်ပဲ။
အပေါ်ထပ်က ဒီလောက်အံ့ဩစရာကောင်းမှတော့ အိမ်ကြီးရဲ့တခြားနေရာတွေကလည်း အရင်လိုသာမန်ဖြစ်နေမှာမဟုတ်ဘူးလို့ ယွီဟွေးဖေးက ယုံကြည်သည်။
ယွီဟွေးဖေးက အရင်ဆုံး ရှေ့ခြံကိုသွားလိုက်၏။ ရှေ့ခြံမှာ ဧည့်ခန်းတစ်ခန်းရှိသည်။ ဧည့်ခန်းက အဓိကအခန်းနဲ့ဆက်နေပြီး ဘေးတစ်ဖက်တစ်ချက်မှာ အခန်းငယ်နှစ်ခန်းစီရှိပြန်သည်။
ခြံထဲမှာ ထင်းရှူးပင်နှစ်ပင်ရှိပြီး တစ်ပင်က နည်းနည်းထူးဆန်း၏။ ကောက်ကောက်ကွေးကွေးနဲ့ အနုပညာဆန်အောင် ကြိုးစားပြီးကြီးထွားချင်ပေမယ့် နောက်ဆုံးတော့ စောင်းစောင်းရွဲ့ရွဲ့ဖြစ်နေသည်။ တစ်ခုတည်းသောထူးခြားချက်က အပင်ထိပ်မှာ အနီရောင်ပန်းတစ်ပွင့်ပွင့်နေတာပဲ။ အနီရင့်ရောင်၊ နည်းနည်းထူးဆန်းတယ်။ တစ်ချက်ကြည့်လိုက်ရင် ပန်းအတုလို့ထင်ရသည်။
ထင်းရှူးပင်မှာ အနီရောင်ပန်းပွင့်တာက တကယ်ထူးဆန်းပေမယ့် အခုခေတ်မှာ ကိုင်းဆက်နည်းပညာက ကျွမ်းကျင်နေပြီဆိုတော့ တကယ်ပွင့်ခဲ့ရင်လည်း လက်ခံနိုင်ပါတယ်။
ထင်းရှူးပင်ဘေးမှာ ရေတွင်းတစ်တွင်းရှိသည်။ သွားကြည့်လိုက်တော့ ရေတွင်းမဟုတ်ဘူး။ မြေကြီးထဲမှာမြှုပ်ထားတဲ့ အိုးကြီးတစ်လုံးပဲ။ အထဲမှာ ရေတွေအများကြီးစုနေပြီး လက်တစ်ဝါးလောက်ရှိတဲ့ ငါးတစ်ကောင်လည်း ကူးခတ်နေ၏။
ယွီဟွေးဖေးကို စိတ်မကျေမနပ်ဖြစ်စေတာတစ်ခုက ရှေ့ခြံ၊ နောက်ခြံနှစ်ခုလုံးမှာ နောက်ခြံက အိမ်သာတစ်လုံးပဲရှိတာပဲ။
“ဒါဘယ်သူဒီဇိုင်းဆွဲထားတာလဲ။ တော်တော်ညံ့တာပဲ… ဒါသာလူအပြည့်နေရင် အိမ်သာလုတက်ရတော့မှာပေါ့” ယွီဟွေးဖေးက စိတ်ထဲကနေကျိန်ဆဲလိုက်သည်။
ဒါပေမဲ့ သူလည်းဘာမှမတတ်နိုင်ဘူး။ အခုက ဒီအခြေအနေပဲရှိတာကိုး။
ယွီဟွေးဖေးတစ်ယောက် စဉ်းစားနေ၏။ အခုအခြေအနေနဲ့ သူတကယ်တစ်ခုခုလုပ်ချင်တယ်ဆိုရင် စားသောက်ဆိုင်နဲ့ တည်းခိုခန်းပဲလုပ်လို့ရမှာ။ ဒါပေမဲ့ စားသောက်ဆိုင်ဖွင့်တာက အရမ်းရှုပ်တယ်။ တည်းခိုခန်းကတော့ ပိုလွယ်တယ်။
ရှို့လင်ရွာကလည်း အတော်အသင့်ကောင်းတဲ့ လည်ပတ်စရာနေရာလေးတစ်ခုပဲ။ နောက်ကသင်္ချိုင်းကုန်းကိုမတွက်ရင် ဒီနေရာက ရှုခင်းက တော်တော်ကောင်းတယ်။
ကောင်းကောင်းမွန်မွန်လုပ်နိုင်ရင် ဝင်ငွေတစ်ခုတော့ ရနိုင်လောက်ပါရဲ့။
ယွီဟွေးဖေးတစ်ယောက် ပျင်းရိစွာနဲ့ ဧည့်ခန်းထဲဝင်သွားပြီး ထိုင်ချလိုက်တော့ ထောင့်တစ်နေရာမှာပစ်ထားတဲ့ စာရင်းစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ သေချာမကြည့်ရင် တကယ်မမြင်နိုင်ဘူး။
ယွီဟွေးဖေးက ကုန်းကောက်ပြီး ဖွင့်ကြည့်လိုက်တော့ မျက်နှာက ချက်ချင်းမည်းသည်းသွား၏။
ဒါက တကယ်ပဲ စာရင်းစာအုပ်တစ်အုပ်ပဲ။ ဒါပေမဲ့ မှတ်တမ်းတင်ထားတာက သူ့အဘိုးရဲ့စာရင်းမဟုတ်ဘူး။ လူယာဆိုတဲ့ ငမွှေကောင်ရဲ့စာရင်း။
ဒါက တခြားသူတွေက လူယာကိုအကြွေးတင်တာမဟုတ်ဘူး။ လူယာက တခြားသူတွေကိုအကြွေးတင်တာ။
ယွီဟွေးဖေးက အကြမ်းဖျင်းလှန်ကြည့်လိုက်တော့ လှန်လေလေ မျက်နှာကမည်းလေလေပဲ။
ဒီစာရင်းစာအုပ်ထဲက အကြွေးစာချုပ်တွေက ရှို့လင်ရွာက ဆိုင်တိုင်းနီးပါးကို လွှမ်းခြုံထားသည်။
ပြောရရင် လူယာဆိုတဲ့ အဘိုးကြီးက သုံးလအတွင်းမှာ သူ့အဘိုးနာမည်နဲ့ ဆိုင်အားလုံးဆီကနေ အကြွေးယူထားတာ။
အနည်းဆုံးက ယွမ်တစ်ထောင်၊ နှစ်ထောင်လောက်ရှိပြီး အများဆုံးက သောင်းချီပြီးတောင်ရှိသည်။
စုစုပေါင်းပေါင်းလိုက်တော့ ယွမ်ရှစ်သိန်းကျော်တောင်။ ယွီဟွေးဖေးတစ်ယောက် မျက်လုံးတွေပြာဝေပြီး မေ့လဲသွားချင်စိတ်ပေါက်သွားသည်။
အဆိုးဆုံးက ယွီဟွေးဖေးတစ်ယောက် အထဲမှာ ထူးထူးခြားခြားအကြွေးစာချုပ်တစ်ခုကို တွေ့လိုက်ရတာပဲ။
“သေစမ်း… ဒီအဘိုးကြီးက တော်တော်ခေတ်မီတာပဲ။ ကိုယ်တုံးလုံးချွတ်ပြီးတောင် ချေးငွေယူသေးတယ်လား” ယွီဟွေးဖေးတစ်ယောက် ယုံကြည်ချက်တွေပြိုလဲသွားသလို ခံစားလိုက်ရသည်။
သေစမ်း… နတ်သိကြားတစ်ပါးက ဆင်းရဲပြီးငွေချေးတာကိုထားလိုက်တော့၊ ကိုယ်တုံးလုံးချွတ်ပြီးတောင် ချေးငွေယူသေးတယ်။ အဓိကက အဲဒီလောက်ရုပ်ဆိုးတဲ့အဘိုးကြီးကို တကယ်ပဲချေးငွေပေးတဲ့သူရှိတယ်လား။ တစ်ခါတည်းကို ယွမ်နှစ်သောင်းတောင် ချေးပေးလိုက်သေး။
ယွီဟွေးဖေးတစ်ယောက် နားထင်ကိုနှိပ်နယ်လိုက်သည်။ သူ့ရဲ့အမြင်တွေက တော်တော်လေးခံနိုင်ရည်မရှိတော့ဘူးလို့ ခံစားလိုက်ရ၏။
ဒါပေမဲ့ မကြာခင်မှာပဲ ယွီဟွေးဖေးတစ်ယောက် အခြေအနေနည်းနည်းမမှန်တာကို သတိထားမိလိုက်သည်။ ဒီအကြွေးစာချုပ်မှာရေးထားတဲ့အတိုးနှုန်းက တစ်မူးတောင်ရှိ၏။ ရှင်းရှင်းပြောရရင် ဆယ်ရာခိုင်နှုန်းအတိုး။
ဒါက အတိုးကြီးငွေချေးလုပ်ငန်းတွေထဲက အကြီးဆုံးပဲ။ ယွီဟွေးဖေးက လက်မှတ်ထိုးထားတဲ့နေရာကို ထပ်ကြည့်လိုက်တော့ ခေါင်းတွေတောင်မူးသွားသည်။ ဘာလို့လဲဆိုတော့ လက်မှတ်ထိုးထားတဲ့နေရာမှာရေးထားတာက အကြွေးတင်သူ - ယွီအိုက်ကော်။
ယွီဟွေးဖေးရဲ့အဘိုးပဲ။
အခုသူ့အဘိုးကဆုံးသွားပြီ။ အဘိုးအကြွေးကို မြေးကဆပ်ရမှာပဲ။ ဒါကမှန်တယ်။
“သောက်ကျိုးနည်း… ဒီကောင် ဘာလို့ဒီလောက်မြန်မြန်ပြေးသွားလဲဆိုတာ အခုမှသိတော့တယ်။ ငါတွေ့သွားမှာစိုးလို့လား၊ ဒါမှမဟုတ် အကြွေးရှင်တွေဖမ်းမိမှာစိုးလို့လား” ယွီဟွေးဖေးက စားပွဲကိုရိုက်ပြီး ဆဲဆိုလိုက်သည်။
ဒါပေမဲ့ ယွီဟွေးဖေးက သိပ်တော့မစိုးရိမ်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတော်က မကြာသေးခင်ကမှ စည်းမျဉ်းအသစ်ထုတ်ထားတယ်လေ။ ဒီလိုအတိုးကြီးငွေချေးတာ၊ တစ်ကိုယ်လုံးချွတ်ပြီးချေးငွေယူတာတွေက တရားမဝင်ဘူး။ ပြန်ဆပ်စရာမလိုဘူး။
ဘယ်သူလာတောင်းရဲလဲ။ ရဲတိုင်လိုက်ရုံပဲ။
ဒါနဲ့ ယွီဟွေးဖေးက ပြန်ထိုင်ပြီး နောက်ကိုဆက်လှန်ကြည့်လိုက်တော့ သူကြောင်သွား၏။ စာရင်းစာအုပ်နောက်မှာက အကြွေးစာချုပ်တွေမဟုတ်တော့ဘူး။ ခြိမ်းခြောက်စာတွေ။
ပထမဆုံးစာရွက်မှာရေးထားတာက “ကိုးထပ်ဆောင်က အရူးကောင် နားထောင်စမ်း။ အကြွေးရှိရင်ပြန်ဆပ်ရတာ လောကနိယာမပဲ။ ခွေးကြီးက မင်းကိုအချိန်အများကြီးပေးပြီးပြီ။ အခုထိ အရင်းရောအတိုးရော မင်းငါတို့ကို ယွမ်သုံးသိန်းတိတိပေးစရာရှိတယ်။ လကုန်လို့မှ မဆပ်ရင်… လက်ခြေတွေကို ခုတ်ဖြတ်ပစ်မယ်”
ရက်စွဲက တနေ့က။