တိုက်ပွဲ (၁)
Vol. 6 Ch. 528
"ဆရာ ..."
အားရှို့က စိတ်လှုပ်ရှားစွာ ထိုင်ရာမှ ထလိုက်သည်။ သူမက မျက်တောင်ပင် မခတ်ပဲ ချန်းဖန် ရှိရာဆီသို့ ငေးမော ကြည့်နေမိခဲ့သည်။ သုံးနှစ်ခန့် မတွေ့ရသည့် အတောအတွင်း ချန်းဖန်၏ သွင်ပြင်က ပြောင်းလဲ သွားသည့်တိုင် အားရှို့သည် မှတ်မိနေဆဲ ဖြစ်သည်။
"ရှောင်ဖန် ဘေးကင်းပါ့မလား ..."
ဝမ်ရှောက်ယွင်က ပင့်သက်ရှိုက်မိသည်။
"တကယ်ပဲ ဂိုဏ်းချုပ်ကြီး ... သူ ပြန်လာပြီပေါ့ ..."
ဟွာမိသားစု၊ လုမိသားစုနှင့် မြန်မာ အမှောင်ကဝေ ဌာနခွဲမှ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများက ကောင်းကင်ရှိ လူငယ်ကို ကြည့်နေမိကြသည်။ ထိုလူငယ်ကား မြောက်ပိုင်းချုံးဂိုဏ်း၏ ကျောရိုး ဖြစ်သည်။ သူသာ ရှိပါက မြောက်ပိုင်းချုံးဂိုဏ်းကို မည်သူမျှ အနိုင်ယူနိုင်တော့မည် မဟုတ်ချေ။
"ရှောင်ဖန် ..."
အန်ရာနှင့် ဖန့်ချုံးတို့ကလည်း ချန်းဖန်အား ကြည့်ကြသည်။
"သူ့ကို မြင်ရတာ ပင်လယ်နတ်ဘုရားကို အမှတ်ရစေတယ် ..."
များစွာသော ပညာရှင်များက ပင့်သက်ရှိုက်ရင်း ရေရွတ်မိကြသည်။
ချန်းဖန်သည် မီတာရာချီ ကြီးမားသော ရေဝဲကို စီးနင်း၍ စစ်မြေပြင်သို့ ရောက်လာခဲ့သည်။ သူသည် လှိုင်းလုံးများကို စိတ်ဆန္ဒအတိုင်း အမိန့်ပေးနိုင်ပုံ ရသည်။ ထိုကဲ့သို့ စွမ်းအားမျိုးက တန်ခိုးရှင်များပင် မတုပနိုင်သော အရာ ဖြစ်သည်။
"ချန်းပေ့ရွှမ်းက ပင်လယ်မုန်တိုင်းရဲ့ စွမ်းအားတွေကို ငှားယူနိုင်စွမ်း ရှိနေပုံရတယ် ... အနည်းဆုံး မြေကမ္ဘာ အဆင့် ရောက်မှပဲ အဲ့လို လုပ်နိုင်ကြတာ ... သူ တန်ခိုးရှင် အဆင့်ထက် ကျော်လွန်သွားပြီ ထင်တယ်"
ယောင်တောက်ရီက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။
"အင်း ... သူက ကောင်းကင်ရဲ့ ဦးစားပေးမှုကို ရခဲ့တာပဲ ... နှစ်တစ်ရာ့ နှစ်ဆယ် ကျင့်ကြံခဲ့ပေမဲ့ လူငယ်လေးရဲ့ နောက်မှာ ပြတ်ကျန်ခဲ့တာ တကယ် ရှက်စရာပဲ ..."
လီချန်းရှန့်ကလည်း သူ၏ မုတ်ဆိတ်ရှည်ကြီးများကို လက်ဖြင့် ပွတ်သပ်ရင်း ဆိုလိုက်သည်။
"ဂိုဏ်းတူ ဦးလေး ... ချန်းပေ့ရွှမ်းက တကယ်ပဲ မြေကမ္ဘာ အဆင့်ကို ရောက်နေတာလား ..."
ပျံလွှားနီလေးက မေးလိုက်သည်။
"ဟမ့် ... တကယ့် နတ်ဘုရားတွေက ကီလိုမီတာ ရာချီတဲ့ မုန်တိုင်းကို ထိန်းချုပ်နိုင်ကြတယ် ... ချန်းပေ့ရွှမ်းက နေရာ သေးသေးလေးပဲ ထိန်းချုပ်နိုင်သေးတာ ..."
အဘိုးအို အဇူရာ နဂါးက နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။
"ဒါပေမဲ့ သူက ကောင်းကင်ရဲ့ စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ ထိတွေ့ထားနိုင်ပြီ ... သူ့ရဲ့ စွမ်းအားက ကျန်းစန်းဖုန်းနဲ့ မဟာကဝေတို့ ရောက်ခဲ့တဲ့ အဆင့် အထိ ရောက်နေခဲ့ပြီ ..."
"ဘုန်း ..."
နောက်ဆုံး၌ ချန်းဖန်သည် ကမ်းခြေသို့ ရောက်ရှိ လာခဲ့၏။
သူစီးနင်းလာသော ရေဝဲ၏ အရှိန်တွင် များစွာသော ပင်လယ်ရေများက မိုးများအလား ရွာသွန်းသည်။ လေများကလည်း ကြမ်းတမ်းစွာ တိုက်ခတ်၍ ရေလှိုင်းများက ပြင်းထန်စွာ ရိုက်ခတ်ကြသည်။
"နောက်ဆုတ်ကြ ..."
များစွာသော သိုင်းသမားများ၊ သာမန်လူများက နောက်သို့ ကပျာကယာ ဆုတ်လိုက်ကြသည်။ ဘေးကင်းသည့် နေရာသို့ ရောက်မှသာ ရပ်၍ ကမ်းခြေသို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ကြ၏။
"လင်းရှု့မင် ..."
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း စာပေသမား လူငယ်ကို ကြည့်လိုက်သည်။
ပြန်လည် မွေးဖွားလာချိန်မှ စ၍ ထိုလူငယ်ထံမှ ထွက်ပေါ်နေသည့် စွမ်းအားမျိုး ချန်းဖန် မကြုံတွေ့ခဲ့ရချေ။ ထိုလူငယ်၏ ဓားချီသည် ကောင်းကင်နှင့် မြေကြီး၏ ချီအမတေနှင့် တိုက်ရိုက်ပင် ချည်နှောင်ထား၏။ ထို့အပြင် လူငယ်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကလည်း အံ့မခန်းပင်။ လူငယ်၏ ရှေ့၌ ချန်းဖန်သည် မြေကမ္ဘာ အဆင့် တစ်ယောက်နှင့် ရင်ဆိုင် တွေ့နေသကဲ့သို့ ခံစားနေမိ၏။
"မဟုတ်သေးဘူး ... သူက မြေကမ္ဘာ အဆင့်ကို မရောက်သေးဘူး ... မြေကမ္ဘာအဆင့် ဆိုတာက ကျင့်ကြံခြင်း လောကရဲ့ မူလ ဝိညာဉ်အဆင့်နဲ့ အတူတူပဲ ... အဲ့အဆင့်ကို ရောက်သွားတဲ့ ကျင့်ကြံသူက ကမ္ဘာရဲ့ ချီအမတေကို အသုံးပြုနိုင်စွမ်း ရှိလာကြတယ် ... သူက မြေကမ္ဘာ အဆင့်ကို မရောက်သေးဘူး ဆိုပေမဲ့ အရမ်းကို နီးကပ်နေပြီ ... အတားအဆီးလေး တစ်ခုပဲ ကျန်ရှိတော့တယ် ..."
ချန်းဖန်က ခေါင်းခါရင်း တွေးနေမိသည်။
"ဒါပေမဲ့ သူ့ဆီက ခြိမ်းခြောက်နိုင်စွမ်း ရှိတဲ့ အရာ တစ်ခုခုကို ငါခံစားနေရတယ် ... ဓမ္မ ရတနာများ ဖြစ်နေမလား ..."
"ချန်းပေ့ရွှမ်း ... ငါမင်းကို စောင့်နေတာ သုံးရက် ရှိပြီ ...
ချန်းဖန် တွေးနေစဉ်မှာပင် လင်းရှု့မင်က ရေရွတ်ရင်း ကောင်းကင်သို့ တက်လိုက်၏။
"မင်းက ငါတွေ့ဖူးသမျှထဲက အရည်အချင်း အရှိဆုံး လူငယ် ဆိုတာတော့ ငါဝန်ခံတယ် ... ရဲ့ချင်စန်းရဲ့ ပါရမီတောင် မင်းရဲ့ ခြေဖျားကို မမီဘူး ... နောက်ဆယ်နှစ် အတွင်း မြေကမ္ဘာ နတ်ဘုရား အဆင့်ကို မင်းရောက်မှာ သေချာတယ် ..."
"ဟမ့် ... အသက် ဝဝရှူထား လင်းရှု့မင် ... မင်းက မြောက်ပိုင်းချုံးကို ကျူးကျော်ခဲ့ပြီးတော့ ငါ့အစေခံလေးကို ဒဏ်ရာရအောင် လုပ်ခဲ့တယ် ... မင်း အဲဒီ အတွက် ဒီနေ့မှာ ပြန်ပြီး ပေးဆပ်ရမယ် ..."
ချန်းဖန်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဆိုလိုက်၏။
လင်းရှု့မင်သည် လက်ရှိ ကမ္ဘာ၏ အင်အား အကြီးဆုံးသော ကျင့်ကြံသူ ဖြစ်သည်။ သို့သော်လည်း ချန်းဖန်သည် စကြဝဠာပေါင်း များစွာကိုပင် စိုးမိုးခဲ့သည့် မြောက်ပိုင်း ကောင်းရှင် အရှင်သခင် ဖြစ်သည်။ သူကား ကမ္ဘာမြေရှိ ကျင့်ကြံသူ ပမွှားလေး၏ ချီးကျူးမှုတွင် သာယာနေမည် မဟုတ်ချေ။
"လင်းလန့်ယာ သေသွားတဲ့နေ့က စပြီး မင်းနဲ့ ငါ့ရဲ့ သေခြင်းတိုက်ပွဲက သတ်မှတ်ပြီးသွားပြီ ..."
လင်းရှု့မင်၏ မျက်နှာ၌ ဝမ်းနည်းခြင်း အငွေ့အသက်များက နေရာယူလာသည်။
လင်းလန့်ယာသည် သူ၏ အချစ်ဆုံး တပည့် ဖြစ်သည်။ သူသည် ထိုကောင်လေးကို ငယ်ရွယ်စဉ်ကပင် သားအရင်း တစ်ယောက်ကဲ့သို့ စောင့်ရှောက်ခဲ့သည်။ သူသည် တံခါးပိတ်၍ ကျင့်ကြံသည့် အချိန်တွင်ပင် လင်းလန့်ယာကို ခေါ်ဆောင်သွားလေ့ ရှိသည်။
ထိုကာလများ အတွင်း၌ လင်းရှု့မင်သည် လင်းလန့်ယာအား သူတတ်သမျှ သိသမျှ အရာအားလုံးကို ဝေမျှပေးခဲ့သည်။
လင်းလန့်ယာကလည်း သူ့အား စိတ်မပျက် စေခဲ့ပေ။ ဓားလမ်းစဉ်ဖြင့် တန်ခိုးရှင် အဆင့်သို့ တက်လှမ်းကာ လင်းမိသားစုကို အမြဲတမ်း စောင့်ရှောက် ပေးခဲ့သည်။ ထို့ကြောင့်ပင် လင်းလန့်ယာ၏ သေဆုံးမှုက လင်းရှု့မင်၏ နှလုံးသားကို ပြင်းထန်စွာ ထိခိုက်စေသည်။
"တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာလာချင်း ပထမဆုံး ရင်ဆိုင်ရမယ့် ရန်သူက ရဲ့ချင်စန်း ဖြစ်မယ်လို့ ငါ ထင်ထားခဲ့တာ ... ကမ္ဘာကြီးက ငါ့ကို အံ့အားသင့်အောင် လုပ်ခဲ့တာပဲ ..."
လင်းရှု့မင်က ရယ်မောလိုက်၏။
"ကလန့် ..."
သစ်ပင်ကြီး တစ်ပင်ခန့် ကြီးမားသော ဓားအလင်းတစ်ခု ည၏ ကောင်းကင်၌ ပေါ်လာခဲ့၏။
ထိုသေးငယ်သောအချိန် အခိုက်အတန့် ကလေးမှာပင် ချန်းဖန်နှင့် လင်းရှု့မင်တို့သည် တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်လိုက်ကြ၏။
"ဘုန်း ..."
ချန်းဖန်က ရန်သူအား လက်သီးဖြင့် ထိုးလိုက်၏။ သူ၏ လက်သီးက ရွာသွန်းနေသော မိုးများကို ခွဲကာ ခြောက်သွေ့သော လမ်းတစ်ခုကို ဖန်တီးသည်။
ထိုလမ်းသည် နှစ်မီတာခန့် ကျယ်ဝန်းပြီး မီတာ ရာချီ ရှည်လျား၏။ ထိုလက်သီးက ကြီးမားသော အားအင်ကို သယ်ဆောင်ထားရာ မည်သည့် တန်ခိုးရှင်ကို မဆို သတ်ဖြတ် ပစ်နိုင်စွမ်း ရှိ၏။
"သူက ကောင်းကင်နဲ့ မြေကြီးရဲ့ အကူအညီ မပါပဲ အစစ်အမှန် စွမ်းအား တစ်ခုတည်းနဲ့တင် မီတာရာချီ အကွာအဝေးကို တိုက်ခိုက်နိုင်တယ် ... ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ ..."
ဝါတနာဘေ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။
"ဓား ... ဖွဲ့စည်းစမ်း ..."
လင်းရှု့မင်၏ တိုက်ခိုက်မှုက ချန်းဖန်နှင့် လုံးဝ ခြားနား၏။ သူ၏ လေထုအား လက်သည်းဖြင့် အနည်းငယ် ကုတ်ခြစ်ကာ များစွာသော မိုးရေစက်များကို ဓားများ သဏ္ဌာန်သို့ ပြောင်းလဲသည်။ ထိုဓား တစ်ခုချင်းစီက စင်တီမီတာ အနည်းငယ်ခန့် ရှည်ကာ အလွန်အမင်း ထက်ရှသည်။
"သွား ..."
လင်းရှု့မင်က လက်အား အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် မရေမတွက် နိုင်သော ရေဓားများက ချန်းဖန်ထံသို့ ဦးတည်ကြသည်။ သူတို့က လေဟာနယ်ကို ခွဲကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို စုပ်ယူ၍ ပိုမို တောက်ပသော အလင်းရောက်ကို ထုတ်လွှတ်ကြသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
မရေမတွက်နိုင်သော ဓားများက လက်သီးချီဆီသို့ တိုးဝင်ကာ တားဆီးကြ၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
များစွာသော တားဆီးမှုများ အကြား၌ လက်သီးချီက အနည်းငယ်မျှ နှေးကွေးသွားခြင်း မရှိချေ။
"ပြောင်းလဲစမ်း ..."
လင်းရှု့မင်က လက်ချောင်းများအား အနည်းငယ် ဆုတ်ရင်း အမိန့်ပေးလိုက်သည်။
ရေဓားများက ချက်ချင်းပင် အသွင်ပြောင်းလဲကာ လွန်များ အဖြစ် ပေါင်းစပ်ကြသည်။ ထိုလွန်များက အရှိန်ပြင်းစွာ လည်ရင်း လက်သီးချီကို နှေးကွေးရန် ကြိုးစားကြ၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ဒုတိယ အကြိမ် အတားအဆီးများ၏ အကြား၌ လက်သီးချီသည် နှေးကွေးလာ၏။ လင်းရှု့မင်၏ ရှေ့လက်မ အနည်းငယ်ခန့် အကွာသို့ အရောက်တွင်မူ လက်သီးချီမှာ အလုံးစုံ ပျက်စီးသွားရတော့၏။
အစွမ်း အထက်ဆုံး တန်ခိုးရှင် နှစ်ယောက်ကား ပထမအကြိမ် တိုက်ခိုက် ပြီးသွားကြပြီ ဖြစ်သည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုကပင် များစွာသော လူများကို ဆွံ့အစေသည်။
ချန်းပေ့ရွှမ်း ထုတ်လွှတ်ခဲ့သော လက်သီးချီသည် တောင်တစ်လုံး၏ အားအင်ကို သယ်ဆောင်ထားကာ တန်ခိုးရှင်ကိုပင် လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။
အခြား တစ်ဖက်၌ လင်းရှု့မင်ကမူ ရေဓား တစ်ထောင်ကို ဆင့်ခေါ်ခဲ့သည်။ ထိုရေဓားများ သယ်ဆောင်ထားသည့် တိုက်ခိုက်မှု စွမ်းအားသည် စစ်သည် တစ်သောင်း၏ စွမ်းဆောင်နိုင်မှုထက်ပင် ပိုလွန်နေသည်။
ထိုနှစ်ယောက်၏ တိုက်ပွဲကား တန်ခိုးရှင် အဆင့်ထက်ပင် ကျော်လွန်နေကြောင်း လူတိုင်း ခံစား နေမိကြသည်။
"ဒါကို ခုခံကြည့်စမ်း ..."
ချန်းဖန်က တဟားဟား ရယ်မောရင်း လေဟာနယ်ကို ခွဲကာ လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်ပြန်၏။ ထိုလက်သီးက လေထုရှိ လျှပ်စီး စွမ်းအားများကို စုပ်ယူကာ ကောင်းကင်သို့ တက်သည်။
"ရား ..."
လက်သီးက စွမ်းအား ပြည့်ဝသည်နှင့် နာဂ တစ်ကောင်အသွင် ပြောင်းလဲ၍ ကျယ်လောင်စွာ ဟိန်းဟောက်၏။
"အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက် ... နာဂ အသွင်ပြောင်းလဲခြင်း ..."
ထိုတိုက်ခိုက်မှုတွင် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားနှင့် အစစ်အမှန် အမတေတို့ လိုက်ဖက်ညီစွာ ပေါင်းစပ်ထား၏။ ထို့ကြောင့်ပင် ချန်းဖန် ပထမဆုံး ထုတ်ဖော်ခဲ့သည့် လက်သီးချက်ထက် အဆများစွာ ပိုမို အစွမ်းထက်သည်။
"ဘုန်း ..."
နဂါးက လင်းရှု့မင် ရှိရာဆီသို့ တိုးဝင်ကာ ဝါးမျိုရန် ကြိုးစားလိုက်၏။
လင်းရှု့မင်၏ မျက်နှာက ချက်ချင်းပင် လေးနက်သွားကာ ကျောရှိ ဓားကို ဆွဲထုတ်လိုက်၏။
"နိုးထစမ်း ..."
***