← Chapters

အရက်မူးချိန် သူခိုးဝင်လာခြင်း

Vol. 2 Ch. 16

အရက်မူးချိန် သူခိုးဝင်လာခြင်း

Vol. 2 Ch. 16

“ပိုက်ဝူချန်တစ်ယောက်တည်းဆိုရင်တော့ ရနိုင်တယ်။ ဒါပေမဲ့ အခု ဟိတ်ဝူချန်လည်းရှိနေတာလေ။ နှစ်ယောက်က အပေါင်းနဲ့အနုတ်ဆိုတော့ အာနိသင်က ချေဖျက်သွားပြီ” မြင်းမျက်နှာက ဟဲဟဲရယ်ပြီးပြောလိုက်သည်။

ယွီဟွေးဖေးတစ်ယောက် ချက်ချင်းစိတ်ပျက်သွားတဲ့မျက်နှာဖြစ်သွားတာမို့ မြင်းမျက်နှာက နှစ်သိမ့်ပေး၏။

“အပိုဝင်ငွေမရှိပေမယ့် အနည်းဆုံးတော့ ဘေးဒုက္ခမများတော့ဘူးလေ။ ဒါလည်း ကောင်းတဲ့ကိစ္စပဲမဟုတ်လား”

ယွီဟွေးဖေးက စိတ်ထဲကနေတွေးလိုက်တာက ‘ကောင်းတဲ့ကိစ္စလား။ မင်းက စားမယ့်ပါးစပ်တစ်ပေါက်ထပ်တိုးလာတာကိုတော့ မပြောဘူးလား’

အဲ့ဒီအချိန်မှာ နွားခေါင်းက ဟဲဟဲရယ်ပြီးကပ်လာကာ လျှို့ဝှက်စွာနဲ့ စားပွဲအောက်ကနေ အရက်အိုးကြီးတစ်လုံးကိုထုတ်ပြီး ဒုန်းဆိုတဲ့အသံနဲ့ စားပွဲပေါ်တင်လိုက်ချိန် ယွီဟွေးဖေးက ကြောင်သွား၏။

“ဘယ်ကနေ အရက်ရလာတာတုန်း”

နွားခေါင်းက ကျေနပ်စွာနဲ့အော်ရယ်ပြီးပြောလိုက်သည်။ “တတိယထပ်မှာ လယ်ထွန်ရင်းတွေ့တာ။ ဒီတစ်အိုးပဲရှိတာ။ မူလကတော့ ခဏနေမှသောက်မလို့ပဲ။ အခု ညီအစ်ကိုတွေအကုန်ရောက်လာပြီဆိုတော့ အတူတူသောက်ကြတာပေါ့”

“ဒါက အများပိုင်ပစ္စည်းလေ” ယွီဟွေးဖေးက ချက်ချင်းပြင်ပေးလိုက်တော့ ငရဲတမန်လေးယောက်က တစ်ပြိုင်နက်တည်း ယွီဟွေးဖေးကိုကြည့်နေပြီ။ အကြည့်တွေက သောက်လို့ရလားလို့မေးနေသလိုပဲ။

ယွီဟွေးဖေးက ဒီလေးယောက်ကို ပြန်စိုက်ကြည့်လိုက်သည်။

နွားခေါင်း၊ မြင်းမျက်နှာ၊ အစိမ်းရောင်မျက်နှာ၊ စွယ်တွေနဲ့၊ ဖြူဖျော့ပြီးလျှာရှည်ကြီးနဲ့။ သရဲပုံပြင်တွေထဲက ကြောက်စရာအချက်အလက်အားလုံးကို ဒီမှာစုစည်းထားတယ်လို့ပြောလို့ရတယ်။ သူက မသောက်နဲ့လို့ ပြောရဲပါ့မလား။

ပြီးတော့ သူက အရာရှိသစ်ဖြစ်ခါစ၊ အာဏာနဲ့ဖိနှိပ်ချင်စိတ်လည်းမရှိဘူး။ ပြီးတော့ နွားခေါင်းက ခုနကသူ့ကိုကူညီပေးထားတယ်လေ။ ဒီတစ်ချက်နဲ့တင် ယွီဟွေးဖေးက သူနဲ့သူ့ညီအစ်ကိုတွေကို အရက်တစ်ခွက်တိုက်တာက ဖြစ်သင့်တယ်။

ဒါနဲ့ ယွီဟွေးဖေးက ခေါင်းညိတ်လိုက်တော့ လေးယောက်သား ပျော်ရွှင်စွာနဲ့ ရွှံ့စေးအဖုံးကိုဖွင့်ပြီး သောက်ဖို့ပြင်ဆင်ကြတော့သည်။

ယွီဟွေးဖေးတစ်ယောက် အတော်အသင့် ခန့်မှန်းနိုင်နေပြီ။ ဒီအရက်က လူယာဆိုတဲ့ အဘိုးကြီးစုတ်ဝှက်ထားတာပဲ။ ဒါပေမဲ့ အဲ့ဒီကောင်က မြန်မြန်ပြေးသွားလို့ ယူသွားဖို့မေ့သွားတာ သေချာတယ်။

ရွှံ့စေးအဖုံးကိုဖွင့်လိုက်တာနဲ့ အရက်နံ့ပြင်းပြင်းက နှာခေါင်းထဲတိုးဝင်လာ၏။ အဓိကက ဒီအရက်ထဲမှာ သစ်သီးနံ့ပါနေတာပဲ။ ယွီဟွေးဖေးရဲ့မျက်လုံးတွေက တောက်ပသွား၏။

“ဒါဘာအရက်လဲ”

နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့က ကပ်ပြီးအနံ့ခံကြည့်လိုက်တော့ ပိုက်ဝူချန်က စိတ်လှုပ်ရှားပြီး လျှာက ရင်ဘတ်အထိပြုတ်ကျသွားသည်။ ပြီးတော့ လျှာက လှုပ်ရှားနေပြီး စကားမပြောနိုင်တော့ဘူး။

နွားခေါင်းက လေးနက်စွာနဲ့ ပြောလိုက်၏။ “မျောက်အရက်၊ မျောက်ဝိုင်လို့လည်း ခေါ်တယ်”

မြင်းမျက်နှာက အသည်းအသန်ခေါင်းညိတ်နေပြီး မျက်လုံးတွေကတောင် အလင်းရောင်ထွက်လာတော့မယ်။ ဒီအရက်က တော်တော်နာမည်ကြီးပုံပဲ။ သူတို့လို ငရဲတမန်တွေတောင် သိကြတယ်။

ဟိတ်ဝူချန်က ဝင်ပြောလိုက်သည်။ “ငါအရင်ကအရက်မသောက်ဘူး။ ဒါပေမဲ့ ဒီမျောက်အရက်ရဲ့နာမည်ကိုတော့ ကြားဖူးတယ်။ မျောက်ဝိဇ္ဇာတွေက သစ်သီးတစ်ရာကို စုစည်းပြီး ချက်လုပ်ထားတာ။ အရက်ထဲမှာ သစ်သီးနံ့ပါပြီး ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအင်တွေပါဝင်လို့ လူအတွက်အကျိုးကျေးဇူးအများကြီးရှိတယ်”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ နည်းနည်းနှမြောသွား၏။ ဒါသာ ရောင်းလိုက်ရင် နောက်ပိုင်းစားစရာပြဿနာကို ဖြေရှင်းနိုင်မှာ။

ဒါပေမဲ့ ယွီဟွေးဖေးစကားမပြောခင်မှာပဲ နွားခေါင်းက ပန်းကန်ကြီးငါးခွက်ထဲကိုထည့်ပြီး ဟားတိုက်ရယ်ကာပြောလိုက်သည်။

“မသိဘူး။ အရင်ဆုံးသောက်လိုက်တော့မယ်” ပြီးတော့ ကောင်တွေက တစ်ခါတည်း မော့ချလိုက်ကြသည်။ ပြီးတော့ တစ်ယောက်ချင်းစီက မျက်လုံးတွေတောက်ပစွာနဲ့ ယွီဟွေးဖေးရဲ့ပန်းကန်ကိုကြည့်နေကြသည်။ ယွီဟွေးဖေးက ဘာမှမပြောဘဲ ယူပြီးတန်းသောက်လိုက်၏။ လူလုခံရမှာစိုးလို့။

မျောက်အရက်က ပါးစပ်ထဲဝင်တာနဲ့ တော်တော်ကို အဝင်ချောသား။ အရက်က ချိုမြပြီး လည်ချောင်းထဲရောက်တာနဲ့ သစ်သီးတစ်ရာရဲ့အနံ့က ထွက်လာ၏။ အနံ့ကပြင်းလွန်းလို့ ပျောက်မသွားဘဲ အကြာကြီးကျန်နေပြန်သေး။ ပြီးတော့ အရက်က လည်ချောင်းထဲရောက်သွားတော့ ပူစပ်တဲ့အရသာက ပေါက်ကွဲထွက်လာပြီး မီးလောင်သလိုပဲ အစာအိမ်ထဲရောက်သွား၏။ ဒါပေမဲ့ ဒီပူလောင်မှုက မနာကျင်ဘူး။ ချွေးတွေထွက်လာစေပြီး လေပြေလေးတိုက်လိုက်တော့ လူကလန်းဆန်းသွားပြီး ဦးနှောက်ထဲကဆဲလ်အားလုံးက လှုပ်ရှားလာ၏။

“အရက်ပဲရှိပြီး မြည်းစရာမရှိရင် ဘယ်ဖြစ်မလဲ။ ငါသွားလုပ်လိုက်မယ်”

ယွီဟွေးဖေးက အားရပါးရထပြီး မီးဖိုချောင်ထဲဝင်သွားပြီးတော့ ကြွက်တစ်ကောင် ဆန်အိုးအလွတ်ထဲဝင်သလိုပဲ တစ်ဝကြီးမွှေနှောက်ပြီး နောက်ဆုံးတော့ မြေပဲဆံကြော်တစ်ပန်းကန်ရလာသည်။ ထွက်လာတဲ့အချိန်မှာ ယွီဟွေးဖေးတစ်ယောက် မေးရိုးတောင်ပြုတ်ကျတော့မလိုဖြစ်သွား၏။

မျက်ပြူးကြီးက စားပွဲပေါ်မှာထိုင်ပြီး အရက်သောက်နေသည်။ ပိုက်ဝူချန်က ဟိတ်ဝူချန်ကိုဖမ်းပြီး တစ်ဝကြီးထိုးနေရင်း အော်နေလေရဲ့။

“မင်းပြောမှာလား မပြောဘူးလား။ ပြောမှာလား မပြောဘူးလား”

“ဘာပြောရမှာလဲ။ ဘာပြောရမှာလဲ။ ဘာကိုပြောရမှာလဲ” ဟိတ်ဝူချန်ကလည်း မာနကြီးကြီးနဲ့ ပြန်မထိုးဘဲ ပြန်မေးနေ၏။

တစ်ဖက်မှာတော့ နွားခေါင်းက မြင်းမျက်နှာကိုစီးပြီး မြေကြီးပေါ်မှာ တစ်ဝကြီးပြေးနေပြီး။ ပြေးရင်းနဲ့ နွားခေါင်းက အော်နေပြန်သေး။ “ဖယ်ကြ… ဖယ်ကြ… မိုင်ရှစ်ရာအရေးကြီးကိစ္စ”

ယွီဟွေးဖေးက နားထင်ကိုနှိပ်နယ်ပြီး လက်ထဲကမြေပဲဆံကြော်ကိုကြည့်ကာ တိတ်တိတ်လေးဝှက်ထားလိုက်သည်။ ဒီအရက်ကို ဆက်မသောက်သင့်တော့ဘူး။ ဆက်သောက်ရင် ပြဿနာတက်တော့မှာ။ ယွီဟွေးဖေးက ပြေးသွားပြီး အရက်အိုးကိုသိမ်းမလို့လုပ်တော့ လေပြင်းတစ်ချက်တိုက်လာပြီး သူက မူးဝေသွားသည်။ အရက်ရှိန်တက်လာပြီပဲ။ ပြီးတော့ ယွီဟွေးဖေးတစ်ယောက် ဘာမှဆက်မသိတော့ဘူး။

တစ်နာရီကျော်လောက်ကြာတော့ တံခါးအပြင်ဘက်မှာ အရိပ်တစ်ခုက တိတ်တိတ်လေး ကိုးထပ်ဆောင်တံခါးအပြင်ဘက်ကို ရောက်လာပြီး သေချာမပိတ်ထားတဲ့တံခါးမကြီးကိုကြည့်ကာ ပါးစပ်ကိုမဲ့ပြီးရေရွတ်လိုက်သည်။

“ဟောက်သံက ဒီလောက်ကျယ်တာ။ တံခါးလည်းမခတ်ဘူး”

“ဘာလဲ… ငါ့ကိုစော်ကားနေတာလား။ ဒါမှမဟုတ် သင်္ချိုင်းစောင့်နေရာမို့လို့ ငါမလာရဲဘူးလို့ထင်နေတာလား။ ငါက ဟိုတုန်းက သင်္ချိုင်းကုန်းမှာကြီးပြင်းလာတာကွ။ ငါနဲ့တွေ့မှတော့ မင်းတို့ကံဆိုးတာပဲ”

ဒါက သူခိုးလေးတစ်ယောက်ပဲ။ မူလကတော့ လမ်းလျှောက်ပတ်ကြည့်ပြီး ခိုးလို့ရမယ့်အိမ်များရှိမလားလို့ ကြည့်နေတာ။ မထင်မှတ်ဘဲ အနီးအနားမှာပဲ အလုပ်ဖြစ်တော့မှာဆိုတော့ ပျော်သွားပြီ။

သူခိုးလေးက ပတ်ဝန်းကျင်ကိုကြည့်ပြီး ဘယ်သူမှမမြင် ကင်မရာလည်းမရှိမှန်းသေချာတော့ တံခါးကိုမတွန်းဖွင့်ဘဲ ဘေးတစ်စောင်းနဲ့ တံခါးကြားကနေတိုးဝင်သွားလိုက်သည်။

ဝင်သွားတာနဲ့ လူနှစ်ယောက် စားပွဲပေါ်မှာမှောက်ပြီး ဟောက်သံကျယ်ကြီးနဲ့အိပ်ပျော်နေတာကိုတွေ့လိုက်သည်။ နောက်ကျောပဲမြင်ရပြီး လကလည်းတိမ်ဖုံးနေတော့ သူတို့ပုံစံကို သေချာမမြင်ရဘူး။

မြေကြီးပေါ်မှာ ခြေကားယားလက်ကားယားနဲ့ လူတစ်ယောက်လှဲနေ၏။ လရောင်တစ်စက သူ့မျက်နှာပေါ်ကျနေတော့ သေချာမြင်ရသည်။ အတော်အသင့်ရုပ်ရည်ကောင်းတဲ့ လူငယ်တစ်ယောက်ပဲ။ သူက ကောင်းကောင်းအိပ်ပျော်နေပြီ။

အဲ့ဒီဟောက်သံကိုကြားတာနဲ့ သူခိုးလေးက စိတ်ချသွား၏။ ဟောက်သံက အိမ်ရှင်က ကောင်းကောင်းအိပ်ပျော်နေတယ်ဆိုတာကိုပြတာ။ ဟောက်သံက အဲ့ဒါကလူဆိုတာကိုလည်းပြတယ်။ ဒါကြောင့် သူပြုံးလိုက်၏။

“တကယ်ပဲ… ရှာမတွေ့နိုင်ဘူးလို့ထင်ထားတာ အလွယ်တကူရလိုက်တာပဲ။ ကြည့်ရတာ ဒီနေ့ငါချမ်းသာတော့မှာပဲ” ပြောရင်းနဲ့ သူခိုးလေးက အရင်ဆုံး မြေကြီးပေါ်ကလူဘေးကိုကပ်သွား၏။ ယွီဟွေးဖေးရဲ့အိတ်ကပ်ကို နှိုက်ကြည့်တော့ အဲ့ဒီအိတ်ကပ်က သူ့မျက်နှာထက်တောင်ရှင်းနေတာပဲ။ မဆဲဘဲမနေနိုင်ဘူး။

“သေစမ်း… ဆင်းရဲသားဟ”

သူခိုးက ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့ရဲ့အိတ်ကပ်ကို နှိုက်ကြည့်ဖို့ ကြိုးစားပြန်တယ်။ ဒါပေမဲ့ ဒါက ရှေးခေတ်လူနှစ်ယောက်လေ။ ရှေးခေတ်လူမှာ ဘယ်မှာအိတ်ကပ်ရှိမှာလဲ။ နှစ်ယောက်က သူ့ကိုကျောပေးထားတော့ သူဘယ်ကနေစရမလဲလို့စဉ်းစားနေတုန်း။ ရုတ်တရက် နောက်ခြံကနေ အော်သံတစ်ခုကြားလိုက်ရသည်။

“ဟေ့… ဖယ်… မိုင်ရှစ်ရာအရေးကြီးကိစ္စ။ ငါ့ကိုတားတဲ့သူ သေစမ်း”

နောက်ခြံတံခါးပွင့်လာပြီး သူက နွားခေါင်းဟာ မြင်းမျက်နှာကိုစီးပြီး ပြေးထွက်လာတာကိုတွေ့လိုက်သည်။

အဲ့ဒီမြင်းမျက်နှာက လက်နှစ်ဖက်၊ ခြေနှစ်ဖက်နဲ့ မြေကြီးပေါ်မှာ လေးဘက်ထောက်ရင်း လျင်မြန်စွာပြေးနေ၏။ နွားခေါင်းရဲ့ခြေထောက်နှစ်ဖက်က မြေကြီးပေါ်မှာလွင့်နေပြီး လူကလည်း တော်တော်စိတ်လှုပ်ရှားနေသည်။ မျက်လုံးတွေကနီရဲနေပြီး လက်ထဲက သံခက်ရင်းခွကြီးကိုဝှေ့ယမ်းနေတာက တောနတ်ဘုရားတောင်ပေါ်ကဆင်းလာသလိုပဲ။ သူခိုးလေးက လန့်သွားပေမယ့် စိတ်ဓာတ်ကမဆိုးဘူး မာသား။ စိတ်ထဲကနေရေရွတ်လိုက်၏။

‘Cosplay လား’

သူခိုးလေးကိုပြန်ဖြေတာက နွားခေါင်းရဲ့ သံခက်ရင်းခွနဲ့ တစ်ချက်ရိုက်လိုက်တာပဲ။

ဘုန်း…

သူခိုးလေးက ကောက်ရိုးလိုပဲ လွင့်ထွက်သွားပြီး နံရံပေါ်မှာ စက္ကန့်အနည်းငယ်ကပ်နေပြီးမှ မြေကြီးပေါ်ပြုတ်ကျလာသည်။

“အ… အ… နာတယ်…”

သူခိုးလေးက ရင်ဘတ်ကိုဖိပြီး မျက်ရည်တွေကျလာ၏။ သူနောက်ဆုံးတော့ နားလည်သွားပြီ။ Cosplay ကစားတဲ့သူတွေမှာ ဒီလောက်အားကြီးမှာမဟုတ်ဘူး။ ဒါဘယ်လိုလုပ် လူဖြစ်ရမှာလဲ။ ဒါက ပြေးနေတဲ့နွားသိုးကြီးပဲ။

“သရဲ… သရဲ…”

သူခိုးလေးက အော်ဟစ်ပြီး လှည့်ကာ လေးဘက်ထောက်ထပြီး အပြင်ကိုထွက်ပြေးတော့သည်။

All Chapters