အပေါ့အပါးသွားရခက်ခြင်း
Vol. 2 Ch. 17
ဒါပေမဲ့ သူ့နောက်ကနေ လေပြင်းတစ်ချက်တိုက်လာပြီး တစ်ချိန်တည်းမှာပဲ အော်သံကျယ်ကြီးတစ်ခု ထွက်လာ၏။
“မိုင်ရှစ်ရာအရေးကြီးကိစ္စ… လမ်းဖယ်စမ်း”
သူခိုးလေးက နောက်လှည့်ကြည့်လိုက်တော့ ခက်ရင်းခွကြီးက သူ့ဆီကို တန်းတန်းမတ်မတ်ဝင်လာတာကိုပဲ တွေ့လိုက်ရသည်။
ဘုန်း…
သူခိုးလေးက နံရံပေါ်မှာ ထပ်ပြီးကပ်သွားပြန်ပြီ။
ဖွီး…
သွေးတစ်ပွက်အန်ထွက်သွား၏။ သူခိုးလေးက အင်္ကျီကိုဆွဲဖြဲလိုက်တော့ သူ့အတွင်းမှာ သံပြားတစ်ချပ်ခံထားလေသည်။ ဒီသူခိုးလေးက အမြဲတမ်း သတ္တိရှိပြီး စေ့စပ်သေချာတဲ့သူ။ ဒီသံပြားအတွင်းခံက သူ့ရဲ့ ကိုယ်လုံပစ္စည်းပဲ။ တစ်နေ့နေ့ သူခိုးဘဝမှာ အဖမ်းခံရရင် ဒီပစ္စည်းက သူ့ကိုကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီလောက်နှစ်တွေကြာလာတာတောင် သူတစ်ခါမှအဖမ်းမခံရဖူးတော့ ဒီအင်္ကျီကိုလည်း တစ်ခါမှမသုံးခဲ့ရဘူး။ မထင်မှတ်ဘဲ ဒီနေ့မှာတော့ သူသုံးလိုက်ရပြီ။
ဒါပေမဲ့ မျက်စိရှေ့က မြင်ကွင်းကြောင့် သူ အစကတည်းက အထူဆုံးသံပြားနဲ့ အတွင်းခံမလုပ်ခဲ့မိတာကို တော်တော်နောင်တရသွားသည်။
အခုတော့… မလောက်တော့ဘူးထင်တယ်။
သူခိုးလေးကလည်း သိလိုက်ပြီ။ မျက်စိရှေ့က ဒီနွားခေါင်းနဲ့မြင်းမျက်နှာက သိပ်ပြီးအသိစိတ်မကပ်တော့ဘူး။ ဒါနဲ့ သူက နံရံကိုမှီပြီး မလှုပ်မယှက်နေလိုက်သည်။ သူတို့ကို လှုပ်ရှားဖို့ နေရာအလုံအလောက်ပေးလိုက်တာပေါ့။
ဒါပေမဲ့ နွားခေါင်းက ရုတ်တရက်လှည့်လာပြီး မြင်းမျက်နှာက သူ့ကိုကြည့်ပြီး ပါးစပ်ကိုမဲ့ပြုံးပြလိုက်တာကို မြင်ရလိုက်တာကြောင့် သူခိုးလေးက မကောင်းတဲ့နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
နောက်တစ်ခဏမှာပဲ မြင်းမျက်နှာက လှည့်ပြီးပြေးလာပြီး နွားခေါင်းကလည်း အော်ဟစ်၏။
“ဖယ်ပေးကြစမ်း မိုင်ရှစ်ရာအရေးကြီးကိစ္စ”
“သေစမ်း… ငါက နံရံကိုမှီနေပြီလေ။ ဘယ်လိုဖယ်ပေးရမှာလဲ” သူခိုးလေးတစ်ယောက် ငိုချင်စိတ်ပေါက်သွားသည်။
ဘုန်း…
နောက်ထပ်အသံတစ်ချက်ထွက်လာပြီး သူခိုးလေးက နောက်ခြံထဲကို လွင့်ထွက်သွားချိန် နွားခေါင်းက အော်ပြန်သည်။
“မိုင်ရှစ်ရာအရေးကြီးကိစ္စ”
မြင်းမျက်နှာက နောက်ခြံထဲကို လိုက်ဝင်သွားပြီး ကြောက်မက်ဖွယ်အော်သံတွေ ထွက်ပေါ်လာတော့သည်။
နာရီဝက်လောက်ကြာတော့ အရိပ်တစ်ခုက နံရံပေါ်ကို အားယူပြီးတက်လာ၏။ ခြံအပြင်ဘက်က ရှုခင်းကိုကြည့်ပြီး သူ သက်ပြင်းချလိုက်သည်။
ဒါပေမဲ့…
“မိုင်ရှစ်ရာအရေးကြီးကိစ္စ”
“သေစမ်း… ထပ်လာပြန်ပြီလား။ အား…”
သူခိုးလေးက ပိုလိုဘောလုံးလိုပဲ နောက်ခြံကနေ ရှေ့ခြံကိုပြန်အရိုက်ခံလိုက်ရပြီး ပိုက်ဝူချန်ရဲ့ကိုယ်ပေါ်ကို တည့်တည့်တိုက်မိသွား၏။ ပိုက်ဝူချန်က မူးမူးနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ မျက်စိရှေ့က မကုန်သေးတဲ့ အရက်တစ်ဝက်ကိုတွေ့လိုက်တာမို့ သူက ပါးစပ်ကို ပြွတ်… ပြွတ်…နဲ့လုပ်ပြီးပြောလေ၏။
“ရေဆာလိုက်တာ” ပြောပြီး မော့ချလိုက်တော့ အရက်တစ်ဝက်က ကုန်သွားရော။
ပိုက်ဝူချန်ရဲ့လျှာက ပါးစပ်ထဲမှာလိပ်နေပြီး ပါးစောင်ကဖောင်းနေတာက နည်းနည်းထူးဆန်းပေမယ့် ယေဘုယျအားဖြင့်တော့ လူတစ်ယောက်ပုံစံပဲ။ သူခိုးလေးက ပိုက်ဝူချန်နိုးလာပြီး လူစကားပြောတာကိုမြင်တော့ စိတ်လှုပ်ရှားစွာနဲ့အော်လိုက်သည်။
“အစ်ကိုကြီး… ကယ်ပါဦး။ ဒီမှာ သရဲခြောက်နေတယ်”
ပိုက်ဝူချန်က ဒီစကားကြားတော့ နောက်လှည့်ကြည့်ပြီး ပါးစပ်ကိုဟလိုက်တာနဲ့ လျှာတစ်လိပ်က အောက်ကိုတွဲကျသွား၏။ ပိုက်ဝူချန်ရဲ့ အဖြူရောင်ဝတ်စုံ၊ ခေါင်းပေါ်က တစ်ချက်မြင်ရုံနဲ့ စီးပွားတက်ဆိုတဲ့ဦးထုပ်ဖြူကြီး၊ ပြီးတော့ အရက်နံ့သင်းပြီး အငွေ့တထောင်းထောင်းထနေတဲ့ လျှာရှည်ကြီးကိုကြည့်ပြီး သူခိုးလေးရဲ့မျက်ရည်တွေက ချက်ချင်းကျလာ၏။
“ပိုက်အစ်ကိုကြီး… ခင်ဗျား… ခင်ဗျား ပြန်အိပ်နေပါလား”
“သရဲ… သရဲ…” သူခိုးလေးက အော်ဟစ်လိုက်ပေမဲ့ နောက်တစ်ခဏမှာပဲ အော်သံက ညည်းသံဖြစ်သွား၏။ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဝူချန်က သူခိုးလေးကို မြေကြီးပေါ်နင်းချပြီး လက်သီးကိုဆုပ်ကာ သူ့မျက်လုံးကို တစ်ဝကြီးထိုးတော့တာပဲ။
“မင်းပြောမှာလား။ မင်းပြောမှာလား။ မင်းပြောမှာလား”
သူခိုးလေးက မြေကြီးပေါ်မှာလှဲပြီး အော်ဟစ်နေတော့သည်။ “အစ်ကိုကြီး… ခင်ဗျား ဘာမေးမှန်းသိမှ ဖြေလို့ရမှာပေါ့။ အား… ဖြည်းဖြည်း…”
သူခိုးလေးက အားတင်းပြီး ကယ်တင်ရှင်ရှာဖို့ ကြိုးစားရင်း လက်နဲ့လျှောက်စမ်းလိုက်တော့ ခြေထောက်တစ်ဖက်ကိုမိသွားပြီး အားနဲ့ဆွဲလိုက်သည်။
“ဘယ်သူ ငါ့ခြေထောက်ကိုဆွဲတာလဲ” ဟိတ်ဝူချန် ခေါင်းမော့ပြီး ဘေးကိုကြည့်လိုက်ချိန် သူခိုးလေးက ဟိတ်ဝူချန်ရဲ့ အစိမ်းရောင်မျက်နှာနဲ့စွယ်တွေက အရက်သောက်ပြီးနောက် နီရဲနေတာကိုမြင်တော့ နီရဲနေတဲ့မျက်နှာနဲ့ သွားစွယ်တွေလိုပဲ။ တော်တော်ကြောက်စရာကောင်းပြီး ကြောက်လွန်းလို့ မျက်လုံးတွေတောင်ပြူးထွက်တော့မလိုဖြစ်သွားသည်။
သူခိုးလေးရဲ့ပုံစံကိုမြင်တော့ ဟိတ်ဝူချန်လည်း လန့်သွားပြီး နှစ်ယောက်သား တစ်ပြိုင်နက်တည်းအော်လိုက်ကြ၏။
“သရဲ… သရဲ…”
ဒါပေမဲ့ သူခိုးလေးက ကြောက်လို့အော်တာ၊ ဟိတ်ဝူချန်ကတော့ ပျော်လို့အော်တာ။ အလုပ်မလုပ်ရတာကြာပြီဆိုတော့ သရဲမြင်တော့ အလုပ်ရောဂါထလာတာပေါ့။ ပြီးတော့…
ဘုန်း…
ဟိတ်ဝူချန်က ခြေထောက်နဲ့ တစ်ချက်ကန်လိုက်တော့ သူခိုးလေးခမျာ တံခါးဘေးကို လွင့်ထွက်သွားပြီး တံခါးကြားက အပေါက်ကိုမြင်တော့ အသက်ပြန်ရှင်လာသလိုပဲ။ သူဘယ်ကနေအားတွေရလာမှန်းမသိဘူး၊ တိုးထွက်ပြီး ထွက်ပြေးတော့တာပဲ။
လမ်းမပေါ်မှာ အရိပ်တစ်ခုက အော်ဟစ်နေလေရဲ့။
“ဟိတ်ဝူချန်၊ ပိုက်ဝူချန်၊ နွားခေါင်း၊ မြင်းမျက်နှာ… ငါ့ကိုမရှာကြပါနဲ့။ ငါမသေချင်သေးဘူး… ငါအငယ်သေးတယ်… ငါနောက်ဆိုရင် သူခိုးမလုပ်တော့ပါဘူး”
ဒီကောင်က တစ်လမ်းလုံးပြေးရင်း နှာရည်တွေ မျက်ရည်တွေနဲ့။ ရှေ့ကအခြေအနေကိုလည်း သေချာမကြည့်မိဘဲ ကားတစ်စီးထဲကို တည့်တည့်ဝင်တိုးသွား၏။
သူခေါင်းမော့လိုက်တဲ့အချိန်မှာ မျက်စိရှေ့မှာ လက်ထိပ်တစ်စုံနဲ့ ဖော်ရွေတဲ့အပြုံးတစ်ခု ရောက်နေလေ၏။
“မင်း ခုနက ဘာပြောလိုက်တာလဲ”
“ကျွန်… ကျွန်တော်… ရဲ… အစ်ကိုကြီးရဲ… ကျွန်တော် အိမ်ပြန်ချင်တယ်… အဟင့်… ဟင့်…”
“@#$@#...”
ယွီဟွေးဖေးတစ်ယောက် ခုနကဖြစ်သွားတာတွေကို ဘာမှမသိဘူး။ သူက တစ်ညလုံးအိပ်ပျော်နေတာ။
မျက်လုံးဖွင့်လိုက်တော့ ယွီဟွေးဖေးက အေးစက်နေတဲ့မြေကြီးကိုကြည့်ပြီး သူအိပ်မက်မက်နေသလို ခံစားလိုက်ရသည်။ မနေ့ကကြုံခဲ့ရတာတွေအားလုံးက အိပ်မက်လို့ သံသယဝင်နေမိ၏။
“အိပ်မက်ပဲဖြစ်ရမယ်။ ဘယ်သူ့မှာ နွားခေါင်း၊ မြင်းမျက်နှာရှိမှာလဲ။ ဘယ်မှာ ဟိတ်ဝူချန်၊ ပိုက်ဝူချန်ရှိမှာလဲ”
ယွီဟွေးဖေးက ခေါင်းကိုခါပြီးရေရွတ်နေတုန်း ဆီးအိမ်က တင်းကျပ်လာပြီး ပေါက်ထွက်တော့မလိုဖြစ်လာတော့မှ မခံနိုင်တော့ဘဲ ထပြီးအိမ်သာကိုပြေးတော့သည်။ ဒါပေမဲ့ နေရာမရောက်ခင်မှာပဲ အိမ်သာဘက်ကနေ “ဂျိန်း” ဆိုတဲ့အသံကျယ်ကြီးကြားလိုက်ရပြီးတော့ တစ်ယောက်ယောက်က ဆဲဆိုနေသံကိုကြားလိုက်ရသည်။
“သောက်ကျိုးနဲလောက်အောင် စုတ်ပြတ်သတ်နေတဲ့ပစ္စည်းပဲ”
ယွီဟွေးဖေးတစ်ယောက် စိတ်ထဲမှာတုန်သွား၏။ ဒီအသံက ဘယ်လောက်ရင်းနှီးလိုက်လဲ။ တကယ်ပဲ နွားခေါင်းရှိနေတာလား။
ယွီဟွေးဖေးက အမြန်ပြေးသွားပြီး တံခါးကိုဆွဲဖွင့်လိုက်တော့ နွားခေါင်းက ပျက်စီးနေတဲ့ ဘိုထိုင်အိမ်သာကို ဒေါသတကြီးဟိန်းဟောက်နေတာကို တွေ့လိုက်ရ၏။ ယွီဟွေးဖေးရောက်လာတာကိုမြင်တော့ နွားခေါင်းက ထိုင်ခုံအိမ်သာကိုလက်ညှိုးထိုးပြီးပြောလိုက်သည်။
“ယွီလေး… မင်းလာတာနဲ့အတော်ပဲ။ ဒါဘာပစ္စည်းလဲ။ ဘောင်က ဒီလောက်ကျဉ်းတာ။ ထိုင်လိုက်ရင် ခြေထောက်နာတာ ထားလိုက်တော့၊ တစ်ချက်နင်းလိုက်တာနဲ့ ပျက်သွားတယ်။ ဒါက ဘာကြီးလဲ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ နဖူးပေါ်မှာ ချွေးစေးတွေပြန်လာ၏။ သေစမ်း… ဒါက ဘိုထိုင်အိမ်သာကို ရိုးရိုးအိမ်သာလိုသုံးလိုက်တာပဲ။
နွားခေါင်းရဲ့ နှစ်မီတာမြင့်ပြီး ကြွက်သားတွေနဲ့ပြည့်နေတဲ့ ကိုယ်လုံးကြီးကိုကြည့်ပြီး ဒီကောင်က ကီလိုနှစ်ရာလောက်ရှိမယ်လို့ ခန့်မှန်းလိုက်သည်။
ဒီလောက်ကြီးတဲ့ကိုယ်လုံးကြီးနဲ့ အပေါ်မှာထိုင်လိုက်တော့ ယွီဟွေးဖေးတစ်ယောက် ခုနက ဘိုထိုင်အိမ်သာက ဘယ်လိုနှိပ်စက်မှုကိုခံခဲ့ရပြီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားလဲဆိုတာကိုတောင် မမြင်ယောင်နိုင်တော့ဘူး။
ဒါပေမဲ့ နွားခေါင်းရဲ့ ကြောင်တောင်တောင်နဲ့ အမှန်တရားကို လက်ကိုင်ထားပြီး ရိုးသားလွန်းတဲ့ နွားမျက်လုံးကြီးတွေကိုကြည့်ရင်း ဒီကိစ္စက နွားခေါင်းကိုအပြစ်တင်လို့မရဘူးဆိုတာ သူသိလိုက်၏။ သူက တကယ်ပဲ လူ့ပစ္စည်းတွေကို မသုံးတတ်လောက်ဘူး။
ဒါကြောင့်မို့ ယွီဟွေးဖေးက လက်ကိုဝှေ့ယမ်းပြီးပြောလိုက်သည်။
“အစ်ကိုကြီးနွား… နောက်မှ… အား… ထားလိုက်တော့။ ခင်ဗျား အရင်ထွက်သွားလိုက်ပါ”
နွားခေါင်းက မကျေမနပ်နဲ့ပြောလိုက်၏။ “ငါ အပေါ့သွားချင်တယ်။ ဘယ်မှာသွားလို့ရသေးလဲ”
ယွီဟွေးဖေးက စဉ်းစားပြီး တံခါးမကြီးကိုလက်ညှိုးထိုးပြသည်။ “ခင်ဗျား ဒီကနေထွက်… ထားလိုက်တော့။ ခင်ဗျားမထွက်နဲ့တော့။ ခဏစောင့်… ကျုပ် ခင်ဗျားအတွက် နည်းလမ်းတစ်ခုစဉ်းစားပေးမယ်…”
နွားခေါင်းက စိတ်လောပြီး ပြောလိုက်၏။ “မင်းမြန်မြန်လုပ်။ မနေ့ညက ဗိုက်မကောင်းဘူး ဖြစ်သွားတယ်။ အဲ့ဒါ အရက်အတုလို့ငါထင်တယ်။ သေစမ်း… ဗိုက်ထဲမှာ လှိုင်းတွေထနေပြီ။ ထွက်ကျတော့မယ်ဟ”
“ပါးစပ်ပိတ်ထား။ ခင်ဗျားတစ်ယောက်တည်း ထွက်ကျတော့မှာလား” ယွီဟွေးဖေးလည်း အောင့်ထားရလို့မခံမရပ်နိုင်ဖြစ်နေပြီ။ လမ်းလျှောက်ရင်တောင် ခြေထောက်နှစ်ဖက်ကိုကပ်ပြီး တင်ပါးကိုကျုံ့ထားရ၏။
နွားခေါင်းက ယွီဟွေးဖေး နောက်ကလိုက်လာသည်။ သူလမ်းလျှောက်တာက ယွီဟွေးဖေးထက်တောင် ပိုခက်ခဲနေ၏။ ဘာပဲဖြစ်ဖြစ် ခုနက သူက အားယူပြီး ထိုင်ချတော့မလို့လုပ်နေတုန်း ဘိုထိုင်အိမ်သာကပျက်သွားတော့ လန့်ပြီးပြန်အောင့်ထားလိုက်ရတာ။ အခုတော့ တပ်မတော်ကြီးတစ်ခုလုံးက အရေးကြီးတဲ့နေရာမှာပိတ်မိနေပြီး ဘယ်အချိန်ပြိုကျမလဲမသိတော့ဘူး။
“မြန်မြန်… မြန်မြန်” နွားခေါင်းက မခံနိုင်တော့ဘဲအော်ဟစ်နေ၏။