ထိုင်ရင်းသေသွားတော့မယ့်ပုံစံပဲ
Vol. 2 Ch. 18
ယွီဟွေးဖေးကလည်း ဖြည်းဖြည်းမလျှောက်ဘူး။ အောက်ထပ်ဆင်းပြီး မီးဖိုချောင်ထဲက ပလတ်စတစ်အိတ်အကြီးကြီးတစ်လုံးကိုရှာပြီး နွားခေါင်းကိုပစ်ပေးလိုက်၏။
“လူမရှိတဲ့နေရာရှာပြီး အထဲမှာဖြေရှင်းလိုက်”
နွားခေါင်းက အနီရောင် ပလတ်စတစ်အိတ်ကိုကြည့်ပြီး ကြောင်တောင်တောင်နဲ့ ယွီဟွေးဖေးကိုကြည့်ကာမေးလိုက်သည်။
“ဒါ… ဒါရပါ့မလား။ ဒါကိုမြေကြီးပေါ်ချထားရင် လေတိုက်တာနဲ့ လွင့်သွားမှာပေါ့”
“မရရင် ခင်ဗျားဘောင်းဘီထဲမှာပဲသွားလိုက်” ယွီဟွေးဖေးက မညှာမတာပြောချ၏။
နွားခေါင်းက ပါးစပ်ကိုမဲ့ပြီး နောက်လှည့်ကာ မြေကြီးတစ်ဆုပ်ကိုတူးပြီး အိတ်ထဲထည့်ရင်း ချိန်ကြည့်ပြီးတော့ တွေးဆဆ ရေရွတ်လေ၏။
“ဒါဆိုရင်တော့ နည်းနည်းအသုံးဝင်လောက်တယ်။ အနည်းဆုံးတော့ လေတိုက်ရင် မလွင့်နိုင်တော့ဘူး”
ပြီးတော့ နွားခေါင်းက နောက်ခြံက အိမ်နောက်ဘက်ကိုလျှောက်သွား၏။ အိမ်နောက်ဘက်မှာ နေရာလွတ်လေးတစ်ခုရှိသည်။ ကြည့်ရတာ မူလက ပန်းခြံလေးတစ်ခုဖြစ်ပုံရ၏။ ဒါပေမဲ့ အခုတော့ မြက်ရိုင်းတွေပဲကျန်တော့သည်။ မြက်ပင်တွေက လူတစ်ရပ်လောက်မြင့်ပြီး မြက်တောထဲမှာ ချိန်းတွေ့ဖို့၊ နောက်ကနေရိုက်ဖို့အတွက် တော်တော်သင့်တော်မယ့်ပုံပဲ။ ဒါပေါ့… ဒီနေရာက သဘာဝတရားရဲ့ခေါ်သံကိုဖြေရှင်းဖို့လည်း သင့်တော်တယ်။
နွားခေါင်းသွားပြီးနောက်မှာ ယွီဟွေးဖေးလည်း မအောင့်နိုင်တော့ဘူး။ မူလကတော့ တစ်ယောက်ချင်းစီသွားပြီး ရှက်စရာမဖြစ်အောင်လုပ်မလို့။
ဒါပေမဲ့ တကယ်ပဲမအောင့်နိုင်တော့ဘူး။ နောက်ဆုံးတော့ ယွီဟွေးဖေးလည်း ပလတ်စတစ်အိတ်တစ်လုံးဆွဲပြီး လိုက်သွားတော့သည်။
ယွီဟွေးဖေးက အိတ်ဆွဲပြီးလာတာကိုမြင်တော့ နွားခေါင်းက ပါးစပ်ကိုအကျယ်ကြီးဖြဲပြီး ဘေးကိုလက်ညှိုးထိုးပြကာ ဟဲဟဲရယ်ပြီး ပြောလိုက်သည်။
“လာ… ဘေးချင်းယှဉ်ထိုင်ကြတာပေါ့”
ယွီဟွေးဖေးလည်း မရှက်တော့ဘဲ တန်းထိုင်ချတော့မယ်လုပ်တုန်း ရှေ့ကနေ တစ်ယောက်ယောက်ကအော်သံကြားလိုက်ရ၏။
“ယွီလေး… ယွီလေး… ယွီလေးဘယ်မှာလဲ။ အိမ်သာက ဘယ်လိုပျက်သွားတာလဲ။ ငါအပေါ့သွားချင်တယ်ဟ”
မြင်းမျက်နှာက အသံကျယ်ကြီးနဲ့အော်နေ၏။ ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ နဖူးပေါ်မှာ မျဉ်းမည်းတွေ ပြည့်သွားပြီး ဆဲလိုက်သည်။
“တစ်ယောက်ချင်းစီက နတ်သိကြားတွေမဟုတ်ဘူးလား။ ဘယ်လိုလုပ် အပေါ့သွားကြတာလဲ။ သောက်ကျိုးနည်း… အဖွဲ့လိုက်ကြီး အပေါ့သွားကြတာလား။”
တကယ်တော့ ဒီပြဿနာကို မျက်ပြူးကြီးက သူ့ကိုပြောဖူးတယ်။ ဘယ်လိုနတ်သိကြားပဲဖြစ်ဖြစ် အောက်ကိုဆင်းလာရင် လူ့ပြည်စည်းကမ်းကိုလိုက်နာရမယ်။ အစွမ်းအစပျောက်သွားတာက တစ်ခုပဲ။ နတ်ခန္ဓာဖြစ်ဖြစ် သရဲခန္ဓာဖြစ်ဖြစ် အကုန်လုံးက လူ့ခန္ဓာကိုယ်အဖြစ်ပြောင်းသွားမှာ။ ဒါပေမဲ့ ကြံ့ခိုင်မှုကတော့ မတူဘူးပေါ့။
ဘာမှမတတ်နိုင်တော့ဘဲ ယွီဟွေးဖေးက ဘောင်းဘီကိုပြန်ဆွဲတင်ပြီး အမြန်ထွက်သွားတယ်။ ပြေးရင်းနဲ့ တင်ပါးကိုကျုံ့ထားပြီးအော်လိုက်သည်။
“ခင်ဗျား အိမ်သာကနေ ထွက်လာခဲ့။ အိမ်သာပျက်နေတယ်။ ကျုပ် ခင်ဗျားအတွက် နေရာတစ်ခုရှာပေးမယ်”
မြင်းမျက်နှာက တကယ်ပဲ အိမ်သာထဲကနေ ရှည်လျားတဲ့ မျက်နှာကြီးထွက်လာသည်။ မျက်နှာက နည်းနည်းမကောင်းဘူး။ ဒီကောင်လည်း ပေါက်ထွက်တော့မယ်ထင်တယ်။
ယွီဟွေးဖေးက သူ့အိတ်ကိုပစ်ပေးပြီး အိမ်နောက်ဘက်ကိုလက်ညှိုးထိုးပြလိုက်သည်။ “သွား… အိမ်နောက်ဘက်မှာဖြေရှင်းလိုက်။ အသေးစိတ်ကို နွားခေါင်းကြီးကိုမေး”
မြင်းမျက်နှာက အောင့်ထားရလို့မခံနိုင်တော့ဘဲ ခေါင်းညိတ်ပြီး အိတ်ကိုဆွဲကာ ခြေကုန်သုတ် ပြေးသွားတော့သည်။ ယွီဟွေးဖေးက အမြန်မီးဖိုချောင်ကိုသွားပြီး အိတ်ထပ်ရှာ၏။ သူတကယ် မတောင့်နိုင်တော့ဘူး။
ဒီတစ်ခါ ယွီဟွေးဖေးက ဉာဏ်သုံးပြီး တစ်ခါတည်းနှစ်လုံးယူလိုက်တယ်။ ဒါတွေက အရင်က လူယာဈေးဝယ်ပြီးကျန်ခဲ့တဲ့အိတ်တွေ။ နည်းနည်းညစ်ပတ်ပေမယ့် အကုန်လုံးက အကောင်းအတိုင်းပဲ။
ဒါပေမဲ့ ထွက်လာတော့ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က အိမ်သာတံခါးဝမှာရပ်ပြီး တစ်ပြိုင်နက်တည်းအော်လိုက်ကြသည်။
“ယွီလေး… ဒီအိမ်သာက ဘာလို့ပျက်သွားတာလဲ”
ယွီဟွေးဖေးတစ်ယောက် ဘာမှမတတ်နိုင်တော့ဘဲ ပါးစပ်ကိုမဲ့ပြီး ပြောလိုက်၏။ “ခင်ဗျားတို့… ခင်ဗျားတို့ ဒီဘက်ကိုလာ”
သူတို့နှစ်ယောက်က အမြန်ပြေးလာကြရင်း ဟိတ်ဝူချန်က ပြောလိုက်သေး။
“ဗိုက်နာလိုက်တာကွာ။ ဘယ်မှာသွားလို့ရသေးလဲ”
“ငါလည်း အတူတူပဲ”
ယွီဟွေးဖေးလည်း ဘာမှမတတ်နိုင်တော့ဘဲ လက်ထဲက ပလတ်စတစ်အိတ်နှစ်လုံးကို ထပ်ပေးလိုက်ရသည်။
“နောက်ခြံ… နောက်ခြံမှာ နွားခေါင်း၊ မြင်းမျက်နှာကိုသွားရှာလိုက်။ သူတို့က ခင်ဗျားတို့ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြလိမ့်မယ်”
ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က ယွီဟွေးဖေးလက်ထဲကအိတ်ကိုကြည့်ပြီး နည်းနည်းရွံရှာနေပေမယ့် အိမ်သာပျက်နေတော့ သူတို့လည်း ဘယ်လိုလုပ်ရမလဲဆိုတာသိတယ်။ ဒါနဲ့ အိတ်ကိုယူပြီးထွက်သွားကြကော။
ယွီဟွေးဖေးက မီးဖိုချောင်ထဲပြန်ဝင်သွားတော့ သူစိတ်ပျက်သွားသည်။ အိမ်သာသုံးစက္ကူအိတ်မရှိတော့ဘူး။
“သေစမ်း” ယွီဟွေးဖေးက ဒေါသတကြီးနဲ့ဆံပင်ကိုကုတ်ပြီး စိတ်ပျက်စွာအော်လိုက်၏။
နောက်တစ်ခဏမှာ ကိုးထပ်ဆောင်တံခါးပွင့်လာပြီး အရိပ်တစ်ခုကပြေးထွက်လာ၏။ လက်တစ်ဖက်မှာ အိမ်သာသုံးစက္ကူကိုင်ထားပြီး ရှို့လင်လမ်းထဲက အများသုံးအိမ်သာကို အားကုန်ပြေးသွားတော့သည်။
ဒီနေရာက ခရီးသွားနေရာဆိုတော့ အများသုံးအိမ်သာတော့ရှိပေမဲ့ နည်းနည်းဝေးတယ်။
နွားခေါင်းတို့ကိုမသွားခိုင်းတာက သူတို့အိမ်သာမရှာတတ်မှာစိုးလို့တော့မဟုတ်ဘူး။ ဒီလောက်ကြီးတဲ့လူက စာလည်းတတ်တော့ မရှာတတ်စရာအကြောင်းမရှိဘူး။ အဓိကက သူတို့ပုံစံက တခြားသူတွေကိုလန့်သွားမှာစိုးလို့။ အဲ့ဒီအခါကျရင် ရဲတွေရောက်လာရင် ရှင်းပြရခက်မှာ။
ယွီဟွေးဖေးက အိမ်သာထဲပြေးဝင်ပြီး ထိုင်ချလိုက်တာနဲ့ အမြောက်ဆံတွေတန်းစီပြီးပစ်သလိုပဲ၊ ချက်ချင်း ငှက်မွှေးလေးလို ပေါ့ပါးလန်းဆန်းသွားတယ်။
သက်တောင့်သက်သာဖြစ်သွားတော့ ယွီဟွေးဖေးတစ်ယောက် ပတ်ဝန်းကျင်ကိုလေ့လာဖို့ အချိန်ရသွားပြီ။ သူ့ကိုအံ့ဩစေတာက ဒီအိမ်သာထဲမှာ အသစ်စက်စက် အမှိုက်ပုံးတစ်လုံးရှိနေတာပဲ။ ဒါပေမဲ့ ကြည့်ရတာ အမှိုက်ထည့်ဖို့မဟုတ်ဘူး။ သန့်ရှင်းရေးအဒေါ်အသစ်ဝယ်ထားတဲ့ အစိမ်းရောင်ရေပုံးနဲ့တူတယ်။
ဘယ်သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးကများ မေ့ကျန်ခဲ့တာလဲမသိဘူး…
ယွီဟွေးဖေးက လျှောက်တွေးနေတုန်း အပြင်ကနေ မိန်းကလေးအသံတစ်ခုကြားလိုက်ရ၏။
“ဟုတ်ပြီ… ရှောင်လီ… ငါသိပြီ။ ငါ့ကိုမစည်းရုံးနဲ့တော့။ ငါသူနဲ့ပြန်မတွဲတော့ဘူး…။ ဒါပဲ… မပြောနဲ့တော့။ ငါအိမ်သာတက်တော့မယ်”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ နဖူးပေါ်မှာ မျဉ်းမည်းတွေပြည့်သွားပြီး ဆဲချင်စိတ်ပေါက်သွားသည်။
“ဒါက ယောကျာ်းအိမ်သာ”
ဒါပေမဲ့ နောက်တစ်ခဏမှာ သူတစ်ကိုယ်လုံးပြိုလဲသွား၏။ ဘာလို့လဲဆိုတော့ သူ့ခေါင်းထဲမှာ မသဲမကွဲမြင်ကွင်းတစ်ခုပေါ်လာတာမို့ပဲ။
‘ငါ… ငါ…
ငါ… မိန်းမအိမ်သာထဲ မှားဝင်လာမိတာပဲဟ’
‘သောက်ကျိုးနည်း… တကယ်ပဲ အလျင်လိုလို့မရဘူး။ အလျင်လိုရင် အမှားလုပ်မိတာပဲ’ ယွီဟွေးဖေးက စိတ်ထဲကနေအော်ဟစ်နေမိ၏။ ဒါပေမဲ့ တံခါးမှားဝင်မိတာက ဝင်မိတာပဲ။ ဒါသာအတွေ့ခံလိုက်ရရင် သူက မြစ်ဝါမြစ်ထဲခုန်ချရင်တောင် ဆေးလို့ ပြောင်မှာမဟုတ်ဘူး။
ယွီဟွေးဖေးက ဒီမှာပဲ ငြိမ်ငြိမ်လေးထိုင်စောင့်နေပြီး လူမရှိမှထွက်သွားဖို့ပဲတတ်နိုင်တော့သည်။ ဒါပေမဲ့ ဘေးကကောင်မလေးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အထင်သေးမိသွားသည်။ ဒီကောင်မလေးက ဖုန်းချပြီးတာနဲ့ နောက်ဖုန်းတစ်ကောလ်ဝင်လာပြန်ကော။
“ငါတို့ပြတ်သွားပြီလေ။ နင်က ဘာလို့ငါ့ကိုခဏခဏနှောင့်ယှက်နေတာလဲ။ ငါပြောပြီးပြီလေ… ငါက တစ်ခုခု ဆုံးဖြတ်ပြီးရင် နောက်ပြန်မလှည့်တတ်ဘူး။ ကောင်းပြီ… ကောင်းပြီ… နင်ပြော… ငါနားထောင်နေတယ်…”
ဒီလိုနဲ့ မိနစ်နှစ်ဆယ်လောက် အသာလေးကုန်သွားကော။ နောက်ဆုံးတော့ သူကိုယ်တိုင်လည်း မထိုင်နိုင်တော့ဘူးထင်တယ်။
“တော်ပြီ… ငါအလုပ်ရှိသေးတယ်။ မပြောတော့ဘူး။ ချလိုက်ပြီ”
“ချလိုက်ပြီ” ဆိုတဲ့စကားလုံးကိုကြားတော့ ယွီဟွေးဖေးတစ်ယောက် ဝမ်းသာလွန်းလို့ ငိုချင်သွားသည်။
သူကျိန်ဆိုရဲတယ်။ သူအိမ်သာထဲမှာ နာရီဝက်လောက်နေဖူးပေမယ့် အဲ့ဒါက ဘိုထိုင်အိမ်သာနဲ့ wifi ရှိလို့။ ဒီလိုထိုင်ပုံမျိုးနဲ့တော့ သူတစ်သက်လုံး ဒီလောက်ကြာကြာမထိုင်ဖူးဘူး။ အခု ယွီဟွေးဖေးတစ်ယောက် ခြေထောက်နှစ်ဖက်လုံးထုံနေပြီ။ ဒါပေမဲ့ အသံမထွက်ရဲဘူး။ ဘောင်းဘီဆွဲတင်ပြီးလည်း မတ်တပ်မရပ်ရဲဘူး။
ဘာလို့လဲဆိုတော့ ဒီနေရာကတံခါးက အထူးဒီဇိုင်းဆွဲထားတာ။ လူမတ်တပ်ရပ်လိုက်ရင် တံခါးကမျက်နှာကိုမဖုံးနိုင်ဘူးလေ။ ဒါကြောင့် ယွီဟွေးဖေးက ထိုင်နေရုံပဲ တတ်နိုင်တော့တယ်။
အဲ့ဒီကောင်မလေးလည်း မောသွားပြီထင်ပါ့။ ဘောင်းဘီကိုဆွဲတင်ရင်း နာကျင်စွာနဲ့ အံကြိတ်ပြီးဆဲနေလေရဲ့။
“အား… စောစောကတည်းက ချခိုင်းတာကို မချဘူး။ ခြေထောက်တွေထုံပြီး ခြေဖနောင့်တွေလည်းနာနေပြီ…”
ယွီဟွေးဖေးကလည်း စိတ်ထဲကနေ ကျိန်ဆဲလိုက်တယ်။ ‘မင်းနာရင် စောစောကတည်းကဖုန်းမချဘူးလား။ ဘယ်လိုနိုင်ငံရေး အရေးကြီးကိစ္စမျိုးမို့ ထိုင်ပြီးဖုန်းပြောနေရအောင်’
မိန်းကလေးရဲ့ခြေသံက တဖြည်းဖြည်းဝေးသွားတာကိုကြားမှ ယွီဟွေးဖေးတစ်ယောက် သက်ပြင်းချလိုက်သည်။ သူထတော့မလို့လုပ်နေတုန်း အပြင်ကနေ လူထပ်ဝင်လာသံကြားလိုက်ရ၏။ အဲ့ဒီတစ်ခဏမှာ ယွီဟွေးဖေးရဲ့မျက်ရည်တွေကျလာပြီ။ သူကျိန်ဆိုရဲတယ်။ သူတစ်သက်လုံး မိန်းမအိမ်သာထဲမဝင်ချင်တော့ပါဘူးလို့။
“အား… ဒါဘာစားမိလို့လဲ။ ခုနကမှသွားပြီးတာကို ဗိုက်ကထပ်နာလာပြန်ပြီ။ ဒီဘဝကတော့ နေလို့မဖြစ်တော့ဘူး”
အသံကိုကြားတော့ အဲ့ဒီမိန်းကလေး ပြန်လာတာပဲဆိုတာ တန်းသိလိုက်၏။