← Chapters

ရေပုံးရဲ့ ခန့်ညားထည်ဝါမှု

Vol. 2 Ch. 19

ရေပုံးရဲ့ ခန့်ညားထည်ဝါမှု

Vol. 2 Ch. 19

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ တကယ်ပဲငိုချင်သွားပြီ။ သေစမ်း… ဒီမိန်းမက ကောင်းကင်ဘုံက သူ့ကိုနှိပ်စက်ဖို့လွှတ်လိုက်တာလား။

ယွီဟွေးဖေးက စိတ်ထဲကနေပွစိပွစိပြောရင်း တိတ်တိတ်လေးဆုတောင်းနေ၏။

‘ဖုန်းမဆက်ပါစေနဲ့… ဖုန်းမဆက်ပါစေနဲ့’

ဒါပေမယ့်လည်း…

“ရှောင်လီ… ငါ နင့်ကိုပြောမယ်။ ခုနက အဲ့ဒီဝက်ခြေထောက်ကောင်က ငါ့ကိုထပ်ဖုန်းဆက်ပြီး အမျိုးမျိုးတောင်းပန်နေတာ။ ငါသူ့ကိုခွင့်လွှတ်သင့်လား၊ မလွှတ်သင့်ဘူးလား”

ဒီအသံကိုကြားတော့ ယွီဟွေးဖေးတစ်ယောက် သေချင်စိတ်ပေါက်သွားသည်။ သူသာ သူ့ရဲ့ဂုဏ်သိက္ခာကိုထောက်ထားမနေရင် အဲ့ဒီကောင်မလေးရဲ့ဖုန်းကိုပြေးယူပြီး ရိုက်ခွဲပစ်ချင်နေပြီ။

“ငါဘယ်သူလဲ ဟုတ်လား။ ငါက လျိုရှင်းလေ။ နင်မေ့သွားပြီလား။ အား… တောင်းပန်ပါတယ်… ဖုန်းမှားဆက်မိလို့”

ဒီစကားကိုကြားတော့ ယွီဟွေးဖေးတစ်ယောက် အခြေခံအားဖြင့် သေချာသွားပြီ။ ဒါက ဦးနှောက်လမ်းကြောင်းထူးဆန်းပြီး အာရုံကြောထူထဲပြီးတော့ တော်တော်ကြာကြာထိုင်နိုင်တဲ့ အရူးမလေးတစ်ယောက်ပဲ။

ချက်ချင်းဘဲ လျိုရှင်းက ဖုန်းထပ်ခေါ်ပြန်ရာ ယွီဟွေးဖေးကတော့ စိတ်ထဲကနေ တိတ်တိတ်လေးဆုတောင်းနေရပြန်၏။

‘ဖုန်းမကိုင်ပါစေနဲ့… ဖုန်းမကိုင်ပါစေနဲ့… ဖုန်းမကိုင်ပါစေနဲ့…’

ကောင်းကင်ဘုံက ယွီဟွေးဖေးရဲ့ဆုတောင်းကိုကြားသွားလို့လားမသိ၊ တကယ်ပဲဖုန်းမကိုင်ဘူး။

“ဖုန်းတောင်မကိုင်ဘူး။ နင်အိမ်သာတက်ရင် စက္ကူမပါပါစေနဲ့လို့ ကျိန်လိုက်မယ်… အား… ငါ့စက္ကူရော… ငါ… ငါ့စက္ကူကုန်သွားပြီလား” လျိုရှင်းက ညည်းညူလိုက်သည်။

ဒီစကားကြားတော့… ယွီဟွေးဖေးတစ်ယောက် သည်းမခံနိုင်တော့ဘဲ ဖွီးခနဲ ရယ်ထွက်သွား၏။

ဘေးကနေအသံကြားတော့ လျိုရှင်းက စိတ်လှုပ်ရှားသွားပြီး သစ်သားနံရံကို ခေါက်ကာပြောလိုက်သည်။

“အစ်မ… မရယ်ပါနဲ့။ အဲ့ဒါ… စက္ကူရှိလား။ ကူညီပါဦး… ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး”

ယွီဟွေးဖေးက ဘယ်မှာစကားပြောရဲမှာလဲ။ ဒါပေမဲ့ သူလည်း တစ်ဖက်လူကိုမြန်မြန်ထွက်သွားစေချင်နေပြီ။ ဒါနဲ့ ယွီဟွေးဖေးက သူ့စက္ကူကနေ တစ်ပိုင်းဖဲ့ပြီး အောက်အပေါက်ကနေ ထိုးပေးလိုက်သည်။

တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက တစ်ဖက်လူရဲ့လက်ကိုမြင်လိုက်ရသည်။ လက်ကရှည်ပြီး သွယ်လျကာဖြူဖွေးနေ၏။ ကြည့်ရတာ တကယ်ပဲ အသက်ငယ်ငယ် ကောင်မလေးတစ်ယောက်ပဲ။

ဒါပေမဲ့ လှပတဲ့ကောင်မလေးတစ်ယောက်က ဘေးမှာအပေါ့သွားနေတယ်လို့ စဉ်းစားမိတော့ ယွီဟွေးဖေးတစ်ယောက် ဘာစိတ်ဝင်စားမှုမှ မရှိတော့ဘူး။

ကိုယ့်ခြေထောက်တွေက ဒီကောင်မလေးကြောင့် ထိုင်ရင်းပြတ်တော့မယ်လို့ စဉ်းစားမိတော့ သူပိုပြီးစိတ်မဝင်စားတော့ဘူး။ သူအခု အဲ့ဒီကောင်မလေးကိုမြန်မြန်ထွက်သွားစေချင်နေပြီ။

“ကျေးဇူးတင်ပါတယ်အစ်မ။ အစ်မနာမည်ဘယ်လိုခေါ်လဲ” ကောင်မလေးက စက္ကူကိုယူပြီး ပျော်ရွှင်စွာနဲ့ကျေးဇူးတင်စကားပြောလိုက်သည်။

ဒီကောင်မလေးက စကားများတဲ့သူပဲနေမယ်။ ဖုန်းပြောစရာလူမရှိတော့ ယွီဟွေးဖေးကိုလာပြီးစကားစပြောနေပြီ။ ယွီဟွေးဖေးတစ်ယောက် တကယ်ပဲဒေါသထွက်လာပြီ။

ယွီဟွေးဖေးက အသံမထွက်ရဲတော့ သစ်သားနံရံကိုခေါက်ပြီး အဖြေပေးလိုက်၏။ ဒါပေမဲ့ အဲ့ဒီကောင်မလေးက ပိုပြီးစိတ်လှုပ်ရှားသွားသလိုပဲ။ စက္ကူယူပြီး ဘောင်းဘီဆွဲတင်ကာ ထွက်သွားမယ်လို့ပြောထားပေမယ့် လေအိုးနဲ့ စပ်စုစိတ်က တစ်ပြိုင်နက်တည်း ပွင့်ထွက်သွားပြီး စပ်စုပြီးမေးသည်။

“အစ်မ… အစ်မစကားမပြောနိုင်ဘူးလား။ အစ်မက ဆွံ့အနားမကြားသူလား။ ဟုတ်တယ်ဆိုရင် တစ်ချက်ခေါက်၊ မဟုတ်ဘူးဆိုရင် နှစ်ချက်ခေါက်…”

ယွီဟွေးဖေးတစ်ယောက် မျက်လုံးတွေက အိမ်သာထဲမှာ တုတ်လျှောက်ရှာနေပြီ။ တစ်ချက်ခေါက်၊ နှစ်ချက်ခေါက်တဲ့လား… ငါအခု လူကိုခေါက်ချင်နေပြီ။

“အစ်မ… ဘာလို့မခေါက်တာလဲ” လျိုရှင်းက ဆက်မေး၏။

ယွီဟွေးဖေးတစ်ယောက် ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတကယ်မခံနိုင်တော့ဘူး။ ဆက်ထိုင်နေရင် အိမ်သာခွက်ထဲပြုတ်ကျတော့မှာ။

ယွီဟွေးဖေးစဉ်းစားလိုက်သည်။ တစ်ဖက်လူက ဒီလောက်စကားများမှတော့ ခဏလေးနဲ့ထမှာမဟုတ်တာ ကျိန်းသေတယ်။ သူသာ လှုပ်ရှားမှုမြန်မြန်နဲ့ ထပြီးထွက်သွားရင် သူမမြင်လောက်ဘူး။

ဒါနဲ့ ယွီဟွေးဖေးက အံကြိတ်ပြီး ဖင်သုတ်ကာ တန်းထလိုက်ချိန် ဘေးကကောင်မလေးကလည်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လာတာကို တွေ့လိုက်ရတယ်။ ရပ်ရင်းနဲ့ အံကြိတ်နေမိတာက သူထိုင်တာကြာလို့ ခြေထောက်နာနေလို့ပဲ။

ထူးဆန်းတဲ့အကြည့်ကို ခံစားမိလို့လားမသိဘူး။ လျိုရှင်းက အလိုလိုခေါင်းမော့လိုက်၏။

အဲ့ဒီတစ်ခဏမှာ ယွီဟွေးဖေးတစ်ကိုယ်လုံးက ကြက်သီးမွေးညင်းတွေထောင်ထသွားသည်။ ဒါသာအမြင်ခံလိုက်ရရင် သူက မြစ်ဝါမြစ်ထဲခုန်ချရင်တောင် ဆေးကြောလို့ရမှာမဟုတ်ဘူး။ ထောင်တောင်ကျနိုင်တယ်။

ယွီဟွေးဖေးက ဉာဏ်သုံးပြီး သိုင်းကားထဲကလို ခြေတစ်ဖက်နဲ့ အဲ့ဒီသန့်ရှင်းနေတဲ့ရေပုံးကို ကန်ပြီးမြှောက်လိုက်ကာ လက်နဲ့ဖမ်းရင်း လျှပ်စီးလက်သလိုအရှိန်နဲ့ “ဂျိန်း” ဆိုပြီး ကောင်မလေးရဲ့ခေါင်းပေါ်ကိုစွပ်ချလိုက်၏။

“အား” ဆိုတဲ့အော်သံနဲ့အတူ အရိပ်တစ်ခုက မိန်းမအိမ်သာထဲကပြေးထွက်သွားပြီး တစ်ခဏအတွင်းမှာပဲ ပျောက်ကွယ်သွားပါလေကော။

မကြာခင်မှာပဲ မနက်ခင်းရဲ့ လင်လင်လမ်းပေါ်မှာ လှလှပပ ကောင်မလေးတစ်ယောက်က လမ်းလျှောက်ရင်းဖုန်းပြောကာ ညည်းညူနေလေရဲ့။

“ရှောင်လီ… ငါ နင့်ကိုပြောမယ်။ ငါဒီနေ့ လူယုတ်မာ၊ ကာမဘီလူးနဲ့တွေ့ခဲ့တယ်။ သူက မိန်းမအိမ်သာထဲဝင်လာပြီး ငါ့ဘေးမှာပဲထိုင်နေတာ… သူအောက်ကနေငါ့ကိုခိုးရိုက်နေမှာလားမသိဘူး။ ငါအင်တာနက်ပေါ်ရောက်သွားမလားပဲ”

“ဖမ်းရမယ်လား…”

“ငါအဲ့ဒီတုန်းက ကြောက်ပြီး ကြောင်နေတာလေ။ လူဖမ်းဖို့နေနေသာသာ သူဘယ်လိုပုံစံလဲတောင် ငါသိတာမဟုတ်ဘူး”

“ပြီးတော့ အဲ့ဒီလူယုတ်မာက အမှိုက်ပုံးနဲ့ ငါ့ခေါင်းကိုစွပ်ချလိုက်တာ။ ငါသူ့မျက်နှာကိုမမြင်လိုက်ဘူး…”

“အား… ဒေါသထွက်လိုက်တာ”

“ဒါပေမဲ့ သူ့နောက်ကျောပုံစံကိုမြင်လိုက်တယ်။ အဓိကက သူ့ခြေထောက်က သိပ်မကောင်းဘူးထင်တယ်။ ပြေးရင်း ထော့နဲ့ထော့နဲ့ ခဏခဏလဲကျတော့မလိုဖြစ်နေတာ”

“တခြားသူတွေက မသန်ပေမယ့် စွမ်းကြတယ်။ ဒီကောင်က ကိုယ်ခန္ဓာမသန်စွမ်းတာထားလိုက်တော့၊ စိတ်ပါမကျန်းမာဘူးလား။ မသန်စွမ်းတာနဲ့တန်တယ်”

“ဟုတ်သားပဲ”

“ငါက အပြေးမြန်တယ်။ လိုက်ဖမ်းလို့ရတာပဲ။ ဘယ်လိုလုပ်မေ့သွားတာလဲ”

“ဟီး… ဟီး… ဟီး…”

ကောင်မလေးလျိုရှင်းက ညည်းညူရင်းလျှောက်သွားချိန် ဘေးကလမ်းကြားလေးထဲမှာ ယွီဟွေးဖေးက နံရံကိုမှီပြီး ခြေထောက်ကိုအရူးအမူးထုနေတာကို သူမ လုံးဝသတိမထားမိဘူး…

ကောင်မလေးရဲ့စကားကိုကြားတော့ ယွီဟွေးဖေးတစ်ယောက် ခါးခါးသီးသီးပြုံးလိုက်၏။ သူဆဲချင်စိတ်ပေါက်သွားသည်။

ဘယ်သူကလူယုတ်မာလဲ။

ဘယ်သူကမသန်စွမ်းလဲ။

ဘယ်သူကစိတ်မကျန်းမာလဲ။

*@#$&-

ကိုးထပ်ဆောင်ထဲဝင်သွားတော့ ယွီဟွေးဖေးက မြေကြီးပေါ်မှာကျနေတဲ့ပိုက်ဆံအိတ်တစ်လုံးကိုတွေ့လိုက်ရသည်။

ကောက်ကြည့်လိုက်တော့… သေစမ်း… ဒါက သူအရင်ကပျောက်သွားတဲ့ပိုက်ဆံအိတ်ပဲ။

ယွီဟွေးဖေးက ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံမရှိတော့ပေမယ့် မှတ်ပုံတင်တွေကရှိနေသေးတာမြင်တော့ ချက်ချင်းပျော်သွား၏။

“အခုခေတ်သူခိုးတွေက ဒီလောက်သဘောကောင်းနေပြီလား။ ပိုက်ဆံခိုးပြီးတော့ အိတ်နဲ့မှတ်ပုံတင်တွေပြန်ပို့ပေးတယ်ဟ”

ယွီဟွေးဖေးက များများမစဉ်းစားဘဲ နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့က ထိုင်ခုံပေါ်မှာထိုင်ပြီး မျက်ပြူးကြီး နတ်သတ်ဓားပျံကို စိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။

ယွီဟွေးဖေးဝင်လာတာနဲ့ ဒီကောင်တွေက တစ်ပြိုင်နက်တည်း သူ့ကိုကြည့်လိုက်ကြတာမို့ ယွီဟွေးဖေးက ပြောလိုက်သည်။

“ခင်ဗျားတို့… ဘာလုပ်နေကြတာလဲ”

နွားခေါင်းက ပါးစပ်ကိုအကျယ်ကြီးဖြဲပြီးပြောလိုက်၏။

“ယွီလေး… ငါတို့ဗိုက်ဆာပြီ။ စားစရာရှိလား။ ခုနကငါမီးဖိုချောင်တစ်ခုလုံးကိုရှာကြည့်တာ ဘာမှမရှိတော့ဘူး”

ပိုက်ဆံပြဿနာကိုပြောတော့ ယွီဟွေးဖေးတစ်ယောက် ခေါင်းနှစ်လုံးလောက်ကိုက်လာ၏။

သူတကယ်ပဲ ပိုက်ဆံမရှိတော့ဘူး…

ယွီဟွေးဖေးက လူတွေကြားထဲဝင်ထိုင်ပြီး ချောင်းတစ်ချက်ဟန့်ကာပြောလိုက်သည်။

“ခင်ဗျားတို့…အင်း… ကျုပ်ထင်တာတော့… ဒီစုတ်ပြတ်နေတဲ့နေရာရဲ့အခြေအနေကို ပြောပြဖို့အချိန်ရောက်ပြီ”

“ဒီမှာအရင်က ပိုက်ဆံနည်းနည်းရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ လူယာဆိုတဲ့ အဘိုးကြီးစုတ်က ဖြုန်းတီးလို့ရတာမှန်သမျှကို ဖြုန်းတီးသွားပြီ။ ဒါကြောင့်…

ယေဘုယျအားဖြင့်တော့ ဒီစုတ်ပြတ်နေတဲ့နေရာက ဘာမှမရှိတော့ဘူး”

“ကျုပ်မှာ ပိုက်ဆံနည်းနည်းရှိပေမယ့် တွက်ကြည့်ပြီးပြီ။ ကျုပ်တို့လို ပါးစပ်အကြီးကြီးတွေနဲ့ဆိုရင် အစားအသောက်ကို ကန့်သတ်ရင်တောင် အများဆုံးသုံးရက်ပဲခံမှာ။ သုံးရက်နောက်ပိုင်းမှာ ဝင်ငွေမရှိရင် အားလုံးဒုက္ခရောက်ပြီ”

ဒီစကားကြားတော့ နွားခေါင်း၊ မြင်းမျက်နှာနဲ့ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့က နည်းနည်းမယုံဘူး။ ပြုံးစိစိနဲ့ ယွီဟွေးဖေးကိုကြည့်ပြီး ပြောလိုက်ကြသည်။

“ယွီလေး… ဒီအချိန်မှာ နောက်မနေနဲ့တော့။ မင်းက ကောင်းကင်ဘုံကအရာရှိလေ။ ပိုက်ဆံမရှိဘူးလား”

ယွီဟွေးဖေးက ပိုက်ဆံအိတ်ကိုတန်းထုတ်ပြီး အထဲကနေ အနီရောင်ပိုက်ဆံနှစ်ရွက်ကိုထုတ်ပြီး စားပွဲပေါ်ဖြန်းခနဲ ရိုက်တင်လိုက်သည်။

“ဒါက ပိုင်ဆိုင်မှုအားလုံးပဲ”

နွားခေါင်း၊ မြင်းမျက်နှာတို့က အနီရောင်ပိုက်ဆံကိုကြည့်ပြီး နောက်ကသုညနှစ်လုံးကို လက်ညှိုးထိုးပြကာ ရွံရှာတဲ့မျက်နှာနဲ့ကြည့်နေကြ၏။

All Chapters