← Chapters

ခေါင်းမာတဲ့ မျိုးစေ့

Vol. 2 Ch. 20

ခေါင်းမာတဲ့ မျိုးစေ့

Vol. 2 Ch. 20

“နောက်က သုညတွေက နည်းလွန်းတာပေါ့။ နောက်မှ နွားအစ်ကိုကြီးက မင်းကို ယွမ်တစ်ရာသန်းတန်တစ်ရွက်လောက် ပေးမယ်”

ယွီဟွေးဖေးတစ်ယောက် အခုမှ သဘောပေါက်သွား၏။ ဒီကောင်တွေက အောက်ဘုံမှာ ငရဲပိုက်ဆံသုံးတာကိုး။ နှစ်ခုကိုယှဉ်ကြည့်လိုက်တော့ လူ့ပြည်ပိုက်ဆံရဲ့ သုညနှစ်လုံးက တကယ်ပဲ အထင်သေးခံရလောက်တယ်။ ဒါပေမဲ့ နွားခေါင်းကပေးရဲရင်တောင် ယွီဟွေးဖေးက မသုံးရဲဘူးလေ။

ဒါပေမဲ့ ယွီဟွေးဖေးလည်း နားလည်ပါတယ်။ နွားခေါင်းနဲ့မြင်းမျက်နှာက ငရဲပြည်ကလာတာဆိုတော့ လူ့လောကအကြောင်းကို ဘာမှမသိဘူး။ မဟုတ်ရင် သူတို့က မီးသီးက ညအခါလင်းတဲ့ပုလဲလုံးလားလို့ လိုက်မေးနေမှာမဟုတ်ဘူး။

“ခင်ဗျားတို့ ငရဲပြည်မှာ သရဲတွေအများကြီးနဲ့တွေ့ဖူးတာပဲ။ ဒီလောကအကြောင်းကို နည်းနည်းလေးမှမသိဘူးလား။ ကျုပ်ကြည့်ရတာ ခင်ဗျားတို့က ဘာမှမသိတဲ့လူဖြူတွေကျနေတာပဲ” ယွီဟွေးဖေးက စပ်စုပြီးမေးလိုက်သည်။

“ငါတို့က အဆင့်မြင့်အလုပ်သမားတွေလေ။ ပုံမှန်ဆိုရင် အဲ့ဒီသရဲငယ်လေးတွေကို ဘယ်သူကထိတွေ့မှာလဲ။ ပြီးတော့ သေတဲ့လူက ငရဲပြည်ထဲဝင်၊ ငရဲတံခါးကိုဖြတ်၊ မြစ်ဝါလမ်းကိုလျှောက်၊ နိုင်ဟယ်တံတားကိုကျော်၊ မုန့်ဖော်ဟင်းရည်သောက်ပြီးမှ ငါတို့လက်ထဲရောက်လာတာလေ။ အဲ့ဒီတော့ အဲ့ဒီသရဲတွေက ဘာမှမှတ်မိတော့မှာမဟုတ်ဘူး” မြင်းမျက်နှာက ခေါင်းခါပြီးပြောလိုက်၏။

“သူတို့က ငါတို့လို ဗဟုသုတမများဘူး” ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က ဂုဏ်နေတဲ့ မျက်နှာပေးနဲ့ ဝင်ပြောလိုက်ကြတာမို့ နွားခေါင်းနဲ့ မြင်းမျက်နှာက သူတို့ကို မျက်လုံးလှန်ပြလိုက်ကြသည်။

ယွီဟွေးဖေးတစ်ယောက် အဲ့ဒီအကြောင်း စကားမပြောနိုင်တော့ဘူး…

“တော်ပြီ… ခင်ဗျားတို့သိသိမသိသိ အရင်ဘေးဖယ်ထားလိုက်။ နောက်မှ ဘာမသိတာရှိလဲ သူတို့နှစ်ယောက်ကိုမေး။ သူတို့နှစ်ယောက်မသိတာကိုမှ ငါ့ကိုလာမေး” ယွီဟွေးဖေးက တကယ်ပဲ ဘယ်ကနေစသင်ပေးရမှန်းမသိတော့ဘူး။ ဒါနဲ့ တစ်ခုချင်းစီကို တစ်ခုချင်းစီဖြေရှင်းသွားဖို့ပဲ ဆုံးဖြတ်လိုက်သည်။

အဲ့ဒီစကားကြားတော့ မြင်းမျက်နှာက ချက်ချင်းလက်ထောင်ပြီးပြောလိုက်သည်။ “မေးခွန်းတစ်ခုမေးလို့ရမလား”

“ပြော…”

ယွီဟွေးဖေး ခွင့်ပြုလိုက်တော့ မြင်းမျက်နှာက မေူလေတော့သည်။ “မီးနဲ့လည်ပတ်တဲ့ ဓာတ်အားပေးစက်ရုံက ဘယ်လိုအလုပ်လုပ်တာလဲ”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ နဖူးပေါ်မှာ မျဉ်းမည်းတွေပြည့်သွား၏။ သေစမ်း… ဒီကောင်က ဒီကိစ္စကိုမမေ့သေးဘူးဟ။ ဒါက ဟိုတစ်ခါ ဟိတ်ဝူချန်ကိုမေးပြီး ဒေါသထွက်အောင်လုပ်လို့ သူ့ကိုထိုးတော့မလိုဖြစ်သွားတာကို မေ့သွားပြီလား။

“မင်းထွက်သွား” ယွီဟွေးဖေးက တန်းမောင်းထုတ်တော့တယ်။

ဆူဆူညံညံလုပ်ပြီးနောက်မှာ ယွီဟွေးဖေးက ဆက်ပြောလိုက်၏။ “ကဲ… အရေးကြီးတဲ့ကိစ္စပြောရအောင်။ ဒါက မျက်စိရှေ့က အရေးအကြီးဆုံးကိစ္စပဲ။ အဲ့ဒါက လူတိုင်းရဲ့စားဝတ်နေရေးပြဿနာကိုဖြေရှင်းဖို့ ပိုက်ဆံရှာဖို့ပဲ”

“ခင်ဗျားတို့မှာ ပိုက်ဆံရှာဖို့ အကြံကောင်းတွေရှိလား” ယွီဟွေးဖေးက မေး၏။

ထိုအခါ နွားခေါင်းနဲ့မြင်းမျက်နှာက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီးနောက် နွားခေါင်းက စားပွဲကိုရိုက်လိုက်သည်။ “ငါတို့ လမ်းဘေးမှာ ရင်ဘတ်ပေါ်ကျောက်တုံးတင်ထုခွဲတဲ့ပွဲ လုပ်လို့ရတယ်”

“ခင်ဗျားနဲ့ သူလား။ တစ်ယောက်ကနွားခေါင်း တစ်ယောက်ကမြင်းခေါင်းနဲ့။ လမ်းပေါ်တက်ပြီး ရင်ဘတ်ပေါ်ကျောက်တုံးတင်ထုခွဲမယ် ဟုတ်လား။ ခင်ဗျာတို့ထွက်သွားတာနဲ့ အဖမ်းခံရပြီး ဓာတ်ခွဲခန်းမှာ သုတေသနလုပ်ဖို့ အစိတ်ခံရမှာကို မယုံဘူးလား” အကြံက ကောင်းလွန်းလို့ ယွီဟွေးဖေးက သူ့ကိုမျက်လုံးလှန်ပြပြီး ဝေဖန်ပစ်ထည့်လိုက်၏။

“ငါ့မှာ ဘာအရည်အချင်းမှမရှိဘူး။ ဒါမှမဟုတ်… သူတို့ကို ဝိညာဉ်ဖမ်းတဲ့ပွဲပြရမလား” ဟိတ်ဝူချန်က အသံအုပ်အုပ်နဲ့ အကြံဝင်ပေးသည်။

ယွီဟွေးဖေးက သူ့ကိုတန်းမောင်းထုတ်လိုက်သည်။

ပိုက်ဝူချန်ကတော့ လျှာရှည်ကြီးကိုထုတ်ပြီး လှုပ်ခါကာပြောသည်။ “ဒါမှမဟုတ် စောင်းတီးရင်ရမလား”

“ထွက်သွားစမ်း”

ယွီဟွေးဖေးက တန်းမောင်းထုတ်တော့သည်။ ဒီကောင်တွေထဲမှာ တစ်ယောက်မှ သောက်သုံးမကျဘူး။

“ယွီလေး… မင်းအရင်က နွားခေါင်းကို တတိယထပ်မှာလယ်ထွန်ခိုင်းထားတာမဟုတ်လား။ ဒါမှမဟုတ်… မင်းတို့ လယ်စိုက်ပြီး ကိုယ့်ဖာသာကိုယ်စားကြပါလား။ အရင်က လူယာဆိုတဲ့ငမိုက်သားက အခက်အခဲဆုံးအချိန်မှာ ဒီလိုလုပ်ခဲ့ဖူးတယ်” ယွီဟွေးဖေးတစ်ယောက် စိတ်ညစ်နေတုန်းမှာပဲ နတ်သတ်ဓားပျံ မျက်ပြူးကြီးက ပြောလိုက်သည်။

ယွီဟွေးဖေးက ခေါင်းခါပြသည်။ “မမီတော့ဘူး။ အခုစားဖို့တောင် ပြဿနာဖြစ်နေပြီ။ ဘယ်မှာ သီးနှံတွေရင့်မှည့်တာကို စောင့်ဖို့အချိန်ရှိမှာလဲ”

“အဲ့လောက်တော့မဟုတ်ပါဘူး။ ငါကြည့်ပြီးပြီ။ တတိယထပ်မှာ နတ်စွမ်းအင်တွေတော်တော်များတယ်။ သာမန်အစားအစာဆိုရင် တစ်ရက်နှစ်ရက်နဲ့ ရင့်မှည့်သွားမှာ” လို့ နွားခေါင်းကပြောတော့ ယွီဟွေးဖေးတစ်ယောက် အံ့ဩသွား၏။

“တကယ်လား”

နွားခေါင်းကခေါင်းညိတ်လိုက်တော့ မြင်းမျက်နှာကဆက်ပြောသည်။ “အပင်တွေကြီးထွားတာက တကယ်တော့ နတ်စွမ်းအင်တွေကိုစုပ်ယူပြီး ကိုယ့်ဘာသာကိုယ် ကျင့်ကြံကြီးထွားတဲ့ဖြစ်စဉ်ပဲ။ နတ်စွမ်းအင်တွေလုံလောက်ရင် သူတို့အမြန်ကြီးထွားတာက မဖြစ်နိုင်တာမဟုတ်ဘူး”

ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်လည်း ခေါင်းညိတ်ပြီး နွားခေါင်းနဲ့မြင်းမျက်နှာပြောတာက အမှန်ဖြစ်ကြောင်း ထောက်ခံကြသည်။

ယွီဟွေးဖေးက ဘာမှမပြောဘဲ ထွက်သွားပြီး ဆလတ်ရွက်မျိုးစေ့ တစ်ထုပ်ဝယ်လာခဲ့၏။

ဘာပြောပြောအသုံးမဝင်ဘူး။ စမ်းသပ်ကြည့်လိုက်ရင် အကုန်ရှင်းသွားမှာပဲ။

တတိယထပ်ကိုတက်ပြီး ယွီဟွေးဖေးက နွားခေါင်းရဲ့သံခက်ရင်းခွနဲ့ မြေကြီးပေါ်မှာ အပေါက်တချို့တူးပြီး မျိုးစေ့တွေကိုကြဲချ၊ မြေကြီးပြန်ဖုံး၊ ရေလောင်းပြီး ကျန်တာကတော့ ငြိမ်ငြိမ်လေးစောင့်နေရုံပဲ။

ယွီဟွေးဖေးကမသွားဘူး။ နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့လည်းမသွားဘူး။ ဒီကောင်တွေက မြေကြီးပေါ်ကအပေါက်ငယ်လေးတွေကို ထိုင်ကြည့်နေကြတယ်။

အချိန်က တစ်စက္ကန့်ပြီးတစ်စက္ကန့် ကုန်လွန်သွားပေမယ့် မြေကြီးထဲက ဘာလှုပ်ရှားမှုမှမရှိဘူး။

“စိတ်မလောနဲ့… ခဏထပ်စောင့်” နွားခေါင်းက တိုးတိုးလေးပြောလိုက်သည်။ ယွီဟွေးဖေးလည်း ခေါင်းညိတ်မိ၏။ ယုတ္တိရှိရှိတွေးကြည့်ရင်လည်း ဒီလောက်မြန်မြန်ဖြစ်နိုင်မှာမဟုတ်ဘူး။

ဒါပေမဲ့ နာရီဝက်ကုန်သွားတော့ ယွီဟွေးဖေးက မြေကြီးပေါ်မှာထိုင်ပြီး ခြေထောက်ကိုထုနေပြီ။ ဒီနေ့ရဲ့ဒုတိယအကြိမ်မြောက်ထုခြင်းပဲ…

တစ်နာရီကုန်သွားတော့ ယွီဟွေးဖေးက တစ်နေရာလုံးပတ်လျှောက်နေပြီ။ ဒါပေမဲ့ မြေကြီးထဲက ဘာလှုပ်ရှားမှုမှမရှိသေးဘူး။

ယွီဟွေးဖေးက မျက်မှောင်ကြုတ်နေပြီ။ ဒါသိမဟုတ်တော့ဘူး။ နွားခေါင်းတို့ကြွားလုံးထုတ်ထားတဲ့အတိုင်းဆိုရင် အခုအချိန်မှာ ကြီးထွားပြီးရိတ်သိမ်းလို့မရရင်တောင် အနည်းဆုံးတော့ လှုပ်ရှားမှုတစ်ခုခုတော့ရှိသင့်တယ်လေ။ ဒါက ဘယ်လိုလုပ် ဘာလှုပ်ရှားမှုမှမရှိရတာလဲ။

နောက်ထပ်တစ်နာရီကုန်သွားတယ်…

ဒီတစ်ခါတော့ နွားခေါင်းတောင်မထိုင်နိုင်တော့ဘူး။ နဖူးပေါ်က ချွေးတွေကိုသုတ်ပြီး ပြောလိုက်၏။

“မဟုတ်သေးဘူး… ဒီလောက်ကြာနေပြီ။ အနည်းဆုံးတော့ အပင်ပေါက်သင့်ပြီ”

ယွီဟွေးဖေးက အံကြိတ်ပြီး နောက်ထပ်တစ်နာရီထပ်စောင့်လိုက်သည်။ အကုန်လုံးက ဗိုက်ဆာလွန်းလို့ ဗိုက်ထဲမှာအသံတွေ မြည်နေပြီ။ ဒါပေမဲ့ မျိုးစေ့က ဘာလှုပ်ရှားမှုမှမရှိဘူး။

ယွီဟွေးဖေးက မစောင့်နိုင်တော့ဘဲ လက်နဲ့တူးတော့သည်။

“ကြည့်ရသေးတာပေါ့။ ဒီမျိုးစေ့က မြေကြီးအောက်မှာ ဘာတွေလုပ်နေလဲဆိုတာ”

ဒါပေမဲ့ မြေကြီးကိုတူးပြီးနောက်မှာ ယွီဟွေးဖေး၊ နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့ အားလုံးကြောင်သွားကြသည်။ အဲ့ဒီမျိုးစေ့က ဘာမှမပြောင်းလဲဘဲ အကောင်းအတိုင်းပဲရှိနေတယ်လေ။

တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း နောက်ဆုံးတော့ နွားခေါင်းက ယွီဟွေးဖေးကိုစိုက်ကြည့်ပြီးပြောလိုက်သည်။

“ယွီလေး… မင်းဝယ်လာတာ မျိုးစေ့အတုတော့ မဟုတ်လောက်ပါဘူးနော်”

ယွီဟွေးဖေးက ခေါင်းခါပြီးပြောသည်။ “မဖြစ်နိုင်ဘူး။ အဲ့ဒါက တရားဝင်မျိုးစေ့ဆိုင်ကဝယ်လာတာ။ အတုရောင်းရင် တိုင်ခံရလောက်ပြီ”

“မျိုးစေ့ပြဿနာမဟုတ်ဘူး။ ဒီမြေကြီးလည်းပြဿနာမရှိဘူး။ ပြီးတော့ ဒီနေရာက နတ်စွမ်းအင်တွေကလည်း တကယ်ပဲလုံလောက်တယ်။ ဒါဆို ပြဿနာက ဘယ်မှာလဲ” မြင်းမျက်နှာက ရှည်လျားတဲ့ မျက်နှာကိုပွတ်သပ်ပြီး စဉ်းစားနေ၏။

ဒါပေမဲ့ အတော်ကြာစဉ်းစားပေမယ့် ဘာမှမစဉ်းစားတတ်ဘူး။ ယွီဟွေးဖေးက စိတ်ပျက်စွာနဲ့ မျိုးစေ့ကိုကိုင်ပြီး အောက်ထပ်ဆင်းသွား၏။ သူက ဆိုင်ရှင်ဆီသွားပြီး တခြားမျိုးစေ့တစ်ထုပ်ထပ်ဝယ်ပြီး စမ်းကြည့်ဖို့ဆုံးဖြတ်လိုက်ပြီ။

“ယွီလေး… မင်းဘယ်သွားမလို့လဲ” အသံတစ်ခုထွက်လာ၏။

ယွီဟွေးဖေးက ကြည့်လိုက်တော့ အပင်ပေါ်က အနီရောင်ပန်းကြီးက ထပ်ပွင့်နေပြီး မျက်ပြူးကြီး နတ်သတ်ဓားပျံက ဘူးသီးပေါ်မှာလှဲပြီး နေပူစာလှုံနေတယ်… ဒီကောင်က သက်တောင့်သက်သာဖြစ်နေတဲ့ပုံစံပဲ။

ယွီဟွေးဖေးတစ်ယောက် ဒီကောင့်ကိုနည်းနည်းအားကျသွား၏။ ဒီကောင်က အစားမစားဘဲနဲ့ ရှင်သန်နိုင်တော့ ပိုက်ဆံချွေတာရာရောက်တယ်လေ။

ယွီဟွေးဖေးက မျိုးစေ့အကြောင်းကို ပြောပြလိုက်တော့ ဒီကောင်က ချက်ချင်းရယ်တော့သည်။

“မင်းမျိုးစေ့သွားမဝယ်နဲ့တော့။ သွားလည်းအသုံးမဝင်ဘူး”

အဲ့ဒီစကားကြောင့် ယွီဟွေးဖေးက နားမလည်တော့ဘူး။ “ဘာလို့လဲ”

“ရှင်းရှင်းလေးပဲ။ တတိယထပ်ကနေရာက ဘယ်လိုပဲဖြစ်ဖြစ် နတ်ဘုံနေရာပဲ။ မင်းက သာမန်ပစ္စည်းတစ်ခုကိုယူသွားတော့ သဘာဝအတိုင်းစိုက်လို့မရဘူးပေါ့။ ရှင်းရှင်းပြောရရင် သာမန်အပင်တွေက မြေသြဇာများများထည့်ရင်တောင် ပူလောင်ပြီးသေသွားမှာပဲ။ နားလည်ပြီလား”

“ခင်ဗျားဆိုလိုတာက မြေသြဇာက အရမ်းများနေလို့လား”

မျက်ပြူးကြီးက ခေါင်းညိတ်ရင်း ရှင်းပြ၏။ “အဲ့လိုသဘောပေါ့။ ဒါပေမဲ့ မင်းအထဲကမြေကြီးကိုထုတ်ပြီး ရောစပ်ဖို့တော့မစဉ်းစားနဲ့။ ဘာလို့လဲဆိုတော့ အထဲကမြေကြီးကို အပြင်ထုတ်လို့မရဘူး”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ မျက်မှောင်ကြုတ်သွားသည်။ ဒါက သူ့ရဲ့ကိုယ့်အားကိုယ်ကိုးပြီး ရှင်သန်မယ့်လမ်းကို ဖြတ်ပစ်လိုက်တာပဲမဟုတ်လား။ သူလို ကိုးထပ်ဆောင်အဆောင်မှူး၊ လောကသုံးပါးအလုပ်ကြမ်းဌာနရဲ့ဌာနမှူးကြီးက ရာထူးတက်ပြီးမကြာခင်မှာပဲ ဂုဏ်သိက္ခာရှိရှိနဲ့ ငတ်သေတော့မှာလား။

အဲ့ဒီအချိန်မှာပဲ မျက်ပြူးကြီးက ဟဲဟဲရယ်ပြီးပြောလိုက်၏။

“ယွီလေး… တကယ်တော့… ဖြေရှင်းနည်း မရှိတာတော့မဟုတ်ဘူး”

All Chapters