ငရဲတမန်တွေနဲ့ လယ်စိုက်ခြင်း
Vol. 2 Ch. 21
ယွီဟွေးဖေးရဲ့မျက်လုံးတွေက တောက်ပသွား၏။ အခုမှသူသတိရတယ်။ မျက်ပြူးကြီး နတ်သတ်ဓားပျံက လူယာနဲ့အတူ ဒီမှာ ဘယ်လောက်ကြာကြာနေခဲ့လဲမသိဘူး။ ဒီလိုပြဿနာမျိုးကြုံဖူးမှာပဲ။ ဖြေရှင်းနည်းလည်းရှိမှာပဲ။ ဒါနဲ့ ယွီဟွေးဖေးက မေးလိုက်၏။
“ဘယ်လိုလုပ်ရမလဲ”
မျက်ပြူးကြီး ဟဲဟဲရယ်ပြီး ဖြေလေသည်။ “တကယ်တော့… ငါဒီမှာ အကျဉ်းကျခံနေရတာအပြင် စီးပွားရေးလေးလည်း လုပ်သေးတယ်”
ယွီဟွေးဖေးတစ်ယောက် ကြောင်သွားပြီး ဘာမှမတုံ့ပြန်ခင်မှာပဲ မျက်ပြူးကြီးရဲ့ အသံက ထွက်ပေါ်လာသည်။
“မင်းဘာဝယ်ချင်လဲ ငါ့ကိုပြော။ ငါ့ဆီမှာရှိတာကို ဈေးပေါပေါနဲ့ ရောင်းပေးမယ်”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ မျက်လုံးပြူးကြီးကို လည်ပင်းညှစ်ပြီး ပြောလိုက်၏။
“မင်းက ငါ့ဆီကဟာကိုသောက်၊ ငါ့ဆီကဟာကိုစား၊ ငါ့ဆီကဟာကိုမျိုပြီးတော့ ငါ့ဆီကနေပိုက်ဆံတောင်းနေသေးတယ်လား”
မျက်လုံးပြူးကြီးက မျက်လုံးကိုလှန်ပြီး အော်လေ၏။
“ငါက ကြားခံလူပဲ။ မင်းငါ့ကိုပိုက်ဆံပေးမှ ပစ္စည်းသွားဝယ်လို့ရမှာပေါ့”
ယွီဟွေးဖေးက အဲ့ဒီတော့မှလက်လွှတ်ပေးပြီး ဆေးလိပ်ကိုခဲကာ ငါးမူးပေးလိုက်သည်။
“ငါ့ကို ငါးမူးဖိုး ယွမ်တစ်ရာတန် ပိုက်ဆံဝယ်ပေး။ ထန်၊ စုန့်၊ ယွမ်၊ မင်၊ ချင်မင်းဆက်က ရှေးဟောင်းပစ္စည်းတွေလည်း ရတယ်။ တကယ်လို့မရရင် ငါးကျပ်ဖိုး နတ်သားရဲအသား နည်းနည်းလောက်ဝယ်ပေး…”
“ထွီး… တော်လိုက်တော့” မျက်ပြူးကြီးက ယွီဟွေးဖေးကို မျက်လုံးအကြီးကြီးနဲ့ လှန်ပြပြီး ယွီဟွေးဖေးလက်ထဲကမျိုးစေ့ကို တစ်ချက်ကြည့်သည်။
“မင်းလိုချင်တာတွေက ရနိုင်ကောင်းရနိုင်မယ်။ ဒါပေမဲ့ မင်းငါ့ကို ငါးမူးပဲပေးပြီးတော့ ဘာဝယ်မှာလဲ။ ပြောစမ်း… မင်းဆီမှာ အခုဘယ်လောက်ရှိလဲ”
ယွီဟွေးဖေးက ထုတ်ပြလိုက်တော့ စုစုပေါင်း ယွမ်နှစ်ရာပဲရှိ၏။ မျက်ပြူးကြီး ဒါကိုကြည့်ပြီးတော့ သက်ပြင်းချလိုက်သည်။
“ဒီပိုက်ဆံနဲ့တော့ တကယ်ပဲ ဘာမှလုပ်လို့မရဘူး။ ဒီလိုလုပ်… ငါနည်းနည်းအရှုံးခံလိုက်မယ်။ မင်းငါ့ကိုယွမ်နှစ်ရာပေး။ ငါ့ဆီမှာ မျိုးစေ့တစ်ထုပ်ရှိတယ်။ မင်းကိုရောင်းပေးမယ်။ မင်းမျက်လုံးမပြူးပြနဲ့…”
“ငါက မျက်ပြူးပြလို့လား။ အပြင်မှာ မျိုးစေ့ဝယ်ရင် တစ်ထုပ်ကို ရှစ်မူးပဲရှိတာ။ မင်းက ယွမ်နှစ်ရာတောင်းပြီးတော့ ငါ့ကိုမျက်လုံးမပြူးခိုင်းဘူးလား။ မင်းကိုမနိုင်လို့သာ… ငါမင်းကိုကိုက်ချင်နေပြီ” ယွီဟွေးဖေးက အံကြိတ်ပြီး အော်၏။
ယွီဟွေးဖေးရဲ့အသံကိုကြားတော့ နွားခေါင်း၊ မြင်းမျက်နှာတို့လည်း ဆင်းလာကြပြီး အကြောင်းရင်းကိုမေးပြီးနောက် ယွီဟွေးဖေးနဲ့အတူ မျက်လုံးပြူးကြီးကို အကျင့်ယုတ်တဲ့အတွက် ဝိုင်းပြီးအပြစ်တင်ကြတော့သည်။
မျက်လုံးပြူးကြီးကလည်း နောက်မဆုတ်ဘဲ ဟွန်းခနဲပြောလိုက်၏။ “မင်းတို့ဘာသိလို့လဲ။ ငါအမှန်အတိုင်းပြောမယ်။ ငါ့ရဲ့အခုအဆင့်အတန်းက အကျဉ်းသားပဲ။ ဒါပေမဲ့ လက်ထဲမှာပစ္စည်းမရှိတဲ့ ကြားခံလူတစ်ယောက်လည်းဖြစ်တယ်”
“အဲ့ဒီပစ္စည်းတွေရဲ့ဈေးကို ငါသတ်မှတ်တာမဟုတ်ဘူး။ ပစ္စည်းပေးတဲ့သူကသတ်မှတ်တာ။
မင်းငါ့ကိုပိုက်ဆံမပေးရင် ငါပစ္စည်းသွားယူလို့မရဘူး”
ယွီဟွေးဖေးက မေးစေ့ကိုပွတ်သပ်ရင်း ဆို၏။ “ဒါဆို သူ့ဆီမှာ ဘာတွေရှိလဲ”
ဒီမေးခွန်းကိုကြားတော့ မျက်ပြူးကြီးက ခေါင်းခါပြသည်။ “ပြောရခက်တယ်။ ဒါပေမဲ့ မင်းလည်း ပစ္စည်းကောင်းတွေရမယ်လို့တော့ မမျှော်လင့်နဲ့။ အခုငါတို့က ထောင်ကျနေတာ။ ထောင်ဆိုတာနားလည်လား”
“မင်းဘယ်ထောင်မှာ အသားငါးတွေအများကြီးရှိတာမြင်ဖူးလို့လဲ”
“ဒါကြောင့် အကုန်လုံးက စုတ်ပြတ်နေတဲ့ပစ္စည်းတွေပဲ… ဥပမာ မျိုးစေ့တွေ၊ ကြက်ပေါက်လေးတွေ၊ ဝက်ပေါက်လေးတွေ… ဘာပဲဖြစ်ဖြစ် လူ့ပြည်မှာတော့မဆိုးဘူး၊ ကောင်းကင်ဘုံမှာတော့ အမှိုက်တွေပဲ”
“အဓိကက ဈေးက တော်တော် ကိတ်တယ်။ ဒါပေမဲ့ မင်းလည်းမကျေမနပ်မဖြစ်နဲ့။ ဒါကတောင် အရင်က လူယာဆိုတဲ့အဘိုးကြီးစုတ်က အဆက်အသွယ်နဲ့ဖွင့်ပေးထားတဲ့ လျှို့ဝှက်လမ်းကြောင်းတစ်ခုပဲ”
“ပြီးတော့ အဲ့ဒီပစ္စည်းပေးတဲ့သူက ပါးစပ်က တော်တော်စွာသား။ အဲ့ဒီပစ္စည်းတွေက ကောင်းကင်ဘုံမှာအမှိုက်ဖြစ်ပေမယ့် လူ့ပြည်မှာတော့ တကယ်ပဲရှားပါးပစ္စည်းတွေ။ မင်းမှာပိုက်ဆံရှိရင်တောင် မင်းကိုရောင်းမယ့်သူမရှိနိုင်ဘူး”
ဒီစကားကြားတော့ ယွီဟွေးဖေးက မျက်လုံးပြူးကြီးကို သံသယမျက်လုံးနဲ့ကြည့်ပြီးမေးလိုက်၏။
“လူ့ပြည်ပိုက်ဆံကို နတ်သိကြားတွေကလည်း အသိအမှတ်ပြုလို့လား”
မျက်လုံးပြူးကြီးက ခေါင်းခါပြီး ရှင်းပြသည်။ “အသိအမှတ်မပြုဘူး။ ဒါပေမဲ့ အဲ့ဒီကောင်က လူ့ပြည်ပိုက်ဆံကိုကြိုက်တယ်။ ပြီးတော့ ငါတို့ကိုရောင်းတာကလည်း စုတ်ပြတ်နေတဲ့ပစ္စည်းတွေပဲ။ သူက ဒီအမြတ်အစွန်းလေးကို ဂရုမစိုက်ဘူး။ ဘယ်လိုလဲ။ ဝယ်မလား မဝယ်ဘူးလား။ ဝယ်မယ်ဆိုရင် ငါသူနဲ့ဆက်သွယ်လိုက်တော့မယ်”
ယွီဟွေးဖေးက ဘာပြောနိုင်မှာလဲ။ သူအခု ယွမ်နှစ်ရာရှိပေမယ့် ဒီယွမ်နှစ်ရာက ပိုက်ဆံမပွားနိုင်ဘူးလေ။
မကြာခင်မှာ အကုန်သုံးကုန်မှာပဲ။ ဒါပေမဲ့ မျိုးစေ့နဲ့လဲလိုက်ရင် စားစရာပြဿနာကိုဖြေရှင်းနိုင်ရုံတင်မကဘူး၊ ပိုက်ဆံရှာဖို့လည်းသုံးလို့ရတယ်။
စဉ်းစားပြီးနောက်ဆုံးမှာ ယွီဟွေးဖေးက ယွမ်နှစ်ရာကို မျက်လုံးပြူးကြီးကိုပေးလိုက်သည်။ အဲ့ဒီအချိန်ကစပြီး ယွီဟွေးဖေးလက်ထဲမှာ တစ်ကျပ်ခွဲပဲကျန်တော့၏။ အများဆုံး ခေါက်ဆွဲခြောက်တစ်ထုပ်ပဲထပ်ဝယ်လို့ရတော့မယ်။
မျက်ပြူးကြီးက ပိုက်ဆံကိုယူပြီး နေရောင်နဲ့ထိုးကြည့်လိုက်သေး။ အမယ်… ဒီကောင်က ပိုက်ဆံအတုစစ်တာတောင် တတ်သေးတယ်ဟ။
အစစ်မှန်းသေချာတော့ မျက်ပြူးကြီးက ပိုက်ဆံကိုကိုင်ထားရင်း ဘူးသီးထဲဝင်သွား၏။ မကြာခင်မှာ မျက်ပြူးကြီး ပြန်ထွက်လာပြီး ယွီဟွေးဖေးကို ဆလတ်ရွက် မျိုးစေ့တစ်ထုပ် ပစ်ပေးလိုက်သည်။
ဒါပေမဲ့ ယွီဟွေးဖေးကိုအံ့ဩစေတာက တစ်ထုပ်တည်းဖြစ်ပေမယ့် ဒီတစ်ထုပ်က အပြင်မှာရောင်းတဲ့အရွယ်အစားရဲ့သုံးဆလောက်ကြီးတယ်။ ပြီးတော့ မျိုးစေ့တွေက အရည်အသွေး တော်တော်ပြည့်ဝပြီး ကြည့်ရုံနဲ့ ပစ္စည်းကောင်းမှန်းသိသာတယ်။
“ယွီလေး… ဟိုဘက်ကပစ္စည်းပေးတဲ့သူနဲ့ ငါဆက်သွယ်ပြီးပြီ။ နောက်ဆိုရင် လူ့ပြည်ကပစ္စည်းကောင်းတွေရှိရင် တစ်ဖက်ကစိတ်ဝင်စားရင် ငါတို့နဲ့လဲလှယ်ချင်တယ်တဲ့။ ဒါပေမဲ့… မင်းလည်းသိမှာပဲ… ကုန်သည်တွေက တော်တော်ကလိမ်ကကျစ်နိုင်တယ်…” မျက်လုံးပြူးကြီးက ဂျိတ်ကောင်းကောင်းရှိကြောင်း တစ်ခါတည်း ပြောပြ၏။
ယွီဟွေးဖေးက ခေါင်းညိတ်ပြီး သူ့ကိုဆေးလိပ်တစ်လိပ်ပေးပြီး ဆုချလိုက်သည်။ ဒါပေမဲ့ မျက်ပြူးကြီးကငြင်းပြီး ဖြောင့်မတ်တဲ့လေသံနဲ့ စကားဆို၏။
“ညီအစ်ကိုအတွက် အလုပ်လုပ်ပေးတာကို ငါကအကျိုးအမြတ် ယူလို့ရမလား။ နောက်မှသောက်ချင်ရင် မင်းဆီလာတောင်းမယ်” ပြောပြီးတော့ မျက်လုံးပြူးကြီးက ဘူးသီးထဲပြန်ဝင်သွားသည်။
ဒီမြင်ကွင်းကိုမြင်တော့ ယွီဟွေးဖေးတစ်ယောက် ရုတ်တရက် ဒီကောင်က မဆိုးဘူးလို့ထင်သွား၏။
နွားခေါင်းတို့လည်း လက်ခုပ်တီးပြီးပြောလိုက်ကြသည်။
“ညီအစ်ကိုကောင်းဆိုတာ ဒါမျိုးပဲ”
ပြီးတော့ လူတစ်အုပ်က အပေါ်ထပ်တက်ပြီး လယ်စိုက်ကြတော့၏။ သူတို့အားလုံးသွားပြီးတော့ ဖရုံသီးဘူးထဲကနေ မီးခိုးငွေ့တွေထွက်လာပြီး ဇိမ်ကျနေတဲ့ အသံတစ်ခုထွက်လာ၏။
“ကျုံးဟွာကတော့ သောက်လို့ ရှယ်ကောင်းတာပဲ… နတ်ပြည်ပေါ် ပြန်ရောက်သွားသလိုပဲ အရသာရှိလိုက်တာ”
မျိုးစေ့ကိုထပ်စိုက်ပြီးနောက်မှာ ယွီဟွေးဖေးတို့လူတစ်အုပ်က မြေကြီးပေါ်ကအပေါက်ကိုထိုင်ကြည့်နေကြပြန်သည်။ မိနစ်အနည်းငယ်ကြာတော့ အပေါက်ငယ်လေးက လှုပ်ရှားလာပြီ။
အစပိုင်းမှာ ယွီဟွေးဖေးက မျက်စိမှားတယ်လို့ထင်နေသေးတယ်။ ဒါပေမဲ့ အပေါက်ထဲကလှုပ်ရှားမှုက ပိုပိုကြီးလာပြီး မြေမှုန့်လေးတွေက တုန်ခါနေရင်း အစိမ်းရောင်အညှောက်လေးတစ်ခု ထွက်လာ၏။
ဒါကိုမြင်တော့ ယွီဟွေးဖေးတစ်ယောက် မျက်လုံးတွေတောင်ပြူးသွား၏။ ခေတ်သစ်လူတစ်ယောက်အနေနဲ့ သူက ဘာအောက်လမ်းပညာ၊ နတ်ဆိုးသရဲတွေကို တကယ်မယုံဘူး။
နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့ကိုတွေ့မှ ယုံသွားတာ။ ဒါပေမဲ့ အတူတူနေတာကြာလာတော့ သိပ်ပြီးအထူးအဆန်းလို့ မထင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေရဲ့ အဆင့်အတန်းနဲ့ ရုပ်ရည်က ထူးဆန်းတာကလွဲရင် တခြားအချက်တွေက သာမန်လူတွေနဲ့ဘာမှမကွာဘူး။
ဒါပေမဲ့ မျက်စိရှေ့ကဒီမြင်ကွင်းကတော့ တော်တော်အံ့ဩဖို့ကောင်းသား။ မျိုးစေ့ကြဲချပြီးမိနစ်ပိုင်းအတွင်းမှာပဲ အပင်ပေါက်လာတယ်။ ဒီအရှိန်က…
“ရှယ်မိုက်တယ်” ယွီဟွေးဖေးက မချီးကျူးဘဲမနေနိုင်ဘဲ ချက်ချင်းထပြီး အော်လိုက်သည်။
“ဘာကြည့်နေကြသေးလဲ။ အလုပ်လုပ်ကြလေ။ မငတ်သေချင်ရင် မြန်မြန် စိုက်ကြဟ”
အဲ့တော့ နွားခေါင်းက သံခက်ရင်းခွကိုကိုင်ပြီး လယ်ထွန်တော့သည်။ မြင်းမျက်နှာက တွင်းတူး၊ ယွီဟွေးဖေးက မျိုးစေ့ကြဲ၊ ဟိတ်ဝူချန်က မြေကြီးပြန်ဖုံး၊ ပိုက်ဝူချန်က လျှာနဲ့ရေပုံးကိုလိပ်ပြီး နောက်ကနေရေလောင်း၏။
တစ်မနက်လုံးအလုပ်လုပ်ပြီး နေ့လယ်ရောက်တော့ ယွီဟွေးဖေးက နဖူးပေါ်ကချွေးတွေကိုသုတ်ပြီး နောက်လှည့်ကြည့်လိုက်ချိန် အစောဆုံးစိုက်ထားတဲ့ဆလတ်ရွက်တွေက လက်တစ်ဝါးစာလောက်အရွက်တွေထွက်နေပြီ။ အရွက်တွေက စိမ်းစိုနေပြီး တော်တော်နုနယ်ပုံပဲ။
အရွက်တစ်ရွက်ကို ချိုးကြည့်လိုက်တော့ အရွက်ထဲမှာ ရေဓာတ်ကတော်တော်များပြီး ကြွပ်ရွနေ၏။ စားကြည့်တော့ ချိုမြပြီး အေးမြတဲ့အရသာက တော်တော် သက်တောင့်သက်သာရှိသည်။
ဒါက သူစားဖူးသမျှထဲမှာ အကောင်းဆုံးဆလတ်ရွက်ပဲ။ ဆလတ်ရွက်ဖြစ်ပေမယ့် သစ်သီးလို့ပြောရင်လည်း မလွန်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီပစ္စည်းက အရှေ့မြောက်ပိုင်းမှာ ငံပြာရည်နဲ့ တို့စားကြတာပဲ။
ယွီဟွေးဖေးက မချီးကျူးဘဲမနေနိုင်ဘူး။
“နတ်ဘုံက မျိုးစေ့နဲ့စိုက်ထားတဲ့ပစ္စည်းက တကယ်ကိုပစ္စည်းကောင်းပဲ”
ယွီဟွေးဖေးက အရင်ကလည်း တောမှာနေဖူးပြီး ဆလတ်ရွက်စားဖူးသည်။ သာမန်ဆလတ်ရွက်က မဆိုးပေမယ့် ဒါနဲ့ယှဉ်ရင် အေးမြမှုနဲ့ကြွပ်ရွမှုကနည်း၏။ အထူးသဖြင့် အရသာကတော့ တော်တော်ကွာသည်။
ဒီဆလတ်ရွက်ကို နတ်ဘုံပစ္စည်းလို့ မပြောနိုင်ပေမယ့် ဆလတ်ရွက်တွေထဲမှာတော့ အကောင်းဆုံးထဲကအကောင်းဆုံးပဲ။