← Chapters

အသားစားကြမယ်ဟေ့

Vol. 2 Ch. 23

အသားစားကြမယ်ဟေ့

Vol. 2 Ch. 23

ယွီဟွေးဖေးက နှစ်ယောက်လုံးကို ဒီဟင်းသီးဟင်းရွက်တွေက ပိုက်ဆံရှာဖို့ဖြစ်လို့ မထိနဲ့လို့ အထပ်ထပ်မှာ၏။ နှစ်ယောက်သားကလည်း ခေါင်းတညိတ်ညိတ်နဲ့ မထိပါဘူးလို့ အာမခံကြသည်။

မျက်စိရှေ့က ဒီနှစ်ယောက်ကိုကြည့်ပြီး ယွီဟွေးဖေးတစ်ယောက် ခေါင်းတွေတောင် ကိုက်လာ၏။ သူ့အတွက် အကောင်းဆုံးပိုက်ဆံရှာနည်းက ရှေ့ခြံမှာ စားသောက်ဆိုင်ဖွင့်ပြီး နောက်ခြံမှာ တည်းခိုခန်းဖွင့်ဖို့ပဲ။

ဒါဆိုရင် ဧည့်သည်တွေဝင်လာတော့မယ်။ အဲ့ဒီအခါကျရင် နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့ကို ဖွက်ထားလို့မရတော့ဘူး။ ဒီလိုတွေးမိတော့ ယွီဟွေးဖေးတစ်ယောက် ခေါင်းတွေထပ်ကိုက်လာပြန်ပြီ။ တံခါးဝမှာထိုင်ရင်း ယွီဟွေးဖေးတစ်ယောက် အတွေးနယ်ချဲ့နေမိပြန်၏။

ညနေစောင်းတော့ ယွီဟွေးဖေးတစ်ယောက် မအောင့်နိုင်တော့ဘဲ တတိယထပ်ကိုတက်ပြီး ဟင်းသီးဟင်းရွက်တွေရဲ့ ကြီးထွားမှုကို သွားကြည့်လိုက်သည်။ သူထင်ထားတဲ့အတိုင်းပဲ ဆလတ်ရွက်တွေက အဆင်သင့်ဖြစ်နေပြီ။

ယွီဟွေးဖေးက ဘာမှထပ်မစဉ်းစားတော့ဘဲ ဒီနေ့တစ်နေ့ကို အရင်ကျော်ဖြတ်ဖို့ ဆုံးဖြတ်လိုက်သည်။ ဒါနဲ့ ဂုန်နီအိတ်နှစ်လုံးကိုယူပြီး ဆလတ်ရွက်နှစ်အိတ်အပြည့်ထည့်ကာ ထွက်သွားတော့၏။

ယွီဟွေးဖေးက အဝေးကြီးမသွားဘူး။ လင်လင်လမ်းကြားကထွက်ပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ဝင်သွားလိုက်သည်။

“အစ်ကို… ဒါက…” ဆိုင်ဝန်ထမ်းတစ်ယောက်က ဒီလိုဝင်လာတာကိုမြင်တော့ စပ်စုလိုက်ရာ ယွီဟွေးဖေးက ရယ်ပြီးပြောသည်။

“ခင်ဗျားတို့ဆိုင်ရှင်ရှိလား”

“ငါ့ကိုရှာတာလား” ဝတုတ်ကြီးတစ်ယောက်က မီးဖိုချောင်ထဲကနေ ထွက်လာပြီး ယွီဟွေးဖေးကို စူးစမ်းတဲ့အကြည့်နဲ့ကြည့်နေ၏။ ယွီဟွေးဖေးက ပါးစပ်ကိုဖြဲပြီးပြုံးလိုက်ကာ အိတ်ထဲကနေ ဆလတ်ရွက်နှစ်စည်းကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။

“ကြည့်ပါဦး… ဟင်းသီးဟင်းရွက်လိုသေးလား။ ကျုပ်ဆီကဟင်းသီးဟင်းရွက်တွေက တောရွာမြေသြဇာနဲ့စိုက်ထားတာ။ အရသာကတော့ ရှယ်ပဲ”

ဝတုတ်ကြီးက ဒါကိုမြင်တော့ ရယ်တော့၏။

“မင်းက… ညီလေး… ငါတို့ဆီမှာ ဟင်းသီးဟင်းရွက်တွေဝယ်ပြီးသား။ ပြီးတော့ ဒီရွာလေးမှာ ဘယ်အိမ်က တောရွာဟင်းရွက်မဟုတ်လို့လဲ။ မင်းက ရုတ်တရက် ဒီလောက်အများကြီးယူလာတော့ ငါသုံးမကုန်ဘဲ ပုပ်သွားမှာစိုးတယ်”

ယွီဟွေးဖေးက အပိုစကားမပြောဘဲ ဟင်းသီးဟင်းရွက်အိတ်နှစ်လုံးကို မြေကြီးပေါ်ချပြီးပြောလိုက်သည်။

“နှစ်အိတ်… ယွမ်နှစ်ရာ”

ဒီစကားကြားတော့ ဝတုတ်ကြီးက နည်းနည်းတွေဝေသွားပြီး နောက်သလို ပြောင်သလိုနဲ့ပြောသည်။

“ညီလေး… မင်းဈေးက… ဟဲဟဲ… ခိုးလာတာလား”

ယွီဟွေးဖေးက သူ့ကိုမျက်လုံးလှန်ပြပြီးပြောလိုက်၏။

“ကျုပ်က ခိုးလာတဲ့ပုံပေါက်လို့လား”

“နောက်တာပါ… ဒီဈေးက မဆိုးပါဘူး။ ဒါပေမဲ့ ငါဒီဟင်းရွက်ရဲ့အရည်အသွေးကိုကြည့်ရဦးမယ်။ မကောင်းရင် ဘယ်လောက်ပဲဈေးပေါပေါ ငါမဝယ်နိုင်ဘူး”

ယွီဟွေးဖေးက ဒီအပေါ်မှာ အပြည့်အဝယုံကြည်မှုရှိတယ်။ ခေါင်းညိတ်ပြီး ဝတုတ်ကြီးကို ကြိုက်သလိုစစ်ဆေးဖို့ အချက်ပြလိုက်၏။

ဝတုတ်ကြီးက ဆလတ်ရွက်တစ်ပင်ကိုယူပြီး သေချာကြည့်ပြီးနောက် ခေါင်းညိတ်ကာမိသည်။

“အပြင်ပန်းက မဆိုးဘူး။ ပြီးတော့ နုတယ်… ကြွပ်တယ်… ရေဓာတ်လည်း ပြည့်ဝတယ်”

ပြီးတော့ ဝတုတ်ကြီးက ဆေးကြောပြီး ပါးစပ်ထဲထည့်မြည်းကြည့်လိုက်တော့ မျက်လုံးတွေချက်ချင်းတောက်ပသွား၏။

“ချိုတယ်… လက်ဆတ်တယ်… ပစ္စည်းကောင်းပဲ”

ဝတုတ်ကြီးက ယွီဟွေးဖေးကို ပုတ်ပြီးပြောလိုက်သည်။ “ညီလေး… မင်းဟင်းရွက်က မဆိုးဘူးပဲ။ သာမန်တောရွာမြေသြဇာနဲ့စိုက်တာထက် အများကြီးပိုကောင်းတယ်”

ယွီဟွေးဖေးက သိလိုက်ပြီ။ ဒီဟင်းသီးဟင်းရွက်က ရောင်းထွက်ပြီ။ ဒါပေမယ့်… ဝတုတ်ကြီးက ရယ်ပြီးဆက်ပြော၏။

“ညီလေး… မင်းဟင်းရွက်ကို ငါအကုန်ယူမယ်။ ဒါပေမဲ့ ဒီဈေးက… ကြည့်လေ… အခုအချိန်က ဆိုင်ဖွင့်တာ နည်းနည်းကြာနေပြီ။ ဧည့်သည်အပြည့်ဖြစ်နေရင်တောင် အသီးအရွက်မှာတဲ့သူက ဒီလောက်များမှာမဟုတ်ဘူးလေ။ စားမကုန်ရင် နောက်နေ့သုံးလို့မရတော့ဘူး။ ဒါကြောင့်… ဒီဈေးက…”

ယွီဟွေးဖေးက မျက်ခုံးပင့်လိုက်ပြီး နည်းနည်းစိတ်မကျေမနပ်ဖြစ်သွား၏။ သူ့ဈေးက တကယ်ကို အနေတော်ပဲ။ ဈေးကွက်ထဲမှာ ဆလတ်ရွက်နဲ့ ဆီမုန်ညင်းက တစ်ပေါင်ကို သုံးကျပ်တောင်ရှိနေပြီ။ သူ့အိတ်နှစ်လုံးက ပေါင်တစ်ရာကျော်ရှိတယ်။ တကယ်လို့ ပေါင်ချိန်နဲ့တွက်ရင် သုံးလေးရာလောက်ရမှာ။ ယွီဟွေးဖေးက ယွမ်နှစ်ရာပဲတောင်းတာကို ဒီဝတုတ်ကြီးက ဈေးဆစ်နေသေးတယ်။

ယွီဟွေးဖေးက ဘာမှမပြောဘဲ အိတ်ကိုဆွဲပြီး နောက်လှည့်ထွက်သွားတော့သည်။ သူပိုက်ဆံလိုနေပေမယ့် အခုလောလောဆယ် ဟင်းသီးဟင်းရွက်စားပြီးနေလို့ရသေးတယ်။ ဒါပေမဲ့ ထပ်ပြီးဈေးဆစ်ခံရရင်တော့ သူလက်မခံတော့ဘူး။

ဝတုတ်ကြီးက ယွီဟွေးဖေးတကယ်ထွက်သွားတော့မှာကိုမြင်ပြီး ထွက်သွားတာကလည်း တော်တော်ပြတ်သားတော့ နောက်ဆုံးတော့ တောင့်မခံနိုင်တော့ဘဲ ပြောလိုက်၏။

“ညီလေး… ဒါမှမဟုတ် ငါနည်းနည်းထပ်ပေးရမလား”

ယွီဟွေးဖေးက ခေါင်းခါပြလိုက်သည်။ “နှစ်ရာ… တစ်ပြားပိုလည်းမယူဘူး၊ တစ်ပြားလျော့လည်းမရောင်းဘူး”

ဝတုတ်ကြီးက ယွီဟွေးဖေးလိုလူမျိုး တစ်ခါမှမမြင်ဖူးဘူး။ နောက်ဆုံးတော့ တော်တော်နာကျင်တဲ့ပုံစံနဲ့ ခြေဆောင့်ပြီးပြောလိုက်သည်။

“ကောင်းပြီ… ညီလေးနဲ့မိတ်ဆွေဖွဲ့တယ်လို့ပဲ သဘောထားလိုက်မယ်။ နှစ်ရာဆိုနှစ်ရာပဲ”

ယွီဟွေးဖေးက ဝတုတ်ကြီးက ဟန်ဆောင်နေမှန်းသိပေမယ့် သူ့ကိုမငြင်းဘူး။ တစ်ဖက်ကပိုက်ဆံပေး၊ တစ်ဖက်က ဟင်းရွက်ပေးပြီးတော့ ဝတုတ်ကြီးက မကျေမနပ်နဲ့ ဆက်မေးလိုက်သည်။

“ညီလေး… ဒီလိုဟင်းရွက် မင်းအိမ်မှာအပိုရှိသေးလား။ ရှိရင် ငါဈေးကောင်းပေးပြီးဝယ်မယ်”

ယွီဟွေးဖေးက ပြုံးစိစိနဲ့ပြော၏။ “ရှိတယ်… အများကြီးပဲ။ ခင်ဗျားလိုချင်ရင် မနက်ဖြန်ကျုပ်ပို့ပေးမယ်”

ဒီစကားကြားတော့ ဝတုတ်ကြီးက ပျော်လွန်းလို့ မျက်နှာကြီးပြုံးဖြီးသွားပြီး ယွီဟွေးဖေးရဲ့ပခုံးကိုပုတ်တော့၏။

“ညီလေး… စိတ်ချ… ဟင်းရွက်အရည်အသွေးကောင်းရင် ဈေးကမင်းကိုကျေနပ်စေမှာ။ တစ်ပေါင်ကို နှစ်ကျပ်၊ ဘယ်လိုလဲ”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ စိတ်ထဲကနေ ဒီဝတုတ်ကြီးကို တော်တော်အထင်သေးသွားသည်။

ဈေးကွက်ထဲမှာ သုံးကျပ်ရှိနေတာကို သူက နှစ်ကျပ်နဲ့ဝယ်မယ်ပေါ့လေ။ ငါ့ကို အရူးလို့ထင်နေတာလား။

မင်းငါ့ကိုလိမ်ရင် ငါလည်းမင်းကိုပြန်လိမ်မယ်ဆိုတဲ့ မူအတိုင်း ယွီဟွေးဖေးက အားရပါးရ ခေါင်းညိတ်ပြီးပြောလိုက်သည်။

“ကောင်းပြီ… မနက်ဖြန်ကျုပ်ပို့ပေးမယ်”

ပြီးတော့ နှစ်ယောက်သား ဖုန်းနံပါတ်တွေအပြန်အလှန်လဲလှယ်ပြီး ဆက်သွယ်ရလွယ်ကူအောင်လုပ်လိုက်ကြသည်။

အပြင်ထွက်တော့ ယွီဟွေးဖေးနဲ့ ဆိုင်ရှင်က တစ်ပြိုင်နက်တည်း ထူးဆန်းတဲ့အပြုံးတွေပြုံးလိုက်ကြ၏။ ဝတုတ်ကြီးက ပွစိပွစိပြောနေသေး။

“ဒီအရူးကောင်က တကယ်ကို လိမ်လို့ကောင်းတာပဲ…”

ယွီဟွေးဖေးကတော့ နောက်လှည့်ပြီး ဆိုင်တံခါးကိုတစ်ချက်ကြည့်ကာ အေးစက်စက်ပြုံးလိုက်သည်။

“မနက်ဖြန် ခင်ဗျားဆီမှာ ရောင်းစရာဟင်းသီးဟင်းရွက်ရှိပါစေလို့ ဆုတောင်းပေးပါတယ်”

ယွီဟွေးဖေးက အရင်ဆုံး အနီးအနားကဆိုင်မှာ ဆန်၊ ဆီ၊ ဆားနဲ့ ငရုတ်သီးခြောက်ဝယ်လိုက်သည်။ နောက်ဆုံးတော့ ဝက်သုံးထပ်သား နှစ်ပေါင်ယူ၏။ ဆီများတဲ့ အမျိုးအစားပေါ့။ ကျန်တဲ့ပိုက်ဆံနဲ့ အရက်နှစ်ပုလင်း၊ မြေပဲဆံကြော်တစ်ထုပ်ဝယ်ပြီး ပြန်လာခဲ့သည်။

အထုပ်အပိုးတွေနဲ့ အိမ်ပြန်ရောက်တော့ တံခါးဝင်တာနဲ့ နွားခေါင်း၊ မြင်းမျက်နှာတို့က ခြံထဲမှာ အားယားပြီးလျှောက်ပတ်နေတာကို တွေ့လိုက်ရ၏။

ဒီကောင်တွေက ယွီဟွေးဖေးလက်ထဲက ပစ္စည်းတွေကိုမြင်တော့ တစ်ယောက်ချင်းစီရဲ့ မျက်လုံးတွေက တောက်ပသွားပြီး အုံလိုက်ကျင်းလိုက်ပြေးလာကြသည်။

“အိုး… အသားပါတယ်ဟ” နွားခေါင်းက အသားမြင်တာနဲ့ မျက်လုံးတွေအရောင်တောက်လာ၏။

မြင်းမျက်နှာကလည်း လိုက်အော်သည်။

“ယွီလေး… မင်းဓားပြတိုက်လာတာလား။ ပိုက်ဆံဘယ်ကရတာလဲ”

ပိုက်ဝူချန်က လျှာကိုလိပ် ပါးစပ်ထဲထည့်လိုက်ပြီးမှ ဖြည်းဖြည်းချင်း သူ့ခေါင်းပေါ်ကဦးထုပ်ကိုလက်ညှိုးထိုးပြရင်း ပြောလိုက်သည်။

“မြင်လား။ တစ်ချက်မြင်ရုံနဲ့ စီးပွားတက်။ ဒါက ငါ့ကိုမြင်လို့ ချမ်းသာသွားတာ”

လူတွေက သူ့ကိုတစ်ပြိုင်နက်တည်း မျက်လုံးလှန်ပြလိုက်ကြသည်။ နေ့လယ်က ဟင်းသီးဟင်းရွက်စိုက်တုန်းက ဒီကောင်က အလုပ်အနည်းဆုံးလုပ်တဲ့သူပဲ။

ဒါပေမဲ့ ယွီဟွေးဖေးက ဒါကိုဂရုမစိုက်ဘူး။ ဟင်းသီးဟင်းရွက်ကိုကိုင်ပြီး တတိယထပ်ကိုတက်သွားတော့သည်။

အခု ဂက်စ်ခက အရမ်းဈေးကြီးတယ်။ ယွီဟွေးဖေးရဲ့ပိုက်ဆံက ဂက်စ်လဲဖို့မလောက်သေးဘူး။ ဒါကြောင့် ဒီညလည်း မြေမီးဖိုပေါ်မှာပဲ တစ်ညတာဖြေရှင်းရတော့မယ်။

ထင်းမီးမွှေးပြီး ယွီဟွေးဖေးက ရေနွေးအိုးကြီးတစ်အိုးတည်လိုက်သည်။ ပြီးတော့ ဝက်သုံးထပ်သားတုံးကြီးကိုထည့်၊ ဂျင်း၊ ကြက်သွန်မြိတ်၊ နာနတ်ပွင့်၊ ဆားတစ်ဆုပ်ထည့်ပြီး အိုးဖုံးကိုတန်းဖုံးလိုက်၏။

မကြာခင်မှာပဲ အသားနံ့က ထွက်လာပြီး ဒီကောင်တွေရဲ့သွားရည်တွေတောင် ကျတော့မလိုဖြစ်နေပြီ။

နွားခေါင်းက လက်ကိုပွတ်သပ်ပြီး ပေါင်နှစ်ရာကျော်ရှိတဲ့ အရူးတစ်ယောက်လိုရယ်ကာ ဟဲဟဲပြောလိုက်သည်။

“ယွီလေး… ရတော့မယ်ထင်တယ်။ ငါအရင်တစ်ကိုက်မြည်းကြည့်လို့ရမလား”

“ဖယ်စမ်း… ခုမှထည့်တာ မကျက်သေးဘူး။ ခဏထပ်အောင့်ထား” ယွီဟွေးဖေးက နွားခေါင်းရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ပုံစံကိုကြည့်ပြီး စိတ်ညစ်လာသည်။ ဒါကြောင့် သူ့ကို အဝေးမှာထင်းသွားကောက်ခိုင်းလိုက်၏။

မြင်းမျက်နှာကတော့ အတော်အသင့် ခံနိုင်ပုံပဲ။ ဒါပေမဲ့ ခဏခဏ သွားရည်သုတ်နေတဲ့ပုံစံကိုကြည့်ပြီး ယွီဟွေးဖေးတစ်ယောက် ဘာမှမတတ်နိုင်တော့ဘူး။

“မြင်းအစ်ကိုကြီး… ခင်ဗျားက ဘာပဲဖြစ်ဖြစ် ငရဲပြည်ကနတ်လေ။ ခင်ဗျားပုံစံကို နည်းနည်းဂရုစိုက်ပါလား။ ဟိတ်ဝူချန်၊ ပိုက်ဝူချန်ကိုကြည့်စမ်း။ သူတို့နှစ်ယောက်က အစကတည်းက…”

ယွီဟွေးဖေးက ဒီလိုပြောနေတုန်း ပိုက်ဝူချန်က ထိုင်နေပြီး လျှာကမြေကြီးပေါ်တွဲကျနေတာကို တွေ့လိုက်ရတယ်။ မြေကြီးပေါ်မှာလည်း ရွှဲနေပြီ…

ဟိတ်ဝူချန်ကိုပြန်ကြည့်တော့ ဒီကောင်က တံတွေးတွေပဲမျိုချနေ၏။

ယွီဟွေးဖေးတစ်ယောက် အရင်စကားကို လုံးဝမပြောနိုင်တော့ဘူး။ ငိုရမလိုရယ်ရမလိုနဲ့ ပြောင်းပြောလိုက်သည်။

“အစ်ကိုကြီးတို့… ခင်ဗျားတို့ အသားမစားရတာ ဘယ်လောက်ကြာပြီလဲ”

ဒါပေမဲ့ ယွီဟွေးဖေးကိုအံ့ဩစေတာက ကောင်တွေက တစ်ပြိုင်နက်တည်း ခေါင်းခါကြတာပဲ။

“မမှတ်မိတော့ဘူး”

All Chapters