← Chapters

လူလုပ်ရုပ်တု အနုပညာ

Vol. 2 Ch. 24

လူလုပ်ရုပ်တု အနုပညာ

Vol. 2 Ch. 24

ယွီဟွေးဖေးက ထပ်မေးကြည့်တော့မှ ဒီကောင်တွေက ငရဲပြည်မှာအမှုထမ်းပြီးနောက်ပိုင်း ငရဲပြည်မှာ အသားမစားရဘူးဆိုတာသိလိုက်ရသည်။

ငရဲပြည်မှာ အာပလာဘုရားလောင်းတစ်ပါးက စောင့်နေတယ်ဆိုပဲ။ သူတစ်ယောက်တည်း သက်သတ်လွတ်စားတာ ထားလိုက်တော့။ နေ့တိုင်းငရဲပြည်မှာပတ်ပြီး တခြားသူတွေကိုလည်း အသားမစားခိုင်းဘူး။

ယွီဟွေးဖေးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ “မြေစောင့်နတ်ဘုရားလောင်းက ဗုဒ္ဓဘာသာဘက်ကလေ။ ခင်ဗျားတို့ကိုကျတော့ ကောင်းကင်ဘုံကအုပ်ချုပ်တာ မဟုတ်ဘူးလား”

မြင်းမျက်နှာကလည်း အားယားပြီး စိတ်ရှည်ရှည်နဲ့ရှင်းပြသည်။

“ငါတို့နေရာက တကယ်ပဲကောင်းကင်ဘုံက အုပ်ချုပ်တာ။ ဒါပေမဲ့ မြေစောင့်နတ်ဆိုတဲ့ ဘုန်းကြီးယောင်ဆောင်ကောင်က မဟုတ်ကဟုတ်ကနိုင်တာ။ သူ့နှာခေါင်းက ခွေးနှာခေါင်းလိုပဲ… မဟုတ်ဘူး… နားထောင်တဲ့ကောင်က နားကတော်တော်ပါးတယ်။ ငါတို့အသားစားတော့မယ်ဆိုရင် သူတို့နှစ်ယောက်ကပြေးလာရော”

“မင်းလည်းသိမှာပဲ… မြေစောင့်နတ်ဘုရားလောင်းက တန်ခိုးကြီးတယ်။ သူရောက်လာပြီးတော့ ငါတို့ကိုတန်းပြီး မလှုပ်နိုင်အောင်လုပ်လိုက်တယ်။ ပြီးတော့ သူနဲ့ အဲ့ဒီသေနာကျ နားထောင်တဲ့ကောင်က အဲ့ဒီမှာစားတော့တာပဲ”

“စားရင်းနဲ့ ပါးစပ်ကလည်းအသံမြည်သေးတယ်။

တစ်ခါတစ်လေ သူတို့စားတာကို ငါတို့ကြည့်နေရပြီး သွားရည်ကျနေရတာ။ ဒါဘယ်သူကခံနိုင်မှာလဲ။

နောက်ဆုံးတော့ ဘာမှမတတ်နိုင်တော့တာမို့ ငါတို့လည်းမစားတော့ဘူး”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ချက်ချင်းရယ်လိုက်၏။ “မြေစောင့်နတ်ဘုရားလောင်းမှာ ဒီလိုချစ်စရာကောင်းတဲ့ဘက်တစ်ဖက်ရှိတာ မထင်ထားဘူး”

“ချစ်စရာလား… အဲ့ဒီဘုန်းကြီးယောင်ဆောင်ကောင်က ချစ်စရာကြီးလား။ မုန်းစရာဆိုရင်တော့ဟုတ်သေးတယ်” ပိုက်ဝူချန်က လိုက်အော်၏။ အဝေးကပြန်လာတဲ့နွားခေါင်းကလည်း အားရပါးရခေါင်းညိတ်ပြီးပြောလိုက်သည်။

“ခင်ဗျားတို့ဘာပြောနေလဲ မသိဘူး။ ဒါပေမဲ့ မြေစောင့်ဆိုတဲ့ ဘုန်းကြီးယောင်ဆောင်ကောင်ကို ဆဲနေရင်တော့ ငါထောက်ခံတယ်”

ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။ သူတို့အသားကိုလုပြီး အသားမစားခိုင်းတာပဲလေ။

တစ်ယောက်ချင်းစီက ဒီလောက်တောင်ဖြစ်နေရလား။

ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ဒီကောင်တွေက နှစ်သောင်း၊ ဒါမှမဟုတ် နှစ်သန်းချီပြီး သက်သတ်လွတ်စားခဲ့ရတဲ့ဘဝကို တွေးကြည့်ရင်း ယွီဟွေးဖေးလည်း ကြက်သီးထသွား၏။ သူသာဆိုရင် ဒေါသတွေတောက်လောင်နေမှာပဲ။

စကားပြောနေတုန်းမှာပဲ အသားကကျက်သွားပြီ။

အိုးဖုံးကိုဖွင့်လိုက်တော့ အသားနံ့ကထွက်လာပြီး အကုန်လုံးရဲ့ပါးစပ်ထဲမှာ သွားရည်တွေပြည့်လျှံသွားသည်။ ယွီဟွေးဖေးက တူနဲ့အသားကိုထိုးပြီး အသားတစ်တုံးကိုယူကာ စဉ်းတီတုံးပေါ်တင်လိုက်ပြီးတော့ ဓားအကြီးကြီးနဲ့ အသားပြားကြီးတွေလှီးလိုက်သည်။

နောက်ဆုံးတော့ ယွီဟွေးဖေးက ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်းတို့ကိုထောင်းပြီး ငံပြာရည်ထည့်ကာ အတို့အမြှုပ်လုပ်၏။ ငရုတ်သီး၊ မြေပဲဆံ တစ်ပန်းကန်ကြော်ပြီးတော့ ဟိုဘက်ကထမင်းလည်းကျက်သွားပြီ။

ယွီဟွေးဖေးက အင်္ကျီလက်ကိုနှိုက်ပြီး အော်ဟစ်လိုက်၏။ “အောက်ထပ်ဆင်းပြီး အရက်သောက်၊ အသားစားကြမယ်”

လူတွေက ဒီစကားကြားတော့ ဝမ်းသာအားရအော်ဟစ်ကြသည်။ “ဟေး… အရက်သောက်၊ အသားစားကြမယ်”

လူတစ်အုပ်က အောက်ထပ်ကို ဒရောသောပါး ပြေးဆင်းသွားကြ၏။ အဲ့ဒီရှစ်ယောက်ထိုင်စားပွဲပဲ၊ အဲ့ဒီလူတွေပဲ၊ တံခါးကိုပိတ်ပြီး ခွက်ချင်းတိုက်၊ အသားပြုတ်စားကြသည်။ တစ်ယောက်ချင်းစီက တော်တော်ပျော်နေတဲ့ပုံပဲ။ ညသန်းခေါင်ရောက်တော့ ပိုက်ဝူချန်က ယွီဟွေးဖေးရဲ့ပခုံးကိုပုတ်ပြီးပြောလိုက်သည်။

“ယွီလေး… ငါ… ငါမင်းကိုပြောမယ်…”

ယွီဟွေးဖေးက သူ့ကိုမျက်လုံးလှန်ပြပြီး ပြောသည်။ “ခင်ဗျားလျှာကို ဖြောင့်အောင်ထား… ထားလိုက်တော့။ မင်းလျှာကိုလိပ်ပြီး စကားပြော”

ပိုက်ဝူချန်က ခေါင်းခါလိုက်၏။ သူက ပုံမှန်ဆိုရင် လျှာကိုလိပ်ပြီး ပါးစပ်ထဲထည့်ကာ စကားပြောပေမယ့် လျှာတွဲလောင်းကျနေရင်လည်း စကားမပြောနိုင်တာတော့မဟုတ်ဘူး။ ဒါက သူ့ရဲ့အထူးစွမ်းရည်တစ်ခုပဲ။ လျှာမသုံးဘဲလည်းပြောနိုင်တယ်။

“လိပ်… လိပ်လို့မရတော့ဘူး။ အရမ်း… အရမ်း… ချဉ်တယ်…”

ယွီဟွေးဖေးက သေချာကြည့်လိုက်တော့… သေစမ်း… ဒီကောင်က အရက်သောက်ပြီး လျှာကတစ်ဆလောက်ကြီးလာတာပဲ။ လိပ်လို့မရတော့ဘူးဆိုတာ မဆန်းတော့ဘူး။ ယွီဟွေးဖေးက ငိုရခက် ရယ်ရခက်နဲ့ပြောလိုက်၏။

“ဒါဆိုမပြောနဲ့တော့။ မနက်ဖြန်မှပြော”

ပိုက်ဝူချန်က ခေါင်းခါရင်း မူးပြီးယိုင်နဲ့နဲ့ အိပ်တော့မလိုဖြစ်နေတဲ့ ဟိတ်ဝူချန်ကို ကန်လိုက်၏။

“မင်း… မင်း… ပြော”

ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က မိတ်ဟောင်းဆွေဟောင်းတွေပဲ။ တစ်ချက်ကြည့်ရုံနဲ့ တစ်ဖက်လူဘာပြောချင်လဲဆိုတာသိတယ်။

ဟိတ်ဝူချန်ရဲ့ဦးနှောက်က အခုအရက်မူးပြီး သိပ်အလုပ်မလုပ်တော့ပေမယ့် သမ်းဝေရင်းပြောသည်။

“ပိုက်အစ်ကိုကြီးက မင်းကိုမေးချင်နေတာ။ မနက်ဖြန်ဘယ်လိုလုပ်မလဲ။ နေ့တိုင်း ဟင်းသီးဟင်းရွက်ရောင်းနေလို့တော့မဖြစ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ငါတို့က ငရဲပြည်ကနတ်တွေ၊ မင်းကလည်းကောင်းကင်ဘုံကအရာရှိ။ နောက်ဆုံးတော့ လယ်သမားတွေဖြစ်သွားရင် နည်းနည်းရှက်စရာကောင်းတယ်။ သတင်းထွက်သွားရင် ပိုပြီးမကောင်းဘူး…”

ဒီစကားကြားတော့ ယွီဟွေးဖေးလည်း ခေါင်းတွေတောင်ကိုက်လာပြီ။ ဒါပေမဲ့ လက်ကိုဝှေ့ယမ်းပြီးပြောလိုက်၏။

“အစ်ကိုကြီးတို့… များများမစဉ်းစားကြနဲ့တော့။ ရောက်လာမှတော့ ကောင်းကောင်းနေကြ။ ကိုယ့်အိမ်လိုသဘောထားကြ။ ပိုက်ဆံကတော့ ထပ်ပြီးနည်းလမ်းရှာလိုက်မယ်။ ဟင်းသီးဟင်းရွက်ရောင်းတာပဲလေ။ မရှက်ပါဘူး”

ဒီစကားထွက်လာတော့ နွားခေါင်းကမကျေမနပ်ဖြစ်သွားသည်။

“ငါတို့မှာ လက်ရှိ၊ ခြေရှိနဲ့ မသန်စွမ်းတာမှမဟုတ်တာ။ ငါမယုံဘူး… ငါတို့လို ကောင်းကင်ဘုံက အရာရှိတစ်အုပ်က သာမန်လူတစ်ယောက်လောက်တောင် မဖြစ်ဘူးလား။ ငါထင်တာတော့ ငါတို့က နာမည်တစ်ခုခုတော့ ရအောင်လုပ်ရမယ်။ အဲ့ဒီအခါကျရင် အားရပါးရအရက်သောက်၊ အားရပါးရအသားစား၊ အဲ့ဒါမှဘဝပဲ”

မြင်းမျက်နှာက လိုက်ပြီးစားပွဲကိုရိုက်ကာ ထလိုက်သည်။ “ဟုတ်တယ်… ငါတို့ ကိုယ့်ကိုယ်ကို အရှုံးမပေးနိုင်ဘူး”

ဟိတ်ဝူချန်က လိုက်ပြီးထောက်ခံသည်။ ပြီးတော့ ပိုက်ဝူချန်ကို တစ်ချက်ကြည့်ပြီး အော်လိုက်၏။

“ပိုက်ဝူချန်လည်းသဘောတူတယ်”

ယွီဟွေးဖေးက စဉ်းစားပြီးပြောသည်။ “အစ်ကိုကြီးတို့ရဲ့စေတနာကို ကျုပ်နားလည်ပါတယ်။ ဒါပေမဲ့ အားလုံးရဲ့ရုပ်ရည်က တကယ်ပဲ… ဘာမှလုပ်လို့မလွယ်ဘူး”

ဒီစကားထွက်လာတော့ ကောင်တွေက ချက်ချင်းညှိုးသွားကြကော။ အင်း… တစ်ယောက်က နွားခေါင်း၊ တစ်ယောက်က မြင်းခေါင်း၊ တစ်ယောက်က လျှာရှည်ကြီး၊ တစ်ယောက်က အစိမ်းရောင်မျက်နှာနဲ့စွယ်တွေနဲ့။ ဒါကိုအပြင်ထုတ်သွားရင် ပိုက်ဆံမရတဲ့အပြင် သိပ္ပံသုတေသနလုပ်ငန်းအတွက် အလှူခံရမှာ။

လက်ကိုဝှေ့ယမ်းပြီး ယွီဟွေးဖေးက လူတိုင်းကိုစောစောအိပ်ခိုင်းလိုက်၏။ မနက်ဖြန်မှထပ်စဉ်းစားတော့မည်။

တခြားသူတွေလည်း သိသည်။ သူတို့က ဒီလောကအကြောင်းကို နားမလည်ဘူး။ မျက်နှာသစ်တာတောင် လူကသင်ပေးရတာ။ ဒါကြောင့် တကယ်ကူညီချင်ရင် အခုငြိမ်ငြိမ်လေးနေပြီး ပူးပေါင်းဆောင်ရွက်ပေးရုံပဲ။

ဒါနဲ့ အကုန်လုံး အပေါ်ထပ်တက်ပြီး အိပ်သွားကြ၏။

အကြိမ်ပေါင်းများစွာ လူးလွန့်ပြီးနောက်မှာ လမင်းကြီးကျသွားပြီး မိုးကုတ်စက်ဝိုင်းမှာ အလင်းရောင်သန်းလာတာကို ကြည့်နေရသည်။ နောက်ဆုံးတော့ ယွီဟွေးဖေးက အိပ်မပျော်တော့ဘဲ စောစောထပြီး တံခါးကိုတွန်းဖွင့်ကာ ကျောက်တံတားပေါ်မှာရပ်ပြီး တောင်တန်းတွေကလာတဲ့ လေအေးကို အားရပါးရရှူရှိုက်လိုက်သည်။ လေအေးက အဆုတ်ထဲဝင်သွားတော့ အေးမြတဲ့အငွေ့က ဦးနှောက်ထဲတိုးဝင်ပြီး ယွီဟွေးဖေးတစ်ကိုယ်လုံး လန်းဆန်းသွား၏။

အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ရှို့လင်လမ်းအဆုံးမှာ လူတစ်အုပ်ကိုတွေ့လိုက်ရသည်။

ဒီလူတွေက တော်တော်ထူးဆန်းတယ်။ သူတို့က တစ်ယောက်တစ်ယောက် ဆေးသုတ်ပုံးတစ်ပုံးစီကိုင်ထားသလိုပဲ။ ဆေးသုတ်လို့ပဲ ပြောလိုက်ကြပါစို့။ ပြီးတော့ ဒီလူတွေက နေရာတစ်ခုရှာပြီး ကိုယ့်ကိုယ်ကိုယ်ဆေးသုတ်နေကြတာ။ ယွီဟွေးဖေးတစ်ယောက် အူကြောင်ကြောင်နဲ့ လှမ်းကြည့်နေမိရင်း ကပ်သွားပြီးစပ်စုလိုက်သည်။

“ညီအစ်ကိုတို့… ဒါဘာလုပ်နေကြတာလဲ”

သူတို့ထဲက ချင်မင်းဆက်က ဖရဲသီးခွံလို ဦးထုပ်ဆောင်းထားတဲ့ လူငယ်တစ်ယောက်က ရယ်ပြီးပြောပြ၏။

“ကစားနေတာလေ။ ဘာကစားနေလဲဆိုတာတော့ ခဏနေရင်သိလိမ့်မယ်”

သူက ရွှေဝါရောင်ဆေးသုတ်ထားတဲ့ ဝတ်ရုံရှည်ကြီးကို ဝတ်လိုက်ပြီးတော့ အဲ့ဒီဆေးတွေကိုမျက်နှာပေါ်မှာ သေသေချာချာသုတ်ပြီး ယွီဟွေးဖေးရှေ့မှာလာရပ်ရင် လက်ကိုမြှောက်ကာ နှုတ်ဆက်တဲ့အမူအရာလုပ်လိုက်၏။

ပြီးတော့ မလှုပ်တော့ဘူး။

ယွီဟွေးဖေးတစ်ယောက် ကြောင်သွားပြီး အံ့ဩစွာနဲ့ပြောလိုက်၏။ “သေစမ်း… တကယ်နဲ့တူတာပဲ။ လူလုပ်ရုပ်တု အနုပညာလား”

ယွီဟွေးဖေးက ဘာပဲဖြစ်ဖြစ် ငတုံးကြီးမဟုတ်ဘူး။ အပြင်မှာတက္ကသိုလ်တက်ဖူးပြီး လောကအတွေ့အကြုံရှိတယ်။

“ဟုတ်တယ်… ဒါပဲ။ အားလပ်ရက်လေးရတော့ ငါတို့အားယားပြီး ကစားနေတာ” အဲ့ဒီလူ စကားပြောနေတုန်းမှာပဲ တခြားလူငယ်နှစ်ယောက်လည်း ပြင်ဆင်ပြီးသွားပြီ။ တစ်ယောက်က အဖြူရောင်ကျောက်ရုပ်တုလိုလုပ်ထားပြီး နောက်တစ်ယောက်ကလည်း ကြေးနီရောင်နဲ့ မျက်စိရှေ့ကလူငယ်နဲ့တစ်ပုံစံတည်းပဲ။

ယွီဟွေးဖေးက မေးစေ့ကိုပွတ်သပ်ပြီး မျက်လုံးထဲမှာ အလင်းရောင်တွေတောက်ပနေ၏။

All Chapters