ပိုက်ဆံရှာနည်း
Vol. 2 Ch. 25
ဖြစ်နိုင်တယ်… ဒါက နည်းလမ်းကောင်းတစ်ခုဖြစ်နိုင်တယ်။ စဉ်းစားမိတာနဲ့ ယွီဟွေးဖေးက မတွေဝေဘဲ နောက်လှည့်ပြီး ပြေးသွားတော့သည်။
အိမ်ပြန်ရောက်တော့ ယွီဟွေးဖေးက ချက်ချင်းနွားခေါင်း၊ မြင်းမျက်နှာတို့ကိုခေါ်ပြီး သူ့အတွေးကိုပြောပြလိုက်၏။
“မင်းက ငါတို့ကို အဲ့ဒီလူလုပ်ရုပ်တု အနုပညာကစားပြီး ပိုက်ဆံရှာခိုင်းချင်တာလား” မြင်းမျက်နှာက တော်တော်ပါးနပ်ပြီး ချက်ချင်းအဓိကအချက်ကို ထောက်ပြသည်။ နွားခေါင်းကတော့ ပွစိပွစိပြောနေလေရဲ့။
“မင်းပြောသလိုဆိုရင် အဲ့ဒါက တောင်းစားတာပဲမဟုတ်လား။ ပုံစံပြောင်းပြီးတောင်းစားတာပဲ”
ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က တစ်ပြိုင်နက်တည်းခေါင်းခါပြီး ပြောလိုက်ကြ၏။ “တောင်းစားတာမဟုတ်ဘူး။ ဒါက လမ်းဘေးအနုပညာပြတာ ဖြစ်ရမယ်”
ယွီဟွေးဖေးကလည်း အကျေအလည် ရှင်းပြသည်။ “အဲ့လိုသဘောပေါ့။ ဒါပေမဲ့ ခင်ဗျားတို့ကို ပွဲပြစားခိုင်းမှာမဟုတ်ဘူး။ ဒါက အရမ်းအဆင့်နိမ့်လွန်းတယ်။ ဒါပေမဲ့ ခင်ဗျားတို့လည်း မြင်တဲ့အတိုင်းပဲ။ ကျုပ်တို့အိမ်အခြေအနေက ဒုတိယစီးပွားရေးတစ်ခုခုမလုပ်ရင် ငတ်သေမှာပဲ”
ဒါကိုတော့ အကုန်ခေါင်းညိတ်ထောက်ခံကြသည်။
နွားခေါင်းကလည်း ဝင်ပြောလိုက်သည်။
“ယွီလေး… မင်းတည့်တိုးပဲ ပြောလိုက်တော့။ ငါတို့ကိုဘာလုပ်ခိုင်းချင်တာလဲ”
“ရှင်းရှင်းလေးပဲ။ ကျုပ်တို့ဆီမှာ အခန်းလွတ်တွေရှိတယ်။ ရှေ့ကအခန်းတွေကို လွတ်အောင်လုပ်ပြီး တည်းခိုခန်းပြောင်းမလို့။ အဲ့ဒီအခါကျရင် လာတဲ့ခရီးသွားတွေက ကျုပ်တို့ဆီမှာ တည်းခိုလို့ရတယ်။
ဒါပေမဲ့ ခင်ဗျားတို့က ရုပ်ထွက်ပြလို့မရဘူး။ ဒါကြောင့် အဲ့ဒီအခါကျရင် ခင်ဗျတို့ရဲ့ လှုပ်ရှားမှုနေရာကို ကန့်သတ်ရတော့မယ်။ နောက်ခြံမှာပဲနေလို့ရတော့မယ်”
ယွီဟွေးဖေးရဲ့ စကားကိုကြားတော့ နွားခေါင်းကလည်း လွတိနေတဲ့အချက်ကို ထောက်ပြသည်။
“ငါတို့နောက်ခြံမှာနေတာတော့ ဘာမှမဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် နေ့တိုင်းဧည့်သည်ရှိတာမှ မဟုတ်တာ။ ဧည့်သည်မရှိတဲ့အချိန်မှာ လျှောက်ပတ်လို့ရသေးတယ်”
“ပြဿနာက ငါတို့ရှေ့ကိုမလာဘူး။ ဒါပေမဲ့ သူတို့ကနောက်ကိုမလာဘူးလို့ မဆိုလိုဘူးလေ။ တစ်နေ့နေ့အမြင်ခံလိုက်ရရင် ဘယ်လိုလုပ်မလဲ”
ယွီဟွေးဖေးက စဉ်းစားပြီး ပြောပြ၏။ “ဒါကတော့ အစ်ကိုကြီးတို့အပေါ်မှာ မူတည်တယ်။ တကယ်လို့အတွေ့ခံလိုက်ရရင် ဟိတ်ဝူချန်၊ ပိုက်ဝူချန်ကတော့အဆင်ပြေတယ်။ တည်းခိုခန်းရဲ့အထူးဝန်ဆောင်မှုဝန်ထမ်းတွေလို့ပြောလိုက်ရုံပဲ။ တကယ်တော့ သူတို့က အပြင်ထွက်သွားလာလို့ရတယ်။ မိတ်ကပ်လိမ်းထားတဲ့အာနိသင်လို့ပြောလိုက်ရုံပဲ”
“ဒါပေမဲ့ ခင်ဗျားတို့နှစ်ယောက်ကတော့ မရဘူး။ ခင်ဗျားတို့ရဲ့ နွားခေါင်းနဲ့ မြင်းခေါင်းက အစစ်မှန်းသိသာလွန်းတယ်။ မိတ်ကပ်လိမ်းထားတာလို့ ပြောရင်တောင် လိမ်လို့မလွယ်လောက်ဘူး”
“အဓိကက စေ့စပ်သေချာတဲ့လူနဲ့ တွေ့မှာစိုးလို့။ အဲ့ဒီအခါကျရင် ပြဿနာတက်မှာ။ ဒါကြောင့် ခင်ဗျားတို့ဘာသာ ခင်ဗျားတို့ဂရုစိုက်ကြ။ တကယ်လို့မရရင် ရုပ်တုလိုဟန်ဆောင်လိုက်”
“ကျုပ်အပြင်မှာတော့ သင်္ချိုင်းအတွက်ပင့်ဖိတ်ထားတဲ့အစောင့်အရှောက်နတ်တွေလို့ ပြောလိုက်မယ်။
ဒီလိုလည်း ရနိုင်လောက်တယ်။ ပြီးတော့ လာတာကခရီးသွားတွေပဲ။ အမြဲတမ်းနေမှာမှမဟုတ်တာ။ တစ်ခါတလေ အမြင်ခံလိုက်ရရင်တောင် သရဲခြောက်တယ်လို့ပြောလိုက်ရုံပဲ”
“အဟမ်း… တစ်နေ့နေ့ သတင်းပြန့်သွားရင် ကျုပ်တို့နာမည်ကြီးသွားနိုင်တယ်”
ဒီစကားကြားတော့ လူတိုင်းက ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။
သဘောတူတယ်ပေါ့။ သဘောတူပြီဆိုတော့ ယွီဟွေးဖေးက တည်းခိုခန်းဖွင့်ဖို့ကိစ္စကိုစဉ်းစားတော့သည်။ ဘာပဲဖြစ်ဖြစ် တည်းခိုခန်းဖွင့်တာက တစ်ချက်တည်းနဲ့ပြီးသွားတဲ့ကိစ္စမဟုတ်ဘူး။ အစပိုင်းမှာ အလုပ်တချို့လုပ်ရဦးမယ်။ ဥပမာ တည်းခိုခန်းဖွင့်ဖို့လုပ်ထုံးလုပ်နည်းတွေသွားလုပ်ရမယ်။ ဒါတွေက မဖြစ်မနေလုပ်ရမှာ။
“တည်းခိုခန်းဖွင့်မှတော့ ငါတို့တည်းခိုခန်းကို ဘာနာမည်ပေးမလဲ” မြင်းမျက်နှာကမေးရာ ယွီဟွေးဖေးက စဉ်းစားပြီး ပြောလိုက်သည်။
“နောက်မှာ သင်္ချိုင်းကုန်းရှိတယ်၊ ရှေ့မှာ ခင်ဗျားတို့ရှိတယ်။ ကျုပ်တို့နေရာကို ငရဲပြည်တည်းခိုခန်းလို့ပေးရင်ဘယ်လိုလဲ”
“ဒါဆိုနတ်သိကြားတွေလာရင် ဘယ်လိုလုပ်မလဲ” ဟိတ်ဝူချန်က ဖြတ်မေးတော့ ယွီဟွေးဖေးက သတိသွားပြီး လက်ခုပ်တီးရင်း ပြောလိုက်သည်။
“ဟုတ်သားပဲ။ ဒါဆို ကောင်းကင်ဘုံနဲ့ ငရဲပြည်ပေါင်းစပ်တည်းခိုခန်းဆိုရင် ဘယ်လိုလဲ”
နွားခေါင်းက နွားမျက်လုံးကိုလှန်ပြီး ဝေဖန်သည်။ “တော်တော်နားခါးတာပဲ”
ယွီဟွေးဖေးလည်း နားခါးတယ်လို့ထင်တယ်။ ပြီးတော့ သေချာစဉ်းစားပြီး ထပ်ပြော၏။ “ဒါဆို သရဲနတ်တည်းခိုခန်းဆိုရင် ဘယ်လိုလဲ”
နွားခေါင်းရဲ့မျက်လုံးတွေကတောက်ပသွားပြီး လက်မကြီးတစ်ချောင်း ထောင်ပြလိုက်၏။ “ဒါကောင်းတယ်”
တိုင်ပင်ပြီးသွားတော့ ယွီဟွေးဖေးက လုပ်ထုံးလုပ်နည်းကိစ္စကို စဉ်းစားတော့သည်။
အပြင်ထွက် တစ်ပတ်လောက်ပြေးလွှားပြီးနောက် အသိမိတ်ဆွေတချို့ကနေတစ်ဆင့် လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို နားလည်သွား၏။
ညရောက်တော့ တစ်ခုခုစားပြီးတာတောင်မှ တစ်ယောက်ချင်းစီက ဗိုက်ဆာဆာနဲ့ နောက်ခြံမှာထိုင်ပြီး သင်္ချိုင်းကုန်းကိုကြည့်နေကြတယ်… ဒါလည်းရှုခင်းတစ်ခုပဲပေါ့။
ပုံမှန်ဆိုရင် ယွီဟွေးဖေးတစ်ယောက်တည်းဆိုရင် လုံးဝမကြည့်ရဲဘူး။ ဒါပေမဲ့ အခုဘေးမှာ နတ်လေးပါးထိုင်နေတော့ ယွီဟွေးဖေးက ခုန်ပြီး သင်္ချိုင်းကုန်းပေါ်မှာ ဒစ္စကိုကချင်စိတ်ပါ ပေါက်သွား၏။ ဘယ်သရဲကများသူ့ကိုလာပြီး အော်ဟစ်ရဲမလဲလို့ ကြည့်ချင်မိသား။
အဲ့ဒီအချိန်မှာပဲ ဟိတ်ဝူချန်က မေးလိုက်သည်။
“ယွီလေး… ငါတို့ရဲ့ဆိုင်းဘုတ်ကို လဲလို့ရပြီမဟုတ်လား”
ယွီဟွေးဖေးက ကိုယ့်နဖူးကို ပြန်ရိုက်ရင်း ပြောသည်။ “ဟုတ်သားပဲ။ နွားအစ်ကိုကြီး… သွား… ကျုပ်တို့ဆိုင်းဘုတ်သွားလဲကြမယ်”
သာမန်ဆိုင်းဘုတ်ဆိုရင် ယွီဟွေးဖေးလည်းမလဲနိုင်ဘူး။ ဒါပေမဲ့ ဆိုင်းဘုတ်အပြင်ဘက်မှာ စက္ကူပုံးနဲ့အုပ်ထားတော့ သူကဖြေရှင်းနိုင်မယ်လို့ယုံကြည်တယ်။
ညသန်းခေါင်ကျော်တော့ ရှို့လင်လမ်းလည်း ငြိမ်သက်သွားပြီ။ လူရိပ်လူယောင်တောင် မမြင်ရတော့ဘူး။ ဘာပဲဖြစ်ဖြစ် ရှို့လင်လမ်းဘယ်လောက်ကောင်းကောင်း၊ တစ်ဖက်မှာကသင်္ချိုင်းကုန်းလေ။ ဘယ်သူမှအပြင်ထွက်ပြီး နိမိတ်မကောင်းတာကို မထိတွေ့ချင်ဘူး။
ကိုးထပ်ဆောင်ရဲ့တံခါးမကြီးက ဂျိန်းဂျိန်းနဲ့ဖြည်းဖြည်းချင်းပွင့်လာပြီး ခေါင်းတစ်လုံးကတိတ်တိတ်လေးထွက်လာပြီးတော့ ကိုယ်လုံးကြီးကပါ လိုက်ထွက်လာသည်။
ဒါက ယွီဟွေးဖေးနဲ့ နွားခေါင်းပဲ။ ယွီဟွေးဖေးက နွားခေါင်းကိုကင်းစောင့်ခိုင်းပြီး သူကိုယ်တိုင်ကတော့ အဲ့ဒီဟတ်စကီးခွေးလို ကျောက်ခြင်္သေ့ရုပ်တုပေါ်နင်းပြီး ဆိုင်းဘုတ်ကိုလှမ်းယူဖို့ကြိုးစား၏။ ဒါပေမဲ့ အရပ်ပုလို့ အမြဲတမ်းနည်းနည်းလေး လိုနေပြန်ကော။
“မြန်မြန်လုပ်ဟ” နွားခေါင်းက လောဆော်၏။
“မလောနဲ့… နည်းနည်းလေးပဲလိုတော့တာ။ သေစမ်း… နောက်မှပိုက်ဆံရှိရင် တကယ့်ခြင်္သေ့ကြီးတစ်ကောင်ဝယ်ပစ်မယ်”
ယွီဟွေးဖေးက အားတင်းပြီး လက်လှမ်းလိုက်၏။ လက်ချောင်းထိပ်က စက္ကူပုံးဆိုင်းဘုတ်ကိုထိတော့မလိုဖြစ်နေတုန်းမှာပဲ လက်အကြီးကြီးတစ်ဖက်ကလှမ်းလာပြီး ဆိုင်းဘုတ်ကိုဆွဲချလိုက်သည်။
ယွီဟွေးဖေးတစ်ယောက် ချက်ချင်းကြောင်သွားပြီး နောက်လှည့်ကြည့်လိုက်တော့ နွားခေါင်းက သူ့နဲ့အရပ်တူတူလောက်ရှိနေပြီ။ အလိုလိုနွားခေါင်းရဲ့ခြေထောက်ကိုကြည့်လိုက်တော့ ခြင်္သေ့ရုပ်တုပေါ်မနင်းထားဘူး။
နွားခေါင်းရဲ့ တုတ်ခိုင်ပြီးရှည်လျားတဲ့ လက်မောင်းကိုပြန်ကြည့်ပြီး ယွီဟွေးဖေးရဲ့ခေါင်းထဲမှာ အတွေးတစ်ခုပဲရှိတော့တယ်။
“သေစမ်း… တကယ်ကို အရပ်ရှည်တာပဲ”
နွားခေါင်းက စက္ကူပုံးဆိုင်းဘုတ်ကို ယူရုံတင်မကဘူး နောက်ကဆိုင်းဘုတ်ကိုပါ ဆွဲချလိုက်ပြီး ပါးလွှာတဲ့လက်တော့ပ်ကွန်ပျူတာကို ညှပ်ထားသလိုပဲ ချိုင်းကြားထဲမှာ ပေါ့ပေါ့ပါးပါး ညှပ်ထားလိုက်၏။ ပြီးတော့ နွားမျက်လုံးတစ်စုံက ယွီဟွေးဖေးကိုသံသယမျက်လုံးနဲ့ ကြည့်ပြီးပြောသည်။
“လက်လှမ်းလိုက်တာနဲ့ရတာကို မင်းဘာလို့ အဲ့လောက်အားစိုက်နေတာတုန်း”
ယွီဟွေးဖေးရဲ့မျက်နှာက ချက်ချင်းမည်းသွားပြီး မျက်လုံးတွေက နွားခေါင်းကို စိုက်ကြည့်နေ၏။ နောက်ဆုံးတော့ မျက်လုံးက သူ့ပေါင်ထက်တောင်တုတ်တဲ့ လက်မောင်းပေါ်ကျသွားပြီးတော့ ယွီဟွေးဖေးက အံကြိတ်ပြီး နောက်လှည့်ကာ အဲ့ဒီဟတ်စကီးခွေးလို ကျောက်ခြင်္သေ့ရုပ်တုကိုကန်ပြီး ဆဲလိုက်သည်။
“မင်းက ဘာလို့ဒီလောက်ပုရတာလဲ။ မနက်ဖြန်ငါ့အတွက်အရပ်ရှည်လာအောင်လုပ်ထား” ပြောပြီးတော့ ယွီဟွေးဖေးက ဒေါသတကြီးနဲ့ခြံထဲဝင်သွားတော့သည်။
နွားခေါင်းက ဒါကိုမြင်တော့ စိတ်ညစ်လက်ညစ်နဲ့ ခေါင်းခါပြီး လိုက်ဝင်သွား၏။ တံခါးကိုပိတ်ပြီး ယွီဟွေးဖေးလုပ်တဲ့ ပထမဆုံးအလုပ်က စက္ကူပုံးကိုဆွဲဖြဲလိုက်တာပဲ။ စက္ကူပုံးနောက်မှာ ဆိုင်းဘုတ်ပေါ်မှာ စာလုံးကြီးတချို့ရေးထားတာကို မြင်လိုက်တဲ့အချိန်မှာ ယွီဟွေးဖေး ကြောင်သွား၏။ အဲ့ဒါကတော့…
“မင်းဘာကြည့်တာလဲ”
အဲ့ဒီစာသားကို မြင်လိုက်တော့ ယွီဟွေးဖေးက သက်ပြင်းချပြီး ရေရွတ်လိုက်သည်။
“လူယာဆိုတဲ့ သောက်အဘိုးကြီးက ဘာလို့ဒါကိုဖုံးထားလဲဆိုတာ အခုမှ သိတော့တယ်။ ဒါရှိနေပြီး စီးပွားရေးကောင်းမှ ထူးဆန်းတော့မှာ”
နွားခေါင်းက ဝင်ပြော၏။ “သစ်သားကမဆိုးဘူး။ ခွဲပြီး မီးမွှေးရင်ကောင်းတယ်”
ယွီဟွေးဖေးကခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သေချာတာပေါ့”
အဲ့ဒီအချိန်မှာပဲ ဆိုင်းဘုတ်ပေါ်ကစာလုံးတွေကပြောင်းလဲသွား၏။
“မင်းသေချင်နေတာလား”
ယွီဟွေးဖေးက ကြည့်ပြီးလန့်သွားကာ အော်မိ၏။ “ဒီကောင်က ဝိညာဉ်ဝင်ပူးနေပြီ”
နွားခေါင်းကလည်း ထောက်ခံသည်။ “ဟုတ်လောက်မယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ မီးရှို့လိုက်ရင်ကောင်းသွားမှာ သေချာတယ်”
“မင်းတို့ငါ့ကို တစ်ချက်ထိရဲရင် ထိကြည့်စမ်း။ ငါပြောပြမယ်… ငါက ဟိုတုန်းက လူယာခိုနားခဲ့တဲ့ ဝူထုံပင်ကနေ ဖြစ်လာတာ။ အဆင့်အတန်းအရပြောရရင် သက်တမ်းအရပြောရရင်…”
“ဟေ့… ဟေ့… ကောင်လေး မင်းဘာလုပ်တာလဲ”
ဆိုင်းဘုတ်ပေါ်မှာ စာကြောင်းတွေ တန်းစီပြီးပေါ်လာပေမယ့် ယွီဟွေးဖေးကတော့ လုံးဝဂရုမစိုက်ဘဲ နွားခေါင်းရဲ့သံခက်ရင်းခွကိုယူလာပြီး ပြောသည်။
“ဒီကောင်က ခင်ဗျားရဲ့ သံခက်ရင်းခွစာ ဘယ်နှချက်ခံနိုင်မလဲမသိဘူး” ပြောပြီးတော့ ယွီဟွေးဖေးက အပေါ်ကို အချက်အနည်းငယ် ထိုးလိုက်၏။ ဒါပေမဲ့ ဆိုင်းဘုတ်ကတော်တော်မာပြီး လုံးဝမပျက်စီးဘူး။
ဆိုင်းဘုတ်က တော်တော်ကို ဂုဏ်ယူနေဟန်နဲ့ စာတစ်ကြောင်းပြလိုက်သေး။
“ကောင်လေး… ငရဲတမန်တစ်ယောက်ရဲ့လက်နက်က ငါ့ကို ဘာမှလုပ်လို့မရဘူး”
ယွီဟွေးဖေးက ခေါင်းညိတ်ပြီးပြော၏။ “တကယ်ပဲကိုး… ဒါပေမဲ့မလောပါဘူး။ နောက်ကျရင် ငါ့ဆီကိုလူတွေ ခဏခဏလာမှာ။ သင့်တော်တဲ့လက်နက်ရှိမှ မင်းကိုရှင်းမယ်။ တကယ်လို့မရရင် ငါမင်းကိုအိမ်သာထဲပစ်ထည့်ပြီး အိမ်သာစောင့်ခိုင်းမယ်”