လူသစ်ထပ်ရောက်ပြီ
Vol. 2 Ch. 26
ဆိုင်းဘုတ်က ခုနကပဲ မောက်မာနေတာ။ ဒီစကားတွေကြားတော့ ဆိုင်းဘုတ်ပေါ်မှာ အတော်ကြာ စာလုံးတစ်လုံးမှ မပေါ်လာတော့ဘူး။ ခဏကြာတော့မှ ဆိုင်းဘုတ်ပေါ်မှာ စာလုံးတွေပေါ်လာ၏။
“လူယာတောင် ငါ့ကိုဒီလိုမဆက်ဆံရဲဘူး။ သူငါ့ကို ကျေးဇူးကြွေးတင်နေတာနော်”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ချက်ချင်းဘဲ အင်္ကျီလက်ကိုဆွဲတင်ပြီး အော်လိုက်သည်။
“မင်းငါ့ကို အဲ့ဒီအဘိုးကြီးစုတ်အကြောင်း လာမပြောနဲ့။ မင်းသူ့အကြောင်းပြောလေ ငါပိုဒေါသထွက်လေပဲ”
“အေး… မင်းက သူခိုနားခဲ့တဲ့ ဝူထုံပင်ဆိုတော့ မင်းတို့နှစ်ယောက်က တစ်အိမ်တည်းသားပေါ့။ ဒီလိုတွက်ရင် ငါမင်းကိုရှင်းပစ်တာက ကောင်းကင်ဘုံရဲ့တရားမျှတမှုပဲ”
အဲ့လိုပြောပြီးတော့ ယွီဟွေးဖေးက နွားခေါင်းကိုပြောလိုက်သည်။
“နွားအစ်ကိုကြီး… သူ့ကို အိမ်သာခွက်ထဲ ပစ်ထည့်ပြီး စိမ်ထားလိုက်”
နွားခေါင်းကလည်း အဲ့ဒီဆိုင်းဘုတ်ကိုကြည့်မရဘူး။ သူ့လိုငရဲတမန်တစ်ပါးကို အထင်သေးရဲတယ်လား။
ဒါနဲ့ နွားခေါင်းက ဘာမှမပြောဘဲ ဆိုင်းဘုတ်ကိုဆွဲပြီး အိမ်သာဘက်ကို လျှောက်သွားတော့သည်။ ယွီဟွေးဖေးက လေချွန်ရင်း ခြေဖျားထောက်ကာ စိတ်ထဲကနေ ရေရွတ်လိုက်၏။
‘သုံး… နှစ်… တစ်’
ချက်ချင်းဘဲ နွားခေါင်းရဲ့အော်သံကိုကြားလိုက်ရသည်။
“ယွီလေး… ဒီကောင်အရှုံးပေးပြီ။ ထပ်ပစ်ရဦးမလား”
ယွီဟွေးဖေးက မျက်လုံးကိုလှန်ပြီး ပြောလိုက်၏။ “ဘာပစ်ရမှာလဲ။ နောက်ကျရင် သူ့ကိုအပြင်မှာ ချိတ်ရဦးမှာ။ အဲ့ဒီအခါကျ နံစော်နေရင် ခင်ဗျားကဧည့်သည်ကိုသွားဆွဲမှာလား”
နွားခေါင်းပြန်ရောက်လာတဲ့အချိန်မှာ ဖုန့်ချီဝူထုံဆိုင်းဘုတ်က တော်တော်လိမ္မာသွားပြီ။ ယွီဟွေးဖေးကို မမောက်မာရဲတော့ဘဲ ယဉ်ကျေးစွာနဲ့ စာရေးပြသည်။
“အစ်ကိုကြီး… ခင်ဗျားကျုပ်ကိုဘာလုပ်ခိုင်းမလို့လဲ”
ယွီဟွေးဖေးက ရယ်ပြီးပြောလိုက်၏။ “ဒီလိုမခေါ်ပါနဲ့။ ခင်ဗျားတို့နဲ့ယှဉ်ရင် ကျုပ်ကငယ်ပါသေးတယ်”
နွားခေါင်းက မျက်လုံးကိုလှန်ပြီး ပြောသည်။ “ဟုတ်တယ်… မင်းတကယ်ငယ်တယ်။ ငါတို့နဲ့ယှဉ်ရင် မင်းက ဖားလောင်းလေးပဲရှိသေးတာ”
ယွီဟွေးဖေးက သူ့ကိုဂရုမစိုက်ဘဲ ဆိုင်းဘုတ်ကိုဘဲ ဆက်ပြောလိုက်သည်။ “ငါမင်းကိုဘာမှလုပ်ခိုင်းစရာမလိုဘူး။ မင်းနောက်ဆိုရင် ဒီလောက်မရိုင်းနဲ့။ ဆိုင်းဘုတ်ပေါ်မှာ ငါလိုချင်တဲ့စာလုံးတွေပေါ်လာရင်ပြီးပြီ။ ကျုပ်တို့ ဒီမှာအောင်မြင်လာတဲ့တစ်နေ့ ခင်ဗျားလည်း အကျိုးကျေးဇူးခံစားရမှာဆိုတာ ရဲရဲကြီး အာမခံတယ်”
ပျော့ပျော့တစ်လှည့်၊ ကြမ်းကြမ်းတစ်လှည့်လုပ်ပြီးနောက်မှာ ဆိုင်းဘုတ်ကတော့ ကံကြမ္မာကိုလက်ခံပြီး သဘောတူလိုက်ရပြီ။
ဘာပဲဖြစ်ဖြစ်… ဆိုင်းဘုတ်က ကျေးဇူးကြွေးကိုအကြောင်းပြပြီး လူယာကိုဂရုမစိုက်လို့ရတယ်။
ဒါပေမဲ့ ယွီဟွေးဖေးက လူယာမဟုတ်ဘူး။ သူက ကိုယ့်ရဲ့လုံခြုံရေးအတွက် စဉ်းစားရတော့မယ်။ ယွီဟွေးဖေးက သူ့ကိုမချိုးဖျက်နိုင်ပေမယ့် သူ့ကိုစိတ်အနှောင့်အယှက်ပေးတာကိုတော့ သူလည်းမခံနိုင်ဘူးလေ။
နောက်ဆုံးတော့ ယွီဟွေးဖေးရဲ့ တုတ်တစ်ချက်၊ သကြားတစ်ခဲ ခြိမ်းခြောက်မှုအောက်မှာ ဒီ “မင်းဘာကြည့်တာလဲ” ဆိုင်းဘုတ်က တရားဝင်နာမည်ပြောင်းသွား၏။
“သရဲနတ်တည်းခိုခန်း”
ဒါပေမဲ့ ယွီဟွေးဖေးက စဉ်းစားပြီးနောက်မှာ အောက်မှာ သိပ်မထင်ရှားတဲ့ စာလုံးနှစ်လုံးထပ်ထည့်လိုက်၏။
“ကိုးထပ်ဆောင်”
ညသန်းခေါင်ကျော်တော့ ယွီဟွေးဖေးက နွားခေါင်းကိုထပ်ခေါ်ပြီး အပြင်ထွက်ကာ ဆိုင်းဘုတ်ကိုချိတ်လိုက်သည်။ အဲ့ဒီအချိန်ကစပြီး ယွီဟွေးဖေးရဲ့သရဲနတ်တည်းခိုခန်းက အရာအားလုံးအဆင်သင့်ဖြစ်သွားပြီ။ လုပ်ထုံးလုပ်နည်းပဲကျန်တော့၏။
ဒါပေမဲ့ ယွီဟွေးဖေးကိုအံ့ဩစေတာက ဒီဆိုင်ရဲ့အရင်က လုပ်ငန်းလိုင်စင်၊ သန့်ရှင်းရေးလိုင်စင်တွေက သက်တမ်းမကုန်သေးဘူး။ ဒါပေမဲ့ နာမည်ပြောင်းလိုက်လို့ သူတစ်ခေါက်တော့သွားရဦးမယ်။
အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးတစ်ယောက် ရုတ်တရက်ခါးကပူလာတာကိုခံစားလိုက်ရ၏။ သူလက်နဲ့နှိုက်ထုတ်လိုက်တော့ ကိုးထပ်ဆောင် တံဆိပ်ပြားက ထွက်လာလေရော။
အပေါ်မှာ စာတစ်ကြောင်းထပ်ပေါ်လာပြီ။ “ယနေ့ည… ဆဋ္ဌမမြောက်အကျဉ်းသား ရောက်ရှိပါမည်။ လက်ခံရန်ပြင်ဆင်ပါ။”
ယွီဟွေးဖေးတစ်ယောက် ကြောင်သွား၏။ လူသစ်ထပ်လာပြန်ပြီလား။
တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးတစ်ယောက် ခေါင်းတွေတောင်ကိုက်လာ၏။ မျက်စိရှေ့က နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့က သူ့ကိုအလုပ်ရှုပ်စေရုံတင်မကဘူး။ အဓိကက တစ်ယောက်ချင်းစီက တော်တော်စားနိုင်ကြတာ။ ဒါသာ အစားကြီးတဲ့ကောင်တွေ ထပ်ရောက်လာရင် သူကျွေးမွေးနိုင်တော့မှာမဟုတ်ဘူး။
အရေးကြီးတာက တည်းခိုခန်းဖွင့်တော့မှာဆိုတော့ အခန်းတွေကကျပ်နေပြီ။ သေစမ်း… လူထပ်လာပြန်ပြီ။ ဒါက သူ့ကိုစီးပွါးရေး မလုပ်စေချင်တော့ဘူးလားဟ။
“ကြည့်ရတာ… ပိုက်ဆံနည်းနည်းစုပြီး အပေါ်အောက်ကုတင်တွေဝယ်ရတော့မယ့်ပုံပဲ” ယွီဟွေးဖေးတစ်ယောက် လိုတာကို တွေ့သွားပြီ။ သူ့ဆီကမူလအလုပ်ကြမ်းစခန်းရဲ့ အခြေအနေက မဆိုးပေမယ့် သူ့လက်ထဲရောက်မှ တကယ့်အလုပ်ကြမ်းစခန်းနဲ့တူလာသလိုပဲ။
စိတ်ထဲမှာ တစ်ရာမကတဲ့ မကျေနပ်မှုတွေရှိနေပေမယ့် အပေါ်ကပို့လိုက်တာကို ယွီဟွေးဖေးက ငြင်းလို့မရဘူး။ မျက်စိစုံမှိတ်ပြီးလက်ခံရုံပဲရှိတော့တယ်။
အကြိမ်ပေါင်းများစွာ လက်ခံပြီးနောက်မှာ ယွီဟွေးဖေးက စည်းမျဉ်းတချို့ကိုနားလည်သွားပြီ။
လာတဲ့လူက သိပ်မလောရင် အဆောင်ပြားပေါ်မှာ အသိပေးချက်ပေါ်လာမယ်။ ဒါပေမဲ့ တစ်ဖက်လူကို တန်းပို့လိုက်ရင်တော့ အဆောင်ပြားပေါ်မှာ ဘာအသိပေးချက်မှပေါ်မှာမဟုတ်ဘူး။ ဒါကြောင့် ဒီပစ္စည်းက သိပ်ပြီးအားကိုးလို့မရဘူး။ ဒါပေမဲ့ ယွီဟွေးဖေးနားမလည်တာက ဒီအချိန်မှာလာတာက ဘယ်သူဖြစ်မလဲ။
“နတ်သမီးလေးတစ်ပါးဆိုရင် သိပ်ကောင်းမှာပဲ” ယွီဟွေးဖေးက ပွစိပွစိပြောနေမိသည်။ နတ်သမီးလေးကိုစဉ်းစားမိတော့ ယွီဟွေးဖေးရဲ့ခေါင်းထဲမှာ မြင်ကွင်းတွေ အများကြီးပေါ်လာ၏။ နတ်သမီးခုနစ်ဖော်တို့၊ ပန်းနတ်သမီးတို့… စဉ်းစားရင်း သူကိုယ်တိုင်ရယ်မိသွားသည်။
ယွီဟွေးဖေးက သတင်းကို နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့ကို ပြောပြလိုက်တော့ ကောင်တွေကတော့ တော်တော်တည်ငြိမ်နေကြ၏။
“နတ်သမီးခုနစ်ဖော်ကိုတော့ ထားလိုက်ပါ။ အဲ့ဒီ ဘွားတော်ခုနစ်ဖော်သာ တကယ်ရောက်လာရင် မင်းဆိုင်ကိုဖြိုချပစ်မှာ။ နွားကျောင်းသားကိုမှတ်မိလား”
“အဲ့ဒီတုန်းက… အား… မပြောတော့ဘူး… မပြောတော့ဘူး” နွားခေါင်းက ပါးစပ်အရမ်းဖွာပြီး ဖွင့်ချတော့မလိုဖြစ်နေပြီ။ ယွီဟွေးဖေးက စပ်စုပြီး ဆွပေးလိုက်၏။
“နွားအစ်ကိုကြီး… နွားကျောင်းသားက ဘာဖြစ်လို့လဲ။ သူက နောက်ဆုံးမှာ နတ်သမီးခုနစ်ဖော်နဲ့အတူ ခုနစ်စင်ကြယ်နတ်သမီးလို့ခေါ်တဲ့ ရက်ကန်းနတ်သမီးနဲ့လက်ထပ်သွားတာမဟုတ်ဘူးလား”
“ဟဲဟဲ… ဟုတ်တယ်… အဲ့ဒီကောင်… အား… ပြောရခက်တယ်။ နောက်မှမင်းတွေ့ရင် မင်းဘာသာမင်းမေးလိုက်တော့။ အတိုချုပ်ပြောရရင် အစ်ကို့စကားတစ်ခွန်းကိုနားထောင်… နတ်သမီးတွေကိုတော့ လေးစားစွာနဲ့ အဝေးကရှောင်” နွားခေါင်းက ခေါင်းခါလိုက်ရင်း အကြံပေး၏။
မြင်းမျက်နှာတို့လည်း ခေါင်းညိတ်ပြီး ထောက်ခံကြသည်။ တုန့်ယုံရဲ့ဒုက္ခကို သူတို့သိကြပုံပဲ။ ယွီဟွေးဖေးတစ်ယောက် တော်တော်စပ်စုချင်လာပြီး ဆံပင်တွေတောင်ကုတ်နေပြီ။ ဒါပေမဲ့ တခြားသူတွေကမပြောတော့ သူလည်းဘာမှမတတ်နိုင်ဘူး။
အဲ့ဒီအချိန်မှာပဲ တံခါးကိုခေါက်သံကြားလိုက်ရသည်။
ဒုန်း… ဒုန်း… ဒုန်း
အသံက သိပ်မကျယ်ဘူး။ ခေါက်တဲ့သူက အားသိပ်မရှိဘူးထင်ပါ့။ ယွီဟွေးဖေးက ပွစိပွစိပြောရင်း တံခါးဆီကပ်သွား၏။
“ဒီလောက်ပေ့ါတာ… မိန်းမပဲဖြစ်ရမယ်”
နတ်သမီးကောင်းကောင်း မကောင်းကောင်း ယွီဟွေးဖေးမျက်စိထဲမှာတော့ လှပြီးမျက်စိပသာဒဖြစ်ရင်ပြီးပြီ။ မဟုတ်ရင် နေ့တိုင်းနွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်လို ရုပ်ဆိုးတဲ့ကောင်တွေကိုရင်ဆိုင်နေရရင် အချိန်ကြာလာရင် သူဝက်မကိုတောင် နတ်သမီးလိုလှတယ်လို့ ထင်လာမှာစိုးတယ်။
ဖြည်းဖြည်းချင်းတံခါးကိုဆွဲဖွင့်လိုက်တော့ သန့်ပြန့်တဲ့မျက်နှာတစ်ခုက သူ့မျက်စိထဲဝင်လာ၏။
“ခင်ဗျားက” ယွီဟွေးဖေး ကြောင်သွားသည်။ တံခါးနောက်မှာ ဝတ်ရုံရှည်ဝတ်ထားပြီး ရုပ်ရည်ချောမောတဲ့ လူလတ်ပိုင်းတစ်ယောက်ရပ်နေလေရဲ့။ ဒီလူရဲ့အသားအရေက နည်းနည်းဖြူပြီး နှုတ်ခမ်းမွေးစစနဲ့။ ဘယ်လိုကြည့်ကြည့် ယဉ်ယဥ်ကျေးကျေးစာတတ်ပေတတ်တစ်ယောက်လိုပဲ။
ဒီလူက ယွီဟွေးဖေးကိုမြင်တော့ ပြုံးပြပြီး လက်ယှက်ကာ ပြောလိုက်သည်။
“ကိုးထပ်ဆောင်က အဆောင်မှူးလားမသိဘူး။ ကျုပ်က ငရဲပြည်တရားရေးဌာနက တရားသူကြီး ချွေ့ကျွယ်ပါ”
ယွီဟွေးဖေးက ဒီနာမည်ကို ပထမဆုံးကြားဖူတာမဟုတ်ဘူး။ သူအလိုလိုနောက်ကပိုက်ဝူချန်ကိုကြည့်လိုက်တယ်။
ပိုက်ဝူချန်က ခေါင်းမော့ပြီး ကောင်းကင်ကိုကြည့်နေတယ်။ ငါဘာမှမသိဘူးဆိုတဲ့ပုံစံနဲ့။ ဒီကောင်က စောစောကတည်းကနားလည်ပြီးသား၊ ဒါပေမဲ့ အရူးလုပ်နေတာပဲ။
ယွီဟွေးဖေးက ရယ်ပြီးပြောလိုက်၏။ “တရားသူကြီးချွေ့ပါလား။ နာမည်ကြားဖူးတာကြာပါပြီ။ မြန်မြန်ဝင်လာခဲ့ပါ”
တံခါးကိုပိတ်လိုက်တော့ အေးစက်စက်လေလည်း ရပ်သွားပြီးဆိုတော့ ယွီဟွေးဖေးတစ်ယောက် တော်တော်သက်တောင့်သက်သာဖြစ်သွား၏။
ဒါပေမဲ့ နောက်လှည့်ကြည့်လိုက်တော့ ချွေ့ကျွယ်က ပြုံးစိစိနဲ့ ပိုက်ဝူချန်ကိုကြည့်နေတာကိုတွေ့လိုက်ရသည်။ ပိုက်ဝူချန်ကတော့ ခေါင်းမော့ပြီးကောင်းကင်ကိုဆက်ကြည့်နေ၏။ နေရာမရတဲ့ လက်သေးသေးလေးနှစ်ဖက်က အလိုလိုသူ့လျှာကိုလိပ်နေလျက်ပေါ့။
“ပိုက်လေး… ငါတို့ စကားပြောရတော့မယ်ထင်တယ်။ အရင်ကငရဲပြည်မှာ ငါလက်မလှုပ်သာဘူး။ အခု…”
ချွေ့ကျွယ်က လက်ကောက်ဝတ်ကိုလှည့်ပြီး လက်သီးဆုပ်လိုက် ဖြန့်လိုက်နဲ့ပေါ့။ ပိုက်ဝူချန်က ဒီစကားကြားတော့ ငိုသံပါနဲ့ အော်လိုက်၏။
“မျက်နှာကိုမထိုးနဲ့… ရမလား”
“ရတယ်…” ပြီးတော့ ချွေ့ကျွယ်က လက်သီးကိုဆုပ်ပြီး ပိုက်ဝူချန်ကို မျက်လုံးတစ်ဖက်ညိုမည်းသွားအောင်ထိုးချလိုက်ပါကော။
“မျက်နှာမထိုးဘူးလို့ ပြောထားတာ မဟုတ်ဘူးလား”
ချွေ့ကျွယ်က ကလိမ်ကကျစ်နိုင်စွာနဲ့ အသံကိုဆွဲပြီးပြောလိုက်သည်။
“ဘယ် သူ နိုင် သွား လဲ”
ပိုက်ဝူချန်က ဒါကိုမြင်တော့ အော်ဟစ်တော့သည်။
“အရမ်းလွန်မလာနဲ့ကွ”
ချွေ့ကျွယ်က နောက်တစ်ချက်ထပ်ထိုးပစ်သည်။
ပိုက်ဝူချန်က ရှောင်တိမ်းနေပေမယ့် ချွေ့ကျွယ်က မြန်မြန်လိုက်နိုင်ပြီး နှစ်ချက်ထိုးပြီးနောက် တရားသူကြီး ကလောင်တံကိုထုတ်ပြီး ပိုက်ဝူချန်ရဲ့ဖင်ကို တစ်ဝကြီး ဖင်ထိုးကွက်နဲ့ ထိုးတော့တာပဲ။
ယွီဟွေးဖေးတစ်ယောက် ကြည့်ရင်းနဲ့ အလိုလိုတင်ပါးကိုကျုံ့ထားမိပြီး ပိုက်ဝူချန်ကိုယ်စားနာကျင်စွာအော်ဟစ်နေမိမတတ်ပဲ။ တစ်ချိန်တည်းမှာပဲ စိတ်ထဲကနေတွေးလိုက်သည်။
‘ဒီချွေ့ကျွယ်က ကြည့်ရတာယဉ်ကျေးသလိုနဲ့… လက်လှုပ်လိုက်ရင် တကယ်ကို ချက်ကောင်းကြီးပဲ’