သရဲနတ်တည်းခိုခန်း ဖွင့်ပွဲ
Vol. 2 Ch. 28
ယွီဟွေးဖေးက လက်ကိုဝှေ့ယမ်းပြီး တန်းငြင်းပစ်သည်။
“မစဉ်းစားနဲ့တော့… ဆင်းရဲလွန်းလို့ အရက်ပုလင်းပဲကျန်တော့တယ်။ ပြီးတော့ မနက်ဖြန်ဖွင့်ပွဲလုပ်ရဦးမှာ။ စောစောအိပ်ကြ… အလုပ်မပျက်စေနဲ့”
ဖွင့်ပွဲဆိုတဲ့ အသံကြားတော့ ချွေ့ကျွယ်က စပ်စုပြီးမေးလိုက်သည်။
“ဘာဖွင့်ပွဲတုန်း”
ယွီဟွေးဖေးက သရဲနတ်တည်းခိုခန်း အကြောင်းကို ချွေ့ကျွယ်ကိုပြောပြလိုက်ရာ နားထောင်ပြီးနောက် နှုတ်ခမ်းမွေးကိုပွတ်သပ်ပြီး ခေါင်းခါလိုက်သည်။
“ယွီလေး… မင်းစဉ်းစားပြီးပြီလား။ ဒီတည်းခိုခန်းက ဝန်ဆောင်မှုလုပ်ငန်းဖြစ်ရမယ်။ ဝန်ဆောင်မှုလုပ်ငန်းက ခေါင်းငုံ့ရတယ်… ဒါပေမဲ့ ခုနကစာအုပ်ထဲမှာရေးထားတဲ့အကြောင်းအရာက မင်းကိုဒီလိုလုပ်ခွင့်မပြုဘူးလေ”
“နတ်တစ်ပါးအနေနဲ့ သာမန်လူကိုခေါင်းငုံ့တာက နတ်တွေရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပဲ ကောင်းကင်ဘုံလည်း အရှက်ရစေတယ်”
ယွီဟွေးဖေးတစ်ယောက် ကြောင်သွား၏။ ဒီအချက်ကို သူတကယ်မစဉ်းစားမိဘူး။ သူအရင်က သူဌေးဖြစ်ဖို့၊ ပိုက်ဆံရှာဖို့၊ စားဝတ်နေရေးပြဿနာကိုဖြေရှင်းဖို့ပဲစဉ်းစားနေတာ။ ဒါကိုသိရတော့ ယွီဟွေးဖေးက မျက်မှောင်ကြုတ်သွား၏။
“ဒါဆို စီးပွားရေးလုပ်လို့မရတော့ဘူးလား”
ချွေ့ကျွယ်က ခေါင်းခါလိုက်သည်။ “အဲ့လောက်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စကို မင်းနည်းလမ်းပြောင်းပြီးလုပ်ရမယ်။ ဒီဝန်ဆောင်မှုပုံစံကိုတော့ မင်းနည်းနည်းအဆင့်အတန်းရှိအောင် လုပ်ရမယ်။ မင်းဒီဘက်ကိုလာ… ငါတို့မနက်ဖြန်ဒီလိုလုပ်ကြမယ်…”
ယွီဟွေးဖေးက ကပ်သွားပြီးနားထောင်ပြီးနောက် ကြောင်သွားသည်။
“ဒီလိုလည်းရတယ်ပေါ့”
ချွေ့ကျွယ်က ခေါင်းညိတ်ပြ၏။ “ဒီလိုလုပ်ရင် စီးပွားရေး နည်းနည်းအေးသွားနိုင်တယ်။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ငါတို့ရဲ့စားဝတ်နေရေးကိုတော့ အာမခံနိုင်တယ်”
ဒီလိုပြောပြီး ချွေ့ကျွယ်က နည်းနည်းနောင်တရသွား၏။ “အား… စောစောကတည်းကသိရင် ငါမလာခင် မုန့်ဖော်ကို အရင်ကန်ချလိုက်ပါတယ်ဟ။ သူက နှစ်ပေါင်းများစွာ မုန့်ဖော်ဟင်းရည်ကို သုတေသနလုပ်ထားတာလေ။ ဟင်းချက်တာကတော့ တစ်ဖက်ကမ်းခတ်ပဲ။ အဲ့ဒီအခါကျရင် ငါတို့တည်းခိုခန်းဖွင့်ရုံတင်မကဘူး၊ စားသောက်ဆိုင်ပါဖွင့်လို့ရတယ်။ တစ်ဆိုင်တည်းနဲ့ စီးပွားရေးနှစ်ခု၊ ဘဝကသိပ်မခက်ခဲတော့ဘူး။ ရှယ်ပဲ”
မုန့်ဖော်ရဲ့ဟင်းရည်ဆိုတာကိုကြားတော့ နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့ရဲ့မျက်လုံးတွေက တောက်ပသွားကြသည်။ ယွီဟွေးဖေးက ဘာမှန်းမသိတော့ စပ်စုပြီးမေးလိုက်၏။
“မုန့်ဖော်က ဟင်းချက်တတ်သေးလို့လား။ သူက မုန့်ဖော်ဟင်းရည်အထူးပြုတာ မဟုတ်ဘူးလား”
ဒီစကားကြားတော့ ချွေ့ကျွယ်ကရယ်တော့သည်။ သူမပြောခင်မှာပဲ ဟိတ်ဝူချန်က တဟဲဟဲနဲ့ ဖြတ်ပြော၏။
“မုန့်ဖော်ရဲ့ဟင်းကတော့ လောကမှာထိပ်တန်းပဲ။ ကောင်းကင်ဘုံမှာ စားဖိုနတ်၊ မြေအောက်မှာ မုန့်ဖော်တဲ့… ဒါက လျှောက်ပြောနေတာမဟုတ်ဘူး”
မြင်းမျက်နှာကလည်း ရုတ်တရက်ရယ်ပြီးပြောသည်။ “တကယ်တော့ ဒီကိစ္စကပြောရရင်လည်းစိတ်ဝင်စားဖို့ကောင်းတယ်။ မုန့်ဖော်က မုန့်ဖော်ဟင်းရည်ကိုစပြီးသုတေသနလုပ်တုန်းကဆိုရင် အရသာကတော်တော်ဆိုးတာ။ သရဲတွေ တော်တော်များများသောက်ပြီးတော့ နေရာမှာတင်ပေါက်ကွဲသွားကြကုန်ကော။ ယမမင်းဆီက အဆူခံရတာမနည်းဘူး။ နောက်ပိုင်းမှာ သူကကြိုးစားပြီး မုန့်ဖော်ဟင်းရည်ရဲ့အရသာကိုတိုးတက်အောင်လုပ်ခဲ့တယ်”
“လောကမှာ ရှိသမျှအစားအစာအားလုံးကိုမြည်းစမ်းပြီး အစားအစာအားလုံးကို သေချာသုတေသနလုပ်ပြီးမှ တစ်ဆင့်ချင်းစီပြုပြင်ပြောင်းလဲပြီးတော့ အခုအရသာအလွန်ကောင်းမွန်ပြီး ကမ္ဘာကျော် ငရဲပြည်ရဲ့ပထမဆုံးအစားအစာ မုန့်ဖော်ဟင်းရည်ဖြစ်လာတာ”
ယွီဟွေးဖေးက ကြောင်သွား၏။ “မုန့်ဖော်ဟင်းရည်က ငရဲပြည်ရဲ့ ပထမဆုံးအစားအစာလား။ ခင်ဗျားတို့သောက်ပြီးတော့ မှတ်ဉာဏ်မပျောက်ဘူးလား”
မြင်းမျက်နှာက ဟားတိုက်ရယ်ပြီးပြောလိုက်၏။ “အဲ့ဒါက သာမန်ဝိညာဉ်တွေကိုပဲသက်ရောက်တာ။ ငါတို့လိုငရဲတမန်တွေကမကြောက်ဘူး။ ဒါပေမဲ့ အဲ့ဒီအရသာက… ရှလွတ်…” မြင်းမျက်နှာက မခံနိုင်တော့ဘဲ လျှာသပ်ပြီး တံတွေးမျိုချလိုက်၏။
ယွီဟွေးဖေးတစ်ယောက် ဘာစကားမှ မပြောနိုင်တော့ဘူး။ ဒါပေမဲ့ သူလည်းစိတ်ဝင်စားသွားတယ်။ အဲ့ဒီမုန့်ဖော်ဟင်းရည်က တကယ်ပဲအဲ့လောက်ကောင်းလို့လား။
ချွေ့ကျွယ်နဲ့ ဖွင့်ပွဲအသေးစိတ်ကို တိုင်ပင်ပြီးနောက်မှာ ယွီဟွေးဖေးတစ်ယောက် နောက်ဆုံးတော့သက်ပြင်းချလိုက်နိုင်ပြီ။
ဘာလို့လဲဆိုတော့ ချွေ့ကျွယ်က ငရဲပြည်တရားသူကြီးပီပီ အလုပ်လုပ်နိုင်စွမ်းက နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့ထက်အများကြီးပိုပြီးအားကိုးရတယ်။ ပေးတဲ့အကြံဉာဏ်တွေကလည်း တော်တော်လက်တွေ့ကျပြီး အသုံးဝင်တယ်။
ဒါပေမဲ့ ချွေ့ကျွယ်က သူ့ကိုပြောထားတဲ့ တောင်းဆိုချက်ကိုစဉ်းစားမိတော့ ယွီဟွေးဖေးတစ်ယောက် ခေါင်းတွေတောင်ကိုက်လာ၏။
ခက်တယ်…
အရာအားလုံးအဆင်ပြေသွားပြီး နောက်နေ့မနက်စောစောမှာ ယွီဟွေးဖေးက အပြင်ထွက်ဖို့ပြင်ဆင်တော့သည်။ ဒါပေမဲ့ တံခါးကိုအတော်ကြာတွန်းနေတာတောင်မပွင့်ဘူး။ အဲ့တော့ ယွီဟွေးဖေးက ခေါင်းကိုကုတ်ပြီးပွစိပွစိပြောလိုက်၏။
“ဘာဖြစ်တာတုန်း”
ဘာမှမတတ်နိုင်တော့ဘဲ ယွီဟွေးဖေးက နောက်တံခါးကနေထွက်ပြီး ရှေ့ကိုပတ်သွားတော့ အဲ့ဒီဟတ်စကီးခွေးလိုကျောက်ခွေးနှစ်ကောင်က တံခါးအပြင်ဘက်မှာ ဘေးချင်းယှဉ်ပြီးပိတ်ထားတာကိုတွေ့လိုက်ရ၏။
ဒါကြောင့်သူမတွန်းနိုင်တာကိုး။
ယွီဟွေးဖေးတစ်ယောက် မဆဲဘဲမနေနိုင်ဘူး။ “ဘယ်ငမိုက်သားကများ ဒီလောက်ယုတ်မာရတာလဲ။ ငါ့တံခါးကိုလာပိတ်ထားတယ်ပေါ့”
ဆဲပြီးတော့ ယွီဟွေးဖေးလည်းစိတ်ညစ်သွား၏။ ဒီနှစ်ကောင်က တော်တော်လေးတာဟ။ သူတစ်ယောက်တည်းမသယ်နိုင်ဘူး။
ဘာမှမတတ်နိုင်တော့တာမို့ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အစောကြီးမို့လို့ အပြင်မှာလူမရှိသေးဘူးထင်ပါ့။ ယွီဟွေးဖေးက အမြန်နွားခေါင်းကိုသွားခေါ်လိုက်သည်။ ဒီကောင်က ဒီခွေးနှစ်ကောင် တံခါးအပြင်ဘက်မှာ ဘေးချင်းယှဉ်ထိုင်နေတာကိုမြင်တော့ နွားမျက်လုံးတွေတောင် ပြူးသွား၏။
“ဒါဘယ်သူလက်ချက်လဲဟ။ ယုတ်မာလှချေလား”
ဆဲတာကဆဲတာပဲ၊ လက်တစ်ဖက်နဲ့တစ်ကောင်စီကိုင်ပြီး ကျောက်ခွေးနှစ်ကောင်ကို ဘေးရွှေ့ထားလိုက်သည်။
သူချလိုက်တဲ့အချိန်မှာ ယွီဟွေးဖေးက ရုတ်တရက်ကပ်သွားပြီး ဒီနှစ်ကောင်ကို သေချာကြည့်လိုက်၏။ သူဘယ်လိုခံစားရလဲဆိုတော့… ညာဘက်ကကောင်က နည်းနည်းအရပ်ရှည်လာသလိုပဲ။
အဲ့ဒီအချိန်မှာ အဝေးကနေလူသံကြားလိုက်ရတော့ ယွီဟွေးဖေးက အမြန်နွားခေါင်းကိုခြံထဲဝင်ပုန်းခိုင်းလိုက်သည်။ သူလည်း အဲ့ဒီကျောက်ခွေးကိုလေ့လာဖို့ စိတ်မရှိတော့ဘူး။ ကိုယ့်ဘာသာကိုယ်မျက်စိမှားတယ်လို့ပဲ သဘောထားလိုက်သည်။
ကျောက်ခွေးပြသနာကို ရှင်းပြီးတော့ ယွီဟွေးဖေးက အပြင်ထွက်ပြီး ဟင်းရွက်တစ်အိတ်ထပ်ရောင်း၊ ဗျောက်အိုးနှစ်ကုံးဝယ်ပြီး ဗျောက်အိုးသံတွေကြားမှာ သရဲနတ်အဓိကစားသောက်ဆိုင်က တရားဝင်ဖွင့်လှစ်လိုက်ပြီ။
တစ်ချို့ကပျော်၊ တစ်ချို့ကစိတ်ညစ်တယ်။ ယွီဟွေးဖေးက ပျော်ရွှင်စွာနဲ့ ဖွင့်ပွဲလုပ်ဖို့ပြင်ဆင်နေတုန်းမှာပဲ ဆိုင်ငယ်လေးတစ်ဆိုင်က ဆိုင်ရှင်ဝတုတ် မျက်နှာတွေတောင်ရှုံ့မဲ့နေပြီ။
ဒီနေ့ဘယ်လိုဖြစ်လဲမသိဘူး။ မနက်ကတည်းက သူတို့ဆိုင်ကဧည့်သည်တွေက နတ်ပူးသလိုပဲ တစ်ယောက်ချင်းစီကလာပြီး ရန်တွေ့နေကြတယ်။
“ခင်ဗျားတို့ဆိုင်က လက်ရာမမှန်ဘူး။ မနေ့ကဒီအရသာမဟုတ်ဘူး”
“မနေ့ကဟင်းက ဒီနေ့ထက်ပိုကောင်းတယ်။ မနေ့ကကြွပ်ရွပြီး လတ်ဆက်တယ်။ ဒီနေ့ ဒါဘာကြီးတုန်း”
“ဆိုင်ရှင်… ခင်ဗျား ဒီလိုစီးပွားရေးလုပ်လို့ မရဘူးလေ။ ကျုပ်ပြောမယ်… ဒီဟင်းကို ကျုပ်မကျေနပ်ဘူး။ ပိုက်ဆံမရှင်းဘူး”
တစ်ယောက်ကပြဿနာရှာရင် ဝတုတ်ကြီးက တစ်ယောက်ယောက်က သူ့ကိုဒုက္ခပေးတယ်လို့ဘဲထင်မှာ။ ဒါပေမဲ့ ဖောက်သည်ဟောင်းတွေပါ ဒီလိုပြောလာတော့ သူလည်းအလေးထားရတော့မယ်။ သူရောက်လာပြီးသေချာကြည့်တော့မှ တိုင်ကြားတဲ့သူတွေက သူ ယွီဟွေးဖေးဆီက ဝယ်ထားတဲ့ ဟင်းရွက်ကိုစားတဲ့ဖောက်သည်တွေမှန်း သိလိုက်ရတယ်။
ယွီဟွေးဖေးပို့လာတဲ့ ဟင်းရွက်ရဲ့အရသာကိုစဉ်းစားမိတော့ ဝတုတ်ကြီးက အဲ့ဒီဟင်းသီးဟင်းရွက်ဟာ သူကိုယ်တိုင် အပြင်ကဝယ်တာထက် အများကြီးပိုကောင်းတယ်ဆိုတာကိုဝန်ခံရတော့မယ်။
အရသာကတော်တော်ကွာတာကိုး။ ကျွမ်းကျင်သူမလိုဘူး၊ ဘယ်သူစားစားသိနိုင်တယ်။ သူဘာမှမတတ်နိုင်တော့ဘဲ ယွီဟွေးဖေးကိုဆက်သွယ်ပြီး ဟင်းသီးဟင်းရွက်ရှိသေးလားလို့ မေးကြည့်ချင်ပေမဲ့ ဖုန်းခေါ်လိုက်တော့…
“မင်္ဂလာပါ… ကျွန်တော်တို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်ကို ၈၈၈ ယောက်မြောက်ခေါ်ဆိုသူဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်။ ခင်ဗျား ယွမ်ရှစ်ထောင်ဆုကြီးပေါက်သွားပါတယ်။ အခုခင်ဗျားက…”
“တော်လိုက်စမ်း”
ဝတုတ်ကြီးက ကြားတာနဲ့ဒါက လူလိမ်ဖုန်းမှန်းသိတယ်။ ဒီတစ်ခါတော့ ဝတုတ်ကြီးနောက်ဆုံးတော့သိလိုက်ပြီ။ ယွီဟွေးဖေးက အရူးမဟုတ်ဘူး၊ လူယုတ်မာပဲ။ ဒါက တစ်ပတ်ရိုက်ပြီး သူ့ကိုဂွင်ဆင်သွားတာ။
ငိုချင်ပေမယ့် မျက်ရည်မထွက်တဲ့ ဝတုတ်ကြီးက ဖောက်သည်တွေကို တောင်းပန်နေရုံပဲ တတ်နိုင်တော့သည်။ တစ်အုပ်ပြီးတစ်အုပ်ပို့ဆောင်ပြီး ညရောက်တော့ ခါးတောင်မတ်မတ်မရပ်နိုင်တော့ဘူး။ ကိုယ့်ရဲ့အဖြစ်အပျက်ကိုစဉ်းစားမိပြီး မဆဲဘဲမနေနိုင်ဘူး။
“ကောင်လေး… နောက်တစ်ခါငါနဲ့မတွေ့စေနဲ့”
ဖြောင်း… ဖောင်း… ဒိုင်း… ဒိုင်း
ဗျောက်အိုးသံတွေက လူတော်တော်များများကိုဆွဲဆောင်သွား၏။ ခပ်မြင့်မြင့်ချိတ်ထားတဲ့ ဆိုင်းဘုတ်ပေါ်မှာ ရေးထားတာက “သရဲနတ်တည်းခိုခန်း”။ နာမည်ဆန်းဆိုတော့ ချက်ချင်းလူတော်တော်များများရဲ့အာရုံစိုက်မှုကိုရသွားသည်။
“သရဲနတ်… ဒါဘာတည်းခိုခန်းကြီးတုန်း” တစ်ယောက်ယောက်ကမေးလိုက်၏။
“ကြော်ငြာသက်သက်ပဲဖြစ်မှာပါ။ အခုတလော စားသောက်ဆိုင် တော်တော်များများက ဒီလိုလုပ်ကြတာပဲ။ ဒါပေမဲ့ဝင်သွားရင်လည်း အဲ့လောက်ပါပဲ။ ဒီလူတွေက စားသောက်ဆိုင်ဖွင့်ရင် ဟင်းကောင်းကောင်းချက်တတ်ရင်ပြီးပြီ။ အရက်ကောင်းရင် လမ်းကြားထဲမှာရှိလည်း မကြောက်ဘူး။ ဒါပေမဲ့ တစ်ယောက်ချင်းစီက ဖြတ်လမ်းလိုက်ချင်ပြီး ဒီလိုအာပလာတွေလုပ်နေကြတယ်” အဘိုးကြီးတစ်ယောက်က နှာခေါင်းရှုံ့ပြီး အားပါးတရ အတင်းချ၏။
အဲ့ဒီအချိန်မှာပဲ တံခါးမည်းကြီးပွင့်လာတော့ ရှေးခေတ်ဝတ်ရုံဝတ်ထားတဲ့ ယဉ်ယဥ်ကျေးကျေး လူလတ်ပိုင်းတစ်ယောက်က ထွက်လာပြီး လူအုပ်ကိုလက်ယှက်ပြီး အရိုအသေပေးလိုက်သည်။
“အဘိုးအဘွား ဦးလေးအဒေါ်တို့… ကျွန်တော်တို့ သရဲနတ်တည်းခိုခန်းက ဒီနေ့ကစပြီးဖွင့်လှစ်လိုက်ပါပြီ။ နောက်ဆိုရင် အားလုံးပဲကူညီစောင့်ရှောက်ပေးကြပါဦး”