← Chapters

ညကျမှ မင်းဆီလာခဲ့မယ်

Vol. 2 Ch. 29

ညကျမှ မင်းဆီလာခဲ့မယ်

Vol. 2 Ch. 29

ဒီစကားကြားတော့ လူတွေလည်း စိတ်ဝင်စားလာပြီး တစ်ယောက်ချင်းစီ စပ်စုစပ်ချောင်လုပ်ဖို့ တိုးဝှေ့လာကြ၏။

“ဒါကတော့ ကျွန်တော်တို့ရဲ့ သူဌေး၊ သူဌေးယွီဟွေးဖေးပါခင်ဗျာ” ချွေ့ကျွယ်က ယွီဟွေးဖေးကို ရှေ့ထုတ်လိုက်သည်။

အခုအချိန်မှာတော့ ယွီဟွေးဖေးရဲ့ ဝတ်ရုံအနီရဲရဲက သန့်ပြန့်နေပြီ။ ဒါပေမဲ့ ဒီဟာကြီးက အနီးကပ်အကြည့်မခံဘူး။

ယွီဟွေးဖေးလည်း မသိတော့ဘူး။ လူယာဆိုတဲ့ ငမွှေကောင်က အဝတ်အစားကို ဘယ်လိုများဝတ်သွားလဲမသိ၊ ဘယ်လိုပဲလျှော်လျှော် လုံးဝပြောင်စင်မသွားဘူး။ ဒါပေမဲ့ အဝေးကကြည့်လိုက်တော့ မီးလိုတောက်နေတဲ့အနီရောင်က သူ့ကိုယ်ပေါ်မှာ တော်တော်လေးတော့ ဟိတ်နဲ့ဟန်နဲ့ဖြစ်စေသား။

ဒါပေမဲ့ ယွီဟွေးဖေးက သူ့ရဲ့ ပုံမှန် ဟီးဟီးဟားဟားပုံစံကိုဖျောက်ပြီး မျက်နှာထားတင်းတင်းနဲ့ ထွက်လာတယ်။ လူအုပ်ကို ခေါင်းတစ်ချက်ညိတ်ပြပြီးတာနဲ့ ချက်ချင်း လှည့်ထွက်သွားတော့တာပဲ။

ဒီမြင်ကွင်းကိုမြင်တော့ လူအုပ်ထဲမှာ ပွက်လောရိုက်သွားရော။

“ဒါ… ဒါက ဘယ်လိုဇာတ်လမ်းထွင်တာတုန်း” တစ်ယောက်ယောက်က မကျေမနပ်ဖြစ်သွား၏။

“ဘယ်ဆိုင်ဖွင့်ပွဲမဆို သူဌေးက မီးလိုတောက်နေအောင် ဖော်ရွေရတာ။ ဒီကောင်က ဝတ်ထားတာတော့ ရယ်စရာကြီး။ ဒါပေမယ့် မျက်နှာက ဘာလို့ ပေါင်မုန့်တူးလို မည်းနေတာတုန်။ စီးပွားရေးလုပ်တတ်ရဲ့လားဟ” တစ်ယောက်က ညည်းညူသည်။

လူအုပ်ထဲက ဝတုတ်ကြီးတစ်ယောက်က အာမေဋိတ်သံနဲ့ အော်လိုက်၏။

“သေစမ်း… အဲ့ကောင်ပဲလား”

ဒီလူက ယွီဟွေးဖေးရဲ့ ဂွင်ထဲကျသွားတဲ့ စားသောက်ဆိုင်ပိုင်ရှင် ဝတုတ်ရှောင်းပဲ။ ဝတုတ်ရှောင်းရဲ့ ဒီနှစ်ရက်အတွင်း ကြုံတွေ့ခဲ့ရတာတွေက တော်တော်လေးကို နာကျင်စရာကောင်းပြီး ဆုံးရှုံးမှုကလည်း မနည်းဘူး။ ယွီဟွေးဖေးကိုမြင်တော့ သူလည်း စားသောက်ဆိုင်ဖွင့်တာကိုသိသွားပြီး မျက်လုံးတွေတောင် နီရဲလာပြီ။

ပြိုင်ဘက်ဆိုတာ ရန်သူပဲလေ၊ ရန်သူအရင်းဖြစ်နေရင်တော့ ပြောစရာတောင်မလိုတော့ဘူး။

ဝတုတ်ရှောင်းက အံကြိတ်ပြီး ကြိမ်းလိုက်၏။

‘ဟမ့်… ဘုရားလမ်းမှာ ရန်သူတွေ့တယ်ဆိုတာ ဒါမျိုးကိုး။ မင်းက ငါ့ကိုဂွင်ဆင်ရဲတယ် ဟုတ်လား။ ငါ… မင်းဖွင့်ပွဲလုပ်တယ် ဟုတ်လား။ ဟင်းဟင်း’ ဒီလိုတွေးပြီး ဝတုတ်ရှောင်းက အသံကုန်ခြစ်အော်လိုက်၏။

“သရဲနတ် ဟုတ်လား… မင်းဘာလို့ ကောင်းကင်ဘုံကိုတန်းတက်မသွားတာလဲ။ ပြောစမ်း… ပြောကြည့်စမ်း မင်းတို့နေရာက သင်္ချိုင်းကုန်းပဲ မဟုတ်လား။ ဘယ်သူက မင်းတို့ဆီမှာ လာတည်းရဲမှာလဲ”

လူတွေကလည်း ခေါင်းတညိတ်ညိတ်နဲ့ လိုက်ပြောကြသည်။

“ဟုတ်တယ်… မင်းက တည်းခိုခန်းဖွင့်တယ်တဲ့၊ အလောင်းထားတဲ့ အခန်းဖွင့်ရင်တောင် ဟုတ်သား”

“ယွီလေး… မင်း… တစ်နေ့လုံး ဘာတွေစဉ်းစားနေတာလဲ။ စောစောဆိုင်ပိတ်လိုက်ပါကွာ။ မင်းဆီမှာ ဘယ်သူမှလာတည်းရဲမှာ မဟုတ်ဘူး” ဝတုတ်ရှောင်းကပြောလိုက်သည်။

“ဟုတ်တယ်… ဘယ်သူကလာတည်းရဲမှာလဲ။ မင်းက အပြင်လူတွေကို လိမ်စားမလို့တော့မဟုတ်ပါဘူးနော်။ ငါပြောမယ်… ငါတို့ရှို့လင်ရွာကလူတွေက ရိုးသားကြတယ်။ မင်းကို ဒီလိုလူလိမ်တဲ့အလုပ်မျိုး လုံးဝလုပ်ခွင့်မပေးဘူး”

ယွီဟွေးဖေးက သူ့ကိုတစ်ချက်ကြည့်လိုက်ပေမယ့် လုံးဝဂရုမစိုက်ဘဲ ချွေ့ကျွယ်ကို ဒီကလိမ်ကကျစ်ဝတုတ်ကြီးနဲ့ဖြစ်ခဲ့တဲ့ အကြောင်းစုံကို ပြောပြလိုက်၏။

ချွေ့ကျွယ်က ဘယ်လောက်တောင် ဉာဏ်ကောင်းတဲ့သူလဲဆိုတော့ တစ်ခွန်းကြားရုံနဲ့ သဘောပေါက်သွားပြီ။ ပြုံးစိစိနဲ့ ဝတုတ်ရှောင်းကိုတစ်ချက်ကြည့်ပြီး ယွီဟွေးဖေးကို အသံတိုးတိုးနဲ့ပြောလိုက်၏။

“ညကျရင် ပိုက်ဝူချန်ကို သူတို့အိမ်လည်ခိုင်းလိုက်”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ကြောင်သွားပြီး အားရပါးရ လက်မကြီးတစ်ချောင်းထောင်ပြသည်။

“ခင်ဗျားက ပိုယုတ်မာတာပဲ”

ချွေ့ကျွယ်က သူ့ကိုမျက်လုံးလှန်ပြပြီး ဝိုင်းအုံလာတဲ့လူတွေကို ဆက်ပြောလိုက်သည်။

“အားလုံးသိကြတဲ့အတိုင်းပဲ ဒီနေရာက မူလက သင်္ချိုင်းစောင့်အိမ်။ နောက်မှာက သင်္ချိုင်းကုန်းပဲ။ ဒါကြောင့် ကျွန်တော်တို့ကလည်း နေရာနဲ့လိုက်လျောညီထွေဖြစ်အောင် ဒီသရဲနတ်တည်းခိုခန်းကို လုပ်လိုက်တာပါ။ အားလုံးက အရင်းအမြစ်ကိုသိကြတော့ ကျွန်တော်တို့လည်း မဖုံးကွယ်ပါဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ လိမ်စားဖို့ရည်ရွယ်ချက်မရှိပါဘူး”

“ပြီးတော့လေ… ခင်ဗျားတို့က ကျွန်တော်တို့ဟာ သင်္ချိုင်းကုန်းနဲ့နီးလို့ နိမိတ်မကောင်းဘူးလို့ထင်နေတာမဟုတ်လား”

“ဒါပေမဲ့ အားလုံးသေချာစဉ်းစားကြည့်ကြပါ။ တကယ်လို့ အကွာအဝေးနဲ့ပြောရရင် ဒီသင်္ချိုင်းကုန်းက ခင်ဗျားတို့အိမ်တွေနဲ့လည်း သိပ်မဝေးပါဘူး…”

“ခင်ဗျားတို့ရဲ့ ကွယ်လွန်သွားတဲ့ ဘိုးဘေးတွေက တကယ်လို့ ခင်ဗျားတို့ကိုလာကြည့်ချင်ရင် ခြေလှမ်းနည်းနည်းပိုလှမ်းလိုက်ရုံပဲ”

“စိတ်ချပါ… သူတို့က အဲ့လောက်ပျင်းစရာ မကောင်းပါဘူး”

လူတွေက ဒီစကားကြားတော့ တစ်ပြိုင်နက်တည်း မျက်လုံးလှန်ပြလိုက်ကြ၏။ သောက်ကျိုးနည်း… မင်းက ကြော်ငြာနေတာလား၊ ခြောက်နေတာလားဟ။

ချွေ့ကျွယ်က ကောင်းကောင်းနားလည်တယ်။ သူတို့ရဲ့ဧည့်သည်တွေက မျက်စိရှေ့က ဒီဒေသခံတွေနဲ့ အပြင်ကလာတဲ့ကုန်သည်တွေ၊ အလုပ်သမားတွေမဟုတ်ဘူး။

ဒီလူတွေက ဒီနေရာကိုသိပြီးသား၊ အသစ်အဆန်းမရှိတော့ဘူး၊ ရှောင်ကြဉ်စရာတွေပဲ အများကြီးရှိတယ်။

ဒါကြောင့် စကားရှယ်ပြောပြီးတော့ လူစုခွဲလိုက်တာပဲ။

ဒါပေမဲ့ ယွီဟွေးဖေးက တော်တော်စိတ်မကျေမနပ်ဖြစ်နေ၏။ မူလက ဖွင့်ပွဲလုပ်တာကို ဝတုတ်ရှောင်းက ခေါင်းဆောင်ပြီးမွှေလိုက်လို့ပေါ့။ မဟုတ်ရင် လူတွေက ဒီနေရာကသင်္ချိုင်းကုန်းမှန်းသိရင်တောင် ပေါ်တင်ပြောမှာမဟုတ်ဘူး။

ပြောထွက်လိုက်တာနဲ့ နိမိတ်မကောင်းတော့ဘူး။

ပြီးတော့ ဝတုတ်ရှောင်းက ထွက်သွားတဲ့အချိန်မှာတောင် အပြင်ကဧည့်သည်တွေလာရင် သူက ဒီနေရာကသင်္ချိုင်းကုန်းဆိုတာကို သတိပေးမယ်လို့ အော်ဟစ်သွားသေး။

သိသာတယ်… ဒီဝတုတ်ရှောင်းက ယွီဟွေးဖေးရဲ့စီးပွားရေးကို ဖျက်ဆီးပြီး ယွီဟွေးဖေးရဲ့ငွေလမ်းကြောင်းကို ဖြတ်တောက်ဖို့ ပက်ပက်စက်စက် ကြိုးစားနေတာပဲ။ ယွီဟွေးဖေးရဲ့ စိတ်ထဲမှာလည်း အရမ်းကို ပေါက်ကွဲနေပြီ။

‘ခွေးသူတောင်းစား… ညရောက်အောင်စောင့်နေလိုက်’

တံခါးကိုပိတ်ပြီးတော့ ချွေ့ကျွယ်က ယွီဟွေးဖေးကိုရှာလိုက်သည်။

“ယွီလေး… ဖွင့်ပွဲကတော့ ဖွင့်ပြီးပြီ။ အခုငါတို့တစ်ခုတည်းသောမျှော်လင့်ချက်က အပြင်ကဖောက်သည်တွေပဲ။ မင်းက လူဆွဲဆောင်ဖို့နည်းလမ်းရှိတယ်ဆို။ မြန်မြန်လုပ်တော့လေ”

ယွီဟွေးဖေးက ခေါင်းညိတ်ပြီးပြောလိုက်သည်။

“နားလည်ပြီ… ဒါပေမဲ့ ကျုပ်တို့ဆီမှာ ထူးခြားချက်နည်းနည်းလိုနေသေးတယ်။ ကြည့်ရတာ သရဲနတ်အရောင်အသွေး နည်းနေသလိုပဲ”

ချွေ့ကျွယ်က ပတ်ဝန်းကျင်ကိုကြည့်ပြီးပြော၏။

“ဒါကမခက်ပါဘူး။ ငါအရင်က လက်သမားအလုပ်နည်းနည်းလုပ်ဖူးတယ်။ နောက်မှ နွားခေါင်းနဲ့မြင်းမျက်နှာကို သစ်ပင်တချို့ခုတ်ခိုင်းလိုက်မယ်။ ငါဒီခြံဝင်းကို နည်းနည်းအလှဆင်ပေးမယ်”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ မချီးကျူးဘဲမနေနိုင်ဘူး။

“ချွေ့အစ်ကိုကြီး… ခင်ဗျားရဲ့ အရည်အချင်းက ထိပ်တန်းပဲ။ ခင်ဗျားငရဲပြည်မှာနေတာ နှမြောစရာကောက်းလွန်းတယ်”

ချွေ့ကျွယ်က သူ့ကိုမျက်လုံးလှန်ပြလိုက်၏။ သောက်ကျိုးနည်း… သူငရဲပြည်မှာ အာဏာရှိတဲ့သူ၊ အဲ့ဒီဘဝက ဒီမှာနေရတာထက် အများကြီးပိုကောင်းတယ်။ နှမြောစရာတဲ့၊ ဒီကိုလာတာမှ နှမြောစရာဟ။ ဗိုက်ဝအောင်စားဖို့သာမဟုတ်ရင် အချိန်ဖြုန်းချင်မှာမဟုတ်ဘူး။

ချွေ့ကျွယ်က နွားခေါင်း၊ မြင်းမျက်နှာကိုခေါ်ပြီး နောက်ခြံနံရံပေါ်မှာမှောက်ကာ အဝေးကတောအုပ်ကိုကြည့်ပြီး ညသန်းခေါင်မှာ လက်စဖြောင်မယ့်ပစ်မှတ်ကိုရွေးနေလေရဲ့။ ဒါပေမဲ့ ကြည့်ရတာ ခဏလေးနဲ့တော့ ရွေးလို့ပြီးမှာမဟုတ်ဘူး…

ယွီဟွေးဖေးကတော့ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်ကို ဘေးကိုခေါ်ပြီး ဖုန်းကိုထုတ်၊ နေရာကောင်းတဲ့ထောင့်ကိုရွေးပြီး သူတို့ကိုဓာတ်ပုံရိုက်တော့သည်။ ပြီးတော့ အင်တာနက်ပေါ်မှာ အွန်လိုင်းဆိုင်မှတ်ပုံတင်လိုက်၏။

ကြော်ငြာစာသားကတော့…

“သင်္ချိုင်းကုန်းပေါ်က တည်းခိုခန်း၊ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က ဧည့်ကြိုလုပ်တယ်၊ မင်းလာရဲလား။

ဒီမှာ ဆူညံသံမရှိ၊ ငြင်းခုံသံမရှိ၊ ရှိတာက သင်္ချိုင်းကုန်းအောက်က တိတ်ဆိတ်ငြိမ်သက်မှုနဲ့ ဟိတ်ဝူချန်၊ ပိုက်ဝူချန်တို့ရဲ့အဖော်ပြုမှုပဲ၊ မင်းလာချင်လား။”

ပြီးတော့ ယွီဟွေးဖေးက ဟိတ်ဝူချန်၊ ပိုက်ဝူချန်နဲ့အတူ ဆိုင်ရဲ့ဓာတ်ပုံတချို့ကို တင်လိုက်တယ်။ ကျန်တာကတော့ စောင့်နေရုံပဲ။

ဒါပေါ့… ဟိတ်ဝူချန်က မျက်နှာဖုံးတစ်ခုတပ်ထားတယ်။ ဘာပဲဖြစ်ဖြစ် ဒီကောင်ရဲ့မျက်နှာက တော်တော်ကြောက်စရာကောင်းတာကိုး။

နေ့လယ်မှာ ဆလတ်ရွက်တစ်စည်းစားပြီး ယွီဟွေးဖေးက ဖုန်းကိုဆက်စောင့်နေတယ်။ ဒါပေမဲ့ ယွီဟွေးဖေးကို တော်တော်စိတ်ညစ်စေတာက သူအင်တာနက်ပေါ်တင်ထားတဲ့ဆိုင်က လူတစ်ယောက်မှမတည်းခိုပေမယ့် မကောင်းတဲ့သုံးသပ်ချက် အချက်ပေါင်းများစွာ တိုးလာတာပဲ။

“ဒီစုတ်ပြတ်နေတဲ့ဆိုင်က သင်္ချိုင်းကုန်းဘေးမှာဆောက်ထားတာ။ ဆိုင်အောက်မှာ လူတစ်သောင်းမြှုပ်ထားတဲ့တွင်းကြီးရှိတယ်လို့ကြားတယ်။ မသွားကြနဲ့… ညကျရင် သရဲခြောက်တယ်”

“ဒီနေရာက နေရတာအေးစက်စက်နဲ့… လူနေဖို့မသင့်တော်ဘူး”

“အားလုံးကိုဓာတ်ပုံပြမယ်… ကုတင်ပေါ်မှာ ပင့်ကူရှိတယ်”

“ငါထင်တာတော့ ဒီဆိုင်က မျက်နှာသုတ်ပုဝါတွေကို ဘယ်သူမှမလျှော်ဘူး… တော်တော်ညစ်ပတ်တယ်…”

…

ယွီဟွေးဖေးရဲ့နဖူးပေါ်မှာ မျဉ်းမည်းတွေပြည့်နေပြီ။ ချက်ချင်း ဖောက်သည်ဝန်ဆောင်မှုကို ဖုန်းဆက်လိုက်တော့ ဖောက်သည်ဝန်ဆောင်မှုမှာရှိတဲ့ တစ်ယောက်ယောက်က အရင်ဗားရှင်းအဟောင်းရဲ့အားနည်းချက်ကိုသုံးပြီး ယွီဟွေးဖေးကိုတိုက်ခိုက်နေတာလို့ပြောကော။

နောက်ကွယ်ကနေ ဖြေရှင်းနေပြီ၊ မကြာခင်မှာ အဖြေရလိမ့်မယ်တဲ့။ မကြာခင်လို့ပြောပေမယ့် အမြန်ဆုံး ၄၈ နာရီလိုတယ်။ ဒီ ၄၈ နာရီအတွင်းမှာ ယွီဟွေးဖေးက ဖောက်သည်ရဖို့မမျှော်လင့်တော့ဘူး။

ညရောက်တော့ ယွီဟွေးဖေးက ညစာစားပြီး အပြင်ထွက်လမ်းလျှောက်ချိန် ရွာထိပ်မှာ စာရွက်ကြီးတစ်ရွက်ကပ်ထားတာကိုတွေ့လိုက်ရ၏။ အပေါ်မှာ ရှင်းရှင်းလင်းလင်းရေးထားတာက….

“ရွာထဲက လူယုတ်မာ၊ သင်္ချိုင်းကုန်းပေါ်မှာ တည်းခိုခန်းဆောက်၊ နောက်မှာက သင်္ချိုင်းကုန်း၊ အားလုံးပဲ လိမ်လည်တာ မခံရအောင် သတိထားပါ။

အဲ့ဒီတည်းခိုခန်းနာမည်က - သရဲနတ်တည်းခိုခန်း။”

ယွီဟွေးဖေးတစ်ယောက် ကြည့်လိုက်တာနဲ့ အဲ့ဒီဝတုတ်ရှောင်းလုပ်တဲ့ ကောင်းမှုမှန်းသိလိုက်ပြီ။ ဒေါသထွက်လွန်းလို့ သွားတွေတောင်နာလာ၏။

“သောက်ကျိုးနည်း… အရင်ကတော့ မင်းကိုဒုက္ခပေးရမလား၊ မပေးရဘူးလားလို့ နည်းနည်းတွေဝေနေသေးတာ… အခုတော့ကောင်းပြီ… မင်းငါ့ကို ညရောက်အောင်စောင့်နေလိုက်”

All Chapters