အချိန်ဇုန်ပြောင်းခြင်း
Vol. 2 Ch. 30
နေဝင်တော့ ယွီဟွေးဖေးတစ်ယောက် လုံးဝမအိပ်ဘဲ သူ့ဖုန်းနာရီကိုထိုင်ကြည့်ပြီး တစ်စက္ကန့်ချင်းစီ ရေတွက်နေ၏။
ရှို့လင်ရွာက ဘာပဲဖြစ်ဖြစ် ရွာတစ်ရွာပဲ။ ညဘက်ဘဝရှိပေမယ့် ဒီမှာ သင်္ချိုင်းကုန်းတစ်ခုရှိတော့ ဘယ်လောက်ပဲ စိတ်ဝင်စားစရာကောင်းကောင်း ဘယ်သူမှ ညဘက်လမ်းပေါ်မှာ လျှောက်ပတ်ချင်မှာမဟုတ်ဘူး။
ညဆယ်နာရီနောက်ပိုင်းမှာ လမ်းပေါ်မှာ လူတစ်ယောက်မှမရှိတော့ဘူး။ ဒါပေမဲ့ ယွီဟွေးဖေးက ဆယ်နာရီမှာ အပြင်ထွက်သွားဖို့ ရည်ရွယ်ချက်မရှိဘူး။ တိတ်တိတ်လေးဘဲ စောင့်နေလိုက်တယ်။
ဆယ့်နှစ်နာရီရောက်တော့ ယွီဟွေးဖေးတစ်ယောက် ဖျတ်ခနဲထပြီး ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်တို့အခန်းကိုပြေးသွားကာ ဒုန်း… ဒုန်း… ဒုန်းနဲ့ တံခါးကို ကမ္ဘာပျက်မတတ်ခေါက်တော့တာပဲ။
ယွီဟွေးဖေးက နှစ်ယောက်လုံးကိုလန့်သွားမှာမကြောက်ဘူး။ ဘာပဲဖြစ်ဖြစ်… ဒီနှစ်ကောင်က လုံးဝအိပ်တာမဟုတ်ဘူးလေ။
ငရဲပြည်ကနတ်တွေအနေနဲ့ အမြဲတမ်း နေ့ပုန်းညထွက်ပဲကိုး။ ဒီကိုရောက်လာတော့ ပြောင်းပြန်ဖြစ်သွားပြီး နှစ်ယောက်လုံးက နွားခေါင်းတို့နဲ့အတူ အခု အချိန်ဇုန်ပြောင်းတဲ့ အခြေအနေမှာရှိနေလေရဲ့။ နေ့ဘက်မှာအိပ်ငိုက်ပြီး ညဘက်မှာတော့ မျက်လုံးတွေက မီးသီးကြီးတွေလိုပဲ တော်တော်ကြီးကို တောက်ပနေတာပဲ။
ယွီဟွေးဖေးသာမကန့်သတ်ထားရင် သူတို့က ညဘက်မှာ တစ်အိမ်တက်တစ်အိမ်ဆင်း လည်ပတ်ချင်နေကြပြီ။ ယွီဟွေးဖေးက နှစ်ယောက်လုံးကိုကြည့်ပြီးရယ်ကာပြောလိုက်၏။
“ခင်ဗျားတို့အတွက် အလုပ်နည်းနည်းရှာပေးမယ်… ဘယ်လိုလဲ”
“ဘာအလုပ်လဲ” နှစ်ယောက်လုံးက အလုပ်ရှိတယ်ကြားတော့ စိတ်ပါဝင်စားလာကြ၏။ ယွီဟွေးဖေးက နှစ်ယောက်လုံးရဲ့နားနားကပ်ပြီး တိုးတိုးလေးတစ်ခုခုပြောလိုက်တော့ နှစ်ယောက်လုံးရဲ့မျက်လုံးတွေက ပိုပြီးတောက်လာကြကော။ ပြီးတော့ ဟိတ်ဝူချန်က နောက်လှည့်ပြီး သေတ္တာတွေ၊ ဗီရိုတွေကို စဖွတော့တာပဲ။ ယွီဟွေးဖေးက ဒါကိုမြင်တော့ မေးလိုက်၏။
“ဘာရှာနေတာတုန်း”
“ငါ့ဝိညာဉ်ဖမ်းသံကြိုးကို ရှာနေတာ။ ခဏနေရင် အဲ့ဒီကောင်ရဲ့ ညှပ်ရိုးကိုဖောက်ပစ်မယ်” လို့ ဟိတ်ဝူချန်ရဲ့ ပြောစကားကြောင့် ယွီဟွေးဖေးတစ်ယောက် မျက်နှာကြီးက ပေါင်ချိန်လိုဖြစ်သွားကော။ နောက်လှည့်ကြည့်လိုက်တော့ ပိုက်ဝူချန်လည်း သေတ္တာတွေ၊ ဗီရိုတွေကို စဖွနေတာကိုတွေ့လိုက်ရသည်။
“ခင်ဗျားကရော ဘာလုပ်တာလဲ”
“ငါ့ငိုကြွေးတုတ်ကိုရှာနေတာ။ နောက်ကနေ သူ့ဦးနှောက်တွေထွက်ကျအောင် ရိုက်ပစ်မယ်”
ယွီဟွေးဖေးက နားထင်ကိုနှိပ်ပြီး ပြောလိုက်၏။
“အစ်ကိုကြီးတို့… ခင်ဗျားတို့ကို လူခြောက်ခိုင်းတာ… လူသတ်ခိုင်းတာမဟုတ်ဘူး။ တကယ်လူသတ်ရရင် ခင်ဗျားတို့ကိုလိုလို့လား။ ကျုပ်ကိုယ်တိုင်လုပ်လိုက်ရင်ပြီးပြီပဲ။ ပြီးတော့ သူက သေလောက်တဲ့အပြစ်လည်းမရှိဘူးလေ။ ခြောက်လှန့်ရုံနဲ့ ရပြီ။ သူ့ကို ခေါင်းပေါ်မှာ နတ်ဘုရားရှိတယ်ဆိုတာသိအောင်လုပ်ပေးလိုက်။ နောက်ဆိုရင် စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်၊ လူလုပ်တာပဲဖြစ်ဖြစ်၊ အရမ်းမယုတ်မာတော့ရင်ပြီးပြီ”
ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဆက်ဖွကြသည်။ မကြာခင်မှာ ဝိညာဉ်ဖမ်းသံကြိုးတစ်ချောင်းနဲ့ ငိုကြွေးတုတ်တစ်ချောင်းကိုင်ပြီး ယွီဟွေးဖေးရှေ့မှာရပ်လိုက်ကြ၏။
“ခင်ဗျားတို့က တကယ်ပဲ သူ့ကိုသေအောင်လုပ်ချင်နေတာလား” ယွီဟွေးဖေးတစ်ယောက် ဘာပြောရမှန်း မသိတော့ဘူး။ နှစ်ယောက်လုံးက ခေါင်းခါပြသည်။
“စိတ်ချ… မင်းကသူ့ကို မသတ်နဲ့လို့ပြောထားမှတော့ ငါတို့သူ့ကိုသတ်မှာမဟုတ်ဘူး။ ခြောက်လှန့်ရုံပဲ။ ဒါပေမဲ့… ဒီပစ္စည်းတွေမပါရင် ငါတို့ပေါ်လာရင်တောင် တစ်ခုခုလိုနေသလိုပဲ… မပြည့်စုံဘူး။ ဖီးကျဲတယ်” ဟိတ်ဝူချန်ကပြောလိုက်၏။
ယွီဟွေးဖေးက စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ။ ပြီးတော့ ယွီဟွေးဖေးက တံခါးမကြီးကိုဆွဲဖွင့်ပြီး နှစ်ယောက်လုံးကို အပြင်လွှတ်လိုက်၏။
ရှို့လင်ရွာက မူလကတည်းက မကြီးဘူး။ ရွာတစ်ရွာလုံးမှာ အိမ်ခြေသုံးရာကျော်၊ အပြင်လူတွေပါပေါင်းရင် အိမ်ခြေတစ်ထောင်ကျော်ပဲရှိတာ။ ဝတုတ်ရှောင်းရဲ့အိမ်ဘယ်မှာလဲဆိုတာ နေ့လယ်ကတည်းက ယွီဟွေးဖေးစုံစမ်းပြီးသား။
ယွီဟွေးဖေးက ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်ကို ဝတုတ်ရှောင်းရဲ့ အိမ်တံခါးဝထိခေါ်သွားပြီး ပြောလိုက်၏။
“ခင်ဗျားတို့နှစ်ယောက်ရရဲ့လား။ ဘာပဲဖြစ်ဖြစ်… ခင်ဗျားတို့အခု တန်ခိုးမရှိတော့ဘူး၊ ကိုယ်ခန္ဓာလည်းနံရံကိုမဖောက်နိုင်တော့ဘူးလေ”
ပိုက်ဝူချန်က တဟဲဟဲရယ်ပြီး အာမခံသည်။
“စိတ်ချစမ်းပါကွာ… ငါတို့ညီအစ်ကိုနှစ်ယောက်နဲ့ဆိုရင် တခြားနည်းလမ်းတွေမပြောနဲ့။ ဘာနည်းလမ်းမှမရှိရင်တောင် ဒီလိုခုန်ဝင်သွားရင် သူငိုပြီးထွက်ပြေးမှာ”
ယွီဟွေးဖေးက ဒီနှစ်ကောင်ရဲ့ကြောက်မက်ဖွယ်မျက်နှာတွေကိုကြည့်လိုက်၏။ တစ်ယောက်က အသားအရေဖြူဖျော့ပြီး လျှာကချက်အထိတွဲကျနေတယ်။ ဒါက ကြောက်စရာမကောင်းဘူးလား။
နောက်တစ်ယောက်က ပိုကြောက်စရာကောင်းသေး။ အရပ်မရှည်ပေမယ့် အစိမ်းရောင်မျက်နှာနဲ့စွယ်တွေ… ကြည့်ရုံနဲ့ကြောက်စရာကြီး။
ယွီဟွေးဖေးတစ်ယောက် ရုတ်တရက်မျက်လုံးတွေတောက်ပသွားပြီး အိတ်ကပ်ထဲကနေ သူ့အဘိုးအရင်က သင်္ချိုင်းကုန်းစစ်ဆေးဖို့သုံးတဲ့ ဓာတ်မီးအဟောင်းတစ်လက်ကိုထုတ်ပြီး ဟိတ်ဝူချန်ကိုပေးလိုက်သည်။
“ဘာလုပ်မလို့လဲ။ အထင်သေးတာလား။ ငါတို့ညီအစ်ကိုက ညဘဝနဲ့အသက်ရှင်တာ။ ကောင်းကင်ဘယ်လောက်ပဲမဲမဲ ငါတို့မြင်နိုင်တယ်။ ဒါမလိုဘူး”
နှစ်ယောက်လုံးက လူ့လောကမှာခဏခဏလှုပ်ရှားနေကျဆိုတော့ အခြေခံလျှပ်စစ်ပစ္စည်းတချို့ကိုတော့ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်ကသိကြတယ်။ ယွီဟွေးဖေးက ရယ်ပြီးပြောလိုက်၏။
“ဘယ်သူက ခင်ဗျားကို မီးထွန်းဖို့လို့ပြောလို့လဲ။ လာ… ခင်ဗျားကြည့်”
ယွီဟွေးဖေးက ဓာတ်မီးကိုယူပြီး ရုတ်တရက်နှစ်ယောက်လုံးရဲ့နောက်ကိုလက်ညှိုးထိုးပြလိုက်၏။
“နွားခေါင်းလာပြီ”
ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က အလိုလိုနောက်လှည့်ကြည့်လိုက်တော့ နောက်ကနေ ဂျောက်ဆိုတဲ့အသံကြားလိုက်ရသည်။ နှစ်ယောက်လုံး ရှေ့ပြန်လှည့်ကြည့်မိချိန် မျက်စိရှေ့မှာ သရဲမျက်နှာတစ်ခုပေါ်လာတယ်။
“အား…”
ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က လန့်ပြီးအော်လိုက်ကြတယ်။ ဒါပေမဲ့ ဒါက ကြောက်လန့်တကြားအော်သံမဟုတ်ဘူး။ စိတ်လှုပ်ရှားနေတဲ့ ဝံပုလွေအူသံမျိုး။ ပြီးတော့ ပိုက်ဝူချန်က လက်ထဲကငိုကြွေးတုတ်ကိုဝှေ့ယမ်းပြီး ယွီဟွေးဖေးခေါင်းကိုတစ်ချက်ရိုက်ချလိုက်၏။
သေစမ်း…
ဖြောင်း…
ယွီဟွေးဖေးတစ်ယောက် အော်ဟစ်ပြီး ခေါင်းကိုကိုင်ကာမြေကြီးပေါ်ထိုင်ချလိုက်သည်။ မျက်ရည်တွေတောင်မထိန်းနိုင်ဘဲကျလာကောပဲ။ တကယ်နာတာဟ…
ယွီဟွေးဖေးက ခေါင်းကိုကိုင်ပြီးပြောလိုက်၏။
“သောက်ကျိုးနည်း… ခင်ဗျားတို့ကြောက်ရင် ဘာလို့လူကိုလာရိုက်တာလဲ”
ပိုက်ဝူချန်က မြေကြီးပေါ်က ယွီဟွေးဖေးကိုကြည့်ပြီး ရှက်ရမ်းရမ်းနဲ့ ငိုကြွေးတုတ်ကိုပြန်သိမ်းကာပြော၏။
“တောင်းပန်ပါတယ်… ငါက မကောင်းဆိုးဝါးလို့ထင်ပြီး အလိုလိုလက်ပါသွားတာ”
ဟိတ်ဝူချန်က လက်ထဲကဝိညာဉ်ဖမ်းသံကြိုးကိုကြည့်ပြီး ချောင်းတစ်ချက်ဟန့်ကာပြောလိုက်၏။
“မင်းကျေနပ်လိုက်တော့… ငါမင်းညှပ်ရိုးကိုဖောက်တော့မလို့”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ငိုချင်ပေမယ့် မျက်ရည်မထွက်တော့ဘူး… ပြောချင်လည်း သူဘာပြောနိုင်မှာလဲ။ ဒါက ကိုယ့်ကျင်းကိုယ်တူးတာပဲကိုး။ အဲ့ဒီအချိန်မှာ ဟိတ်ဝူချန်က မြေကြီးပေါ်ကဓာတ်မီးကိုကောက်ပြီး ကြည့်ကာပြော၏။
“ယွီလေး… မင်းခုနကဘယ်လိုလုပ်လိုက်တာလဲ။ တော်တော်ကြောက်စရာကောင်းတာပဲ”
ယွီဟွေးဖေးက ဓာတ်မီးကိုယူပြီး သူ့မေးစေ့အောက်မှာထောက်ကာ ခလုတ်ကိုဖွင့်လိုက်ချိန်…
ဖြောင်း…
“သေစမ်း… ဘာလို့ထပ်ရိုက်တာတုန်း”
ယွီဟွေးဖေးက မြေကြီးပေါ်မှာထိုင်ပြီး ခေါင်းပေါ်ကအဖုကြီးနှစ်ဖုကိုပွတ်သပ်ရင်း ငိုချင်သွားသည်။
ပိုက်ဝူချန်က ရှက်ရမ်းရမ်းနဲ့ ဖြေရှင်းတော့၏။
“ဒါ… ဒီလောက်နှစ်တွေကြာပြီဆိုတော့ အကျင့်ဖြစ်နေပြီ။ ပြင်ရခက်တယ်။ သရဲမြင်ရင် လက်ပါချင်တယ်… တစ်ခါတလေ ဒီလက်ကဦးနှောက်ထက်မြန်တယ်။ အလုပ်ရောဂါလို့ပြောရမှာပေါ့”
ယွီဟွေးဖေးက ဟိတ်ဝူချန်ကိုတစ်ချက်ကြည့်လိုက်တော့ ဒီကောင်က တကယ်ပဲဝိညာဉ်ဖမ်းသံကြိုးကိုကိုင်ထားပြီ။ အပေါ်ကချိတ်က မည်းနက်ပြီးတောက်ပြောင်နေတာကိုကြည့်ပြီး ယွီဟွေးဖေးတစ်ကိုယ်လုံးအေးစက်သွား၏။
“တော်ပြီ… တော်ပြီ… ဓာတ်မီးကို ခင်ဗျားတို့ယူသွား။ ဘယ်လိုသုံးရမလဲသိရင်ပြီးပြီ… သေစမ်း… ခင်ဗျားတို့ကျုပ်နဲ့ဝေးဝေးနေ”
ယွီဟွေးဖေးက ပြောရင်းဆိုရင်း နောက်ကိုဆုတ်လိုက်၏။
“မလုပ်ပါနဲ့… ငါ သေချာမသုံးတတ်သေးဘူး။ ဒါမှမဟုတ် မင်းတစ်ခေါက်ထပ်ပြလို့ရမလား” ဟိတ်ဝူချန်ကအော်ပြောသည်။
“*@#&$ ထွက်သွား” ယွီဟွေးဖေးက မခံနိုင်တော့ဘဲ ဆဲလိုက်တော့သည်။ နှစ်ယောက်လုံး ဘာမှမတတ်နိုင်တော့တာမိုါ မြေကြီးပေါ်မှာထိုင်ချလိုက်ကြ၏။
ယွီဟွေးဖေးက ဘာမှန်းမသိတာနဲ့ မေးလိုက်သည်။
“ခင်ဗျားတို့ဘာလုပ်နေကြတာလဲ”
“ဒါမင်းမသိပါဘူး။ လူခြောက်ဖို့လေ… ပစ္စည်းနည်းနည်းလုပ်ရတယ်”
ယွီဟွေးဖေးက နှစ်ယောက်လုံးက လုံးဝိုင်းနေတဲ့ကျောက်ခဲနှစ်လုံးကိုရှာပြီး အိတ်ကပ်ထဲထည့်လိုက်တာကိုမြင်တော့ ခေါင်းထဲမှာမေးခွန်းတွေပြည့်နေပြီ။ ဒါပေမဲ့ များများမမေးတော့ဘဲ နှစ်ယောက်လုံးက တစ်မီတာကျော်မြင့်တဲ့ နံရံကိုကျော်ပြီး ဝတုတ်ရှောင်းအိမ်ထဲဝင်သွားတာကို ကြည့်နေရင်း ယွီဟွေးဖေးက ပွစိပွစိပြောလိုက်၏။
“ကံကောင်းပါစေ… ဝတုတ်ကြီး”
ဝတုတ်ရှောင်းက ကုတင်ပေါ်မှာလှဲပြီးမအိပ်သေးဘူး…
ဝတုတ်ရှောင်း ငယ်ငယ်တုန်းက သူများမယားခိုးလို့ သူ့မိန်းမကသူနဲ့ကွာရှင်းသွားတာ။ အခုတော့ ဝတုတ်ရှောင်းတစ်ယောက်တည်း အိမ်မှာနေတယ်။
ညဘက်မှာ သူလည်းအိပ်မပျော်ဘူး။ ကုတင်ပေါ်မှာလှဲပြီး ဖုန်းကစားရင်း ပါးစပ်ကပွစိပွစိနဲ့ရေရွတ်နေ၏။
“ကောင်လေး… ငါ့ကိုဂွင်ဆင်ရဲတယ်ဟုတ်လား။ နောက်မှ မင်းဘိုးအေက မင်းကိုချေးနှစ်ပုံးထပ်ဆုချမယ်။ စီးပွားရေးကောင်းချင်သေးတယ် ဟုတ်လား။ ငါမင်းကို တစ်သက်လုံးနံစော်သွားအောင်လုပ်ပစ်မယ်”
တစ်ချိန်တည်းမှာပဲ ဒီဝတုတ်ကြီးက ဖုန်းပေါ်မှာ တစ်ယောက်ယောက်နဲ့အမြန်စကားပြောနေ၏။
“ဟုတ်တယ်… ဒီဆိုင်ပဲ။ မင်းငါ့အတွက် မကောင်းတဲ့သုံးသပ်ချက်တွေ အများကြီးရေးပေး။ အကြောင်းအရာကမင်းကြိုက်သလိုရေး… ကောင်းပြီ… ပိုက်ဆံနောက်မှလွှဲပေးမယ်”