တိုက်ပွဲ(၂)
Vol. 6 Ch. 529
"သန့်စင်သော ကျွင်းဓား ..."
လင်းရှု့မင်သည် ရှု့တောင်တန်းတွင် ရှေးဟောင်း ဓားတန်ခိုးရှင် တစ်ယောက် ချန်ရစ်ခဲ့သော ဓားကျင့်စဉ် တစ်ခုနှင့် ဓားတစ်ချောင်းကို လက်ခံ ရရှိခဲ့သည်။ ထိုဓားသည် သုံးမီတာခန့် ရှည်လျားကာ ကီလိုဂရမ် တစ်ရာခန့် လေးသည်။ ဓားကို လက်ခံ ရရှိချိန်မှ စ၍ လင်းရှု့မင်သည် အစစ်အမှန်ချီဖြင့် နေ့စဉ် သန့်စင်ခဲ့ရာ ယခုဆိုလျှင် နှစ်ပေါင်း တစ်ရာ့သုံးဆယ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။
"ကလန့် ..."
မရေမတွက်နိုင်သော တန်ခိုးရှင်များကို အနိုင်ယူခဲ့သည့် သန့်စင်သော ကျွင်းဓားကား ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။ ရုတ်တရက် အလင်းရောင် တစ်ခုက ကောင်းကင်၌ လင်းလက်ကာ ပြည့်စုံသော မျဉ်းတစ်ကြောင်းကို ရေးဆွဲ၏။
ထိုအရာကား သန့်စင်သော ကျွင်းဓား၏ အရောင်အဝါတည်း။
လင်းရှု့မင်သည် ကီလိုဂရမ် တစ်ရာလေးသော ဓားကို လက်တစ်ဖက်ဖြင့် မကာ ဓားနယ်ပယ် တစ်ခုအား ဖန်ဆင်းလိုက်၏။
ထိုဓားနယ်ပယ်သည် မီတာ ဒါဇင်ချီ၍ ကျယ်ဝန်းပြီး ဓား၏ အမှန်တရားလေးပါး စွမ်းအင်များဖြင့် ပြည့်လျှမ်းနေ၏။ အမြောက်ဆံ၏ ပြင်းထန်သော ပေါက်ကွဲမှုပင်လျှင် ထိုဓားနယ်ပယ်ကို ဖောက်ထွက်နိုင်မည် မဟုတ်ချေ။
"ဘုန်း ..."
ချန်းဖန်၏ နဂါးသည် ထိုဓားနယ်ပယ်သို့ ကျရောက်ရာ အပိုင်းပိုင်း ပြတ်ကာ ပျက်စီး သွားရ၏။ ထိုအရာအား အနည်းငယ်ပင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။
"ငါ့ရဲ့ ဘိုးဘေးတောင် ယင်နဲ့ ယန်စွမ်းအားကို သူ့လောက် အသုံးမချနိုင်ဘူး ... လင်းရှု့မင်က အစွမ်း အထက်ဆုံး ဓားတန်ခိုးရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ် ..."
ထိုက်ကျိဂိုဏ်း၏ ဂိုဏ်းချုပ် ချန်းချူရန်ကား လင်းရှု့မင် ထုတ်ဖော်သော စွမ်းအားကို ကြည့်၍ ရူးတော့မလိုပင် တဆတ်ဆတ် တုန်ယင်နေခဲ့တော့သည်။
အခြားသော တန်ခိုးရှင်များပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ပင့်သက်ရှိုက် နေမိကြသည်။
"ငါသာ ချန်းပေ့ရွှမ်း နေရာမှာ ဆိုရင် မိုးကြိုး တံဆိပ်ကို ဖောက်ခွဲပြီး ခုခံမှပဲ အဲဒီ တိုက်ခိုက်မှုက လွတ်နိုင်မယ် ထင်တယ် ... ချန်းပေ့ရွှမ်းက ဘယ်လို တန်ပြန် တိုက်ခိုက်မလဲ ကြည့်ရသေးတာပေါ့ ..."
ယောင်တောက်ရီက မျက်မှောင်ကြုတ်လိုက်သည်။
အားလုံး၏ အကြည့်များ အောက်တွင်ပင် ချန်းဖန်၏ ခန္ဓာကိုယ်က အသွင်ပြောင်းလဲကာ မီတာ ဒါဇင်ချီသော အဇူရာနာဂ တစ်ကောင် ဖြစ်လာခဲ့၏။ ထိုနာဂက ဦးခေါင်းဖြင့် ဓားနယ်ပယ် ရှိရာသို့ ကြမ်းတမ်းစွာ တိုးဝင်ရင်း တိုက်ခိုက်လိုက်သည်။
"ဘုန်း ..."
အလင်းတန်းများသည် နေရာအနှံ့ ပေါက်ကွဲ ထွက်လာကြ၏။ ချီစွမ်းအားများ ကလည်း ပင်လယ်ပေါ်၌ ပြန့်ကျဲကြသည်။ ထိုပေါက်ကွဲမှု အရှိန်တွင် ပင်လယ်၌ ကြီးမားသော ဆူနာမီ လှိုင်းကြီးများ ဖြစ်ပေါ်လာကာ ကမ်းစပ်သို့ ရိုက်ခတ်၏။
အထွတ်အထိပ်များ အပါအဝင် များစွာသော ပညာရှင်များသည် နောက်သို့ တစ်ဆုတ်တည်းသာ ဆုတ်နေကြရတော့သည်။ တိုက်ပွဲ၏ ရိုက်ခတ်မှုက ပြင်းထန်လွန်းရာ နှေးကွေးပါက သူတို့၏ အသက်များပင် ပေးလိုက်ရနိုင်သည်။
လူအများသည် ဘေးလွတ်ရာသို့ ရောက်သည်နှင့် စစ်မြေပြင်သို့ နောက်တစ်ကြိမ် လှမ်းကာ ကြည့်လိုက်ကြသည်။
"ဒီတစ်ခေါက်မှာ ဘယ်သူနိုင်သွားလဲ ..."
လူတိုင်းက စိတ်လှုပ်ရှားစွာ မေးခွန်းထုတ်လိုက်ကြ၏။
"ဟား ... ဟား ..."
ရုတ်တရက် ချန်း၏ ရယ်မောသံ တစ်ခု ထွက်ပေါ်လာသည်။ အားလုံး၏ အကြည့်များ အောက်တွင်ပင် သူက ရန်သူအား လက်သီးဖြင့် နောက်တစ်ကြိမ်ထိုးကာ မီတာ ဒါဇင်ချီအောင် ဆုတ်ခွာလိုက်၏။
"ပျက်စမ်းကွာ ..."
လင်းရှု့မင်၏ မျက်နှာက အလွန်အမင်း လေးနက်နေသည်။ သူက သန့်စင်သော ကျွင်းဓားကို ဝှေ့ယမ်းကာ အခြားသော ဓားနယ်ပယ် တစ်ခုအား ဖန်ဆင်းလိုက်၏။
"ဘုန်း ..."
"ဘုန်း ..."
"ဘုန်း ..."
ပေါက်ကွဲသံများစွာက အစဉ်လိုက်ပင် ထွက်ပေါ်လာပြန်၏။ ဓားနယ်ပယ်သည် ချန်းဖန်၏ လက်သီးချက်ကို ဖျက်ဆီးနိုင်သည့်တိုင် ချန်းဖန်ကိုမူ အနည်းငယ်မျှ ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။
"အစ်ကိုရှု့မင်က အကန့်အသတ်ကို ရောက်ခါနီးနေပြီ ..."
လီချန်းရှန့်က လင်းရှု့မင် ရပ်နေသည့် ကျောက်ဆောင်ကို ကြည့်ရင်း ပြောလိုက်သည်။ ထိုကြီးမားသော ကျောက်ဆောင်ကြီးသည် လင်းရှု့မင်၏ ခြေထောက်အောက်၌ အက်ကွဲကြောင်းများပင် ပေါ်ထွက် နေခဲ့ပြီ ဖြစ်သည်။
"ဟုတ်တယ် ... ချန်းပေ့ရွှမ်းရဲ့ တိုက်ခိုက်မှုတွေက လင်းရှု့မင် အတွက် ကိုင်တွယ်ရ ခက်ခဲလွန်းတယ် ... လင်းရှု့မင် ခံစားနေရတဲ့ ဖိအားက သူ့ခြေထောက်အောက်က ကျောက်ဆောင်မှာ ပေါ်လွင်နေတယ် ..."
ယောင်တောက်ရီက လီချန်းရှန့်၏ စကားကို ထောက်ခံလိုက်သည်။
"ဆယ်ကြိမ်မြောက် လက်သီး ..."
ချန်းဖန်က အသည်းကုန် အော်ဟစ်ရင်း လက်သီးကို ကြမ်းတမ်း ခက်ထန်စွာ ထိုးလိုက်၏။
ထိုလက်သီးက ပတ်ဝန်းကျင်ရှိ စွမ်းအားများကို အားအင် အပြည့် စုပ်ယူကာ ခဏချင်းပင် လူတစ်ကိုယ်စာထက် ကြီးမားလာ၏။ အဖြူရောင် အလင်း၏ အတွင်းတွင်မူ ကူးခပ်နေသော နဂါး တစ်ကောင် ရှိသည်။
နာဂ အသွင်ပြောင်းခြင်းကို တီထွင်ခဲ့သည့် တန်ခိုးရှင်ပင်လျှင် ချန်းဖန် ဖော်ထုတ်နေသော တိုက်ကွက်ကို ကြည့်၍ အံ့အားသင့် သွားမည်မှာ သေချာသည်။ နိမ့်ကျသော တန်ခိုး အတင့်တွင် ပင်လျှင် ချန်းဖန်သည် နာဂ အသွင်ပြောင်းခြင်း အစစ်အမှန် အင်အား၏ သုံးဆယ် ရာခိုင်နှုန်းကို ဖော်ထုတ် နေနိုင်ပြီ မဟုတ်ပါလား။
"ဘုန်း ..."
ချန်းဖန်၏ တိုက်ခိုက်မှုက ဓားနယ်ပယ်ကို အပိုင်းပိုင်း ဖျက်ဆီးပစ်ကာ လင်းရှု့မင်ဆီ တိုးဝင်သည်။
လင်းရှု့မင်က တည်ငြိမ်စွာပင် ရှေးဟောင်းဓားကို မြင်းခွာ သဏ္ဌာန် ပတ်ယမ်းသည်။ များစွာသော ဓားကျင့်စဉ်များက ထိုလှုပ်ရှားမှုတွင် ပါဝင်ကာ အင်အားကြီးမားသော အကာအကွယ်ကို ဖြစ်ပေါ်စေသည်။
သို့သော်လည်း ထိုအရာလောက်က ချန်းဖန်၏ တိုက်ခိုက်မှုကို ခုခံရန် မလုံလောက်သေးချေ။
"ဘုန်း ..."
ချန်းဖန်၏ တိုက်ခိုက်မှုက တားဆီးနေသော ဓားကျင့်စဉ်များကို ဖြတ်သန်းကာ ရှေ့ဟောင်းဓားနှင့် တိုက်ရိုက် ထိတွေ့သည်။
"ဘုန်း ..."
လင်းရှု့မင် ရပ်နေသော ကျောက်ဆောင်ကား အပိုင်းပိုင်း အစစ ဖြစ်ကာ ပေါက်ကွဲ သွားရ၏။ ကျောက်တုံးများက လွင့်စဉ်ကာ ဘေးရှိ ကျောက်ဆောင်များကို ထပ်မံ ပိုင်းဖြတ်သည်။ အကယ်၍ ထိုကျောက်တုံးစ တစ်ခုသာ ထိမှန်ခံရပါက အထွတ်အထိပ် တစ်ယောက်ပင်လျှင် ပွဲချင်းပြီး သေဆုံးရမည်မှာ သေချာသည်။
"ဟူး ..."
တစ်ချိန်တည်းတွင်ပင် လင်းရှု့မင်က အလင်း၏ အမြန်နှုန်းနီးပါးကို သယ်ဆောင်ကာ နောက်သို့ ဆုတ်၏။ သူ၏ ခြေချောင်းများက ခဏအတွင်းပင် ပင်လယ် ရေပြင်အား ဖြတ်သန်းကာ မီတာရာချီ အကွာအဝေးသို့ ရောက်၏။
"နောက်တစ်ကြိမ် လာစမ်း ..."
ပြင်းထန်သော စိတ်ဆန္ဒ၏ လွှမ်းမိုးမှု အောက်၌ ချန်းဖန်၏ သွေးကြော အတွင်းမှ သွေးများ ပွက်ပွက်ဆူ နေခဲ့ပြီ ဖြစ်သည်။
သူက ချက်ချင်းပင် မူလ နေရာမှ ပျောက်ကွယ်ကာ လင်းရှု့မင်၏ အထက် လေထု၌ ပြန်လည် ပေါ်လာခဲ့၏။ လင်းရှု့မင်က တည်ငြိမ်စွာပင် ဓားကို ဆွဲကိုင်ကာ ခုခံသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ချန်းဖန်၏ လက်သီးချီနှင့် လင်းရှု့မင်၏ ဓားအလင်းတို့က အတားအဆီး မရှိ နေရာ အနှံ့ ကျဲပြန့်နေရာ အနီးအနားရှိ ပရိသတ် အမြောက်အမြား သေဆုံးကြ၏။
"ပြေးကြဟေ့ ..."
"တစ်ကီလိုမီတာလောက် အထိ ပြေးကြ ... အဲဒါမှပဲ ငါတို့ လွတ်လိမ့်မယ် ..."
"သူတို့က လူမဟုတ်ဘူး ... မိစ္ဆာ သားရဲတွေ ..."
အသက်ရှင် ကျန်ရစ်သော ပရိသတ်များကား ဘေးလွတ်ရာသို့ ထွက်ပြေးကြသည်။
လုံခြုံသော နေရာသို့ အရောက်၌ သူတို့နှင့် တိုက်ပွဲ မြေပြင်ကား အတော်လေး လှမ်းနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အပြန်အလှန် တိုက်ခိုက်နေသည့် အဇူရာ အလင်းနဲ့ အဖြူရောင် ဓားအလင်း နှစ်ခုကိုသာ မှိန်ပျပျ မြင်တွေ့ကြရတော့သည်။ သို့သော်လည်း သူတို့အတွက် တိုက်ပွဲကား မှန်းဆ မြင်နိုင်နေဆဲ ဖြစ်သည်။
"ဒါက တန်ခိုးရှင် တွေရဲ့ စွမ်းအားလား ..."
ဖန့်ချုံးနှင့် အန်ရာ နှစ်ယောက်စလုံးကား ဆွံ့အ နေကြ၏။ ထိုအရာက ချန်းဖန်၏ စွမ်းအားကို သူမတို့ ပထမဆုံး အကြိမ် မြင်ရခြင်း ဖြစ်သည်။
"ရှောင်ဖန်က ပိုက်ဆံနဲ့ အာဏာကို မမက်တာ မဆန်းဘူးပဲ ... သူ့မှာ ဒီလို စွမ်းအားမျိုး ရှိနေမှတော့ ဘာလိုဦးမှာလဲ ..."
ဖန့်ချုံးက တွေးလိုက်မိသည်။ သူမ၏ စိတ်တွင်မူ ချန်းဖန် အပေါ် လေးစားမှုက တိုးပွားသထက် တိုးပွားလာတော့သည်။
"ဆရာ ... အဲဒီ အစုတ်ပလုတ်ကြီးကို သင်ခန်းစာ ပေးလိုက် ..."
အားရှို့မှာမူ ကျယ်လောင်စွာဖြင့် ချန်းဖန်အား အော်ဟစ် အားပေးနေတော့၏။
ထိုအချိန်၌ အဇူရာ အလင်းနှင့် အဖြူရောင် ဓားအလင်းတို့ကား ကောင်းကင်၊ မြေပြင်၊ ပင်လယ် နေရာ သုံးခုအား စစ်မြေပြင်ပြု၍ တိုက်ခိုက်နေကြသည်။ ကမ္ဘာကြီးကား သူတို့၏ တိုက်ပွဲ စင်မြင့် ဖြစ်သည်။ အချိန်ကြာလာသည်နှင့် ချန်းဖန်သည် အထက်စီးသို့ ရောက်လာကာ လင်းရှု့မင်မှာမူ အောက်စီးသို့ ရောက်လာခဲ့သည်။
"လင်းရှု့မင် ... လျှိုမထားနဲ့တော့ ... မင်း ဒါထက် ပိုတတ်နိုင်တယ် ဆိုတာ ငါသိတယ် ..."
ချန်းဖန်က လေထုတွင် ဝဲကာ လင်းရှု့မင်အား ပြောလိုက်သည်။
"ဟားဟား ... ကောင်းပြီလေ ..."
မျက်စိ တစ်မှိတ်တွင်ပင် လင်းရှု့မင်၏ ခန္ဓာက ပင်လယ် မျက်နှာပြင်မှာ ပျောက်ကာ လေထုတွင် ပြန်ပေါ်လာ၏။ သူ၏ အင်္ကျီက တိမ်များအလား မျောလွင့်နေကာ သူ၏ မျက်နှာက ခံစားချက် ကင်းမဲ့နေ၏။
"ငါလေ့ကျင့်တဲ့ ဓားက ဟိုရန် ဓားစုဒြာလို့ ခေါ်တယ် ... ဒီဓားကျင့်စဉ်ကို ဖန်တီးခဲ့တဲ့ ပုဂ္ဂိုလ်က ကွန်ဖြူးရှပ် လမ်းစဉ်ကို လေ့လာပြီး ဉာဏ်အလင်း ရခဲ့တဲ့ ရှေးဟောင်း ဓားတန်ခိုးရှင် တစ်ယောက်ပဲ ..."
လင်းရှု့မင်က ပြောလိုက်သည်။ သူ၏ အသံက တည်ငြိမ်နေကာ ဓားသမား တစ်ယောက်၏ ပြတ်သားခြင်းကို ဖော်ပြနေ၏။
"ကလန့် ..."
လင်းရှု့မင်က ရှေ့သို့ တိုးကာ သူ၏ ခန္ဓာကိုယ်ကို ဓားချီဖြင့် ထုံမွှမ်းသည်။ ထိုဓားချီက လမ်းကြောင်း တစ်ခုကို ဖောက်ကာ ချန်းဖန်၏ အသက်အား နုတ်ယူရန် ဦးတည်သည်။
"ချီဓားကျင့်စဉ် ..."
လင်းရှု့မင်ကား သူ၏ ကြောက်မက်ဖွယ် အကောင်းဆုံး ဓားကျင့်စဉ်ကို ထုတ်ဖော် နေခဲ့ပြီ ဖြစ်သည်။
"ပြည့်စုံသွားပြီ ..."
ချန်းဖန်က လက်သီးချက်အား နောက်တစ်ကြိမ် ဖော်ထုတ်လိုက်ပြန်၏။ သူ၏ လက်သီးချက်က ရိုးရှင်းသာ သာမန် ဆန်သည့်တိုင် ဘေးမှ ကြည့်နေသော တန်ခိုးရှင်များမှာမူ ဆွံ့အ နေကြပြီ ဖြစ်သည်။
ချန်းဖန်၏ လက်သီးချက်ကား နာမည် မရှိပေ။ အကယ်၍ တစ်ယောက်ယောက်ကသာ နာမည်ပေးလိုလျှင် "တာအိုလက်သီး" ဟု ခေါ်ဆိုနိုင်သည်။
တာအိုသည် စကြဝဠာ၏ အခြေခံ အကျဆုံး စည်းမျဉ်း ဖြစ်သည်။ တာအို၏ စွမ်းအားသာလျှင် စကြဝဠာကို ဖျက်ဆီးရန်နှင့် တည်ဆောင်ရန် လုံလောက်သည်။
လင်းရှု့မင်၏ ဓားသည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း တာအို၏ အငွေ့အသက်များ ရောနှောနေသည့် လက်သီးချက်ကို မည်သည့် အစွမ်းအစဖြင့် ခုခံနိုင် ပါမည်နည်း။
"ဘုန်း ..."
လင်းရှု့မင်၏ ဓားသည် လက်မှ လွတ်ကျကာ ခန္ဓာကိုယ်သည်လည်း ပင်လယ်သို့ လွင့်စဉ်သည်။
"လင်းရှု့မင် ရှုံးသွားပြီလား ..."
လူများစွာသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ သွားကြ၏။
***