← Chapters

အပေါ်ထပ်က ဂေါ်လီသံ

Vol. 3 Ch. 31

အပေါ်ထပ်က ဂေါ်လီသံ

Vol. 3 Ch. 31

ဝတုတ်ရှောင်း တော်တော်ဒေါသထွက်နေပြီ။ အရင်က ယွီဟွေးဖေးဆီက ဟင်းရွက်ကောင်း နှစ်အိတ်ဝယ်လိုက်မိလို့ပဲ။

အဲ့ဒီညနေက ဖောက်သည်တွေအားလုံး ကောင်းတယ်လို့ပြောပြီး နောက်နေ့ထပ်လာမယ်လို့တောင် အော်ဟစ်ကြသေး။ သူအဲ့ဒီတုန်းကတော့ ယွီဟွေးဖေးဆိုတဲ့အရူးကောင်ဆီက ဈေးပေါပေါနဲ့ ထပ်ဝယ်ပြီး ဂွင်ဖန်ဖို့တောင် စဉ်းစားနေသေးတာ။

ဒါပေမဲ့ နောက်နေ့မှာ ယွီဟွေးဖေးက ကတိပေးထားတဲ့ ဟင်းရွက်ကိုမပို့တော့ဘူး။ သူ့ကိုအတော်ကြာစောင့်ခိုင်းပြီး ဆလတ်ရွက်တောင် မရှိတော့မလိုဖြစ်သွားတယ်။

ဖောက်သည်ဟောင်းတွေက အဲ့ဒီဆလတ်ရွက်ကိုနာမည်တပ်ပြီးကြိုမှာတော့ သူမနေ့ကသေချာပေါက်ရှိမယ်လို့ကတိပေးထားပြီး ဒီနေ့ပစ္စည်းမထုတ်ပြလို့ မဖြစ်တော့ဘူး။

ဘာမှမတတ်နိုင်တော့ဘဲ ဈေးကိုအရေးပေါ်သွားပြီး ကြည့်လို့တော်တော်ကောင်းတဲ့ ဆလတ်ရွက်တချို့ဝယ်လာပြီး ဖြေရှင်းလိုက်ရသည်။ ဒါပေမဲ့ လူတွေက တစ်ချက်စားရုံနဲ့ သိသွားကြ၏။

ချက်ချင်းပဲ အမျိုးမျိုးအထင်သေးစကား အပြောဆိုခံရတဲ့အပြင် သူ့ကို အတုရောင်းတယ်လို့ပြောပြီး အတော်ကြာပြဿနာရှာကြသည်။ စီးပွားရေးကမကောင်းတဲ့အပြင် နာမည်ပျက်တော့မလိုတောင်ဖြစ်နေပြီ။ သူဘယ်လိုလုပ်ဒေါသမထွက်ဘဲနေနိုင်မှာလဲ။

ဒါက ဝတုတ်ရှောင်းပဲ။ သူက ယွီဟွေးဖေးကိုလိမ်ညာခဲ့တဲ့ကိစ္စကို ဘယ်တော့မှမစဉ်းစားဘူး။ ကိုယ့်ရဲ့အကျိုးအမြတ်ကိုပဲစဉ်းစားတယ်။

ဝတုတ်ရှောင်းက စာရိုက်ရင်း စိတ်တိုနေတုန်းမှာပဲ ရုတ်တရက်…။

ဂလောက် ဂလောက် ဂလောက်…

ဖန်ဂေါ်လီတွေမြေကြီးပေါ်ကျတဲ့အသံက အပေါ်ထပ်ကနေထွက်လာ၏။ အိမ်ခေါင်မိုးပေါ်ကနေ ဂေါ်လီတွေမြေကြီးပေါ်ကျတဲ့အသံပဲဟ။ ဝတုတ်ရှောင်းက အလိုလိုပဲ ဖျတ်ခနဲထိုင်လိုက်ပြီး နဖူးပေါ်မှာ ချွေးစေးတွေပြန်လာ၏။

ညသန်းခေါင်ရဲ့ရှို့လင်ရွာက တော်တော်တိတ်ဆိတ်ငြိမ်သက်နေ၏။ အထူးသဖြင့် ဒီလိုဆောင်းဦးရာသီမှာ အပြင်မှာ ပုရစ်အော်သံတောင်မရှိဘူး။ ပြီးတော့ ဝတုတ်ရှောင်းအိမ်မှာ သူတစ်ယောက်တည်းပဲရှိတာ။ ဒုတိယထပ်ကို သူကိုယ်တိုင်တောင်သိပ်မသွားဘူး။ ပုံမှန်ဆိုရင် ပစ္စည်းတွေပုံထားဖို့ပဲသုံးတာလေ။ အခု ဒုတိယထပ်ကနေ ရုတ်တရက် ဂေါ်လီသံထွက်လာတော့ တော်တော်ထူးဆန်းနေပြီ။

“ကြောင်များလား”

ဝတုတ်ရှောင်းက ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်လိုက်သည်။ ဒါပေမဲ့ သူကိုယ်တိုင်ပဲသိတယ်။ သူတို့အိမ်မှာ ကြောင်မရှိတာထားလိုက်တော့၊ ကြောင်ရှိရင်တောင် အဲ့ဒီကြောင်မှာ ဂေါ်လီမရှိဘူးလေ။

အဲ့ဒါ သူငယ်ငယ်က ကစားတဲ့ပစ္စည်း။ အခုတောရွာက ကလေးတွေတောင် နည်းနည်းပဲရှိတော့တယ်။ ဖန်ဂေါ်လီကစားတဲ့သူက ပိုပြီးမရှိတော့ဘူး။ အခုကုန်စုံဆိုင်တွေမှာတောင်မရောင်းတော့ဘူး။ ဒီလိုတွေးမိတော့ သူ့နဖူးပေါ်မှာ ချွေးစေးတွေ ပိုပိုများလာပြီး ဝတုတ်ရှောင်းက အိပ်မပျော်တော့ဘူး။

ဒါကြောင့် အမြန်မီးဖွင့်လိုက်သည်။ မီးဖွင့်လိုက်တော့ သူ့စိတ်က တော်တော်တည်ငြိမ်သွား၏။ အပေါ်ထပ်မှာ ပိုက်ဝူချန်က လုံးဝိုင်းနေတဲ့ ကျောက်ခဲတစ်လုံးကိုကိုင်ပြီး ခဏစောင့်ကာ မြေကြီးပေါ်ပစ်ချလိုက်သည်။

ဂလောက် ဂလောက် ဂလောက်…

ဝတုတ်ရှောင်းရဲ့လက်ကတုန်သွားပြီး လက်ဖဝါးမှာချွေးတွေအပြည့်နဲ့ ဖုန်းတောင်ကောင်းကောင်းမကိုင်နိုင်တော့ဘူး။

“ဘယ်သူလဲ။ အပေါ်ထပ်မှာ ဘယ်သူလဲ”

ဝတုတ်ရှောင်းကအော်လိုက်၏။ ဒါပေမဲ့ အပေါ်ထပ်ကဘယ်သူမှမဖြေဘူး။ အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်နေပြီး ဝတုတ်ရှောင်းက သူ့နှလုံးခုန်သံကိုတောင်ကြားနေရသလိုပဲ။

ဝတုတ်ရှောင်းက သတိကြီးစွာနဲ့ လှေကားကိုနင်းပြီး မီးတွေဖွင့်ရင်း မီးရောင်ထိန်ထိန်လင်းနေတဲ့ ဒုတိယထပ်ကိုကြည့်ပြီး သူ့စိတ်ကနည်းနည်းသက်သာသွားသည်။

အပေါ်ထပ်ရောက်တော့ ဝတုတ်ရှောင်းက အခန်းတစ်ခန်းရဲ့တံခါးကိုဆွဲဖွင့်ပြီး ရုတ်တရက်မီးဖွင့်လိုက်တော့ အခန်းထဲမှာ ဘာမှမရှိဘူး။ လုံးဝလူမရှိဘူး။

“ဟူး… တကယ်ပဲကိုယ့်ကိုယ်ကို ခြောက်လှန့်နေမိတာပဲ”

ဝတုတ်ရှောင်းက ပွစိပွစိပြောရင်း နောက်လှည့်တော့မလို့လုပ်နေတုန်း ရုတ်တရက်ပြတင်းပေါက်ပးနားမှာ လူတစ်ယောက်ရပ်နေတာကို တွေ့လိုက်ရ၏။ အဲ့ဒီလူက အဖြူရောင်ဝတ်စုံ၊ အဖြူရောင်ဦးထုပ်နဲ့။ လျှာကအရမ်းရှည်ပြီး အငွေ့တောင်ထွက်နေသေး။

အဲ့ဒီတစ်ခဏမှာ ဝတုတ်ရှောင်းရဲ့ဦးရေပြားက ပေါက်ကွဲထွက်တော့မလိုဖြစ်သွားပြီး တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ချက်ချင်းဘဲ အားခနဲအော်ပြီး ရုတ်တရက်နောက်လှည့်လိုက်ချိန် တစ်ပြိုင်နက်တည်းမှာပဲ မီးကငြိမ်းသွားကော။ သူဘာမှမမြင်ရတော့ဘူး။

“ကယ်ကြပါဦး”

ကြောက်မက်ဖွယ်အော်သံနဲ့အတူ ဝတုတ်ရှောင်းက လေးဘက်ထောက်ပြီး အောက်ထပ်ကိုပြေးဆင်းကာ မီးဖွင့်လိုက်သည်။ နောက်ပြန်ကြည့်တော့ လှေကားပေါ်မှာ ဘယ်မှာလူရှိလို့လဲ။

အပေါ်ထပ်မှာတော့ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး လက်ဝါးရိုက်လိုက်ကြသည်။ ပူးပေါင်းဆောင်ရွက်မှုက အမှားကင်းတယ်လို့ ဆိုလိုတာပေါ့။

နှစ်ယောက်လုံးက တန်ခိုးမရှိတော့ပေမယ့် ငရဲတမန်တွေအနေနဲ့ သူတို့ရဲ့ကိုယ်လက်လှုပ်ရှားမှုလျင်မြန်မှု၊ ပျော့ပျောင်းမှုနဲ့ လူ့အမြင်ကိုရှောင်တိမ်းတဲ့နည်းစနစ်တွေက သာမန်လူတွေစိတ်ကူးနိုင်တာထက်အများကြီးသာတယ်။

ရှင်းရှင်းပြောရရင် ခုနကပိုက်ဝူချန်က တကယ်တော့ပုန်းမနေဘူး။ သူက ဝတုတ်ရှောင်းရဲ့အမြင်ကွယ်ရာမှာ အမြဲတမ်းရပ်နေတာ။ ဝတုတ်ရှောင်းကသူ့ကိုမမြင်ရအောင်တော့ လုပ်ထားရတာပေ့ါ။

ဟိတ်ဝူချန်က သူ့အရပ်ပုတာကိုအားကိုးပြီး ဒီကောင်က လုံးဝမပုန်းဘူး။ ဝတုတ်ရှောင်းအောက်မှာထိုင်နေတာ။ ပြီးတော့ ဝတုတ်ရှောင်းနောက်လှည့်တဲ့တစ်ခဏမှာ ထပြီးမီးပိတ်လိုက်တာပဲ။

အခု ဝတုတ်ရှောင်းက အခန်းထဲမှာပုန်းပြီး တုန်တုန်ယင်ယင်နဲ့ဖုန်းကိုကိုင်ကာ ငိုသံပါနဲ့ရဲတိုင်နေပြီ။

“၁၁၉လား လား။ ကျွန်… ကျွန်တော်ပြောမယ်နော်… ကျွန်တော်သရဲနဲ့တွေ့ခဲ့တယ်… ဖုန်းမချနဲ့… ကျွန်တော်မလိမ်ဘူး။ ခင်ဗျားဖုန်းမချနဲ့…”

ဒါပေမဲ့ တစ်ဖက်ကတော့ ဖုန်းချသွားပြီ။ ဝတုတ်ရှောင်းက နေရာမှာတင်ငိုချလိုက်၏။ ဒါကိုမြင်တော့ ပိုက်ဝူချန်က ခေါင်းခါပြီးပြောသည်။

“ဒါက ခြောက်တောင် မခြောက်ရသေးဘူး။ ငါတခြားနည်းလမ်းတွေတောင် မသုံးရသေးဘူး”

“ထပ်ကစားဦးမလား”

“ထားလိုက်တော့… ထပ်ခြောက်ရင် စိတ်ဖောက်သွားလိမ့်မယ်” ပိုက်ဝူချန်က ဆိုသည်။

ဒါပေမဲ့ ဒီလိုပဲထွက်သွားရင်လည်း သိပ်မကောင်းဘူး။

ဒါနဲ့ ပိုက်ဝူချန်က မေးစေ့ကိုပွတ်သပ်ပြီး ပါးစပ်ကိုမဲ့ကာရယ်သည်။

“ရပြီ”

ပိုက်ဝူချန်က မီးမွှေးတဲ့တုတ်တစ်ချောင်းကို ရှာလိုက်တယ်။ ဒီတုတ်ရဲ့ရှေ့မှာ အိုးအောက်ကမီးခိုးတွေနဲ့မည်းနက်နေတာပဲ။ သူက ဝတုတ်ရှောင်းအခန်းတံခါးပေါ်မှာ စာတစ်ကြောင်းရေးလိုက်၏။

အောက်အီးအီးအွတ်…

ကြက်ဖကြီးတစ်ကောင်ရဲ့ တွန်သံထွက်လာတော့

ဝတုတ်ရှောင်းက သွေးကြောတွေပြည့်နေတဲ့မျက်လုံးတစ်စုံနဲ့ ပျော်လွန်းလို့ ငိုချလိုက်သည်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ကြက်ဖကြီးရဲ့တွန်သံကို ဒီလောက်သာယာတယ်လို့ခံစားလိုက်ရတာပဲ။ ပိုက်ဆံရေတဲ့အသံထက်တောင်နားထောင်ကောင်းသေးတယ်။

ပထမဆုံးနေရောင်ခြည်က အခန်းထဲဝင်လာတာနဲ့ ဝတုတ်ရှောင်းက သတ္တိမွေးပြီးအခန်းတံခါးကိုဖွင့်လိုက်၏။ အပြင်မှာဘယ်သူမှမရှိ၊ ဘာလှုပ်ရှားမှုမှမရှိတာကိုမြင်တော့ သက်ပြင်းချမိသည်။ နောက်လှည့်ပြီးဖုန်းသွားယူတော့ တံခါးပေါ်ကစာတစ်ကြောင်းကိုတွေ့လိုက်ရ၏။

“မင်းအဘိုးယွီက မင်းကိုလာကြည့်တာ… ကလေး… ဘာမှမကြောက်နဲ့”

စာကြည့်ပြီးတော့ ဝတုတ်ရှောင်းကငိုချလိုက်၏။ သေစမ်း… ဒါမကြောက်လို့ရမလားဟ။ ငိုရင်းငိုရင်းနဲ့ ဝတုတ်ရှောင်းက နဖူးကိုရိုက်လိုက်သည်။

“မဟုတ်ဘူး… ဒီလောကမှာဘယ်မှာသရဲရှိမှာလဲ။ သေချာတယ်… ယွီဟွေးဖေးဆိုတဲ့ကောင်လေးက သရဲလုပ်ပြီးခြောက်တာပဲ။ သောက်ကျိုးနည်း… မင်းငါ့ကိုကလိမ်ကကျစ်လုပ်တယ်ဟုတ်လား။ ငါမင်းနဲ့သေခန်းပြတ်တိုက်တော့မယ်။ ဒီနေ့မင်းထပ်လာရဲရင် ငါမင်းကိုသတ်ပစ်မယ်”

ဝတုတ်ရှောင်းကလည်း လူကြမ်းတစ်ယောက်ပဲ။ တော်တော်လည်းဉာဏ်ကောင်းတယ်။ ချက်ချင်းဖြစ်နိုင်ခြေအများကြီးကို စဉ်းစားမိသည်။

ရှို့လင်ရွာရဲ့ နာမည်ကြီးကပ်စေးနှဲတစ်ယောက်အနေနဲ့ သူက နောက်တစ်ခါထပ်ခြောက်ခံရရင်တောင် အရှုံးမပေးဘူး။ အခြေအနေကိုမသိခင်မှာ မျက်စိစုံမှိတ်ပြီးသေခန်းပြတ်တိုက်တော့မှာပဲ။

ယွီဟွေးဖေးက ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်ပြန်လာတာကိုစောင့်ပြီး နှစ်ယောက်လုံးကဝတုတ်ရှောင်းရဲ့အဖြစ်အပျက်ကိုပြောပြပြီးနောက် ယွီဟွေးဖေးက အဓိပ္ပာယ်ပါပါနဲ့ပြောလိုက်သည်။

“အား… သူအိပ်မပျော်ရင် စိတ်ချပြီ”

ပြောပြီးတော့ ယွီဟွေးဖေးက အိပ်ဖို့ပြန်သွား၏။ ဒီတစ်ညတော့ သူတော်တော်ကောင်းကောင်းအိပ်ပျော်နိုင်ပြီ။

နောက်နေ့မှာ ယွီဟွေးဖေးက လန်းဆန်းစွာနဲ့အပြင်ထွက်လာပြီး တောင်တန်းတွေကတိုက်ခတ်လာတဲ့လေကောင်းလေသန့်ကိုရှူရှိုက်ရင်း ကောင်းကင်ပြာကြီးကိုကြည့်ပြီး စိတ်ကတော်တော်ကြည်လင်နေလေရဲ့။

အဲ့ဒီအချိန်မှာ အဝေးကြီးကနေ ယွီဟွေးဖေးက ဝတုတ်ရှောင်းကို တွေ့လိုက်ရသည်။ ဝတုတ်ရှောင်းကလည်း သူ့ကိုအေးစက်စက်ပြုံးပြပြီး အော်ပြောလိုက်၏။

“ကောင်လေး… မင်းလိုကောင်က ငါ့ကိုလာကစားရဲတယ် ဟုတ်လား။ သတ္တိရှိရင် မင်းအဘိုးကိုဒီညထပ်လာခိုင်းလိုက်စမ်း”

ခပ်ကြမ်းကြမ်းစကားပြောပြီးတော့ ဝတုတ်ရှောင်းက သွေးတစ်အိတ်၊ ကြက်ဖကြီးနှစ်ကောင်နဲ့ ဘယ်ကနေရလာမှန်းမသိတဲ့ အဆောင်ဝါတစ်ရွက်ကိုကိုင်ပြီးထွက်သွား၏။

ယွီဟွေးဖေးက ဒါကိုမြင်တော့ ချက်ချင်းရယ်လိုက်ပြီး စိတ်ထဲကနေတွေးလိုက်သည်။

‘အိုး… အကြီးကြီးကစားချင်နေတာလား။ ကောင်းပြီလေ… ခင်ဗျားကို အားရပါးရ ကျေနပ်စေရမယ်’

မနေ့က ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က ဝတုတ်ရှောင်းသတ္တိအရမ်းနည်းလို့ နှစ်ယောက်လုံး လူကိုလန့်သွားမှာစိုးလို့ အပြည့်အဝမကစားရဲဘူး၊ ဒါကြောင့် မကျေနပ်ဘူးလို့ပြောနေသေးတာ။ ဒီနေ့တော့ ယွီဟွေးဖေးက နှစ်ယောက်လုံးကို ကျေနပ်အောင်လုပ်ပေးမယ်။

“ဘာ… ထပ်လာဦးမှာလား။ သေစမ်း… ငါသူ့ကိုကြိုက်လာပြုလာပြီ” ပိုက်ဝူချန်ကရယ်နေချိန်

ဟိတ်ဝူချန်ကလည်း ဝင်ပြောလိုက်၏။

“ငါဒီလောက်ခေါင်းမာတဲ့ကောင်မျိုး တစ်ခါမှမမြင်ဖူးဘူး… သူ့ကို စိတ်ကျေနပ်စေရမယ်”

All Chapters