← Chapters

သေမင်းကိုတောင် မကြောက်တဲ့ ဝတုတ်ရှောင်း

Vol. 3 Ch. 32

သေမင်းကိုတောင် မကြောက်တဲ့ ဝတုတ်ရှောင်း

Vol. 3 Ch. 32

ညချိန်ရောက်တော့ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်တို့ ဒီတစ်ခါ ကျောက်ခဲတွေမပါဘဲ တစ်ယောက်တစ်ယောက် ဓာတ်မီးတစ်လက်စီကိုင်ပြီး နံရံကိုကျော်ကာ ဝတုတ်ရှောင်းအိမ်ထဲ ဝင်သွားကြသည်။

ဒီတစ်ခါတော့ ဝတုတ်ရှောင်းက အိမ်မှာတစ်ယောက်တည်းမဟုတ်ဘူး၊ သူ့ဆိုင်က အလုပ်သမား ရှောင်ကျောက်ကို အဖော်ခေါ်ထား၏။

ရှောင်ကျောက်က အသက်နှစ်ဆယ့်သုံးနှစ်အရွယ် လူငယ်သန်သန်မာမာလေး။ တစ်ကိုယ်လုံး သွေးသားတွေဆူပွက်နေပြီး နွားသိုးပေါက်လေးကျနေတာပဲ။

နှစ်ယောက်သား အရက်သောက်၊ အမြည်းစား၊ တီဗီကြည့်ရင်း တော်တော်လေးတော့ သက်တောင့်သက်သာရှိနေကြလေရဲ့။

“သူဌေး… စိတ်ချ… လောကကြီးမှာ သရဲမရှိတာထားလိုက်တော့။ တကယ်လို့ရှိခဲ့ရင်တောင် သူလာရဲရင် ကျုပ်သူ့ကိုကူပြီးရှင်းပေးမယ်” ရှောင်ကျောက်က အရက်သုံးခွက်လောက်ဝင်သွားတော့ မျက်နှာတစ်ခုလုံးနီရဲပြီး အရက်နံ့တထောင်းထောင်းနဲ့ ခပ်ကြွားကြွားပြောလိုက်သည်။

ဝတုတ်ရှောင်းက ဒီစကားကြားတော့ စားပွဲကိုရိုက်ပြီးပြောလိုက်၏။ “ငါသိသားပဲ… လူအားလုံးထဲမှာ မင်းကောင်လေးက အသောက်အစားဆုံးပဲ။ နောက်မှ… လခတိုးပေးမယ်”

ရှောင်ကျောက်လည်း မျက်လုံးတွေတောင် တောက်ပသွားသည်။

ပြတင်းပေါက်အပြင်ဘက်မှာ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က ဒီမြင်ကွင်းကိုကြည့်ပြီး ဟားတိုက်ရယ်ကာ တိတ်တဆိတ်ထွက်သွားကြ၏။ သူတို့နှစ်ယောက်က လူခြောက်ဖို့မလောဘဲ အိမ်ခေါင်မိုးပေါ်မှာထိုင်ပြီး ကြယ်တွေရေနေရင်း ဖြည်းဖြည်းချင်းစောင့်နေ၏။

ညသန်းခေါင်ကျော်၊ မနက်တစ်နာရီကျော်လောက်ရောက်တော့… ရှောင်ကျောက်နဲ့ ဝတုတ်ရှောင်းတို့ နည်းနည်းမူးလာပြီး မခံနိုင်တော့ဘဲ ကုတင်ပေါ်တက်ပြီးအိပ်ဖို့ပြင်ဆင်ကြပြီ။ မီးပိတ်ပြီး နှစ်ယောက်လုံးလှဲချရုံရှိသေး ကြားလိုက်ရတာက…

ဒုန်း… ဒုန်း… ဒုန်း…

ခြေသံတစ်စုံ နင်းသံက အပေါ်ထပ်ကနေထွက်လာတာပဲ။

ဖျတ်…

ဝတုတ်ရှောင်းက ဖျတ်ခနဲ ထထိုင်လိုက်သည်။ သူ့အရက်သောက်နိုင်စွမ်းက တော်တော်ကောင်း၏။ အရက်ပြင်းတစ်ဝက်လောက်က သူ့ကိုမမူးစေဘူး အေးဆေးပဲ။ ဒီလိုလန့်သွားတော့ ချွေးစေးတွေတစ်ကိုယ်လုံးပြန်လာပြီး လူကတော်တော်လန်းဆန်းသွား၏။

ရှောင်ကျောက်ကတော့ ဟောက်သံတွေထွက်ပြီး အိပ်ပျော်နေတာ၊ ဘာမှမတုံ့ပြန်ဘူး။ ဝတုတ်ရှောင်းက ရှောင်ကျောက်ကိုတွန်းလိုက်သည်။

“သူဌေး… ဘာဖြစ်လို့လဲ”

“မင်းနားထောင်ကြည့်”

ရှောင်ကျောက်က ပါးစပ်ကို တပြတ်ပြတ်နဲ့လုပ်ပြီး သေချာနားထောင်လိုက်ချိန် အပေါ်ထပ်ကနေ ဒုန်း… ဒုန်း… ဒုန်းနဲ့ ခြေသံတွေက ပိုပိုပြင်းလာတာကိုကြားလိုက်ရသည်။ ရှောင်ကျောက်လည်း ထိုင်လိုက်ပြီး ပါးစပ်ကဆဲဆိုနေတော့၏။

“ဘယ်ခွေးကောင်လဲ… ဘုရားကျောင်းက ခေါင်းလောင်းကို လာထိုးရဲတယ်ပေါ့”

ပြောပြီးတော့ ရှောင်ကျောက်က သံတုတ်တစ်ချောင်းကိုဆွဲပြီး အပေါ်ထပ်တက်သွားတော့သည်။ ရှောင်ကျောက် ဒီလောက်သတ္တိရှိတာကိုမြင်တော့ ဝတုတ်ရှောင်းလည်း အားတက်လာပြီး တုတ်တစ်ချောင်းကိုင်ကာ အပေါ်ထပ်လိုက်တက်သွား၏။

ရှောင်ကျောက်ကလည်း တော်တော်သတ္တိရှိတာပဲ။ ခြေလှမ်းကျဲကြီးတွေနဲ့အပေါ်ထပ်တက်သွားပြီး ဒုတိယထပ်ကတံခါးတစ်ချပ်ကိုတွန်းဖွင့်ကာ အော်ဟစ်လိုက်သည်။

“ဘယ်သူလဲ… ထွက်ခဲ့”

ဒါပေမဲ့ တံခါးထဲမှာ ဟာလာဟင်းလင်းနဲ့ ဘယ်သူမှမရှိဘူး။ ရှောင်ကျောက်က ဒါကိုမြင်တော့ နှာခေါင်းရှုံ့ပြီးပြောလိုက်၏။

“သူဌေး… လူမရှိဘူး”

“ဘေးကအခန်းကိုကြည့်” ရှောင်ကျောက်ဒီလောက်သတ္တိရှိတာမြင်တော့ ဝတုတ်ရှောင်းလည်း စိတ်ဓာတ်တက်ကြွလာပြီ။ ရှောင်ကျောက် နောက်လှည့်ပြီးတံခါးဖွင့်ဖို့သွားနေချိန် ဝတုတ်ရှောင်းက မည်းနက်နေတဲ့လူရိပ်တစ်ခုက ဖြည်းဖြည်းချင်း ရှောင်ကျောက်နောက်မှာပေါ်လာတာကိုတွေ့လိုက်ရ၏။ အဲ့ဒီကောင်ကခေါင်းမော့လိုက်တော့… အစိမ်းရောင်မျက်နှာနဲ့စွယ်တွေ။

ပိုကြောက်စရာကောင်းတာက အဲ့ဒီကောင်က သူ့ကိုပြုံးပြနေတာပဲ။ ဝတုတ်ရှောင်းက ကြောက်လွန်းလို့တစ်ကိုယ်လုံးတုန်နေပြီး ထစ်ထစ်ငေါ့ငေါ့နဲ့အော်လိုက်၏။

“ရှောင်… ရှောင်… ရှောင်ကျောက်။ မင်း… မင်းနောက်မှာ”

ရှောင်ကျောက်က ဒီစကားကြားတော့ နောက်လှည့်ကြည့်လိုက်တော့ အဲ့ဒီအနက်ရောင်ဝတ်စုံနဲ့လူက နောက်လှည့်ထွက်သွားပြီး ရှောင်ကျောက်နောက်လှည့်လာတဲ့တစ်ခဏမှာ သူ့ရဲ့အမြင်ကွယ်ရာကိုပျောက်ကွယ်သွားပြီ။ သူက သံသယမျက်လုံးနဲ့ဝတုတ်ရှောင်းကိုကြည့်ပြီး မေးတော့သည်။

“သူဌေး… ဘာဖြစ်လို့လဲ။ ကျုပ်နောက်မှာဘာဖြစ်လို့လဲ”

ဝတုတ်ရှောင်းလည်း ဘယ်လိုပြောရမှန်းမသိတော့ဘဲ နောက်ဆုံးတော့ပြောလိုက်၏။

“မင်းထပ်စစ်ကြည့်ဦး…”

“ကောင်းပြီ…” ရှောင်ကျောက်က နောက်လှည့်ပြီးဆက်စစ်ကြည့်သည်။ ဝတုတ်ရှောင်းကတော့ ရှောင်ကျောက်နောက်ကိုစိုက်ကြည့်ပြီး အဲ့ဒီမည်းမည်းကောင်ကထပ်ပေါ်လာမလားလို့ကြည့်နေ၏။

အဲ့ဒီအချိန်မှာပဲ သူ့လည်ကုတ်နောက်ကနေ လေအေးတစ်ချက်တိုက်လာတော့ သူအလိုလိုတုန်သွားသည်။ ပြီးတော့ ဝတုတ်ရှောင်းက သူ့နောက်မှာတစ်ယောက်ယောက်ကပ်လာသလိုခံစားလိုက်ရပြီး အဲ့ဒီကောင်က သူ့လည်ကုတ်ကိုလေမှုတ်နေသလိုပဲ… အေးစက်စက်နဲ့။

ဝတုတ်ရှောင်းရဲ့မျက်နှာက ချက်ချင်းဖြူဖျော့သွားပေမယ့် သတ္တိမွေးပြီးနောက်လှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိဘူး။ ဝတုတ်ရှောင်းက လှေကားထစ်မှာတစ်ယောက်တည်းမရပ်ရဲတော့ဘဲ အမြန်ဒုတိယထပ်ကိုပြေးပြီး ရှောင်ကျောက်နဲ့သွားပေါင်းသည်။

အဲ့ဒီအချိန်မှာပဲ “ဂျောက်” ဆိုတဲ့အသံနဲ့ မီးတွေအားလုံးငြိမ်းသွားကော။ ဝတုတ်ရှောင်းက ကြောက်လွန်းလို့ အားခနဲအော်၏။

“ရှောင်ကျောက်”

“သူဌေး… မကြောက်နဲ့… ကျုပ်ရှိတယ်”

ရှောင်ကျောက်က ပြောရင်းနဲ့လျှောက်လာ၏။ ဝတုတ်ရှောင်းက ခြေသံတွေ တဖြည်းဖြည်းနီးကပ်လာတာကိုကြားတော့ သက်ပြင်းချပြီးပြောလိုက်သည်။

“မင်းငါ့နဲ့ သိပ်မဝေးဝေးမနေနဲ့ဟ”

“ကောင်းပြီ… ငါမင်းဘေးမှာပဲရှိတယ်” ပြောတဲ့သူက ရှောင်ကျောက်မဟုတ်ဘူး။ ခပ်အက်အက်နဲ့အေးစက်စက်အသံတစ်ခု။

ဝတုတ်ရှောင်းက ဒီစကားကြားတော့ ကြက်သီးမွေးညင်းတွေထောင်ထသွားသည်။ သူတို့အိမ်တံခါးကသော့ခတ်ထားတာ။ အိမ်ထဲမှာ သူနဲ့ရှောင်ကျောက်ကလွဲရင် ဘယ်သူမှမရှိဘူး။ အခုလူစိမ်းတစ်ယောက်ပေါ်လာတာက…

ဂျောက်…

ဓာတ်မီးလင်းလာပြီး အောက်ကနေ ပိုက်ဝူချန်ရဲ့ဖြူဖျော့နေတဲ့မျက်နှာကိုထိုးပြလိုက်သည်။

“သရဲ… သရဲ…” ဝတုတ်ရှောင်းက အော်ဟစ်ပြီးနောက်လှည့်ထွက်ပြေးတော့၏။ ဝတုတ်ရှောင်းက လေးဘက်ထောက်ပြီးအောက်ထပ်ကိုပြေးဆင်းကာ အခန်းတံခါးကိုပိတ်ပြီး တစ်ချိန်တည်းမှာပဲအော်ဟစ်နေတော့သည်။

“ရှောင်ကျောက်… ရှောင်ကျောက်။ ရှောင်ကျောက်”

“မင်းငါ့ကိုခေါ်နေတာလား” နောက်ထပ်ထူးဆန်းတဲ့အသံတစ်ခုထွက်လာတာမို့ ဝတုတ်ရှောင်းက ဖျတ်ခနဲနောက်လှည့်ကြည့်လိုက်၏။

ဂျောက်…

ဓာတ်မီးက အလင်းရောင်ထွက်လာပြီး အောက်ကနေ အစိမ်းရောင်မျက်နှာနဲ့စွယ်ပါတဲ့ မျက်နှာကိုထိုးပြနေ၏။ အဲ့ဒီမျက်နှာက တော်တော်ကြောက်မက်ဖွယ်ကောင်းပြီး သူ့ကိုပါးစပ်အကျယ်ကြီးဖြဲပြီးပြုံးပြနေကော။

“သရဲ… သရဲ…” ဝတုတ်ရှောင်းက နောက်လှည့်ထွက်ပြေးတော့သည်။

ဘုန်း…

သူမေ့သွားတာက တံခါးကပိတ်ထားတာကိုပဲ။ အခုတော့ တံခါးဘောင်နဲ့ တည့်တည့်တိုက်မိသွားတယ်။ ဒါပေမဲ့ သူနာကျင်တာကိုမခံစားမိဘဲ လက်နှစ်ဖက်နဲ့တံခါးလက်ကိုင်ကို အသည်းအသန်ဆွဲနေတာပဲ။ ထိတ်လန့်နေတဲ့သူက တံခါးကိုသူသော့ခတ်ထားတာကိုမေ့သွားပြီ။

အကြိမ်ပေါင်းများစွာဖွင့်မရတော့ မြေကြီးပေါ်ဒူးထောက်ချပြီး ငိုကြီးချက်မနဲ့ ခေါင်းကိုကြမ်းပြင်နဲ့ဆောင့်ပြီး အော်ဟစ်နေပါလေကော။

“အဘိုးကြီး… ခင်ဗျားကျုပ်ကိုလွှတ်ပေးပါ… ကျုပ်နောက်ဆိုရင် ယွီဟွေးဖေးနဲ့ပြဿနာမရှာတော့ပါဘူး… ကျုပ်ယွီဟွေးဖေးကိုမလိမ်ညာတော့ပါဘူး… ခင်ဗျားကျုပ်ကိုလွှတ်ပေးပါ…”

ဂျိန်း…

အသံကျယ်ကြီးနဲ့အတူ တံခါးကန်ဖွင့်ခံလိုက်ရပြီး ရှောင်ကျောက်က ဓာတ်မီးကိုင်ပြီးပြေးဝင်လာကာအော်လိုက်၏။

“သူဌေး… သူဌေး။ ခင်ဗျားဘာမှမဖြစ်ဘူး မလား”

ဝတုတ်ရှောင်းက ခေါင်းမော့ပြီးရှောင်ကျောက်ကိုကြည့်ကာ “ဝါး” ခနဲအော်ပြီး ရှောင်ကျောက်ရဲ့ပခုံးပေါ်မှီလိုက်၏။ နောက်ဆုံးတော့ အားကိုးရာရှာတွေ့သွားပြီ။ ဒါပေမဲ့ သူခေါင်းမော့လိုက်တော့ အနက်နဲ့အဖြူရောင်အရိပ်နှစ်ခုက မလှမ်းမကမ်းမှာရပ်နေတာကိုတွေ့လိုက်ရ၏။

ရှောင်ကျောက်ရဲ့ဓာတ်မီးရောင်ပြန်ဟပ်မှုအောက်မှာ သူတို့အရိပ်ကိုမသဲမကွဲမြင်နိုင်တယ်။ နှစ်ယောက်လုံးက သူ့ကိုပြုံးပြနေကြ၏။

“သရဲ… သရဲ… သရဲ” ဝတုတ်ရှောင်းက ရှေ့ကိုလက်ညှိုးထိုးပြီးအော်ဟစ်နေတော့ ရှောင်ကျောက်လည်း နောက်လှည့်ကြည့်လိုက်ပေမယ့် ဟာလာဟင်းလင်းနဲ့ ဘယ်မှာလူရှိလို့လဲ။

ဝတုတ်ရှောင်းက အကြိမ်ပေါင်းများစွာဒီလိုလုပ်တော့ ရှောင်ကျောက်လည်း နည်းနည်းကြောက်လာပြီ။ သူလည်းသိတယ်… ဝတုတ်ရှောင်းက ပုံမှန်လူပဲ။ စိတ်ရောဂါသည်လည်း မဟုတ်ဘူး၊ စိတ်ကူးယဉ်ရောဂါသည်လည်း မဟုတ်ဘူး။ သူဒီလောက်တုံ့ပြန်တာက တစ်ခုခုမြင်လိုက်လို့ပဲဖြစ်ရမယ်။

အဲ့ဒီအချိန်မှာပဲ ရှောင်ကျောက်ရဲ့မျက်လုံးဒေါင့်က အရိပ်တစ်ခုက ဘေးကနေဖြတ်သွားသလို မြင်လိုက်ရ၏။ သူဖျတ်ခနဲလှည့်ကြည့်လိုက်တော့ ဟာလာဟင်းလင်းနဲ့ ဘာလူမှမရှိဘူး။ ဒါပေမဲ့ တစ်ဖက်မှာတော့ လူတစ်ယောက်လျှောက်သွားသလိုပဲ။ သူထပ်လှည့်ကြည့်လိုက်တော့လည်း လူမရှိဘူး။

ဂလု…

ရှောင်ကျောက်က တံတွေးကိုခက်ခက်ခဲခဲ အတင်းမျိုချလိုက်၏။ အဲ့ဒီအချိန်မှာ သူဝတုတ်ရှောင်းစကားကိုအခြေခံအားဖြင့်ယုံသွားပြီ။ ဒီမှာတကယ်ပဲ မသန့်ရှင်းတဲ့အရာတွေရှိတယ်။

ဒီလိုတွေးမိတော့ ရှောင်ကျောက်လည်း အစကလိုသတ္တိမရှိတော့ဘဲ နည်းနည်းကြောက်လာပြီ။

နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်မှီပြီး မျက်လုံးအကျယ်ကြီးဖွင့်ကာ ပတ်ဝန်းကျင်ကိုစောင့်ကြည့်နေကြတာ။ ဒီလိုနဲ့ နှစ်ယောက်သား မျက်လုံးပြူးပြီး မိုးလင်းတဲ့အထိပဲ။

ကြက်ဖကြီးရဲ့တွန်သံနဲ့အတူ ကောင်းကင်ကတဖြည်းဖြည်းလင်းလာချိန် နှစ်ယောက်လုံးက သက်ပြင်းချလိုက်ကြ၏။

အခန်းတံခါးကထွက်လာတဲ့အချိန်မှာ ဝတုတ်ရှောင်းက ပထမဆုံး သူ့အိပ်ခန်းတံခါးကို စစ်ဆေးလိုက်တော့ အပေါ်မှာစာတစ်ကြောင်းထပ်တိုးလာတာကိုတွေ့လိုက်ရသည်။

“မင်းအဘိုးယွီက မင်းကိုလာကြည့်တာ… မကြောက်နဲ့… ကလေး။”

ဒီစာကြောင်းကိုမြင်တော့ ဝတုတ်ရှောင်းနဲ့ ရှောင်ကျောက်က တစ်ပြိုင်နက်တည်းတုန်သွားကြတယ်။

ရှောင်ကျောက်ကတော့ နောက်လှည့်ပြီးထွက်ပြေးတော့တာပဲ။ ဝတုတ်ရှောင်းက ဘယ်လိုပဲလခတိုးပေးမယ်၊ မသွားနဲ့လို့အော်ခေါ်နေပါစေ၊ လုံးဝအသုံးမဝင်ဘူး။

ရှောင်ကျောက်က တစ်ချိုးတည်းအိမ်ပြန်ပြေးသွားတော့၏။

All Chapters