အတိတ်ဇာတ်လမ်း
Vol. 3 Ch. 35
အဲ့ဒီအချိန်မှာ သူ့အဘိုးရဲ့ ရယ်လိုက်တဲ့အသံက အားမာန်ကို အပြည့်ပဲ။
“သေစမ်း… အဘိုး… ခင်ဗျားကျုပ်ကို ထပ်ပြီးဂွင်ဆင်ပြန်ပြီလား” ယွီဟွေးဖေးတစ်ယောက် ချက်ချင်းသဘောပေါက်သွား၏။ အဘိုးကြီးက ယွီဟွေးဖေးကို မျက်စိတစ်ဖက်မှိတ်ပြပြီး ဟဲဟဲရယ်ကာပြောလိုက်သည်။
“ဟုတ်တယ်… ငါမင်းကိုဂွင်ဆင်တာပဲ။ ဟားဟားဟား… ဘယ်သူက ငါ့ကိုဒီမှာတစ်ယောက်တည်း ပျင်းအောင်ထားခိုင်းလို့လဲ” ပြီးတော့ အဘဦးယွီက တန်းထိုင်လိုက်ပြီး သူ့ဘာသာသူ ဆေးပိုက်ကိုဆွဲဖြုတ်လိုက်၏။ ယွီဟွေးဖေးတစ်ယောက် အဲ့ဒီအချိန်မှာ ကြောင်တောင်တောင်ဖြစ်သွားပြီး ငိုရမလိုရယ်ရမလိုနဲ့ အဘဦးယွီကိုကြည့်ကာပြောသည်။
“ခင်ဗျား… ဒါ… အား… ခင်ဗျားက ဘာလို့ဒီလောက်ဒုက္ခခံနေရတာလဲ။ တကယ်ပျင်းရင် ကျုပ်အိမ်သွားလေ။ ကျုပ်အမေနဲ့အဖေက ခင်ဗျားရောက်လာတာမြင်ရင် ပျော်လွန်းလို့ သေတောင်သေသွားနိုင်တယ်။
ခင်ဗျားလည်း… အစကတည်းက ဘာလို့သူတို့နဲ့ ရှောင်နေရတာလဲ”
အဘဦးယွီက ခေါင်းခါပြ၏။ “ငါက ဒီသင်္ချိုင်းကုန်းမှာပဲနေချင်တာ။ သူတို့က ငါ့ကိုသူတို့ဆီသွားစေချင်တာ။ သူတို့နဲ့မလိုက်ရင် သူတို့ကစိတ်တိုတယ်။ ဘယ်မှာဒီလိုအကျိုးအကြောင်းရှိလို့လဲ။ သူတို့ပဲစိတ်တိုတတ်တာလား။ ငါလည်းစိတ်တိုတယ် မသွားဘူး”
ယွီဟွေးဖေးက ကလေးဆိုးကြီးလိုဖြစ်နေတဲ့ သူ့အဘိုးကိုကြည့်ပြီးရယ်မိသည်။ “အလုပ်ကအရေးကြီးလား၊ မိသားစုကအရေးကြီးလား။ အိမ်ကလည်း ခင်ဗျားရဲ့ဒီငွေတစ်ထောင်ကျော်လောက်နဲ့ စားဝတ်နေရေးဖြေရှင်းနေရတာမှမဟုတ်တာ…”
အဘဦးယွီက ဒီစကားကြားတော့ ယွီဟွေးဖေးကို မျက်လုံးပြူးကြီးနဲ့စိုက်ကြည့်လိုက်၏။ ပြီးတော့ အဘဦးယွီက ဆေးတံကိုကောက်ကိုင်ပြီး ဆေးရွက်တစ်ဆုပ်ထည့်ကာ မီးညှိသည်။ အားရပါးရတစ်ချက်ရှိုက်ပြီးနောက် ကျေနပ်တဲ့မျက်နှာနဲ့ပြော၏။
“မင်းက တော်တော်ကလိမ်ကကျစ်နိုင်တာပဲ။ ငါသာ သေချင်ယောင်မဆောင်ဘဲ အရင်တစ်ခါလိုအိမ်မှာနံရိုးပေါင်းစားနေရင် မင်းရဲ့သူလျှိုတွေတွေ့သွားပြီး မင်းကိုလိမ်ခေါ်လို့ရမှာမဟုတ်ဘူး။ ဒီတစ်ခါတော့ ငါအစအဆုံး အပြည့်အစုံပြင်ဆင်ထားပြီး နှစ်ရက်သေချင်ယောင်ဆောင်နေတာ။ ဆေးလိပ်တစ်ဖွာမှမသောက်ရဘူး ဒီလိုပဲလှဲနေရတာ… အား… အခုတစ်ဖွာလောက်ရှိုက်လိုက်ရတာ… နတ်ပြည်ရောက်သွားသလိုပဲ…”
အဘိုးကြီးရဲ့ ပုံစံကိုကြည့်ပြီး ယွီဟွေးဖေးတစ်ယောက် အခြေခံအားဖြင့်သေချာသွားပြီ။ ဒီအဘိုးကြီးဘာမှမဖြစ်ဘူး။ အဘဦးယွီက ဆေးလိပ်နည်းနည်းသောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လေးနက်တဲ့မျက်နှာနဲ့ ယွီဟွေးဖေးကိုကြည့်ကာပြောလိုက်သည်။
“ကောင်လေး… မင်းအဘိုးက ဒီစုတ်ပြတ်နေတဲ့သင်္ချိုင်းကုန်းတစ်ခုအတွက်နဲ့ ကိုယ့်သားနဲ့ချွေးမကိုပြဿနာရှာတယ်လို့ တကယ်ကြီးထင်နေတာလား”
ယွီဟွေးဖေးက ပြန်မေးလိုက်၏။ “မဟုတ်လို့လား”
အဘဦးယွီက ခေါင်းခါပြသည်။ “လုံးဝမဟုတ်ဘူး။ မင်းအဘိုးဖြစ်တဲ့ ငါကသာ အလုပ်နဲ့ပိုက်ဆံကိုဂရုစိုက်ရင် အရင်တုန်းကတည်းက ဒီမှာနေခဲ့မှာမဟုတ်ဘူး”
အဘဦးယွီက အပြင်ဘက်က မေပယ်တောအုပ်တစ်ခုကိုလက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။ “အဲ့ဒီမေပယ်တောအုပ်အောက်မှာ ဘယ်သူတွေလဲလျောင်းနေလဲဆိုတာ မင်းသိလား”
ယွီဟွေးဖေးက ခေါင်းခါလိုက်၏။ သူတကယ်မသိဘူး။ အဘဦးယွီက ဆေးတံကိုခဲပြီး လေးစားတဲ့မျက်နှာနဲ့ပြောပြသည်။
“အဲ့ဒီတုန်းက ကိုရီးယားစစ်ပွဲပြီးတော့ စေတနာ့ဝန်ထမ်း တပ်ဖွဲ့တစ်ဖွဲ့ရောက်လာပြီး အဲ့ဒီမှာတပ်စွဲခဲ့တာ”
“အဲ့ဒီမှာတပ်စွဲတာနဲ့ ဒီမှာရှိတာနဲ့ဘာဆိုင်လို့လဲ”
“သူတို့အားလုံးရောဂါရသွားကြတယ်။ ဘယ်သူမှကုလို့မရတဲ့ရောဂါ။ ကူးစက်ရောဂါ… ဘယ်သူသွားသွားသေတယ်။ သူတို့က ကိုယ့်ကိုယ်ကိုယ်တောအုပ်ထဲမှာပိတ်လှောင်ထားလိုက်ကြတယ်…” ဒီလိုပြောပြီး အဘဦးယွီက မီးခိုးငွေ့တစ်လိပ်ကိုမှုတ်ထုတ်လိုက်၏။ မီးခိုးငွေ့တွေက အခန်းငယ်လေးထဲမှာဝေ့ဝဲနေပြီး နေရောင်ခြည်ကိုတောင် မှေးမှိန်သွားစေသည်။
“သူတို့က တခြားသူတွေကိုမကူးစက်အောင် နောက်ဆုံးကုသမှု မျှော်လင့်ချက်ကိုစွန့်လွှတ်ပြီး တောအုပ်ထဲမှာစုထိုင်၊ စစ်သီချင်းတွေဆိုရင်း ထွက်သွားကြတာ။ ကြားရသလောက်တော့ အဲ့ဒီတုန်းကရွာသားတွေက သူတို့ကိုစားစရာတစ်လုပ်သွားပို့ချင်တာတောင် သူတို့ကငြင်းခဲ့ကြတယ်”
“သူတို့စကားအတိုင်းဆိုရင် စားနပ်ရိက္ခာကရခဲတယ်၊ သူတို့စားရင် ဖြုန်းတီးရာရောက်တယ်တဲ့။ ရွာသားတချို့က အဲ့ဒီမှာဒူးထောက်ပြီး သူတို့ကိုစားဖို့တောင်းပန်ကြတယ်။ သူတို့ကလည်း ဒူးထောက်ပြီး ရွာသားတွေကိုထွက်သွားဖို့ ပြန်တောင်းပန်ကြတာပေါ့ကွာ။ ရွာသားတွေမသွားရင် သူတို့လည်း ခေါင်းမထမတမ်းဦးချနေတော့တာပဲ။ အနားကပ်ရင် ကိုယ့်ကိုယ်ကို သေနတ်နဲ့ပစ်ပြီး သတ်သေမယ်တဲ့…” ဒီလိုပြောရင်း အဘဦးယွီရဲ့အသံက တုန်ယင်လာ၏။
“သူတို့က စစ်မြေပြင်ကသူရဲကောင်းတွေ… စစ်ပြီးနောက်က သူရဲကောင်းတွေလည်းဖြစ်တယ်။
ဒါပေမဲ့ အဲ့ဒီရောဂါက… အား… အဲ့ဒီတုန်းက သူတို့အလောင်းကိုကောက်ဖို့ ရွာထဲကလူတော်တော်များများက သေတမ်းစာရေးပြီး ကိုယ့်သဘောနဲ့ကိုယ်ပြေးတက်သွားကြတာ”
“အဲ့ဒီအုပ်စုထဲက တချို့လူတွေပြန်မလာတော့ဘူး။
သူဌေးလီရဲ့အဖေက အဲ့ဒီလူတွေထဲမှာပါတယ်။ သူက ဒီလူတွေကို အနှစ်နှစ်ဆယ်ကျော် ရှာဖွေခဲ့ပြီးတော့ ဒီအများပိုင်သင်္ချိုင်းကုန်းကို ရင်းနှီးမြှုပ်နှံပြီးဆောက်ခဲ့တာ။ ငါအဲ့ဒီတုန်းကကျန်ခဲ့တာက ဒီမှာအာဇာနည်တွေကိုစောင့်ရှောက်ဖို့ပဲ”
“ဘာပဲဖြစ်ဖြစ် သူတို့ဒီမှာလဲလျောင်းနေကြတာ။ ပြီးတော့ သူတို့မှာ ဆွေမျိုးသားချင်းမရှိကြဘူးလေ။ တစ်ယောက်ယောက်ကတော့ ဂရုစိုက်ရမှာပေါ့။
သူတို့က သွေးနဲ့အသက်နဲ့ ငါတို့အခုဘဝကိုပေးခဲ့တာ။
ငါတို့လို အသက်ရှင်နေတဲ့လူတွေက နည်းနည်းတော့ပြန်ပေးဆပ်သင့်တယ်မဟုတ်လား”
“ဒီကိစ္စကို အစိုးရကသိလား” ယွီဟွေးဖေး မေးလိုက်တော့ အဘဦးယွီက ခေါင်းညှိတ်ပြသည်။
“သိတယ်… ဒါကြောင့် ဒီမြေကိုခွင့်ပြုချက်ချပေးတာ။ မဟုတ်ရင် မင်းကြည့်စမ်း… ငါတို့လိုဆင်းရဲတဲ့တောင်ပေါ်ဒေသမှာ ဘယ်လိုလုပ်ပြီးအများပိုင်သင်္ချိုင်းကုန်းလုပ်ခွင့်ပေးမှာလဲ”
“နှစ်တိုင်းလူတွေလာပြီး ကန်တော့ကြတယ်။ ဒါပေမဲ့ ဒီနေရာက စီးပွားဖြစ်အများပိုင်သင်္ချိုင်းကုန်းဆိုတော့ အစိုးရကလည်း လူလွှဲပေးဖို့မကောင်းဘူး။ ပြီးတော့ ငါတို့လိုဆင်းရဲတဲ့နေရာကို အစိုးရကလွှဲယူရင် သူဌေးလီ စောင့်ရှောက်သလောက် ကောင်းချင်မှကောင်းမှာ။ တချို့လူတွေက ဒီသူရဲကောင်းတွေကိုနေရာရွှေ့ပြောင်းပေးဖို့အဆိုပြုခဲ့ပေမယ့် နောက်ဆုံးတော့စွန့်လွှတ်လိုက်ကြတယ်”
“ဘာလို့လဲဆိုတော့ သူတို့ကဘယ်တပ်ဖွဲ့ကလဲဆိုတာ တကယ်တော့ သူဌေးလီအပါအဝင် ဘယ်သူမှ သေချာမသိဘူး။ သူတောင်သူ့အဖေတကယ်အထဲမှာပါမပါမသေချာဘူး။ ဘာမှလည်း မကျန်ခဲ့ဘူး… လူတိုင်းဘာမှမသိဘူး… ဘယ်ကိုရွှေ့မှာလဲ။ အဲ့တော့ ဒီမှာပဲထားတာက ပိုကောင်းတယ်”
ဒီစကားကြားတော့ ယွီဟွေးဖေးတစ်ယောက် တိတ်ဆိတ်သွား၏။ သူက သူ့အဘိုးကျန်ခဲ့တာက အသက်ကြီးပြီးခေါင်းမာလို့ ထင်ထားတာ။
အဲ့ဒီအချိန်မှ သူသိလိုက်ရတာက အသက်ကြီးပြီးခေါင်းမာနေတာမဟုတ်ဘူး။ နောက်မျိုးဆက်တစ်ယောက်အနေနဲ့ အာဇာနည်တွေကိုလေးစားလို့ ကျန်ခဲ့တာပဲ။ သူ့အဘိုးက တကယ်တော့ သူရဲကောင်းတစ်ယောက်ပဲ။
လေတစ်ချက်တိုက်ခတ်လာတော့ ယွီဟွေးဖေးတစ်ယောက် တုန်သွားပြီး အမှတ်တရတွေထဲကနေနိုးထလာကာ သင်္ချိုင်းကျောက်တိုင်ကိုကြည့်ပြီးရယ်ကာပြောလိုက်၏။
“ခင်ဗျားသွားပြီဆိုတော့ ကျုပ်ဒီသင်္ချိုင်းကုန်းကိုခဏခဏ လာစရာမလိုတော့ဘူးလို့ ထင်ထားတာ… အခုကြည့်ရတာ ကျုပ်ဒီဘဝမှာလည်း ထွက်သွားလို့မရတော့ဘူးထင်တယ်”
ပြောပြီးတော့ ယွီဟွေးဖေးက ပြန်သွားပြီး မြက်ရိတ်ကိရိယာတွေ၊ အဝတ်စနဲ့ ရေဇလုံတစ်လုံးယူလာပြီး ရေတစ်ဇလုံခပ်ကာ သင်္ချိုင်းကျောက်တိုင်တစ်ခုချင်းစီကိုတိုက်ချွတ်တော့သည်။ တိုက်ချွတ်ပြီးတော့ မြက်ပင်တွေကို လက်နဲ့စနှုတ်တော့၏။
ဆောင်းဦးရာသီ ဒီတောင်တန်းတွေထဲမှာ မေပယ်ရွက်နီတွေက ကောင်းကင်မှာပြည့်နေပြီး လေပြင်းတစ်ချက်တိုက်လိုက်ရင် သစ်ရွက်တွေကအမြဲတမ်းဝင်လာ၏။ ဒီသင်္ချိုင်းကုန်းကိုထိန်းသိမ်းရတာကလည်း တော်တော်လေးအလုပ်ရှုပ်တဲ့ကိစ္စတစ်ခုပဲ။
အရင်ကဆိုရင် ယွီဟွေးဖေးက ဒီပစ္စည်းတွေကိုစိတ်ငြိမ်ငြိမ်နဲ့မထိန်းသိမ်းနိုင်ဘူး။ ဒါပေမဲ့ ကိစ္စတွေအများကြီးကြုံပြီးနောက်မှာ ယွီဟွေးဖေးရဲ့စိတ်က ရုတ်တရက်ငြိမ်သက်သွား၏။
တိတ်ဆိတ်စွာနဲ့ ဒီနေရာကအရာအားလုံးကိုသန့်ရှင်းရေးလုပ်နေပြီး မျက်နှာပေါ်မှာ အေးချမ်းတဲ့ငြိမ်သက်မှုတွေအပြည့်ပေါ့။ ဖြစ်နိုင်တာက သူသန့်ရှင်းရေးလုပ်နေတာ သင်္ချိုင်းကုန်းတင်မဟုတ်ဘူး… သူ့စိတ်ကိုလည်း ပါလောက်တယ်။
ညနေစောင်းတော့ နွားခေါင်းနဲ့မြင်းမျက်နှာက တော်တော်စိတ်လှုပ်ရှားစွာနဲ့ စားပွဲရှေ့ကိုရောက်လာကြချိန် ယွီဟွေးဖေးကပြောလိုက်၏။
“ဘာကိစ္စလဲ။ ဒီလောက်ပီတိဖြစ်နေတာ”
နွားခေါင်းက တဟဲဟဲ ရယ်ရင်းပြောသည်။ “ဒီနှစ်ရက် ငါတို့တိတ်တိတ်လေးတောင်ထဲဝင်ပြီး စစ်ဆေးကြည့်တာ နောက်ဆုံးတော့ လက်စဖြောင်လို့ရမယ့်ပစ်မှတ်ကိုရှာတွေ့သွားပြီ”
ယွီဟွေးဖေးက အခုမှသတိရတယ်။ ချွေ့ကျွယ် အရင်က သူ့ကိုဒီလေးထောင့်စပ်စပ်အိမ်ကြီးကို ပြုပြင်မွမ်းမံပြီး သရဲနတ်ရဲ့ဟန်ပန်နဲ့ပိုကိုက်ညီအောင်လုပ်ပေးမယ်လို့ပြောထားတာ။ ဒီရက်ပိုင်းအတွင်းမှာ ဟိတ်ဝူချန်၊ ပိုက်ဝူချန်နဲ့ ယွီဟွေးဖေးက မအားဘူး။ သူတို့လည်းမအားဘူး။ ညနေရောက်တာနဲ့ နောက်တောင်ကိုပတ်ကြည့်ကြတယ်။
“ပစ်မှတ်ရှိတာကကောင်းတယ်။ ဒါပေမဲ့ သစ်ပင်ကောင်းတွေကို မဖျက်ဆီးရဘူး”
ယွီဟွေးဖေး သတိပေးလိုက်တော့ မြင်းမျက်နှာက ရဲရဲကြီး အားမခံ၏။
“စိတ်ချ… အသက်ကိုလေးစားရမယ်ဆိုရင် ငါတို့ငရဲတမန်တွေက မင်းတို့လူတွေထက်ပိုလေးစားတယ်။ ဘာပဲဖြစ်ဖြစ်… ငါတို့နေ့တိုင်း ဝိညာဉ်တွေနဲ့ဆက်ဆံနေရတာ။ ငရဲဆယ့်ရှစ်ထပ်ကိုလည်း အကြိမ်ပေါင်းမရေမတွက်နိုင်အောင်သွားဖူးပြီ။ ငါတို့ဒီတစ်ခါရှာတာက သေနေတဲ့ အပင်အိုကြီးတစ်ပင်ပဲ”
“ဒီညခုတ်လှဲပြီးတော့ နောက်မှသစ်ပင်တချို့ပြန်စိုက်ပေးမယ်။ သဘာဝတရားကိုပြန်ပေးဆပ်တာပေါ့”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ စိတ်ချသွား၏။ မိုးချုပ်သွားတော့ နွားခေါင်း၊ မြင်းမျက်နှာနဲ့ ချွေ့ကျွယ်က ပစ္စည်းတွေပြင်ဆင်ပြီး ထွက်သွားကြတော့သည်။