← Chapters

တောင်ပေါ်တက် သစ်ခုတ်ခြင်း

Vol. 3 Ch. 36

တောင်ပေါ်တက် သစ်ခုတ်ခြင်း

Vol. 3 Ch. 36

ယွီဟွေးဖေးက သုံးယောက်လုံးကို စိတ်မချတာကြောင့် လိုက်သွား၏။ ကိုးထပ်ဆောင်ဘေးကနေထွက်သွားရင် သင်္ချိုင်းကုန်းရဲ့ဝင်ပေါက်တစ်ခုတည့်တည့်ပဲ။ နောက်တစ်ခုက နောက်တံခါးကနေလည်း သင်္ချိုင်းကုန်းကိုသွားလို့ရတယ်။ ဒါပေမဲ့ ယွီဟွေးဖေးက နောက်တံခါးကနေသွားရတာ အကျင့်မရှိဘူး။

သင်္ချိုင်းကုန်းက တောင်ကိုမှီပြီးဆောက်ထားတာ။ ဆောက်တုန်းက ဒေသရဲ့သဘာဝရှုခင်းကိုမဖျက်ဆီးဖို့အလေးထားခဲ့တယ်။ ဒါကြောင့် သင်္ချိုင်းကုန်းမှာခြံစည်းရိုးမရှိဘူး။ အထဲမှာအပင်အိုကြီးတွေအများကြီးရှိတယ်။

ဒီအပင်အိုကြီးတွေအများစုမှာ မေပယ်ပင်၊ ထင်းရှူးပင်နဲ့ ဖျောက်ဆိပ်ပင်တွေ။ တောင်ပေါ်ကိုတက်လေလေ မေပယ်ပင်တွေကများလေလေပဲ။ ဒါပေမဲ့ တောင်ထိပ်နားရောက်တော့ မေပယ်ပင်တွေနည်းသွားပြီး ထင်းရှူးပင်တွေအများကြီးပေါ်လာတယ်။

ဆောင်းဦးရာသီရောက်တာနဲ့ တောင်တစ်ဝက်ကအနီရောင်ဖြစ်သွားတယ်။ တစ်လမ်းလုံးအပေါ်တက်သွားရင် တိမ်တိုက်တွေကြားမှာမှ ထင်းရှူးပင်တွေရှိနေသလိုလို။ သူတို့ကတိမ်ဖြူတွေကို ထိပ်မှာတင်ထားပြီး ဆောင်းရာသီ စောစောရောက်ပြီး နှင်းဖြူတွေခြုံထားသလိုပဲ။ တော်တော်လေးနတ်ပြည်ဆန်ပြီး လှသား။

အခုအချိန်မှာတော့ ယွီဟွေးဖေးက နွားခေါင်း၊ မြင်းမျက်နှာနဲ့ ချွေ့ကျွယ်ကိုခေါ်ပြီး တောင်ပေါ်လမ်းမှာလျှောက်နေပြီ။ တောင်ပေါ်လမ်းလို့ပြောပေမယ့် တကယ်တော့ လမ်းမရှိဘူး။

အများဆုံးတော့ လူတွေခဏခဏလျှောက်သွားလို့ မသဲမကွဲဖြစ်နေတဲ့ လမ်းကျဉ်းလေးတစ်ခုပဲ။ တောအုပ်ထဲဝင်သွားတော့ သစ်ပင်တွေကမြင့်မားပြီး ဆောင်းဦးရာသီဆိုတော့ သစ်ရွက်တွေကအကုန်မကြွေသေးဘူး။ သစ်ရွက်အကြီးကြီးတွေက လရောင်ကိုကွယ်ထားတော့ တောအုပ်ထဲမှာ တော်တော်မှောင်နေပြီ။

ဒါပေမဲ့ မှောင်တာကလည်း ကောင်းကွက်ရှိတယ်။ အဲ့ဒါက သစ်ပင်မရှိတဲ့နေရာမှာ တောက်ပနေတဲ့ကြယ်တွေနဲ့ နဂါးငွေ့တန်းကိုမြင်နိုင်တာပဲ။ မြို့ကြီးတွေမှာ ကြယ်တွေကို သိပ်မမြင်ရတဲ့ လူတွေအတွက်တော့ ဒီနေရာက နတ်ပြည်ပဲ။

“ယွီလေး… အဲ့ဒီအပင်ပဲ”

နွားခေါင်းက မြင့်မားပြီး ပင်စည်မည်းနက်နေတဲ့ အပင်အိုကြီးတစ်ပင်ကို လက်ညှိုးထိုးပြလိုက်သည်။ ယွီဟွေးဖေးက သေချာကြည့်လိုက်တော့ အဲ့ဒါက လဲကျနေတဲ့ အပင်အိုကြီးတစ်ပင်။ ပင်စည်ကတော်တော်တုတ်တယ်။ လူနှစ်ယောက်ဖက်ရင်တောင်မမီလောက်ဘူး။

ယွီဟွေးဖေးက ဒီအပင်ကိုသိတယ်။ သက်တမ်းတော်တော်ရင့်နေတဲ့ ဖျောက်ဆိပ်ပင်အိုကြီး။

အရှေ့မြောက်ပိုင်းမှာ ဖျောက်ဆိပ်ပင်က ရတနာတစ်ခုပဲ။ ဒီအပင်က တစ်ကိုယ်လုံးရတနာတွေချည်းပဲလို့ပြောလို့ရတယ်။

အသက်ရှင်နေတုန်းဆိုရင် ဒီအပင်ရဲ့အရွက်တွေက ရှေးဟောင်းဒင်္ဂါးပြားတွေလိုပဲ။ စိမ်းစိုပြီး ကျောက်စိမ်းလေးတွေလိုလှတယ်။ အရေးအကြီးဆုံးက စားလို့ရတယ်။

ယွီဟွေးဖေးငယ်ငယ်က ဖျောက်ဆိပ်ပင်အိုကြီးပေါ်ခဏခဏတက်ပြီး ဖျောက်ဆိပ်ရွက်တွေကို အများကြီးခူးပြီး ဆေးကြောပြီးတန်းစားတာ။ ပါးစပ်ထဲဝင်တာနဲ့ချိုမြပြီး အသီးအရွက် တော်တော်များများထက် ပိုကောင်းတယ်။ အဲ့ဒါကလည်း ယွီဟွေးဖေးငယ်ငယ်က အလကားရတဲ့သဘာဝမုန့်လေးတွေထဲကတစ်ခုပဲ။

ဖျောက်ဆိပ်ပင်သေသွားပြီးနောက်မှာ သူ့ရဲ့သစ်သားက ပျော့ပျောင်းပြီး မာကျောမှုက အတော်အသင့်ရှိတော့ ပန်းပုထုဖို့ဒါမှမဟုတ် လက်ဖက်ရည်စားပွဲလိုမျိုးလုပ်ဖို့ တော်တော်သင့်တော်တယ်။ ပြီးတော့ ဖျောက်ဆိပ်ပင်အိုကြီးရဲ့ သစ်သားအပွင့်အပွင့်တွေက တစ်မူထူးခြားတော့ သစ်ဈေးကွက်မှာတော်တော်တန်ဖိုးရှိတယ်။

ဒါကြောင့် ဖျောက်ဆိပ်ပင်အိုကြီးတစ်ပင်က ရှို့လင်လူတွေမျက်စိထဲမှာ ရတနာတစ်ခုပဲ။ မျက်စိရှေ့က ဒီအပင်အိုကြီးကို ယွီဟွေးဖေးငယ်ငယ်ကလည်းတက်ဖူးခဲ့ပေမဲ့ မထင်မှတ်ဘဲ ဆယ်စုနှစ်တစ်ခုကျော်သွားတော့ လူကရှိသေးတယ်၊ အပင်ကတော့ သေသွားပြီ။

“ဒီအပင်ကအရမ်းကြီးတယ်။ လွှနဲ့ဖြတ်လိုက်တော့” ယွီဟွေးဖေးကပြောပြီး နောက်ကျောကနေ လွှအကြီးကြီးတစ်လက်ကို ထုတ်လိုက်သည်။

ဒါက ကိုးထပ်ဆောင်အောက်ထပ် ထင်းထားတဲ့အခန်းထဲကရှာတွေ့တဲ့ လွှပဲ။ ယွီဟွေးဖေးရဲ့အဘိုး အရင်ကသုံးခဲ့တာဖြစ်ရမယ်… ဒါပေမဲ့ နောက်ပိုင်းမှာလူတွေကတောင်ပေါ်တက်သစ်ခုတ်တာနည်းသွားတော့ ပစ်ထားပြီးမသုံးတော့ဘူး။

ဒီလိုလွှအကြီးကြီးက ပုံမှန်ဆိုရင်လူနှစ်ယောက်မှ သုံးလို့ရတာ။ တစ်ယောက်တည်းဆိုရင် လုံးဝမဖြစ်နိုင်ဘူး။ ဒါပေမဲ့ အတော်ကြာဘယ်သူမှမသုံးတော့ လွှပေါ်မှာသံချေးတွေတက်နေပြီး သုံးလို့ရသေးလား မသိဘူး။

ယွီဟွေးဖေးက ချိန်ကြည့်ပြီးတော့ “နည်းနည်းတော့ခက်မယ်ထင်တယ်…”

“ဖယ်… ဖယ်…”

အော်သံကျယ်ကြီးတစ်ခုထွက်လာတော့ ယွီဟွေးဖေးလန့်သွားပြီး အလိုလိုနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်၏။ ပြီးတော့ နွားခေါင်းဆိုတဲ့ကောင်က တန်းခါးကိုင်းပြီး အားနဲ့တစ်ချက်ထမ်းပါလေကော။

အဲ့ဒီတော်တော်တုတ်ခိုင်တဲ့ အပင်ကြီးကို သူတစ်ယောက်တည်း ထမ်းလိုက်တာမြင်ရတော့ ယွီဟွေးဖေးရဲ့မျက်လုံးတွေတောင်ပြူးထွက်တော့မလိုဖြစ်သွားတယ်။ ဒီကောင် ဘယ်မှာနွားခေါင်းလဲ။ သောက်ကျိုးနည်း… ဒါက နွားခေါင်းလူပုံစံ ကရိန်းကားကြီးဟ။

ဒါပေမဲ့ အပင်ကအရမ်းကြီးပြီး အကိုင်းအခက်တွေကအထူးသဖြင့် အရမ်းကြီးတော့ ထမ်းနိုင်ရင်တောင် အများစုက မြေကြီးပေါ် တရွတ်ဆွဲနေပြီ။ အဲ့ဒီ လမ်းကျဉ်းလေးတွေကနေ တောင်အောက်ဆင်းဖို့က တော်တော်ခက်ခဲမှာ။ ချွေ့ကျွယ်က မနေနိုင်တော့ ဝင်ပြောလိုက်၏။

“နွားခေါင်း… ချလိုက်တော့။ မင်းဒီလိုတောင်အောက်ဆင်းရင် အရမ်းခက်မှာ… အပိုင်းပိုင်းဖြတ်ပြီး အောက်ကိုသယ်တာက ပိုကောင်းတယ်”

နွားခေါင်းက နောက်လှည့်ပြီး အဲ့ဒီကိုင်းကြီးကိုကြည့်ကာ ပါးစပ်က ကျွတ်ကျွတ်နဲ့လုပ်ပြီးနောက်

ဘုန်းဆိုတဲ့အသံနဲ့ ပင်စည်ကို ပစ်ချလိုက်၏။ ယွီဟွေးဖေးတစ်ယောက် ခြေထောက်အောက်က မြေကြီးကတောင် တုန်ခါသွားသလို ခံစားလိုက်ရပြီး နွားခေါင်းရဲ့ ကြောက်မက်ဖွယ်အင်အားကြီးကိုထပ်ပြီး အံ့ဩသွားမိသည်။

ယွီဟွေးဖေး ဘာမှမပြောခင်မှာပဲ မြင်းမျက်နှာက သူ့ရဲ့ အစိမ်းရောင်နဂါးလခြမ်းဓားလို ဓားအကြီးကြီးကိုကိုင်ပြီးလျှောက်လာရင်း ယွီဟွေးဖေးအား တဟဲဟဲရယ်ပြပြီးနောက် ဓားကြီးကိုဝှေ့ယမ်းကာ ဘုန်းဆိုတဲ့အသံနဲ့ ဖျောက်ဆိပ်ပင်အိုကြီးရဲ့ပင်စည်ကို တစ်ချက်ခုတ်ချလိုက်၏။

သေစမ်း… ဒီတစ်ချက်ခုတ်ချလိုက်တာ… လူနှစ်ယောက်ဖက်စာလောက်ရှိတဲ့ အပင်အိုကြီးက တန်းပြီးစင်တီမီတာသုံးဆယ်လောက်နက်တဲ့ အရာကြီးဖြစ်သွားတာပဲဟ။

ယွီဟွေးဖေးက သတ္တဝါဆန်းကိုကြည့်သလို မြင်းမျက်နှာကိုကြည့်နေရင်း နောက်မှသတိရတယ်။

ဒီကောင်နဲ့ အဲ့ဒီနွားခေါင်းက… သောက်ကျိုးနည်း… သတ္တဝါဆန်းတွေပဲဟ။ သာမန်အမြင်နဲ့ တိုင်းတာလို့မရဘူး။

နွားခေါင်းက ကြည့်ပြီးတော့ ခေါင်းခါလိုက်၏။

“မင်းထမင်းမစားရသေးဘူးလား” ပြီးတော့ နွားခေါင်းက ဓားအကြီးကြီးကိုဝှေ့ယမ်းပြီး ဘုန်းဆိုတဲ့အသံနဲ့အပင်အိုကြီးပင်စည်ကို တစ်ချက်ပေးလိုက်၏။

တန်းပြီး မီတာဝက်လောက်နက်တဲ့ အပေါက်ဖြစ်သွားသည်။

ယွီဟွေးဖေးရဲ့နဖူးပေါ်မှာ ချွေးစေးတွေအပြည့်…

သူဖိန်ကောတို့ တစ်သိုက်ကိုစဉ်းစားမိလိုက်တယ်။ အဲ့ဒီတုန်းက သူတို့နွားခေါင်းကို လက်ပါကြတာပဲ။ အဲ့ဒီတုန်းကသာ နွားခေါင်း နည်းနည်းလက်မည်းချင်ရင် ဖိန်ကောတို့အရိုးက အမှုန့်တောင် ကျန်မှာမဟုတ်ဘူးဟ။ ယွီဟွေးဖေးက တိတ်တိတ်လေးပွစိပွစိပြောနေမိ၏။

“သောက်ကျိုးနည်း… နောက်ဆိုရင် သူတို့ကိုလျှောက်ပြီး လက်မပါခိုင်းတော့ဘူး…”

နွားခေါင်းပါတော့ လေးချက် ငါးချက်လောက်နဲ့ အပင်အိုကြီးက ကိစ္စပြတ်သွားပြီ။ နွားခေါင်းနဲ့ မြင်းမျက်နှာရဲ့ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ ဖျောက်ဆိပ်ပင်အိုကြီးက မကြာခင်မှာပဲ လေးပိုင်းဖြစ်သွားပြီး နွားခေါင်းက တစ်ဖက်ပခုံးမှာတစ်ပိုင်းစီထမ်းရင်း ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတော့သည်။

မြင်းမျက်နှာက နည်းနည်းတော့ညံ့ပေမယ့် ပေါ့ပေါ့ပါးပါးတစ်ပိုင်းထမ်းပြီး ယွီဟွေးဖေးကိုပြောလိုက်၏။

“ယွီလေး… ကျန်တဲ့အသေးလေးကို မင်းထမ်းလိုက်လေ”

ယွီဟွေးဖေးက နောက်လှည့်ပြီးသူ့ခါးထက်တောင်တုတ်ပြီး သူ့ထက်တောင်ရှည်တဲ့ အပင်တုံးကြီးကိုကြည့်လိုက်၏။ ဒီလောက်ကြီးတာကို မြင်းမျက်နှာကသူ့ကိုထမ်းခိုင်းတယ်လား။ ယွီဟွေးဖေးတစ်ယောက် ချက်ချင်းမျက်စိတွေပြာဝေသွားပြီး ဆဲလိုက်၏။

“ခင်ဗျားအမေကို ထမ်းခိုင်းလိုက်”

ချွေ့ကျွယ်က ဒါကိုမြင်တော့ ဟဲဟဲရယ်ပြီးပြောသည်။ “ငါပဲလုပ်လိုက်ပါ့မယ်”

ချွေ့ကျွယ်က စာတတ်ပေတတ်တစ်ယောက်ပုံစံပဲ။ ပြီးတော့ ချွေ့ကျွယ်ရောက်လာပြီးနောက်မှာ ယွီဟွေးဖေးကို အလုပ်တွေအများကြီး ကူညီပေးခဲ့တော့ သူ့အဆင့်အတန်းက ကိုးထပ်ဆောင်ရဲ့ ခွေးခေါင်းစစ်သူကြီးလိုဖြစ်နေပြီ။ တစ်ချိန်တည်းမှာပဲ ဆရာရော မိတ်ဆွေရောဖြစ်နေတာပေါ့။

အဓိကက ချွေ့ကျွယ်က လူပုံစံနဲ့။ ကြည့်ရတာ ယွီဟွေးဖေးထက် အသက်ကြီးတယ်။ ယွီဟွေးဖေးက ကိုယ့်ထက်အသက်ကြီးတဲ့လူကို ကိုယ်လက်လှုပ်ရှားအလုပ်လုပ်ခိုင်းရမှာ တော်တော်အားနာသား။ ဒါနဲ့ ယွီဟွေးဖေးကပြောလိုက်၏။

“အဲ့ဒါ…”

သူက ခင်ဗျားမလုပ်နဲ့… ကျုပ်လာမယ်လို့ ပြောချင်တာ။ ဒါပေမဲ့ အဲ့ဒီအပင်တုံးကြီးကိုကြည့်ပြီး ခါးခါးသီးသီးပြုံးမိ၏။

“ဒါ… ဒါမှမဟုတ် ဒီမှာထားပြီးသူတို့နှစ်ယောက်ကိုစောင့်ကြမလား”

ချွေ့ကျွယ်က ဟားတိုက်ရယ်ပြီး လက်တစ်ဖက်နဲ့အဲ့ဒီအပင်တုံးကိုကိုင်ကာ ခြေနှစ်ဖက်အားယူပြီး မာန်သွင်းအော်ဟစ်လိုက်သည်။ ယွီဟွေးဖေးက စိတ်ထဲမှာတုန်သွားပြီး စိတ်ထဲကနေတွေးလိုက်၏။

ချွေ့ကျွယ်လည်း မွေးရာပါအင်အားကြီးတာများလား။

ဘာပဲဖြစ်ဖြစ်… ဘယ်လိုနတ်သိကြားပဲဖြစ်ဖြစ်… လူ့ပြည်ရောက်တာနဲ့ ကောင်းကင်ဘုံရဲ့ဓားတစ်ချက်နဲ့ တန်ခိုးတွေအကုန်ပျောက်သွားမှာ။ ကိုယ်ခန္ဓာရဲ့အင်အားတောင်မှ ခုနစ်ပိုင်းရှစ်ပိုင်းလောက် အဖြတ်ခံရပြီး နည်းနည်းပဲကျန်မှာလေ။

နွားခေါင်းကျတော့ မူလကတည်းက ကိုယ်ခန္ဓာအင်အားကြီးတဲ့ ငရဲတမန်ဆိုတော့ ထိန်းသိမ်းထားနိုင်တဲ့ အင်အားကပိုများတယ်။ ဒါပေမဲ့ ချွေ့ကျွယ်က ဘယ်လိုကြည့်ကြည့် အင်အားနဲ့အသက်မွေးတဲ့ပုံစံမဟုတ်ဘူးလေ။ စဉ်းစားကြည့်တော့လည်းဟုတ်တာပဲ။ ဒီကောင်က ငရဲပြည်ကနတ်လေ… လူမှမဟုတ်တာ… သာမန်အသိနဲ့ တိုင်းတာလို့မရဘူးပဲ။

“လာစမ်း”

All Chapters