လူနဲ့တွေ့ခြင်း
Vol. 3 Ch. 37
“လာစမ်း”
ချွေ့ကျွယ်တစ်ချက်အော်ပြီးနောက်မှာ အပင်တုံးကြီးက လုံးဝမလှုပ်ဘူး။ ယွီဟွေးဖေးက ချွေ့ကျွယ်နောက်ဆက်တွဲ တစ်ခုခုလုပ်လို့ ထင်နေတုန်းမှာပဲ ချွေ့ကျွယ်က လက်ကိုပုတ်ပြီး ပြောလိုက်၏။
“မမနိုင်ဘူး… သူတို့နှစ်ယောက်ကိုပဲစောင့်ကြတာပေါ့”
ယွီဟွေးဖေးတစ်ယောက် ချွေးတွေတောင်ကျလာပြီ။ နဖူးပေါ်က မျဉ်းမည်းတွေက တံခါးဘောင်တောင်ဖြစ်တော့မယ်။
သောက်ကျိုးနည်း… အလကားမျှော်လင့်နေမိတာပဲ…
ဒီလိုနဲ့ နှစ်ယောက်သား သစ်တုံးပေါ်မှာထိုင်ပြီး ကောင်းကင်ပေါ်က ကြယ်တွေကိုမော့ကြည့်ရင်း နွားခေါင်းနဲ့ မြင်းမျက်နှာလာခေါ်တာကို စောင့်နေကြ၏။ ခဏထိုင်ပြီးတော့ ယွီဟွေးဖေးက စပ်စုပြီးချွေ့ကျွယ်ကိုမေးလိုက်သည်။
“ချွေ့အစ်ကိုကြီး… ခင်ဗျားက ဘာလို့အပို့ခံလိုက်ရတာလဲ။ ကျုပ်ကြည့်ရတာ ခင်ဗျားစိတ်ဓာတ်က တော်တော်ကောင်းတယ်။ ပြီးတော့ ကိစ္စကြုံရင်တည်ငြိမ်ပြီး ပြဿနာဖြေရှင်းရင်လည်းပြုံးပြုံးလေးနဲ့… ပြဿနာရှာတတ်တဲ့လူပုံစံမဟုတ်ဘူးလေ”
ချွေ့ကျွယ်က ခါးခါးသီးသီးပြုံးပြီးခေါင်းခါ၏။ “စပ်စုစိတ်က… ကြောင်ကိုသတ်တတ်တယ်လေ”
ယွီဟွေးဖေးက စိတ်ထဲမှာ ထိတ်ခနဲဖြစ်သွား၏။ အရက်နဲ့များဆိုင်နေပြန်ပြီလား။ သူက ထပ်မေးလိုက်သည်။
“ဒါဆို ဘယ်လိုဖြစ်တာတုန်း”
ချွေ့ကျွယ်က ခေါင်းပဲခါပြီး မပြောဘူး။ တစ်ခါတလေမျက်နှာပါနီလာတယ်။ ယွီဟွေးဖေးတစ်ယောက် စိတ်ထဲမှာစပ်စုချင်လွန်းလို့ ယားကျိကျိဖြစ်နေပြီ။ ဒါပေမဲ့ ချွေ့ကျွယ်က ပါးစပ်အရမ်းလုံတယ်။ ယွီဟွေးဖေးဘယ်လိုပဲ စကားစမြည်ပြောပြော မပြောဘူး။ ခဏခဏ လူကြီးက ကလေးကိုကြည့်တဲ့မျက်လုံးနဲ့ ယွီဟွေးဖေးကိုကြည့်နေတယ်။ မင်းရဲ့နည်းလမ်းက အရမ်းကလေးဆန်တယ်လို့ ပြောနေသလိုပဲ။
ယွီဟွေးဖေးတစ်ယောက် ရှက်ရမ်းရမ်းဖြစ်သွား၏။
မကြာခင်မှာပဲ နွားခေါင်းနဲ့ မြင်းမျက်နှာပြန်ရောက်လာသည်။ နှစ်ယောက်လုံးရဲ့ မျက်နှာအမူအရာက နည်းနည်းလေးနက်နေ၏။ အကြိမ်ပေါင်းများစွာ ယွီဟွေးဖေးကို ကြည့်ပြီးနောက်မှာ ပြောချင်ပေမယ့် မပြောရဲတဲ့ပုံစံနဲ့။ ယွီဟွေးဖေးက စိတ်ထဲ လန့်သွားပြီး စိုးရိမ်စွာနဲ့မေးလိုက်၏။
“ဘာဖြစ်လို့လဲ။ လမ်းမှာလူနဲ့တွေ့လို့လား”
နွားခေါင်းက ခေါင်းခါပြီးပြောပြသည်။ “လူနဲ့မတွေ့ဘူး… ဒါပေမဲ့ ယုန်နတ်သမီးလေးတစ်ပါးနဲ့တွေ့တယ်။ သူငါတို့ကိုမြင်သွားတယ်…”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ချက်ချင်းကြောင်သွား၏။ ယုန်နတ်သမီးလား… ဒီတောင်ပေါ်မှာ သရဲတစ္ဆေပါရှိနေတာလား။ မဟုတ်ဘူးလေ… ဒါယုတ္တိမရှိဘူးလေ။ သူငယ်ငယ်ကတည်းကဒီမှာကြီးပြင်းလာတာကို။ တောင်ပေါ်မှာသရဲတစ္ဆေရှိတယ်လို့ ဘယ်သူမှမပြောဖူးဘူး။ မြင်းမျက်နှာက ယွီဟွေးဖေးစိတ်တိုမှာစိုးလို့ အမြန်ဖြည့်စွက်ပြောလိုက်၏။
“စိတ်ချ… ငါတို့ သူ့ကိုသတိပေးပြီးပြီ။ ငါတို့ကိုမြင်တယ်လို့ အပြင်မှာမပြောဖို့။ ပြီးတော့… သူကအဝေးမှုန်တယ်… ဘာမှသေချာမမြင်ရဘူး… စိတ်ချစမ်းပါ” နွားခေါင်းကပါ လိုက်ပြီးခေါင်းညိတ်ပြသည်။
ယွီဟွေးဖေးက ဒီနှစ်ကောင်ရဲ့စကားကို သိပ်မယုံဘူး။
ဘာလို့လဲဆိုတော့ ဒီနှစ်ကောင်က လူ့ပြည်အကြောင်းကိုဘာမှမသိဘူးလေ။ သူတို့ကယုန်နတ်သမီးနဲ့တွေ့တယ်လို့ပြောတာဆိုတော့ ဒီကိစ္စကစုံစမ်းရဦးမယ်။
ချွေ့ကျွယ်က ဝင်ပြောလိုက်၏။
“အစစ်ဖြစ်ဖြစ်၊ အတုဖြစ်ဖြစ်… တောင်အောက်ဆင်းတဲ့ လမ်းကိုတော့ပြောင်းရမယ်”
ယွီဟွေးဖေးကလည်း ခေါင်းညိတ်ထောက်ခံသည်။
“ပြောင်းရမယ်… ငါတို့ပတ်ပြီးသွားကြတာပေ့ါ”
တခြားသူလူကလည်း ခေါင်းညိတ်ပြီးသဘောတူကြသည်။ ပြီးတော့ နွားခေါင်းက သစ်တုံးကိုပေါ့ပေါ့ပါးပါးထမ်းပြီး လျှောက်ရင်း တဟဲဟဲနဲ့ ယွီဟွေးဖေးကိုညည်းညူနေ၏။
“ယွီလေး… မင်းအသားများများစား… အားတိုးအောင်လုပ်… မင်းကြည့်စမ်း… တုတ်သေးသေးလေးတစ်ချောင်းတောင် မမနိုင်ဘူး… တော်တော်အားနည်းတာပဲ”
မြင်းမျက်နှာကပါလိုက်ပြီး ရှည်လျားတဲ့မျက်နှာကိုညိတ်ပြီးပြောလိုက်သည်။
“ဟုတ်တယ်… အမဲသားများများစား… အမဲသားကအ… အဲ… နွားအစ်ကိုကြီး… နွားအစ်ကိုကြီး… ငါပြောတာနားထောင်… အား… လက်မပါနဲ့…”
နွားခေါင်းက ပခုံးပေါ်ကအပင်တုံးကိုဝှေ့ယမ်းပြီးလိုက်သွားတော့ မြင်းမျက်နှာကကြောက်လန့်တကြားအော်ဟစ်ပြီး တရောသောပါး ရှေ့ကိုပြေး၏။ နှစ်ယောက်သား တစ်လမ်းလုံးစနောက်ပြီး တောင်အောက်ဆင်းသွားကြသည်။
နွားခေါင်းနဲ့မြင်းမျက်နှာရဲ့အင်အားကိုကြည့်ပြီး ယွီဟွေးဖေးတစ်ယောက် တော်တော်အားကျသွားပြီး မချီးကျူးဘဲမနေနိုင်ဘူး။
“ငါလည်းနတ်သိကြားတစ်ပါးပဲ… ဘာလို့တန်ခိုးနည်းနည်းမှမရှိရတာလဲ။ ကိုယ်ခန္ဓာ သန်မာအောင်လုပ်ပေးရင်တောင်ရတာပဲ”
ချွေ့ကျွယ်က ရယ်ပြီးပြောလိုက်၏။ “ဒီနေရာကလူ့ပြည်… ဘာကိစ္စမဆို ဒီလောကရဲ့စည်းကမ်းကို လိုက်နာရမယ်။ အားလုံးကို တန်ခိုးတွေပေးလိုက်လို့ လူတစ်ယောက်ယောက်က လျှောက်လုပ်ရင် လူ့ပြည်ကရှုပ်ထွေးသွားမှာပေါ့”
ယွီဟွေးဖေးက ဒီကိစ္စကိုနားလည်ပေမယ့် တန်ခိုးမရှိ၊ ကိုယ်ခန္ဓာလည်း ဘာမှမပြောင်းလဲဘဲ ပုံမှန်အတိုင်းပဲဆိုတော့ သူကလိမ်ညာခံလိုက်ရသလို ခံစားနေရသည်။
“ကျုပ်က အားအနည်းဆုံး နတ်သိကြားပဲဖြစ်ရမယ်” ယွီဟွေးဖေး ညည်းနေရင်း မေးလိုက်တော့ ချွေ့ကျွယ်က သူကို ကိုယ့်ဘာသာကိုယ် နားလည်ထားလိုက်ဆိုတဲ့မျက်လုံးနဲ့ကြည့်လိုက်တော့ ယွီဟွေးဖေးတစ်ယောက် ချက်ချင်းဘာမဆိုသိသွားပြီး ကောင်းကင်ကိုမော့ကြည့်ကာ ညည်းညူလိုက်တယ်။
“မင်းဘိုးအေးကြီးပဲ”
လွန်ခဲ့ပြီးတဲ့ နာရီဝက်အကြာ… တောင်ပေါ်က ကျောက်တုံးကြီးတစ်တုံးနောက် နေရာလွတ်မှာ တဲတချို့ထိုးထား၏။ ယောက်ျားသုံးယောက်၊ မိန်းမနှစ်ယောက်က တဲအပြင်ဘက်မှာထိုင်ပြီး ကောင်းကင်ပေါ်ကကြယ်တွေကို မော့ကြည့်နေကြသည်။
“လျိုရှင်း… ကောလာဟလကတကယ်ပဲကိုး… ဒီတောင်ထဲမှာ နဂါးငွေ့တန်းတစ်ခုလုံးကို မြင်နိုင်တယ်။
ဘုရားရေ… ဒီနေရာမှာရှိတဲ့ နဂါးငွေ့တန်းက နှင်းတောင်ဒေသနဲ့နယူးဇီလန်ထက်မညံ့ဘူး”
ဆံပင်တိုတိုနဲ့ကောင်မလေးတစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ ကောင်းကင်ကို ငေးမောကြည့်နေ၏။ လက်ထဲရှိကင်မရာက အလင်းဝင်ပေါက်စတဲ့ parameterတွေကိုချိန်ပြီးတော့ ဂျောက်ဆိုတဲ့ အသံတစ်ချက်ကိုပဲ စောင့်နေလျက်ပေါ့။
နံဘေးရှိ လျိုရှင်းက ရေနွေးဘူးတစ်လုံးကိုဖက်ပြီး ယုန်နားရွက်ဦးထုပ်လေးဆောင်းကာ ယိမ်းနွဲ့နေ၏။ ကြည့်ရတာအရက်မူးသလိုပဲ… နည်းနည်းမူးနေတဲ့ပုံစံက တော်တော်ချစ်စရာကောင်းသား။
“စောစောကတည်းက နင်ကိုပြောသားပဲ။ အရင်ကလည်း မယုံဘူးလေ။ ဒီနေရာက ကူလင်ရဲ့တောအုပ်အိုကြီးတစ်အုပ်ပဲ။ ကြားရသလောက်တော့ အတွင်းထဲကိုဆက်သွားရင် မိုးထိအောင်မြင့်တဲ့ ရှေးဟောင်းသစ်ပင်တွေရဲ့ မူလတောအုပ်ကိုမြင်နိုင်တယ်တဲ့။ အဲ့ဒီမှာညစ်ညမ်းမှုတွေကော ရှုပ်နေတာကောမရှိဘူး… ဒါကြောင့်ကောင်းကင်က တော်တော်ရှင်းတယ်”
ဆံပင်တိုတိုနဲ့ကောင်မလေးရဲ့မျက်လုံးတွေကတောက်ပသွား၏။ “ဒါဆို နင်ပြောကြည့်… မူလတောအုပ်ထဲမှာ ဝံပုလွေရှိမှာလား။ ဒါမှမဟုတ် ဝက်ဝံဘာညာရော”
“ဝံပုလွေတော့ရှိတယ်။ ကြားရသလောက်တော့အရင်က ဝံပုလွေအုပ်ကရွာထဲဝင်ဖူးတယ်တဲ့… ဒါပေမဲ့ ဒီနှစ်တွေမှာ ဝံပုလွေအုပ်က အကြိမ်ပေါင်းများစွာဒုက္ခရောက်ပြီးနောက်မှာ ဒီဘက်ကိုမကပ်ရဲတော့ဘူး။
ဒါပေမဲ့ ဝက်ဝံနက်ကတော့နှစ်တိုင်းတွေ့တယ်”
“မနှစ်ကတုန်းက လူတစ်ယောက် တောင်ပေါ်တက်ပြီးဒန့်သလွန်ရွက်သွားခူးတာ ဝက်ဝံနဲ့တွေ့ပြီး မျက်နှာတစ်ခြမ်းလုံး အလျက်ခံလိုက်ရတယ်ဆိုပဲ”
ကိုယ်လုံးကိုယ်ပေါက်တောင့်တဲ့ လူငယ်တစ်ယောက်ကရယ်ပြီးပြောလိုက်သည်။ “ရှောင်လီ… နင်မကြောက်နဲ့… ငါရှိတယ်။ ဒီတောအုပ်ထဲကစည်းကမ်းတွေကို ငါသိတယ်… ဘာမှမဖြစ်စေရဘူး”
ရှောင်လီက သူ့ကိုမျက်လုံးလှန်ပြပြီး ပြောလိုက်၏။ “ငါ့ကိုလာမခြောက်နဲ့”
နောက်ထပ်ပိန်ပိန်နဲ့ လူငယ်တစ်ယောက်ကရယ်ပြီး ဝင်ပြောသည်။ “ဟုတ်တယ်… ဒီညသန်းခေါင်ကြီးမှာ မခြောက်နဲ့”
“ခြောက်တယ်လား… ငါမင်းတို့ကို သရဲပုံပြင်တချို့ပြောပြရမလား” ဝတုတ်ကြီးတစ်ယောက်က ဟဲဟဲရယ်ရင်း စကားဝိုင်းထဲ ဝင်လာ၏။
“တော်လိုက်တော့” ရှောင်လီက ပါးစပ်ကတန်း ငြင်းပစ်လိုက်ပေမဲ့ ပစ်တိုင်းထောင်အရုပ်လိုဖြစ်နေတဲ့ လျိုရှင်းက ဒီစကားကြားတော့ စိတ်ဝင်စားလာ၏။
“ကောင်းသားပဲ… ပြောပြပါဦး”
ဝတုတ်ကြီးက တခြားယောက်ျားနှစ်ယောက်ကိုကြည့်လိုက်တယ်။ ကိုယ်လုံးကိုယ်ပေါက် တောင့်တဲ့သူက လျိုကျွမ်း၊ ပိန်ပါးတဲ့သူက မာရှောက်ထုံ။ လျိုကျွမ်းက မျက်လုံးတွေကလည်နေပြီး အပြင်ပန်းသန်မာပေမယ့် အတွင်းစိတ်အားနည်းတဲ့ ရှောင်လီကိုတစ်ချက်ကြည့်ပြီး ကပ်သွားကာ လေးနက်လှတဲ့ လေသံနဲ့ပြောလိုက်၏။
“ပြောပြပါလား… ငါလည်း နားထောင်ချင်လွန်းလို့”
မာရှောက်ထုံကတော့ လျိုရှင်းဘေးကိုကပ်သွားပြီး မျက်မှန်ကိုပင့်ကာ ဆိုသည်။ “အင်း… ပြောလေ”
လျိုဝတုတ်ကြီးက ရှောင်လီရဲ့ကန့်ကွက်မှုကိုဂရုမစိုက်ဘဲ မျက်မှန်ကိုပင့်ကာ မျက်နှာကတဖြည်းဖြည်းလေးနက်လာပြီး အသံကိုနှိမ့်ကာ ဇာတ်လမ်းစတော့သည်။
“ဒါကပုံပြင်မဟုတ်ဘူး… ကိုယ်တွေ့အဖြစ်အပျက်။
မနှစ်က… ငါငါ့အဒေါ်နဲ့ တူမလေးတစ်ယောက်ကို ပြဇာတ်သွားကြည့်ခိုင်းတယ်။ မင်းတို့က အရှေ့မြောက်ပိုင်းသားမဟုတ်တော့ မသိဘူး… ရှို့လင်တောင်ဘက်မှာ… အဲ့ဒီမှာလွင်ပြင်ကြီးတစ်ခုရှိတယ်။ အဲ့ဒီတုန်းက ဆုန်ဟွာမြစ်က လမ်းကြောင်းခဏခဏပြောင်းလို့ ဘယ်နေ့အဲ့ဒီမြေကိုရေလွှမ်းမလဲ ဘယ်သူမှမသိဘူး။ ဒါကြောင့် အဲ့ဒီမြေက အမြဲတမ်းလွတ်နေတယ်”
“လူတွေက အဲ့ဒါကို ရှောင်ပေတိုင်ဟွမ်လို့ခေါ်ကြတယ်။ ဒါပေမဲ့ ခေတ်တွေတိုးတက်လာပြီး နည်းပညာတွေပါတိုးတက်လာတော့ ဆုန်ဟွာမြစ်ကိုထိန်းသိမ်းပြီးနောက်ပိုင်းမှာ ပြဿနာသိပ်မဖြစ်တော့ဘူး…”
“ဒါပေမဲ့ အဲ့ဒီမြေက အကြောင်းအမျိုးမျိုးကြောင့် လယ်ယာမြေအဖြစ် မပြောင်းလဲခဲ့ဘူး။ သုံးနှစ်လောက်ကြာတော့ တစ်ယောက်ယောက်က အဲ့ဒီမှာစင်တစ်ခုဆောက်ပြီး နှစ်တိုင်းကိုးလပိုင်းမှာ ခမ်းနားကြီးကျယ်တဲ့ မီးပုံဂီတပွဲတော်တစ်ခုကျင်းပတယ်။ ဒီဂီတပွဲတော်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တော့ နာမည်မကြီးဘူး… ဒါပေမဲ့ အရှေ့သုံးပြည်နယ်မှာတော့ တော်တော်နာမည်ကြီးတယ်”
“ဒီအချိန်ရောက်တိုင်း မရေမတွက်နိုင်တဲ့ ကိုယ်ပိုင်ကားတွေက အဲ့ဒီကိုပြေးသွားပြီး လွင်ပြင်ပေါ်မှာ တဲထိုး၊ မြစ်ကမ်းနားမှာ ငါးမျှား၊ ညဘက်မှာ မီးပုံပွဲလုပ်ပြီး ဂီတနားထောင်ကြတယ်။ အဲ့ဒါက ပျော်ပွဲရွှင်ပွဲကြီးတစ်ခုလိုပဲ”