← Chapters

ထူးဆန်းထွေလာ ခြောက်ခြောက်ခြားခြား

Vol. 3 Ch. 38

ထူးဆန်းထွေလာ ခြောက်ခြောက်ခြားခြား

Vol. 3 Ch. 38

“အချိန်ရရင်တော့ တစ်ခေါက်လောက် သွားကြည့်ရမယ်” ဒီစကားကြားတော့ ရှောင်လီလည်း ငြိမ်ကျသွားပြီး မျှော်လင့်တကြီးနဲ့ ပြောလိုက်၏။

“ဖက်တီးစုတ်… မင်းအရင်ကတည်းက ဘာလို့မပြောရတာလဲ။ အဲ့လိုနေရာကောင်းရှိမှန်းသာသိရင် ဒီနှစ်သွားကြည့်ဖြစ်နေပြီ” လျိုကျွမ်းကလည်း ဝင်ပြောသည်။

“ငါအဲ့ဒီကို တစ်ခါပဲရောက်ဖူးတယ်။ နောက်ဆိုရင် ဘယ်တော့မှသွားမှာမဟုတ်တော့ဘူး။ ငါမင်းတို့ကိုပြောပြနေတဲ့ပုံပြင်က ငါ့ကိုယ်တွေ့အဖြစ်အပျက်ပဲ” ဖက်တီးက ခေါင်းခါပြီး ထူးဆန်းတဲ့ကြောက်ရွံ့မှုနဲ့ ဆက်ပြောပြသည်။

ဒီလိုပြောတော့ လျိုဝတုတ်ကြီးရဲ့ မျက်လုံးတွေတောင် တုန်နေပြီ။ ဒီနေ့အထိ သူက စိတ်ထဲမှာစွဲနေတုန်းပဲဆိုတာ သိသာတယ်။

“တစ်ဖွာလောက်ဖွာပြီး စိတ်ငြိမ်ငြိမ်ထား” လျိုကျွမ်းက ဆေးလိပ်တစ်လိပ်ကမ်းပေးလိုက်၏။

လျိုဝတုတ်ကြီးက ခေါင်းညိတ်၏။ မီးခိုးငွေ့တွေက သူ့မျက်နှာတစ်ခြမ်းကို ဖုံးလွှမ်းသွားပြီး မီးရောင်အောက်မှာ လူကတော်တော်လေးတော့ စိတ်ဖိစီးနေတဲ့ပုံပဲ။ ဒါကြောင့် အဲ့ဒီနေရာလေထုကပါ လေးလံသွားပြီး ပတ်ဝန်းကျင်အမှောင်ထုက ပိုပြီးမိုက်မှောင်လာသလိုပဲ။ မျက်စိရှေ့ကမီးပုံငယ်လေးကို ဖိအားပေးနေပြီး မီးပုံငယ်လေးက အားတင်းပြီးခုခံနေရတယ်။ မှိန်လိုက်လင်းလိုက်နဲ့ လူတိုင်းက အလိုလိုမီးပုံနားကိုတိုးကပ်သွားကြ၏။ ပတ်ဝန်းကျင်က ရုတ်တရက် အေးစက်သွားသလိုပဲ။

ရှောင်လီက နည်းနည်းကြောက်လာပေမယ့် စပ်စုစိတ်ကြောင့် ဆက်နားထောင်ချင်နေသေးတယ်။ လျိုရှင်းကတော့ ဘာမှမသိသလို ရေနွေးဘူးကိုဖက်ပြီး မျက်လုံးပြူးကြီးနဲ့ မေးလိုက်၏။

“ပြီးတော့ရော”

ဝတုတ်ကြီးက ဆက်ပြောပြလိုက်သည်။ “ငါက ငါ့အဒေါ်နဲ့ တူမလေးကိုခေါ်သွားတာ။ ငါတို့အတူတူငါးမျှား၊ မြက်လျှောစီး၊ ပွဲတော်ကြည့်ကြတာ တော်တော်စည်ကားတာပဲ။ ဒါပေမဲ့ ကလေးဆိုတာက အားသိပ်မရှိဘူးလေ။ ဆယ်နာရီကျော်လောက်ကစားပြီးတော့ ပွဲတော်က အထွတ်အထိပ်တောင်မရောက်သေးဘူး၊ မခံနိုင်တော့ဘူး။ အိမ်ပြန်မယ်၊ အိပ်မယ်လို့အော်နေရော…”

“ငါက သူ့ကိုကားပေါ်မှာအိပ်ခိုင်းပြီး ပွဲတော်အထွတ်အထိပ်ကို ကြည့်ပြီးမှပြန်မလို့။ ဒါပေမဲ့ ငါ့အဒေါ်က ငါ့တူမလေးကိုသနားပြီး ချက်ချင်းပြန်ချင်နေတယ်။ ဘာမှမတတ်နိုင်တော့တာမို့ ငါတို့လည်း အရင်ထွက်လာခဲ့ရတယ်”

“အဲ့ဒါက မြက်ခင်းပြင်ကြီးတစ်ခုပဲ။ အဆုံးအစမရှိတဲ့လွင်ပြင်ကြီး… မိုးကုတ်စက်ဝိုင်းမှာမှ တောင်တန်းတွေရဲ့အရိပ်ကိုမြင်နိုင်တယ်”

“အဲ့ဒီနေရာက သိပ်ပြီးဖွံ့ဖြိုးတိုးတက်အောင်မလုပ်ထားဘူး။ ကားလမ်းမရှိဘူး၊ လမ်းမီးတိုင်လည်းမရှိဘူး။ ဒါပေမဲ့ ကံကောင်းတာက လာတဲ့လူတွေကများပြီး ကားတွေလည်းများတယ်။ ငါတို့စောစောပြန်ပေမယ့် ငါတို့လိုပဲ လမ်းတစ်ဝက်မှာတင်ပြန်ဖို့ပြင်ဆင်နေတဲ့လူတွေလည်း အများကြီးရှိတာပေါ့”

“လမ်းမသိတော့ ငါက ဒေသခံကားနံပါတ်ပြားနဲ့ ကားတစ်စီးကိုရွေးပြီး လိုက်သွားတယ်။ စိတ်ထဲမှာတော့ လူအုပ်ကြီးနဲ့လိုက်၊ ဒေသခံနဲ့လိုက်သွားရင် လမ်းမပျောက်တော့ဘူးပေါ့။ ဖုန်းလိုင်းရတာနဲ့ ကျန်တာကလွယ်သွားပြီလေ”

ဒီလိုပြောတော့ ရှောင်လီက ဖြတ်ပြောလိုက်သည်။ “လူအဲ့လောက်များ၊ ကားအဲ့လောက်များတာ… ဘာကြောက်စရာရှိမှာလဲ”

ဝတုတ်ကြီးက ခါးခါးသီးသီးပြုံးပြီး မီးခိုးငွေ့တစ်သီကြီး ကိုမှုတ်ထုတ်ကာပြော၏။

“ဟုတ်တယ်… ငါလည်းအဲ့လိုပဲထင်ခဲ့တာ။

မြက်ခင်းပြင်ကြီးပေါ်မှာ ကားအစီးရာပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ကားတန်းကြီး… ရှေ့နောက်မိုင်ပေါင်းများစွာက ကားတွေချည်းပဲ။ တစ်စီးချင်းစီကမီးကြီးတွေဖွင့်ထားတာ… ဘာအန္တရာယ်ရှိနိုင်မှာလဲ”

“ပြီးတော့ရော”

လျိုရှင်း ဆက်မေးတော့ ဝတုတ်ကြီးက ကောင်းကင်ကိုမော့ကြည့်ရင်း ဇာတ်လမ်းဆက်သည်။

“ပြီးတော့… ပြီးတော့ ငါတွေ့လိုက်ရတာက ဒီကားတွေက ခရီးတစ်ထောက်ရောက်တိုင်း ကားတချို့ကလမ်းခွဲထွက်ပြီး တခြားလမ်းကြောင်းကိုမောင်းသွားကြတာပဲ”

“အဲ့ဒီတုန်းက ငါ့အဒေါ်က ငါ့ကိုတခြားသူတွေနောက်လိုက်ဖို့ ပြောတယ်။ ဒါပေမဲ့ အဲ့ဒီကားတွေကအရေအတွက်နည်းပြီး ငါလိုက်နေတဲ့ အုပ်စုလောက်မများဘူးလေ။ ပြီးတော့ ငါလိုက်နေတာက ဒေသခံနံပါတ်ပြားနဲ့ကား… ဒီကားက ဒေသခံလမ်းတွေကိုကျွမ်းကျင်မှာပဲ။ ဒါကြောင့် ငါသူ့စကားနားမထောင်ခဲ့ဘူး…”

“ဒါပေမဲ့ သွားရင်းသွားရင်းနဲ့ ထူးဆန်းတဲ့မြင်ကွင်းတစ်ခုဖြစ်ပွားခဲ့တယ်” ဝတုတ်ကြီးရဲ့မျက်နှာပေါ်မှာ ချွေးစေးတွေပြန်လာပြီး အသံကိုနှိမ့်ကာပြောလိုက်၏။

“ငါလည်းဘယ်လိုဖြစ်သွားမှန်းမသိဘူး… သွားရင်းသွားရင်းနဲ့ ဖုန်းကိုငုံ့ကြည့်လိုက်တဲ့တစ်ခဏမှာ ပတ်ဝန်းကျင်ကကားတွေ ပျောက်သွားရော”

ဒီစကားကြားတော့ လူတိုင်းရဲ့နှလုံးသားတွေက ညစ်ခံရသလို တင်းကျပ်သွားကြသည်။ ရှောင်လီမမေးခင်မှာပဲ ဝတုတ်ကြီးကဆက်ပြောလိုက်၏။

“ကားတန်းကြီးက အဲ့လိုပဲပျောက်ကွယ်သွားတာ။ ဒါပေမဲ့ ငါ့ကိုလမ်းပြနေတဲ့အဲ့ဒီဒေသခံကားကတော့ရှိနေသေးတယ်။ သူကငါ့ရှေ့မှာမောင်းနေတာ။ ဒါပေမဲ့ ငါ့နောက်ကကားတွေ၊ ဘေးကကားတွေပျောက်သွားပြီ။ အဲ့တော့ ငါလည်းနည်းနည်းလန့်လာပြီ”

“ငါ့အဒေါ်က ငါ့ကိုအမြန်ကားပြန်လှည့်ပြီး မလိုက်နဲ့တော့လို့ပြောတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ငါလည်းခေါင်းငုံ့ပြီး ဒေသခံကားနောက်လိုက်သွားရင် အိမ်ပြန်ရောက်နိုင်မယ်လို့ထင်ခဲ့တာ။ ပြီးတော့ သူ့နောက်မလိုက်ရင် ငါဘယ်သူ့နောက်လိုက်မှာလဲ…”

“ပတ်ဝန်းကျင်က အဆုံးအစမရှိတဲ့အမှောင်ထု… လမ်းလည်းမမြင်ရဘူး၊ တခြားလူလည်းမမြင်ရဘူး…”

“ဒါနဲ့ ဆက်လိုက်သွားခဲ့တာပေါ့။ မြောက်ဘက်ကို တစ်လမ်းလုံးသွားရင်း သွားရင်းနဲ့ တောင်ကုန်းငယ်လေးတစ်ခုထဲ ရောက်သွားတယ်”

“ငါမင်းတို့ကိုပြောဖူးမလား… အဲ့ဒါက မြက်ခင်းပြင်ကြီး… လွင်ပြင်ကြီး… မိုးကုတ်စက်ဝိုင်းမှာမှ တောင်တန်းကြီးတွေရဲ့ အရိပ်ကိုမြင်နိုင်တာ။ ဒါဆို ဒီနေရာမှာ တောင်ကုန်းငယ်လေးက ဘယ်ကရောက်လာတာလဲ”

လူတွေက ဒီစကားကြားတော့ ဦးရေပြားတွေတောင်ထုံကျင်သွားကြသည်။ ဝတုတ်ကြီးက ဆေးလိပ်ကိုပြင်းပြင်းရှိုက်လိုက်၏။ ဆေးလိပ်ထိပ်မှာ မီးရောင်ကတောက်ပနေပြီး သူ့မျက်နှာပေါ်မှာအနီရောင်အလင်းတန်းတစ်ခုထင်ဟပ်နေတာက နည်းနည်းထူးဆန်းနေသလိုပဲ။ ဝတုတ်ကြီးက ဆက်ပြောသည်။

“အဲ့ဒီကားက ငါတို့ကိုခေါ်ပြီး တောင်ထဲကိုတိုးဝင်သွားပေမဲ့ အဲ့မှာလမ်းရှိတယ်။ အဲ့ဒါက မြေလမ်း… တော်တော်စုတ်ပြတ်နေပေမယ့် တကယ်ကို လမ်းတစ်လမ်းပဲ။ လမ်းတွေ့တော့ ငါလည်းစိတ်ချသွားကော။ လမ်းရှိရင် လူရှိတယ်လေ။ ငါငါ့အဒေါ်ကို တစ်လမ်းလုံး ဖုန်းကိုစိုက်ကြည့်ခိုင်းပြီး လိုင်းရတာနဲ့ ချက်ချင်းလမ်းညွှန်ဖွင့်ခိုင်းထားတယ်။ တကယ်လို့မရရင် ရဲတိုင်မယ်ပေါ့”

“ဒါပေမဲ့ တစ်လမ်းလုံးလိုင်းမရှိဘူး… မကြာခင်မှာ ငါတို့က မုခ်ဦးကြီးတစ်ခုကိုတွေ့လိုက်ရတယ်။ အဲ့ဒီမုခ်ဦးက အဖြူရောင်ကျောက် အနီရောင်သစ်သားနဲ့လုပ်ထားတာ။ အပေါ်မှာ ဘာအရောင်မှန်းမသိတဲ့အဝတ်စတွေက လေထဲမှာလွင့်နေတယ်။ ကြည့်ရတာနည်းနည်းထူးဆန်းနေကော…”

“ငါတို့က မုခ်ဦးကိုဖြတ်ပြီးတော့ ကျောက်တံတားတစ်ခုကိုတွေ့လိုက်ရတယ်။ တော်တော်ရှေးကျတဲ့အမျိုးအစား… အပြာရောင်ကျောက်တုံးကြီး… နှစ်တွေကြာလာတော့ ကျောက်တုံးပေါ်မှာ ချိုင့်ခွက်တွေနဲ့… ငါတို့ကားက အဲ့တံတားအပေါ်မှာသွားတော့ ခုန်ပေါက်နေတာပဲ”

“ဒီကိုရောက်တော့ ငါ့အဒေါ်မပြောနဲ့… ငါတောင်နည်းနည်းကြောက်လာပြီ။ ငါ့အဒေါ်က တစ်ချိန်လုံးငါ့ကိုကားပြန်လှည့်ခိုင်းနေတယ်။ ဒါပေမဲ့ အဲ့ဒီလမ်းကတော်တော်ကျဉ်းတာ။ ငါလုံးဝကားပြန်လှည့်လို့မရဘူး။ ပြီးတော့ အဲ့ဒီတုန်းက ငါ့ဦးနှောက်ကလည်းကြောင်နေတာလေ။ ကားနောက်မဆုတ်ဘဲ ဆက်လိုက်သွားနေမိကောပေါ့”

ဒီလိုပြောပြီး ဝတုတ်ရှောင်းက တစ်ရှိုက်တည်းနဲ့ ကျန်တဲ့ ဆေးလိပ်တစ်ဝက်ကို ကုန်အောင်သောက်လိုက်၏။ လျိုကျွမ်းက အမြန်နောက်တစ်လိပ်ထပ်ကမ်းပေးသည်။ ဝတုတ်ကြီးက မီးညှိပြီး ဆေးလိပ်သောက်ရင်း ဆက်ပြော၏။

“ရှေ့ကကားက အရှိန်မမြန်တော့ လိုက်ရတာမခက်ဘူး။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ ငါအဲ့ဒီကားကိုကြည့်ရတာနည်းနည်းကြောက်နေပြီ။ သူငါတို့ကိုဘယ်နေရာကိုခေါ်သွားမလဲမသိဘူး။ သူ့နောက်မလိုက်ရင်လည်း ငါလုံးဝလမ်းပျောက်သွားမှာ။ ဒါကြောင့် ငါကသူ့ကိုကြောက်လည်းကြောက်၊ သူ့နောက်လိုက်မမီမှာလည်းကြောက်”

ဖျစ်… ဖျစ်…

မြေကြီးပေါ်ကမီးပုံထဲမှာ ဘာပစ္စည်းမှန်းမသိဘူး… မီးလောင်ပြီး ပေါက်ကွဲသွားတဲ့အသံက လူတိုင်းကိုလန့်သွားစေ၏။ ဝတုတ်ကြီးက လက်ထဲကဆေးလိပ်ကိုတောင် လွှတ်ချတော့မလို ဖြစ်သွားသည်။ လူတွေအသိပြန်ဝင်လာတော့ ဝတုတ်ကြီးကဆက်ပြောသည်။

“နောက်ထပ်ခဏလေးသွားပြီးတော့ ငါတို့ရွာတစ်ရွာထဲဝင်သွားတယ်။ အဲ့ဒီရွာကအိမ်တွေက အကုန်လုံးပြိုကျနေပြီ။ နေရာတကာမှာမြက်ရိုင်းတွေနဲ့… ကြည့်ရုံနဲ့ကြောက်စရာကြီး။ ဒါပေမဲ့ ထူးဆန်းတာက ဒီရွာထဲမှာ နှစ်ထပ်အိမ်ငယ်လေးတစ်လုံးက အကောင်းအတိုင်းရှိနေသေးတယ်”

“အဲ့ဒါက မြေစေးနဲ့လုပ်ထားတဲ့အိမ်အိုကြီးတစ်လုံး… ဒီလိုအိမ်မျိုးက အရှေ့မြောက်ပိုင်းမှာမမြင်ရတော့သလောက်ပဲ။ ဒါပေမဲ့ အဲ့ဒီမှာအဲ့လိုအိမ်ငယ်လေးတစ်လုံးရှိနေတယ်”

“အဲ့ဒီအိမ်ငယ်လေးတံခါးဝမှာ အနီရောင်မီးပုံးကြီးနှစ်လုံးချိတ်ထားပြီး အပေါ်မှာ ရေတိမ်ကြားဆိုတဲ့စာလုံးကြီးသုံးလုံးရေးထားတယ်။ ငါ့ရှေ့ကကားက အဲ့ဒီနှစ်ထပ်အိမ်ငယ်လေးရဲ့တံခါးဝမှာရပ်သွားတာပဲ။

“ဒါပေမဲ့ ကားပေါ်ကလူက မဆင်းလာဘူး”

“ငါအဲ့ဒီတုန်းက အဲ့ဒီအိမ်ထဲမှာမီးရောင်ရှိတာကိုမြင်တော့ စိတ်ထဲမှာ တော်တော်သက်သာသွားတယ်။ မူလက ကားပေါ်ကဆင်းပြီးလမ်းမေးမလို့။ ဒါပေမဲ့ ငါ့အဒေါ်က ငါ့ကို အတင်းမဆင်းခိုင်းဘူး။ ငါ့တူမလေးကတော့ မျက်လုံးအကျယ်ကြီးဖွင့်ပြီး ငါ့ကိုတင်းတင်းကျပ်ကျပ်ဖက်ထားရင်း ကားပေါ်ကမဆင်းနဲ့… ကားပေါ်ကမဆင်းနဲ့လို့ အသကုန်အော်နေတာပဲ”

All Chapters