နွားခေါင်း… ယုန်
Vol. 3 Ch. 39
“ခင်ဗျားတို့သိလား… ကလေးတွေက ငယ်လေလေ စိတ်ကစင်ကြယ်လေလေပဲ။ ကြားရသလောက်တော့ ကလေးတွေမွေးခါစတုန်းက မွေးရာပါစွမ်းအင်မပျောက်သေးတဲ့အချိန်မှာ သာမန်လူတွေမမြင်နိုင်တဲ့အရာတချို့ကိုမြင်နိုင်တယ်တဲ့”
“သူအဲ့ဒီတုန်းက အသည်းအသန်အော်နေတာ… ကြောက်လွန်းလို့ ငါတကယ်ပဲကားပေါ်ကမဆင်းရဲတော့ဘူး။ ပြီးတော့ ကားတံခါးတွေကိုတင်းတင်းကျပ်ကျပ်သော့ချထားလိုက်တယ်။ ဒါပေမဲ့ ဒီလိုတစ်ခဏလေးအတွင်းမှာ ငါခေါင်းမော့လိုက်တော့ ဦးရေပြားတောင် ပေါက်ကွဲထွက်တော့မလိုဖြစ်သွားတယ်”
“ဘာဖြစ်လို့လဲ” ရှောင်လီက ကြောက်လန့်တကြားမေးလိုက်၏။ အဲ့ဒီအချိန်မှာ အခွင့်ကောင်းယူဖို့ကြံနေတဲ့လျိုကျွမ်းလည်း လက်သီးကိုတင်းတင်းဆုပ်ပြီး အခွင့်ကောင်းယူဖို့မေ့သွားသည်။ ဝတုတ်ကြီးက ဆက်ပြောလိုက်၏။
“ငါ့ရှေ့ကကား ပျောက်သွားလို့ပဲ”
ဒီစကားကြားတော့ လူတိုင်းရဲ့ဦးရေပြားတွေပေါက်ကွဲထွက်တော့မလိုဖြစ်သွား၏။ ဒီတောတောင်နက်ကြီးထဲမှာ ထူးဆန်းတဲ့ဆိုင်တစ်ဆိုင်၊ ပြီးတော့ လမ်းပြတဲ့ကားကလည်း ပျောက်သွားပြီ။ ဒါဘယ်သူနဲ့တွေ့တွေ့ ဘယ်သူမကြောက်ဘဲနေနိုင်မှာလဲ။
“အဲ့ဒီတုန်းကငါတကယ်ပဲကြောက်လန့်သွားပြီ။ ငါရှေ့ဆက်မသွားရဲတော့ဘူး။ ချက်ချင်း ကားနောက်ဆုတ်ပစ်တော့တာပဲ။ ဒါပေမဲ့ ပိုထူးဆန်းတာက အဲ့ဒီရွာထဲမှာလမ်းတစ်လမ်းပဲရှိတာ။ ပြီးတော့ နောက်ပြန်ဆုတ်တဲ့အချိန်မှာ အဲ့ဒီကျောက်တံတားနဲ့မုခ်ဦးကိုထပ်မတွေ့တော့ဘူး”
“ကားပြန်လှည့်လို့ရတဲ့နေရာအထိဆုတ်ပြီးတော့ ငါကတစ်ချက်တည်းနဲ့ အရှိန်ကုန်တင်ပြီးမောင်းပြေးတော့တာပဲ။ ဘယ်လောက်ကြာကြာ၊ ဘယ်လောက်ဝေးဝေးလျှောက်မောင်းနေမှန်းမသိဘူး”
“ဘာပဲဖြစ်ဖြစ် စိတ်ကရှုပ်ရှုပ်ထွေးထွေးနဲ့ ငါမြက်ခင်းပြင်ကြီးပေါ် ပြန်ရောက်သွားတယ်။ သက်ပြင်းချတော့မလို့လုပ်နေတုန်းမှာပဲ… ငါဘာတွေ့လိုက်လဲဆိုတာ မင်းတို့ ခန့်မှန်းကြည့်”
လူတွေက ခေါင်းခါကြတယ်။ ဝတုတ်ကြီးက နောက်တစ်ခါ ဆေးလိပ်ကိုပြင်းပြင်းရှိုက်ပြီးပြောလိုက်၏။
“အဲ့ဒီဒေသခံကားကိုတွေ့လိုက်တာပဲ။ ငါ့ရှေ့မှာတင်ရပ်နေတာ။ ကားရပ်နေပြီး မြက်ခင်းပြင်ပေါ်မှာလူငါးယောက်ခြောက်ယောက်က မီးပုံပွဲလုပ်ပြီး သီချင်းဆို၊ အရက်သောက်၊ ကခုန်နေကြတာ”
ရှောင်လီက ချက်ချင်းသက်ပြင်းချပြီးပြောလိုက်၏။ “လူရှိတယ်… သီချင်းဆို၊ ကခုန်၊ အရက်သောက်နေတာ… ဒါဆိုပြဿနာမရှိတော့ဘူးပေါ့”
လျိုရှင်းက ခေါင်းခါပြသည်။ “ဝတုတ်ကြီးပြောဖူးတယ်… အဲ့ဒီလမ်းကအရမ်းကျဉ်းတယ်။ ဘေးချင်းယှဉ်မောင်းလို့မရဘူး… ကားပြန်လှည့်လို့လည်းမရဘူး။ ဝတုတ်ကြီးကကိုယ်တိုင် ကားနောက်ဆုတ်ပြီးထွက်လာတာ… တစ်လမ်းလုံး ကားလိုက်လာတာမတွေ့ဘူး။ အဲ့လိုလမ်းတစ်လမ်းတည်းနဲ့ သူကအမြန်ဆုံးအရှိန်နဲ့ မောင်းပြေးလာတာ… ဒါဆိုရင်… အဲ့ဒီကားကဘယ်လိုလုပ်ပြီးသူ့ရှေ့ကိုရောက်သွားတာလဲ”
ဒီစကားကြားတော့ ရှောင်လီတစ်ကိုယ်လုံးချွေးစေးတွေပြန်လာပြန်၏။ ဝတုတ်ကြီးက ခေါင်းညိတ်ပြီးပြောပြသည်။
“ဟုတ်တယ်… ငါအဲ့ဒီတုန်းကလည်းအဲ့လိုပဲစဉ်းစားခဲ့တာ။ ဒါပေမဲ့ လူတွေ့တော့ ငါလည်းသက်ပြင်းချလိုက်တယ်… အဲ့ဒီတုန်းကငါ့အာရုံကြောတွေ ဘယ်လောက်တင်းကျပ်နေလဲဆိုတာ မင်းတို့မသိဘူး။လူကပြိုလဲတော့မလို ဖြစ်နေပြီ။ သက်ရှိလူတွေ့တော့ အဲ့ဒီခံစားချက်က… တကယ်ပဲပြေးဆင်းပြီးသူတို့ကိုဖက်ထားချင်စိတ်ပေါက်သွားတယ်”
မာရှောက်ထုံက စပ်စုပြီးမေး၏။ “မင်းဆင်းသွားလား”
“အဲ့ဒီတုန်းက အဲ့ဒီလူတွေလည်း ငါ့ကိုတွေ့သွားပြီ။ ငါတို့ကိုလက်ဝှေ့ယမ်းပြီး သူတို့မီးပုံပွဲကို လာပူးပေါင်းဖို့ခေါ်နေကြတယ်။ ငါအဲ့ဒီတုန်းက တော်တော်စိတ်လှုပ်ရှားသွားတာပေါ့”
“ဒါပေမဲ့ အဒေါ်က ငါ့ကိုတင်းတင်းကျပ်ကျပ်ဆွဲထားပြီး ကားမရပ်နဲ့… အမြန်သွားလို့ပြောတယ်။ အဲ့ဒီတုန်းကငါ့တူမလေးက အိပ်ပျော်နေတာလား… ကြောက်လန့်ပြီး မေ့လဲသွားတာလားမသိဘူး”
“ဘာပဲဖြစ်ဖြစ် မျက်လုံးကိုတင်းတင်းမှိတ်ပြီး စကားမပြောဘူး။ အဲ့ဒီတုန်းက ငါလည်းတူမလေးရဲ့ကျန်းမာရေးကိုစိုးရိမ်တော့ အဒေါ့်စကားကိုနားထောင်ပြီး တစ်ချက်တည်းနဲ့ အရှိန်ကုန်တင်ပြီး မောင်းပြေးတာပေါ့။ ငါအဲ့ဒီတုန်းက ဘာတွေ့လိုက်လဲဆိုတာ မင်းတို့ကိုပြောပြမယ်”
“သူတို့ဘေးက ဖြတ်သွားတဲ့အချိန်မှာ ငါသူတို့အားလုံးက ထူးထူးဆန်းဆန်း ပျော်ပွဲရွှင်ပွဲကိုရပ်ပြီး အဲ့ဒီမှာရပ်နေတာကို တွေ့လိုက်ရတာပဲ။ သစ်သားတုံးတွေလိုပဲ ငါ့ကိုကြည့်နေတာ။ မျက်လုံးတွေက ကားနဲ့အတူရွေ့လျားပြီး ငါအဝေးကိုထွက်သွားတာကိုတစ်လမ်းလုံးကြည့်နေကြတာ။ အဲ့ဒီမျက်လုံးတွေက… ဟာလာဟင်းလင်းနဲ့ ထူးဆန်းတဲ့သေမင်းတမန်လိုပဲ…”
ဒီလိုပြောတော့ ဝတုတ်ကြီးရဲ့လက်ကထပ်ပြီး တုန်လာ၏။ အမြန်ဆေးလိပ်နှစ်ဖွာလောက် ပြင်းပြင်းရှိုက်လိုက်မှ တည်ငြိမ်သွားသည်။
လျိုကျွမ်းက သူ့နောက်ကျောကိုပွတ်သပ်ကြည့်လိုက်တော့ ချွေးတွေနဲ့စိုရွှဲနေပြီ။ သူလည်းကြောက်သွားတာပဲ။
“ပြီးတော့ရော” လျိုရှင်းက ထပ်မေးလိုက်သည်။
“ပြီးတော့လား… ပြီးတော့ ငါမြက်ခင်းပြင်ကြီးပေါ်မှာ တစ်နာရီကျော်လောက်မောင်းပြီး နောက်ဆုံးတော့ ကားတန်းကြီးတစ်တန်းကို တွေ့လိုက်ရတာပဲ။ အဲ့ဒါက ပွဲတော်ကြည့်ပြီးလူစုခွဲပြီးနောက်ဖွဲ့စည်းထားတဲ့ကားတန်းကြီးဖြစ်ရမယ်။ အဲ့တော့ ငါတို့လည်း ချက်ချင်း မောင်းသွားပြီး အဲ့ဒီကားတွေနောက်လိုက်သွားတော့ ငါ့စိတ်က တော်တော်တည်ငြိမ်သွားတယ်”
“ငါဒေသခံကားကို မတောင်းဆိုတော့ဘူး။ လူအုပ်ကြီးနောက်ပဲလိုက်သွားတယ်။ မျက်တောင်တောင်မခတ်ရဲဘူး… ဘာဖြစ်လို့လဲဆိုတော့ သူတို့ထပ်ပျောက်သွားမှာစိုးလို့”
“မကြာခင်မှာပဲ ဖုန်းလိုင်းရလာပြီးမို့ ငါတို့ချက်ချင်းလမ်းညွှန်ဖွင့်ပြီး ကူလင်မြို့ကို ပြန်တော့တာပဲ။ အိမ်ပြန်ရောက်တော့ ငါကုတင်ပေါ်လဲကျပြီးအိပ်ပျော်သွားတာ… နှစ်ရက်နဲ့ နှစ်ညလုံးတောင် အိပ်ပျော်သွားတာ”
“နိုးလာတဲ့အချိန်မှာ ငါ့အမေပြောတာကြားရတယ်။ ငါ့အဒေါ်နဲ့ တူမလေးနှစ်ယောက်လုံးဖျားနေတယ်… အဖျားမကျဘူးတဲ့”
“အထူးသဖြင့် တူမလေးက ပါးစပ်ကတစ်ချိန်လုံးကြောက်တယ်… ကြောက်တယ်လို့အော်ဟစ်နေတာပဲ”
ဒီစကားကြားတော့ လူတိုင်းတစ်ကိုယ်လုံးတုန်သွားကြ၏။
“မ… မပြောနဲ့တော့… တခြားဟာပြောကြရအောင်။ ဒီတောနက်ကြီးထဲမှာ… ပြောရင်ခေါ်သလိုဖြစ်နေမှာ… ပျော်စရာတစ်ခုခု ပြောကြရအောင်” ရှောင်လီက တုန်တုန်ယင်ယင်နဲ့ ပြောလိုက်သည်။
တခြားသူတွေလည်း ခေါင်းညိတ် ထောက်ခံကြသည်။ သူတို့လည်းနည်းနည်းကြောက်လာကြပြီ။ အဲ့ဒီအချိန်မှာ ရေနွေးဘူးကိုဖက်ပြီး ယိမ်းနွဲ့နေတဲ့လျိုရှင်းက လှန်းမေးလိုက်၏။
“မပြောတော့ဘူးလား။ ဒါဆို ငါအိမ်သာသွားတော့မယ်…”
“အကူအညီလိုလား” လျိုကျွမ်းက မေးလိုက်သည်။ လျိုရှင်းလည်း နည်းနည်းကြောက်ပေမယ့် ဘာပဲဖြစ်ဖြစ် အပြင်မှာခရီးသွား၊ ပန်းချီဆွဲနေကျမိန်းကလေး။ ပြီးတော့ မွေးရာပါအာရုံကြောထူထဲတော့ သတ္တိကပိုကြီးတယ်။ မီးပုံပွဲကိုကြည့်၊ လက်ထဲကဓာတ်မီးကိုကြည့်ပြီး လက်ကိုဝှေ့ယမ်းကာပြောလိုက်၏။
“မလိုဘူး။ ငါက ခိုင်မာတဲ့ ဘာသာမဲ့ဝါဒီတစ်ယောက်… မကြောက်ဘူး” ပြောပြီးတော့ လျိုရှင်းက နောက်လှည့်ထွက်သွား၏။
“တကယ်မလိုဘူးလား” လျိုရှင်းရဲ့နောက်ကျောကိုကြည့်ပြီး လျိုကျွမ်းကအော်လိုက်သည်။
“မလိုဘူး။ ငါပြောမယ်… နင်လိုက်မလာနဲ့နော်” လျိုရှင်းက ခြိမ်းခြောက်တဲ့အနေနဲ့ လက်သီးငယ်လေးကိုဝှေ့ယမ်းပြပြီးတော့ နေရာရှာပြီး အိမ်သာသွားတော့သည်။ လျိုရှင်းက လျှောက်ရင်းနဲ့ပွစိပွစိပြောနေ၏။
“ဒီတောင်တန်းထဲမှာ လူယုတ်မာမရှိလောက်ပါဘူးနော်”
သူအရင်ကအိမ်သာတက်တုန်းက အိမ်သာထဲမှာယောကျာ်းတစ်ယောက်ထိုင်နေတဲ့ မြင်ကွင်းကိုသတိရသွားပြီး တစ်ခဏတော့ နည်းနည်းကြောက်သွား၏။ ဒါကြောင့် နည်းနည်းဝေးဝေးသွားဖို့ဆုံးဖြတ်လိုက်သည်။
ဘာလို့လဲဆိုတော့ မာရှောက်ထုံဆိုတဲ့ကောင်က သူ့ကိုကြည့်တဲ့အကြည့်မှာ လူကောင်းတစ်ယောက်အကြည့်မဟုတ်ဘူးလို့ခံစားနေရလို့ပဲ။
ဒီလိုနဲ့ တကယ်ကို ဝေးဝေးရောက်သွားပြီ။
ဒီကောင်မလေးက အာရုံကြောထူထဲပြီး သတ္တိလည်းမသေးဘူး။ ဘယ်သူမှမရှိမှန်းသေချာတော့မှ ထိုင်ချပြီး စမ်းကြည့်ပြီးနောက် ဒီနေရာကမဆိုးဘူးလို့ခံစားလိုက်ရတယ်။
ဘောင်းဘီကိုချွတ်ပြီး အိမ်သာတက်တော့မလို့လုပ်နေတုန်း ရုတ်တရက် သူ့ခြေထောက်အောက်မြေကြီးက နည်းနည်းတုန်ခါနေသလိုခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ အဝေးကနေ ခြေသံပြင်းပြင်းတွေက ပိုပိုနီးကပ်လာ၏။ တစ်ချိန်တည်းမှာပဲ သစ်ကိုင်းတွေကျိုးသံ၊ မြက်တွေနင်းချေခံရသံ၊ သစ်ရွက်တွေနင်းချေခံရသံတွေ ပါလာသည်။
‘ဝက်ဝံနက်မရှိလောက်ပါဘူးနော်’ လျိုရှင်းက စိတ်ထဲကနေပွစိပွစိပြောနေမိ၏။ တစ်ပြိုင်နက်တည်းမှာပဲ တောအုပ်နက်ထဲကနေ ကိုယ်လုံးကိုယ်ပေါက်တောင့်တဲ့အရိပ်တစ်ခုက သစ်တုံးနှစ်တုံးကိုထမ်းပြီးပြေးထွက်လာသည်။
သူ့ခြေလှမ်းတွေက လေလိုမြန်ပြီး သံလိုလေးတယ်။ တစ်လှမ်းလှမ်းလိုက်ရင် နှစ်မီတာသုံးမီတာလောက်ဝေးက အသာလေးပဲ။ ဒီလိုနဲ့ တစ်ချက်တည်းနဲ့သူ့ရှေ့ကိုရောက်လာကော။
အဲ့ဒီတစ်ခဏမှာ လျိုရှင်းက ခေါင်းပေါ်ကသစ်ရွက်တွေ ကြားကနေ ခက်ခက်ခဲခဲကျလာတဲ့ လရောင်တစ်စကို ကွယ်သွားသလို ခံစားလိုက်ရတယ်။
လရောင်က ခန့်ညားထည်ဝါပြီး ခေါင်းပေါ်မှာချိုနှစ်ချောင်းနဲ့တူတဲ့ ဧရာမအရိပ်တစ်ခုကို ပုံဖော်ပေးလိုက်၏။ အဲ့ဒီဧရာမအရိပ်ကြီး မျက်လုံးနှစ်လုံးကိုဖွင့်လိုက်တော့ မျက်လုံးတွေက ကြေးနီခေါင်းလောင်းလိုပဲ… တော်တော်ထူးဆန်းပြီးကြောက်စရာကောင်းသား။
လျိုရှင်းက ကြောက်လန့်ပြီးကြောင်နေပြီ။ ပါးစပ်ငယ်လေးကဟနေပြီး အသံလုံးဝမထွက်ရဲဘူး။ ဒါပေမဲ့ တစ်ဖက်လူက သက်ပြင်းရှည်ကြီးချပြီး လက်ကြီးကိုဆန့်ထုတ်ကာ သူ့ခေါင်းပေါ်ကယုန်နားရွက်ကိုကိုင်ပြီး ပွစိပွစိပြောလိုက်၏။
“ယုန်နတ်သမီးလေးတစ်ပါးပါလား… ဟူး… လူသားမဟုတ်လို့ တော်သေးတယ်… ဒါဆိုငါစိတ်ချပြီ…”
အဲ့ဒါပြောပြီးတော့ နွားခေါင်းက လျိုရှင်းကို သတိပေးသည်။
“ယုန်ငယ်လေး… မင်းငါ့ကိုမမြင်ဘူးလို့ သဘောထားလိုက်… ဟုတ်ပြီလား”