သမီးက ယုန်ဖြူလေးတစ်ကောင်ပါ
Vol. 3 Ch. 40
လျိုရှင်းက နည်းနည်းကြောင်နေပြီး တစ်ဖက်လူဘာပြောလဲဆိုတာကိုလည်း သေချာမကြားရဘူး။ ဘာပဲဖြစ်ဖြစ် အသည်းအသန်ခေါင်းညိတ်နေတယ်။ နွားခေါင်းက ဒါကိုမြင်တော့ ပါးစပ်အကျယ်ကြီးဖြဲပြီး ဖြူဖွေးနေတဲ့သွားတွေကိုပြလိုက်၏။ ရယ်နေပုံပဲ။
ပြီးတော့ နွားခေါင်းက နောက်လှည့်ပြီး သစ်တုံးနှစ်တုံးကိုထမ်းကာ အားကုန်ပြေးထွက်သွားတော့သည်။ နွားခေါင်းပြေးထွက်သွားတော့ လျိုရှင်းက အမြန်ထပြီးထွက်ပြေးမလို့လုပ်ပေမဲ့ ခြေထောက်တွေကကြောက်လွန်းလို့ နည်းနည်းပျော့နေပြီး လုံးဝမတ်တပ်မရပ်နိုင်ဘူး။ အဲ့ဒီအချိန်မှာပဲ ပိုပြင်းထန်တဲ့ခြေသံတွေထွက်လာပြန်ပြီ။
လျိုရှင်းက ဒီစကားကြားတော့ စိတ်ထဲမှာတုန်သွားပြီး စိတ်ထဲကနေညည်းညူလိုက်၏။
‘နောက်တစ်ယောက် ထပ်လာပြန်ပြီလား’
မကြာခင်မှာပဲ တောအုပ်နက်ထဲကနေ အရပ်ရှည်ရှည်အရိပ်တစ်ခုပြေးထွက်လာ၏။ ဒီအရိပ်က သူ့ကိုမြင်တော့ ကိုယ်ကိုနည်းနည်းရပ်ပြီး လျိုရှင်းကိုသေချာကြည့်လိုက်သည်။
လျိုရှင်းက ဦးရေပြားထုံကျင်စွာနဲ့ မျက်စိရှေ့က ဒီမျက်နှာရှည်ရှည် သတ္တဝါဆန်းကိုကြည့်ပြီး ငိုပစ်လိုက်ချင်ပေမဲ့ အားတင်းပြီး လက်နှစ်ဖက်ကိုမြှောက်ကာ မေးစေ့အောက်မှာထားရင်း ခေါင်းကိုစောင်း၍ အပြုံးတစ်စကိုညှစ်ထုတ်ပြီး ပြောလိုက်၏။
“ကျွန်မက ယုန်ဖြူလေးတစ်ကောင်ပါ”
မြင်းမျက်နှာက ကြောင်သွား၏။ တစ်ဖက်လူက ဒီလိုအကွက်ဆန်းတွေရှိမယ်လို့ မထင်ထားဘူး။ ခေါင်းကိုကုတ်ပြီး ပွစိပွစိပြောလိုက်သည်။
“ယုန်နတ်သမီးလား”
လျိုရှင်းက အမြန်ခေါင်းညိတ်ပြသည်။ မြင်းမျက်နှာက အင်းဆိုတဲ့အသံပြုပြီး ပါးစပ်ဟတော့မလို့လုပ်နေတုန်း လျိုရှင်းက ချက်ချင်းပြောလိုက်သည်။
“ရှင့်ကိုမမြင်ဘူး… ကျွန်မအဝေးမှုန်နေလို့ ဘာမှမမြင်ရဘူး”
“သနားစရာယုန်လေးပဲ… အဝေးက မှုန်သေးတယ်” မြင်းမျက်နှာက ပွစိပွစိပြောပြီး သစ်တုံးကိုဆွဲကာ ပြေးသွားတော့သည်။
မြင်းမျက်နှာရဲ့နောက်ကျောပုံစံကိုကြည့်ပြီး လျိုရှင်းက လုံးဝမြေကြီးပေါ်မှာ ထိုင်ချလိုက်၏။ အတော်ကြာတော့ လျိုရှင်းက အမြန်ထပြီး တောင်ပေါ်ကိုအားကုန်ပြေးတက်သွားသည်။ စခန်းကိုပြန်ရောက်တော့ ချင်ချင်းပဲ ပစ္စည်းတွေစသိမ်းတော့၏။
“လျိုရှင်း… ဘာဖြစ်လို့လဲ။ နင်ဘာလို့ပစ္စည်းတွေသိမ်းနေတာလဲ” ရှောင်လီ စပ်စုပြီးမေးလိုက်တော့ လျိုရှင်းက ခေါင်းခါပြီးပြောပြလိုက်သည်။
“မနေနိုင်တော့ဘူး… ငါမနေနိုင်တော့ဘူး… ဒီတောင်ပေါ်မှာသရဲရှိတယ်”
“သရဲလား” လူတွေက ဒီစကားကြားတော့ တုန်သွားကြ၏။ ခေါင်းထဲမှာ အလိုလိုနေရင်း ဝတုတ်ကြီးပြောတဲ့ပုံပြင်ကို ပြန်သတိရသွားပြီး နည်းနည်းကြောက်လာကြပြီ။ ဒါပေမဲ့ လျိုကျွမ်းက ရင်ဘတ်ကိုပုတ်ပြီးပြောလိုက်၏။
“ဘာကြောက်စရာရှိလဲ။ အဘိုးကြီးတွေပြောတာ ငါကြားဖူးတယ်။ သရဲတွေက နေရောင်ခြည်ကို ကြောက်တယ်တဲ့။ ဒါကြောင့် လူငယ်တွေကိုသရဲတစ္ဆေတွေက သိပ်မနှောင့်ယှက်ရဲဘူး။ ငါတို့အားလုံးကလူငယ်တွေ… ကိုယ်တွင်းနေရောင်ခြည်ကမီးဖိုလိုပဲ… သရဲတစ္ဆေလေးတစ်ကောင်ကို ကြောက်ရမှာလား”
လျိုကျွမ်း ဒီလောက်သတ္တိရှိတာကိုမြင်တော့ မာရှောက်ထုံလည်း ဝင်ပြောသည်။
“ဟုတ်တယ်… ဘာကြောက်စရာရှိလဲ။ ငါ့ကိုယ်ပေါ်မှာအဆောင်ရှိတယ်… တကယ်လို့သရဲလာရင် ငါလက်ဝါးကပ်တိုင်နဲ့ ရိုက်သတ်ပစ်မယ်”
မာရှောက်ထုံက စကားပြောရင်း လည်ပင်းပေါ်ကလက်ဝါးကပ်တိုင်ကို ဆွဲထုတ်၏။ ဝတုတ်ကြီးက သံသယနဲ့ မေးသည်။
“လျိုရှင်း… ငါထင်တာတော့… နင်စိတ်ထင်နေတာဖြစ်မယ်… သရဲပုံပြင်ကြားပြီးတာနဲ့ သရဲနဲ့တွေ့တယ်… ဒါက နည်းနည်းတိုက်ဆိုင်လွန်းသလားလို့”
ရှောင်လီလည်း ဖြောင်းဖျလိုက်၏။ “ဟုတ်ပြီ… လျိုရှင်း… မကြောက်နဲ့။ ငါထွက်လာတုန်းကလည်း အဆောင်လက်ဖွဲ့… အဆောင်ပုတီး… ကြက်သွန်ဖြူနဲ့မြည်းနက်ခွာတွေ ယူလာခဲ့တယ်။ အရှေ့တိုင်းသရဲဖြစ်ဖြစ်၊ အနောက်တိုင်းသရဲဖြစ်ဖြစ်… ဖုတ်ကောင်ဖြစ်ဖြစ်… လာရဲရင် ငါတစ်မိနစ်အတွင်းမှာ သူ့ကိုသတ်ပစ်မယ်လို့ အာမခံတယ်”
လူတိုင်းရဲ့ အစုံအလင်လက်နက်တပ်ဆင်ထားတဲ့ သရဲနှင်ပစ္စည်းတွေကိုကြည့်ပြီး လျိုရှင်းရဲ့စိတ်လည်းနည်းနည်းတည်ငြိမ်သွားပြီး မြေကြီးပေါ်ဖင်ချထိုင်ကာပြောလိုက်သည်။
“ငါခုနက တကယ်ပဲသရဲတွေ့ခဲ့တာ”
“ဘာသရဲတွေ့ခဲ့တာလဲ” မာရှောက်ထုံက စပ်စုပြီးမေး၏။ လျိုရှင်းက ရှင်းပြတော့မလို့လုပ်နေတုန်းမှာပဲ ခြေသံတစ်စုံကြားလိုက်ရပြီး လူရိပ်တစ်ခုကကျောက်တုံးကြီးတစ်တုံးနောက်ကနေပတ်ထွက်လာသည်။
ဒီလူရဲ့ အနီရောင်ဝတ်ရုံရှည်က လေထဲမှာလွင့်နေပြီး ကျောက်တုံးကြီးဘေးမှာ မလှုပ်မယှက်ရပ်နေ၏။ သူတို့ကိုကြည့်တဲ့အကြည့်ကလည်း တော်တော်ထူးဆန်းသည်။
“သရဲ… သရဲ…” မာရှောက်ထုံက ကြောက်လန့်ပြီးတန်းခုန်ထလိုက်ချိန် ဝတုတ်ကြီးကလည်း လက်ထဲကကျောက်တုံးတစ်တုံးကို ဆွဲပြီးအော်ဟစ်လိုက်သည်။
“မင်းမလာနဲ့နော်”
လျိုကျွမ်းက သတ္တိအရှိဆုံးပဲ။ သိပ်မကြောက်ဘူးထင်တယ်။ အေးစက်စက်ပြုံးပြီးပြောလိုက်သည်။
“ဘာသရဲလဲလို့ထင်နေတာ… အနီရောင်ဝတ်စုံနဲ့သရဲငယ်လေးတစ်ကောင်ပါလား။ လာ… လာ… သတ္တိရှိရင် မင်းလျိုအဘိုးကြီးနဲ့ တစ်ပွဲတစ်လမ်းနွှဲကြည့်စမ်း”
လျိုကျွမ်းက စကားပြောရင်း လက်တစ်ဖက်က မာရှောက်ထုံရဲ့လက်ဝါးကပ်တိုင်ကိုယူ၊ လက်တစ်ဖက်က တောင်တက်ဓားတစ်ချောင်းကိုကိုင်ပြီး ရှေ့ကိုလျှောက်သွား၏။
အဲ့ဒီအချိန်မှာ အဲ့ဒီအနီရောင်ဝတ်စုံနဲ့သရဲငယ်လေးနောက်မှာ နောက်ထပ်အရိပ်တစ်ခုပေါ်လာ၏။ ရှေးဟောင်းဝတ်ရုံရှည်နဲ့… နှုတ်ခမ်းမွေး၊ ဆံပင်တွေကရှည်လျားပြီး ရှေးခေတ်လူသားတစ်ယောက်လိုပဲ။
“ရှေးခေတ်သရဲဆိုပဲ။ အာရိုရိုး… အကူအညီပါ ပါသေးတယ်ဟ” ဝတုတ်ကြီးက ကြောင်သွားချိန် လျိုကျွမ်းကပြောလိုက်သည်။
“မကြောက်နဲ့… ငါတို့လူများတယ်။ အတူတူစုနေရင် မီးအရှိန်ပြင်းတော့ သူတို့ငါတို့နားမကပ်ရဲဘူး”
ပြီးတော့ အဲ့ဒီအနီရောင်ဝတ်စုံနဲ့သရဲငယ်လေးနောက်မှာ ခန့်ညားထည်ဝါတဲ့ အရိပ်နှစ်ခုထပ်ထွက်လာပါလေကော။
အလာလား… တစ်ယောက်ကခေါင်းပေါ်မှာချိုနှစ်ချောင်းနဲ့… တစ်ယောက်ကမျက်နှာရှည်ကြီးနဲ့ ပြီးတော့ ဓားအကြီးကြီးတစ်ချောင်းကို ပခုံးပေါ်ထမ်းပြီး သူတို့ကိုအေးစက်စက်ပြုံးပြနေလေရဲ့။
လျိုကျွမ်းက အရပ်တစ်မီတာနဲ့ ရှစ်ဆယ်ရှိပြီး ငယ်ငယ်ကတည်းက အားကစားလုပ်ရတာကြိုက်တော့ ကိုယ်လုံးကိုယ်ပေါက်ကလည်း လူကောင်ကြီးပြီးသန်မာတယ်။ ဒါပေမဲ့ အခုအချိန်မှာ နှစ်မီတာမြင့်တဲ့ကောင်နှစ်ကောင်ရှေ့မှာတော့ တော်တော်သေးသွားပြီ။
“ပြေး… ပြေး… ပြေးကြဟ” မာရှောက်ထုံက အရင်ဆုံးအသိပြန်ဝင်လာပြီး နောက်လှည့်ပြေးတော့မယ်။
“မပြေးနဲ့…” ဒါပေမဲ့ လျိုရှင်းက တင်းတင်းကျပ်ကျပ် ဆွဲထားပါလေကော။ ဆွဲထားခံရလို့ မာရှောက်ထုံကလည်း ကြုံးအော်တော့ပေါ့။
“မင်းတို့မ…”
သူပြောလို့မပြီးသေးခင်မှာဘဲ လျိုရှင်းက သူ့ကိုပါးစပ်ပိတ်ခိုင်းပြီး လျိုကျွမ်းဘေးကိုလျှောက်သွားကာ လူတိုင်းကို နောက်ဆုတ်ခိုင်းလိုက်၏။
အကုန်လုံးက လျိုရှင်း ဒီလောက်တည်ငြိမ်စွာနဲ့ ထွက်လာတာကိုမြင်တော့ သံသယဝင်မိပေမယ့် သူတို့လည်း မျက်စိရှေ့ကသရဲကို ကြောက်တာပဲ။ ပါးစပ်ကမပြောပေမယ့် ကိုယ်ခန္ဓာကတော့ တော်တော်ရိုးသားစွာနဲ့နောက်ဆုတ်သွားကြသည်။
လျိုရှင်းလည်း မျက်စိရှေ့က သရဲအကြီးအသေး လေးကောင်ကိုကြည့်ပြီး သူ့စိတ်ထဲမှာလည်းတုန်နေပြီး ကြောက်နေ၏။
ဒါပေမဲ့ အခုသူထွက်မလာရင် လျိုကျွမ်းလို မဆင်မခြင်ကောင်က တစ်ခုခုဒုက္ခရှာမိမှာပဲဆိုတာ ကောင်းကောင်းသိတယ်။
တကယ်လို့ ထဖိုက်ဖြစ်ကြရင် သူတို့လိုလူနည်းနည်းက တစ်ဖက်သရဲတွေအတွက် မလောက်ဘူး။ ဒါနဲ့ လျိုရှင်းက ရှေ့ကိုလျှောက်လာပြီး လက်နှစ်ဖက်ကိုမြှောက်ကာ မေးစေ့အောက်မှာထားပြီး လက်အုပ်ချီရင်း ခေါင်းကိုစောင်းလိုက်သည်။
“သရဲအစ်ကိုကြီးတို့ မင်္ဂလာပါ… ကျွန်မက ယုန်ငယ်လေးတစ်ကောင်ပါ။ သူတို့က ကျွန်မသူငယ်ချင်းတွေ… ဝံပုလွေကြီး… ဝက်ဝံငယ်လေး… ပန်းပွင့်လေး… ကြွက်ငယ်လေး…”
ဒီစကားကြားတော့ အဲ့ဒီအနီရောင်ဝတ်စုံနဲ့သရဲက ဖွီးခနဲဆိုပြီး တစ်ခုခုထွေးထုတ်လိုက်သလိုပဲ။
တကယ်တော့ ဒီကိုရောက်လာတဲ့သူတွေက သရဲတွေမဟုတ်ဘူး… ယွီဟွေးဖေးတို့အုပ်စုပဲ။
နွားခေါင်းနဲ့ မြင်းမျက်နှာတောင်ပေါ်တက်ပြီးနောက်မှာ သူတို့က ယုန်နတ်သမီးနဲ့တွေ့တဲ့သတင်း ယွီဟွေးဖေးကိုပြောပြတော့ သူကစဉ်းစားပြီး အရင်လမ်းအတိုင်းမသွားတော့ဘူးလေ။ ဘာလို့လည်းဆိုတော့ ယုန်နတ်သမီးနဲ့ ထပ်တိုးမိမှာစိုးလို့။
အစစ်ယုန်ဖြစ်ဖြစ်၊ အတုယုန်ဖြစ်ဖြစ်… ဘာပဲဖြစ်ဖြစ်တွေ့ရင် ပြဿနာပဲ။
နွားခေါင်းနဲ့ မြင်းမျက်နှာရဲ့ အကာအကွယ်ရှိပေမယ့် ယွီဟွေးဖေးက သတိထားရင်မမှားဘူးဆိုတဲ့ မူအတိုင်း လမ်းပတ်ပြီးသွားဖို့ ရွေးချယ်လိုက်တယ်။ ဒါပေမဲ့ ဒီလိုပတ်လိုက်တာ စခန်းတစ်ခုကိုရောက်လာမယ်လို့ ဘယ်လိုမှ မထင်ထားဘူး။
ခုနတုန်းက ယွီဟွေးဖေးတောင် ကြောင်သွားသေးတယ်။ သူရပ်နေတာက ဟန်ဆောင်ဖို့မဟုတ်ဘူး… မျက်စိရှေ့ကအခြေအနေကို ဘယ်လိုဖြေရှင်းရမလဲလို့စဉ်းစားနေတာ။ သူက မနက်ဖြန်နွားခေါင်းနဲ့ မြင်းမျက်နှာ ရှို့လင်သင်္ချိုင်းကုန်းမှာရှိတယ်ဆိုတဲ့သတင်း တစ်လောကလုံးပြန့်သွားမှာမလိုချင်ဘူး။ ယွီဟွေးဖေးက ချွေ့ကျွယ်တို့ကိုမလာဖို့မတားခင်မှာပဲ ချွေ့ကျွယ်တို့ကပေါ်လာကြပြီ။
ပြီးတော့ ယွီဟွေးဖေးက တစ်ဖက်မှာရှိတဲ့ ခုနကလက်ပါချင်နေတဲ့ကောင်တွေ ကြောက်သွားတာကိုတွေ့လိုက်ရတယ်လေ။ အဲ့တော့ ယွီဟွေးဖေးက အခြေအနေကို ဘယ်လိုဖြေရှင်းရမလဲလို့ စဉ်းစားနေတုန်း ယုန်ဦးထုပ်လေးဆောင်းထားတဲ့ ကောင်မလေးတစ်ယောက်က ရှေ့ကိုတိုးလာပြီး ဒီလိုဇာတ်လမ်းထွင်လိုက်တယ်။
ဒါပေမဲ့ ယွီဟွေးဖေးကို ရယ်ချင်သွားစေတာက အမှောင်ထဲမှာမို့ ကောင်မလေးရဲ့ရုပ်ရည်ကို သေချာမမြင်ရပေမယ့် ပါးစပ်ဟလိုက်တာနဲ့ ယွီဟွေးဖေးကမှတ်မိလိုက်ပြီ။
ဒါအရင်က သူနဲ့အိမ်သာတစ်ခုတည်းမှာ အတူရှိခဲ့ပြီး စက္ကူချေး၊ ရေပုံးစွပ်ခံရတဲ့ အရူးမလေးလျိုရှင်းပဲ။
သူ့ရဲ့ကိုယ်တိုင်ဉာဏ်ကောင်းတယ်လို့ထင်ပြီး တကယ်တော့ နည်းနည်းတုံးအတဲ့ သရုပ်ဆောင်မှုကိုကြည့်ပြီး ယွီဟွေးဖေး တကယ်ပဲရယ်ချင်သွားတယ်။
ယွီဟွေးဖေးက နွားခေါင်းကိုမျက်စောင်းထိုးလိုက်တော့ နွားခေါင်းကခေါင်းနည်းနည်းညိတ်လိုက်တယ်။
နှစ်ယောက်လုံးကစကားမပြောပေမယ့် အခြေခံအဓိပ္ပာယ်ကိုတော့ နားလည်သွားကြပြီ။
မျက်စိရှေ့က ဒီကောင်မလေးဟာ နွားခေါင်းနဲ့ မြင်းမျက်နှာပါးစပ်ထဲက ယုန်နတ်သမီးပဲ။ ဒါကြောင့် ယွီဟွေးဖေးက ထပ်ပြီးသည်းမခံနိုင်တော့ဘဲ ဖွီးခနဲဆိုပြီး ရယ်ထွက်တော့မလို ဖြစ်သွားတာ။