ယုန်လား လူလား
Vol. 3 Ch. 41
သူ့ကိုယ်သူတော့ တော်တော်အူတယ်လို့ထင်နေတာ၊ မျက်စိရှေ့က ဒီကောင်မလေးကတော့… တကယ်ပဲ… အူကြောင်ကြောင်နိုင်လွန်းပါလား။
ယုန်နတ်သမီး၊ ဝံပုလွေကြီး၊ ဝက်ဝံငယ်လေး၊ ကြွက်စုတ်၊ ပန်းပွင့်လေးတဲ့… သူက ဘာလို့ ကိုယ့်ကိုယ်ကိုယ် နတ်သိကြားပါဘုရားလို့ တစ်ခါတည်း မကြေညာလိုက်တာလဲ။
သောက်ကျိုးနည်း…
ဒါပေမဲ့ ကောင်မလေးက ဒီလိုပြောလိုက်တော့ ယွီဟွေးဖေးလည်း သိလိုက်ပြီ၊ တစ်ဖက်လူက သူ့ကိုမမှတ်မိဘူး။
စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ။ သူတို့က အမှောင်ထောင့်မှာရပ်နေတာလေ။ မီးရောင်က မရောက်တော့ ပုံရိပ်နဲ့အင်္ကျီအရောင်ကို မြင်ရရင်တောင် ကံကောင်းလှပြီ။
ဘယ်လိုလုပ်ပြီး သေသေချာချာမြင်နိုင်မှာလဲ။
ယွီဟွေးဖေးတစ်ယောက် ဉာဏ်နီဉာဏ်နက်ထုတ်ပြီး အသံကို အတင်းအက်အောင်လုပ်ကာ ပြောလိုက်သည်။
“ငရဲတပ်မတော် ချီတက်နေသည်၊ လမ်းဖယ်ကြလော့”
ဒီစကားကြားတော့ လျိုရှင်းတစ်ယောက် အပြစ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ရလိုက်သလိုပဲ၊ ခေါင်းတစ်ချက်ညိတ်ပြီး “ဟုတ်ကဲ့ပါရှင့်” ပြောပြီးတာနဲ့ နောက်လှည့်ပြီး လူအုပ်ကိုအချက်ပြကာ အမြန်ပြေးတော့သည်။
ဒါနဲ့ လူတစ်အုပ်က ပစ္စည်းတွေလည်း မယူတော့ဘူး၊ ဘာမှမကိုင်တော့ဘဲ အားကုန်သုတ်ပြေးကြတော့တာပဲ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကိုယ့်ကိုယ်ကိုယ် နတ်မိစ္ဆာအသေးစားလေးတွေလို့ ကြွေးကြော်နေတဲ့ကောင်တွေအားလုံး အရိပ်အယောင်တောင်မမြင်ရတော့ဘူး။
နွားခေါင်းက မအောင့်နိုင်တော့ဘဲ ပွစိပွစိပြောလိုက်သည်။
“အဲ့ဒီယုန်နတ်သမီးက ပန်းပွင့်လိုတောင် မပြေးနိုင်ဘူးလား။ ယုန်ငပိန်းပဲ”
ယွီဟွေးဖေးက သူ့ကိုမျက်လုံးလှန်ပြပြီးပြောလိုက်၏။
“ခင်ဗျားမှပိန်းတာ… အဲ့ဒါက လူကွ။ ဦးထုပ်ဆောင်းထားတိုင်း ယုန်လို့ထင်နေတာလား။ သောက်သုံးမကျတဲ့ကောင်”
“ယွီလေး… အခုဘယ်လိုလုပ်မလဲ”
ချွေ့ကျွယ်က အကြံဝင်တောင်းတော့ ယွီဟွေးဖေးလည်း မီးပုံကို လက်ညှိုးထိုးပြသည်။
“ငြှိမ်းလိုက်… ငြှိမ်းလိုက်… ဆောင်းဦးရာသီကြီးမှာ… ကောင်းကင်ကခြောက်သွေ့၊ မြေကြီးကခြောက်သွေ့နဲ့… ဒီကောင်တွေက ဒီမှာလာပြီးမီးမွှေးနေတယ်။ တော်တော် မိုက်လုံးကြီးတာပဲ။ အမြန်ငြှိမ်းလိုက်”
ရှဲဟဲဟဲ…
ရေတစ်ပေါက်က မီးပုံပေါ်ကျလာပြီး မီးတောက်က ချက်ချင်း တော်တော်သေးသွားတယ်။ ယွီဟွေးဖေး အဲ့ဒီရေအရင်းအမြစ်ကို လှန်းကြည့်လိုက်တော့ မြင်းမျက်နှာက သူ့ပစ္စည်းကိုကိုင်ပြီး ဆီးသွားနေတာပဲ။
မြင်းမျက်နှာက သူ့ရေပမာဏ မလောက်မှန်းသိတော့ နွားခေါင်းနဲ့ ယွီဟွေးဖေးကို အော်ခေါ်လိုက်၏။
“ယွီလေး… နွားအစ်ကိုကြီး… အမြန်လာ… အတူတူသွားကြမယ်။ မဟုတ်ရင် မထိန်းနိုင်ဘူး”
ယွီဟွေးဖေးက ဆဲတော့မလို့လုပ်နေတုန်း နွားခေါင်းက တန်းဘောင်းဘီချွတ်ပြီး ရှဲဆိုတဲ့အသံနဲ့ မီးသတ်ပိုက်ခေါင်း ဖွင့်ချလိုက်သလိုပဲ။ ရေပန်းက မီးပုံပေါ်ပန်းထွက်သွားတော့ မီးပုံတန်းပေါက်ကွဲထွက်ပြီး မီးတောက်ငယ်လေးတွေက ချက်ချင်းငြိမ်းသွားတယ်။ မီးပွားတွေက ကောင်းကင်မှာဝဲနေတာပဲ။
ယွီဟွေးဖေးက အမြန်လွင့်ထွက်သွားတဲ့ မီးပွားငယ်လေးတွေကိုနင်းငြှိမ်းပြီး မြေကြီးနဲ့ဖိထားလိုက်တယ်။
မြင်းမျက်နှာက ဂုဏ်ယူနေတဲ့ပုံစံနဲ့ မျက်ခုံးတစ်ဖက်ကိုမြှင့် နှုတ်ခမ်းကိုထော်ရင်း ယွီဟွေးဖေးကိုမေးလိုက်၏။
“ယွီလေး… ဘယ်လိုလဲ။ ရွှေညီအစ်ကိုတို့ရဲ့ မီးသတ်ပစ္စည်းက အစွမ်းထက်တယ် မဟုတ်လား”
နွားခေါင်းကလည်း တဟဲဟဲနဲ့။ “ယွီလေး… ဘောင်းဘီချွတ်ပြီး အတိုအရှည်ပြိုင်ကြမလား”
“လဲသေလိုက်”
တောင်အောက်ဆင်းတဲ့လမ်းမှာ နွားခေါင်းနဲ့မြင်းမျက်နှာက မကျေမနပ်နဲ့ ယွီဟွေးဖေးကိုပတ်ချာလည်ဝိုင်းနေကြသည်။ ယွီဟွေးဖေးလည်း နောက်ဆုံးတော့သည်းမခံနိုင်တော့ဘဲ ချိန်းခြောက်လိုက်၏။
“ခင်ဗျားတို့ထပ်မငြိမ်ရင် ဒီလ အဖွဲ့လိုက်အဆင့်နှိမ့်ပစ်မယ်”
နွားခေါင်းနဲ့မြင်းမျက်နှာက ချက်ချင်းပါးစပ်ပိတ်သွားပြီး သစ်တုံးတွေကိုထမ်းကာ သီချင်းတအေးအေးနဲ့တောင်အောက်ဆင်းသွားကြပါလေကော။ နှစ်ယောက်လုံးသွားကုန်ကြတော့ ယွီဟွေးဖေးက ပြုံးပြုံးလေးနဲ့ ချွေ့ကျွယ်ကိုတစ်ချက်ကြည့်ပြီး စိတ်ထဲကနေတွေးလိုက်တယ်။
‘ချွေ့သူဌေးကတော့ ယဉ်ကျေးမှုရှိသားပဲ…’
ဒါပေမဲ့လည်း သူ့အတွေးမဆုံးခင် ချွေ့ကျွယ်က ယွီဟွေးဖေးကို မျက်ခုံးတစ်ဘက်မြှင့်ရင်း တစ်ချက်ကြည့်ပြီး ဟဲဟဲရယ်ကာပြောလိုက်၏။
“ငါတို့ပြိုင်ကြမလား”
“တော်စမ်း…”
အိမ်ပြန်ရောက်တော့ ယွီဟွေးဖေးက ဘာမှဂရုမစိုက်တော့ဘဲ တန်းကုတင်ပေါ်တက်အိပ်တော့တယ်။ အဲ့ဒီကောင်တွေက ညဇီးကွက်တွေ… ယွီဟွေးဖေးကတော့ တကယ့် သက်ရှိလူသားတစ်ယောက်ပဲ။ ညအိပ်ပြီး နေ့ဘက်သွားလာတာကမှ သူလုပ်သင့်တဲ့အလုပ်။
တစ်ရေးနိုးလာတော့ ယွီဟွေးဖေးက သူ့ရဲ့လေးထောင့်စပ်စပ်အိမ်ငယ်လေးက နည်းနည်းပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်။ ဒါပေမယ့် ယွီဟွေးဖေးလည်း ဘယ်လောက်ကြီးကြီးမားမားပြောင်းလဲသွားလဲဆိုတာကို အတိအကျမပြောတတ်ဘူး။
ဒီထောင့်လေးမှာ သစ်သားပန်းပုလေးတစ်ခုပိုလာတာ၊ ဟိုအိမ်ခေါင်မိုးစွန်းမှာ သားရဲရုပ်တုလေးတစ်ခုပိုလာတာမျိုး။ သိပ်မများပေမယ့် ခြံဝင်းတစ်ခုလုံးရဲ့ဟန်ပန်ကပြောင်းလဲသွားပြီ။
အရင်ကကြည့်ရတာ တောရွာအိမ်ငယ်လေးတစ်လုံးလိုပဲ။ အခုပြန်ကြည့်တော့ လျှို့ဝှက်ဆန်းကြယ်တဲ့အရောင်အသွေးနဲ့ ရှေးဟောင်းအလှတရားကိုဆောင်နေပြီး နည်းနည်းလေးတော့ ရှေးကျတဲ့ခံစားမှုပါရှိနေတယ်။
အဲ့ဒီအချိန်မှာ ချွေ့ကျွယ်ကလျှောက်လာပြီး ပြုံးပြုံးလေးနဲ့ စကားစသည်။
“အချိန်ကအရမ်းတိုတော့ အကြီးအကျယ်မပြင်နိုင်ဘူး။ ရိုးရိုးလေးပဲအလှဆင်လိုက်တာ။
သစ်သားတွေအများကြီးကျန်သေးတယ်… ငါဖြည်းဖြည်းချင်းလုပ်သွားမယ်…”
သူ့စကားကြောင့် ယွီဟွေးဖေးက လက်ယှက်ပြီး ပြောလိုက်၏။
“ခင်ဗျားကလည်း ဒီလိုမပြောပါနဲ့… ဒါကတော်တော်လက်စွမ်းထက်နေပြီ။ ခြံဝင်းတစ်ခုလုံးရဲ့ခံစားချက်က လုံးဝမတူတော့ဘူး… ခင်ဗျားဘယ်လိုလုပ်လိုက်တာလဲ”
“အဲ့ဒီပစ္စည်းတွေက တစ်ခုချင်းစီကြည့်ရင် တော်တော်သာမန်ပဲ… ဒါပေမဲ့ အတူတူထားလိုက်ရင်တော့ အဲ့ဒီခံစားချက်က…”
ချွေ့ကျွယ်က ဖြတ်ပြောလိုက်၏။ “ငါက ငရဲပြည်တရားသူကြီးလေ။ အစီအရင်နည်းလမ်းတချို့ကိုတော့ နည်းနည်းပါးပါးသိတာပေါ့”
“ဒါပေမဲ့ လူ့ပြည်မှာ နတ်စွမ်းအင်သိပ်မရှိဘူး။ အဲ့ဒီအပင်အိုကြီးက သက်တမ်းရင့်ပေမယ့် သေနေတာဆိုတော့ နတ်စွမ်းအင်တွေလည်း ပျောက်ကွယ်သွားပြီ။ ဒီအစီအရင်ကို ခြံဝင်းထဲမှာထားတာက တကယ်တော့ ဟန်ကုဖို့သက်သက်ပဲ။ လူကိုလျှို့ဝှက်ဆန်းကြယ်တယ်လို့ထင်စေဖို့ပေါ့။ တကယ်တော့ သိပ်အသုံးမဝင်ဘူး”
ယွီဟွေးဖေးက သိတယ်။ ဒီအစီအရင်ကိုနတ်ပြည်ကိုယူသွားပြီး နတ်စွမ်းအင်ပြည့်ဝတဲ့နေရာမှာထားရင် တကယ်အသုံးဝင်မှာ။ ဒါပေမဲ့ ဒီနေရာရောက်တော့ လူလိမ်ဖို့ပဲရတော့တယ်။ ဒီလိုဖြစ်နေရင်တောင် ယွီဟွေးဖေးကကျေနပ်နေပြီ။ ဒါပေမဲ့ စပ်စုပြီးတစ်ခွန်းမေးလိုက်၏။
“မနေ့က နွားခေါင်းတို့က ယုန်နတ်သမီးတွေ့တယ်လို့ပြောတယ်။ အဲ့ဒါက ယုန်နတ်သမီးမဟုတ်ဘဲ လူဖြစ်နေပေမယ့် သူတို့ယုံသွားကြတယ်။ ဒီလောကမှာ သရဲတစ္ဆေရှိနေတာလား”
ချွေ့ကျွယ်က ခေါင်းခါသည်။ “နတ်စွမ်းအင်က ဒီလောက်နည်းပါးတာကြီးကို ဘယ်မှာသရဲတစ္ဆေရှိမှာလဲ။ သက်ရှိသတ္တဝါသေပြီးနောက်ပိုင်း ဝိညာဉ်တောင်ကြာကြာမနေနိုင်ဘူး။ ချက်ချင်းငရဲပြည်ကိုသွားရမှာ။
ဒီလောကက သက်ရှိဝိညာဉ်တွေရဲ့ လောကပဲ။ မင်းသိထားတဲ့ ဒီလောကကဘယ်လိုပုံစံလဲ… တကယ်လည်း မင်းသိထားတဲ့ ပုံစံပါပဲ”
ယွီဟွေးဖေးက မျက်စောင်းထိုးပြီး ချွေ့ကျွယ်ကိုကြည့်လိုက်သည်။
“ခင်ဗျားက ကျုပ်သိတဲ့ထဲမှာ မပါဘူးလေ”
ချွေ့ကျွယ်က ရှက်ရမ်းရမ်းနဲ့ရယ်၏။ “ငါတို့ကခြွင်းချက်ပေါ့… ကောင်းကင်ဘုံကနေ လူ့ပြည်အတွက်တစ်ခုတည်းသော ခြွင်းချက်အဖြစ်ထားရှိတဲ့ အဖွဲ့အစည်းပဲ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ စိတ်ချသွားတယ်။ ကိုယ့်မှာ အထူးစွမ်းရည်ရပြီးနောက်နေ့မှာ ဘာစူပါ ပါဝါ၊ စူပါမင်း၊ ကျင့်ကြံသူ ဘာညာလာပြီး ပြဿနာရှာ၊ ဆိုင်ကိုဖျက်ဆီးမှာ မစိုးရတော့ဘူး။ နေ့တိုင်း ကမ္ဘာကြီးကိုကယ်တင်ဖို့ စဉ်းစားမနေဘဲ ဒီအလုပ်ကြမ်းသမား အကျဉ်းသားတွေကိုကောင်းကောင်းထိန်းသိမ်းနိုင်ရင်ပြီးပြီ။
အဲ့ဒီအချိန်မှာပဲ ဟိတ်ဝူချန်ကထွက်လာပြီး ညည်းညူလိုက်သည်။
“ယွီလေး… တခြားစားစရာတစ်ခုခု လုပ်လို့မရဘူးလား။ နေ့တိုင်း ဆလတ်ရွက်စားနေရတော့ ငါအခုအပေါ့သွားရင်တောင် အစိမ်းရောင်ဖြစ်နေပြီ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ဘာမှမတတ်နိုင်ဘဲ ပြောပြသည်။
“ဒါ… ကျုပ်ထပ်ပြီး နည်းလမ်းရှာလိုက်မယ်။ အခုတကယ်ပဲ ဆင်းရဲနေတာ…”
ဟိတ်ဝူချန်နဲ့ ချွေ့ကျွယ်ကိုပို့ဆောင်ပြီးတော့ ယွီဟွေးဖေးက နောက်ခြံကြီးထဲမှာ အမြောက်ဆံတွေတန်းစီပြီးပစ်သံကြားရတဲ့အပြင် မြင်းမျက်နှာရဲ့အော်သံကိုပါ ကြားလိုက်ရ၏။
“သောက်ကျိုးနည်း… ဝမ်းလျှောနေပြီဟ”
နွားခေါင်းကလည် လိုက်ပြောလိုက်သည်။ “နေ့တိုင်းဆလတ်ရွက်စားနေတာလေ… မင်းဝမ်းသွားနိုင်တာတောင် ကံကောင်းပြီ… ငါ့ဆီမှာတော့ ရေချည်းပဲဟ…”
ယွီဟွေးဖေးက နားထင်ကိုနှိပ်နယ်လိုက်၏။ သူတကယ်ကို ပိုက်ဆံရှာဖို့နည်းလမ်းရှာသင့်ပြီလို့ ခံစားနေရပြီ။
ဖုန်းကိုဖွင့်ပြီး ကိုယ့်ဆိုင်ရဲ့အခြေအနေကိုစစ်ဆေးကြည့်တော့ ဝတုတ်ရှောင်း နှောင့်ယှက်တာမရှိတော့ဘူး။ အဲ့ဒါအပြင် သူကိုယ်တိုင် APP ရဲ့ဖောက်သည်ဝန်ဆောင်မှုကို မကောင်းတဲ့သုံးသပ်ချက်တွေ ဖျက်ခိုင်းရုံတင်မကဘူး… ယွီဟွေးဖေးကို ကောင်းတဲ့သုံးသပ်ချက်တချို့ပါ ရေးပေးခဲ့သေးတယ်။ ဒါပေမဲ့ ယွီဟွေးဖေးရဲ့ ဆိုင်ငယ်လေးကတော့ ဘယ်သူမှစိတ်မဝင်စားဘူး။ အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးရဲ့ဖုန်းကမြည်လာတယ်။
“အမေလား… ဘာကိစ္စရှိလို့လဲ” ယွီဟွေးဖေးက အားမရှိတဲ့အသံနဲ့ ပြောလိုက်၏။