ငါးဘုရင်စားသောက်ဆိုင်က အစ်မဝူ
Vol. 3 Ch. 42
“ယွီလေး… နင့်အဘိုး ဘာဖြစ်သွားတာလဲ။ ဘယ်လိုဖြစ်ပြီး ဆုံးသွားရတာလဲ။ ငါတို့ဘာသတင်းမှမကြားရပါလား” ယွီဟွေးဖေးရဲ့အမေက ပါးစပ်ဟလိုက်တာနဲ့မေးတော့တာပဲ။
ယွီဟွေးဖေးက ဘာပြောနိုင်မှာလဲ။ အဘိုးကြီးကို ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်ကခေါ်သွားတာလို့ ပြောရမှာလား။ သူက အလုပ်များပြီးမေ့သွားလို့ သူတို့ကိုမပြောမိတာလို့ ပြောရမလား။ အရင်အရက်သောက်တုန်း ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က သူ့အဘိုးအကြောင်းပြောဖူးတယ်။ သူဒီတစ်လမ်းလုံးမှာ ကောင်းစားခဲ့တယ်တဲ့။
တခြားဝိညာဉ်တွေက လမ်းလျှောက်ရတယ်… သူက မြင်းလှည်းစီးရတယ်… အဲ့ဒီအနေအထားက ဧကရာဇ်မင်းတောင်ပိုင်းခရီးထွက်သလိုပဲ။
ဆင်းတဲ့အချိန်မှာတော့ နည်းနည်းဆိုးတယ်တဲ့… အဘွားကြီးတစ်ယောက်က နားရွက်ဆွဲပြီးဆဲနေတာ သူတို့တောင်မကြည့်ရက်တော့ဘူးဆိုလားပဲ။
ယွီဟွေးဖေးက ဒီစကားကြားတဲ့အချိန်မှာ ဝမ်းနည်းတဲ့ ခံစားချက်တစ်စက်မှမရှိဘဲ ရယ်မိသွားသေးတယ်။ လူသေတာက ဝမ်းနည်းစရာကိစ္စ… ဒါပေမဲ့ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန် ပြောလိုက်တော့ ကိုယ့်အဘိုးကြီးက ခရီးသွားအပန်းဖြေပြီး ဇနီးသည်နဲ့ပြန်တွေ့ရတဲ့ခံစားချက်မျိုးဖြစ်နေတာကြီးလေ။ ဒါကိုတွေးမိတော့ ယွီဟွေးဖေးက ထပ်ရယ်မိပြန်တယ်။
“နင်ရယ်သေးတယ်လား။ အဘိုးဆုံးသွားတာကို ရယ်သေးတယ်လား။ ခွေးကောင်လေး… ကျေးဇူးတရားမသိတဲ့ကောင်…”
ယွီအမေက ယွီဟွေးဖေးကိုတစ်ဝကြီးဆူပူတော့တယ်။ သူက ဘာပြောနိုင်မှာလဲ။ အောင့်အီးသည်းခံရုံပဲရှိတော့တာပေါ့။ ဆူပူပြီးတော့ ယွီဟွေးဖေးရဲ့အမေကပြောလိုက်သည်။
“ငါ နင့်အဖေနဲ့တိုင်ပင်ပြီးပြီ… အချိန်ရှာပြီး အဘိုးကြီးကို သင်္ချိုင်းကန်တော့ပွဲသွားလုပ်မယ်။ ဟုတ်သားပဲ… နင်ဘယ်တော့ပြန်လာမှာလဲ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ခေါင်းတွေတောင်ကိုက်လာ၏။ အခုအနီရောင်ဝတ်ရုံနဲ့မို့ တစ်လမှာ တစ်ရက်ပဲခွင့်ရှိတာ။ သူဘယ်ကိုပြန်ရမှာလဲ။
ပြီးတော့ သူ့အမေတို့လာရင်လည်း တည်းခိုလို့မကောင်းဘူး။ ကိုးထပ်ဆောင်နဲ့မဆိုင်တဲ့ လူသားတွေက အများဆုံးသုံးရက်ပဲ တည်းခိုလို့ရတာလေ။ ယွီဟွေးဖေးက ခါးခါးသီးသီးပြုံးပြီး ပြောလိုက်သည်။
“အမေရယ်… အဘိုးဆုံးတုန်းက သားကိုသူဌေးလီဆီမှာ စာချုပ်ချုပ်ပေးသွားတယ်။ အဲ့တော့ အခုသင်္ချိုင်းစောင့်ဖြစ်နေပြီ…”
ယွီအမေက ဒီစကားကြားတော့ တန်းအော်ဟစ်လိုက်၏။
“ဘာပြောတယ်… အဲ့… သူ… ငါ… သူသာမဆုံးသေးရင် ငါတကယ်ပဲ… အား။ ရှောင်းအဘိုးကြီး… နင်ဒီကိုလာခဲ့စမ်း။ နင့်အဖေလုပ်တဲ့ ကောင်းမှုတွေကိုကြည့်စမ်း”
ပြီးတော့ ယွီဟွေးဖေးက ဟိုဘက်မှာကြက်ပျံမကျအောင် ရိုက်ပွဲဖြစ်နေတာကို ဖုန်းထဲကနေ ကြားလိုက်ရတယ်။ တစ်ချိန်တည်းမှာပဲ ယွီအမေကယွီအဖေကို ရိုက်နှက်နေတဲ့အသံပါ ပါလာတယ်။ အဲ့ဒီခံစားချက်က သိုင်းကားကြီးကျနေတာပဲ။ ဆူဆူညံညံလုပ်ပြီးတော့ ယွီအဖေကဖုန်းကိုင်ပြီး ထစ်ထစ်ငေါ့ငေါ့နဲ့ပြောလိုက်၏။
“တော်ပြီ… မင်းကောင်လေးကောင်းကောင်းလုပ်။ စာချုပ်သက်တမ်းကုန်ရင် အမြန်ပြန်လာခဲ့။ နောက်တစ်ခုပြောချင်တာက မင်းအဘိုးကို ငွေစက္ကူနဲ့အရက်များများမီးရှို့ပေး။ အချိန်ရှာပြီး ငါတို့လာခဲ့မယ်”
ယွီဟွေးဖေးက ဟုတ်ကဲ့လို့ဖြေလိုက်တုန်းရှိသေး ယွီအမေကဖုန်းကိုပြန်လုပြီး “ငါ့ကိုဒေါသထွက်အောင်လုပ်လိုက်တာပဲ… ခွေးကောင်လေး… နင်ငါ့ကိုထပ်ပြီးဒေါသထွက်အောင်မလုပ်နဲ့… ထပ်လုပ်ရင် ငါ နင့်အဘိုးကိုသွားရှာတော့မယ်”
ဟိတ်ဝူချန်က ချက်ချင်းဘဲ ဘေးကနေဝင်ပြောလိုက်၏။
“ဒါက ကျွန်တော်ကိုယ်စားလုပ်ပေးလို့ရတယ်… လမ်းခရီးအဆင်မပြေဖြစ်နေမှာကို မပူနဲ့။ တစ်လမ်းလုံး မြင်းလှည်းနဲ့နော် စိတ်ကူးမလွဲနဲ့။ လမ်းမှာ ညလယ်စာပါကျွေးမယ်လို့ ရဲရဲကြီးအာမခံတယ်”
“ထွက်သွားစမ်း…”
ယွီဟွေးဖေးက ဟိတ်ဝူချန်ကိုတစ်ချက်ကန်လိုက်တော့ သူက စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ မျက်နှာနဲ့ထွက်သွားပါလေကော။ သူဘယ်နေရာမှာမှားပြောမိလဲမသိဘူး။ ဒီကောင်က ဘာလို့များကျေးဇူးတရားမသိတတ်ရတာလဲ။
“သားက ဘယ်လိုလုပ်ပြီး အမေ့ကိုဒေါသထွက်အောင်လုပ်ရမှာလဲ။ ဟုတ်တယ် မဟုတ်လား”
ယွီအမေက အင်းဟင်းဆိုတဲ့အသံပြုပြီးပြောလိုက်၏။ “နင်က ကျေးဇူးတရားသိသေးတယ်လား… ဟုတ်သားပဲ… ငါနင့်အတွက် ရည်းစားတစ်ယောက်ရှာထားတယ်”
ယွီဟွေးဖေးတစ်ယောက် ကြောင်သွားလေကော။
“ဘာကြီး”
“တိတိကျကျပြောရရင်… blind date လုပ်မယ့်သူပေါ့။ တော်တော်ချောတာနော်။ မိသားစုအခြေအနေလည်း ကောင်းတယ်။ ပြီးတော့ ပန်းချီဆရာမလေ။ ငါသူနဲ့ချိန်းထားပြီးပြီ၊ နောက်မှနင်တို့တွေ့ကြ”
“မငြင်းရဘူးနော်… ငါအခုတော်တော်ဒေါသထွက်နေတာ”
ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။သောက်ကျိုးနည်း…ရှေ့ကစကားတွေက ဒီစာကြောင်းအတွက် လမ်းခင်းပေးနေတာပဲ။ ယွီဟွေးဖေးက ခါးခါးသီးသီးပြုံးပြီးပြောလိုက်၏။
“အမေ… သားက ဘွဲ့ရခါစပဲရှိသေးတယ်”
“ဟုတ်တယ်လေ… သူလည်း ဘွဲ့မရသေးဘူး။ ငါနင့်ကိုပြောမယ်နော်… တက္ကသိုလ်မှာရှိတဲ့ မိန်းကလေးတွေက နင်နဲ့အချစ်အကြောင်း ပြောလို့ရသေးတယ်”
“ဘွဲ့ရပြီးလို့ လူ့လောကထဲဝင်ပြီး လူးလွန့်ပြီးနောက်မှာတော့ ဘဝအကြောင်းပြောတော့မှာ”
“အချစ်အကြောင်းပြောရင်… လေပြေလေညှင်း၊ လမင်း၊ ပန်း… ရိုမန်းတစ်ဆန်တယ်… မျက်စိထဲမှာကြည့်လို့ကောင်းရင် တစ်သက်လုံးအတူတူလျှောက်လှမ်းသွားလို့ရတယ်”
“ဘဝအကြောင်းပြောရင်… ကား၊ အိမ်၊ ငွေစု… လက်ထပ်ပြီးရင်တောင် မတည်ငြိမ်ဘူး။ ဒါကြောင့် ငါနင့်အတွက် အရင်ဟာကို ရွေးချယ်ပေးလိုက်တယ်… စောစောလက်ဦးမှုယူလိုက်”
“ဟုတ်သားပဲ… ပြောရရင် တိုက်ဆိုင်တယ်လို့ပြောရမယ်။ အဲ့ဒီကောင်မလေးက ဒီရက်ပိုင်းအတွင်းမှာ ရှို့လင်မှာပန်းချီဆွဲနေတယ်။ နင်တို့ပြန်မလာနဲ့တော့… အဲ့ဒီမှာပဲတန်းတွေ့လိုက်။ ငါအခုပဲဟိုဘက်ကိုဖုန်းဆက်ပြီးစီစဉ်လိုက်မယ်… သူ့ကိုစားကောင်းသောက်ဖွယ်တွေကျွေးဖို့မမေ့နဲ့။ ကပ်စေးမနှဲနဲ့။ ကြားလား”
ပြောပြီးတာနဲ့ အမေက ယွီဟွေးဖေးကိုငြင်းခွင့်မပေးဘဲ တန်းဖုန်းချပါလေကော။ ယွီဟွေးဖေးတစ်ယောက် ချက်ချင်းခေါင်းတွေတောင်ကိုက်လာပြီး စိတ်ထဲကနေညည်းညူလိုက်၏။
‘အမေရယ်… အမေက သားကိုကပ်စေးမနှဲနဲ့လို့ပြောပြီးတော့ ပိုက်ဆံတော့ပေးပါဦးလား။ ဘွဲ့ရခါစမှာ တက္ကသိုလ်မှာ အလုပ်လုပ်ပြီးစုထားတဲ့ ပိုက်ဆံနည်းနည်းလည်း အကုန်သုံးကုန်ပြီလေ။ အမေက သားကိုဘာနဲ့ စားကောင်းသောက်ဖွယ်တွေ ကျွေးခိုင်းတာလဲ’
ဘေးက ပိုက်ဝူချန်ကလည်း အားရပါးရ ပြောလိုက်သည်။ “မင်းဒုက္ခများတယ်လို့ထင်ရင် ငါမင်းကိုကူပြီးသူ့ကို ခေါ်သွားပေးလို့ရတယ်နော်။ စိတ်ကူး…”
“ခင်ဗျားက ဘာဖြစ်နေတာတုန်း… ဝေးဝေးသွားလိုက်တော့”
ယွီဟွေးဖေးက ပိုက်ဝူချန်ကိုလည်း ကန်ထုတ်လိုက်၏။ blind date ကပြဿနာတစ်ခုဖြစ်ပေမယ့် နောက်ဆုံးတော့ ရင်ဆိုင်ရမှာပဲ။ ယွီဟွေးဖေးက စဉ်းစားပြီး နောက်ဆုံးတော့သက်ပြင်းချလိုက်သည်။
“သေစမ်း… ပိုက်ဆံမရှိ၊ ဘာမရှိနဲ့… ဘယ်လိုလုပ်ပြီးရည်းစားထားမှာလဲ။ လက်တွေ့ကျကျပဲလုပ်တော့မယ်။ ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်ထားလိုက်တော့။ ငါ့လိုလူက အနည်းဆုံးတော့ ဖြောင့်ဖြောင့်မတ်မတ်တော့ အသက်ရှင်ရမှာပေါ့”
မကြာခင်မှာပဲ ယွီဟွေးဖေးက အမေဆီကဖုန်းထပ်ရပြန်တယ်။
“နေရာချိန်းပြီးပြီ… ကမ္ဘာ့ပထမဆုံးငါးဘုရင်စားသောက်ဆိုင်မှာပဲ။ ငါခန့်မှန်းထားရသလောက် နင့်ဆီမှာ ပိုက်ဆံသိပ်မရှိတော့ဘူး။ တစ်ထောင်လွှဲပေးလိုက်မယ်”
“အားတင်းပြီး သူ့ကိုငါ့အတွက်ရအောင်ယူခဲ့။ သေချာမှတ်ထား… ကြားလား” ပြောပြီးတော့ သူ့အမေကဖုန်းချလိုက်ပြီး ယွီဟွေးဖေးရဲ့ WeChat ပေါ်မှာ တစ်ထောင်ဆိုတဲ့ ငွေပမာဏကြီးတစ်ခုတိုးလာတယ်။
ယွီဟွေးဖေးက အပေါ်ကပိုက်ဆံကိုကြည့်ပြီး ပါးစပ်ကိုမဲ့ကာ ရယ်လိုက်၏။
“လာနောက်နေတာလား… ဒီလောက်ပိုက်ဆံအများကြီးနဲ့ ငါကတစ်ခါမှမမြင်ဖူးတဲ့ ဘာမှမပတ်သက်သေးတဲ့မိန်းမတစ်ယောက်ကို ထမင်းကျွေးရမှာလား။ ငါကိုယ်တိုင် အသားနည်းနည်းဝယ်ပြီး ညီအစ်ကိုတွေနဲ့အရက်သောက်တာက ပိုမကောင်းဘူးလား”
ပါးစပ်ကဒီလိုပြောနေပေမယ့် အချိန်ကိုကြည့်ပြီး အဲ့ဒီကောင်မလေးကိုသွားတွေ့ရဦးမယ်။ မဟုတ်ရင် သူအိမ်ပြန်ရင် သူ့အမေနဲ့အဖေက နှစ်ယောက်ပေါင်းပြီး ဝိုင်းရိုက်မှာပေ့ါ။
ယွီဟွေးဖေးက အနီရောင်ဝတ်ရုံမဝတ်ဘဲ သာမန်အဝတ်အစား၊ ဂျင်းဘောင်းဘီနဲ့ဆွယ်တာ၊ အပေါ်ထပ်အင်္ကျီဝတ်ပြီးထွက်သွားတယ်။ ဒါပေမဲ့ ဝတ်ပြီး အပြင်ထွက်လိုက်တာနဲ့ အနီရောင်ဝတ်ရုံကသူ့ကိုယ်ပေါ်ပေါ်လာကော။
ဒါက သူ့ကိုတော်တော်ခေါင်းကိုက်စေတယ်။ ဒီအနီရောင်ဝတ်ရုံက ချွတ်လို့မရတော့ဘူးထင်ပါ့။ အဲ့ဒီအချိန်မှာ မျက်ပြူးကြီးကပြောလိုက်သည်။
“ဒီဝတ်ရုံက ညှိလို့ရတယ်… ဖုံးကွယ်ထားလို့ရတယ်။ မတခြားအဝတ်အစားကို အပေါ်ကထားဝတ်ရင် မပေါ်လာတော့ဘူး… ဒါပေမဲ့ အများဆုံးနှစ်နာရီပဲ ဖုံးကွယ်ထားလို့ရတယ်… အတိအကျဆိုရင် လေးနာရီပေါ့”
မျက်ပြူးကြီးပြောတဲ့အတိုင်း ယွီဟွေးဖေးက ခေါင်းထဲမှာ ဖုံးကွယ်ဖို့စဉ်းစားလိုက်တော့ တကယ်ပဲအနီရောင်ဝတ်ရုံ ပျောက်သွားကော။ ယွီဟွေးဖေးက အဲ့ဒီတော့မှ စိတ်ချပြီး အပြင်ထွက်သွားတယ်။ မဟုတ်ရင် အနီရောင်ဝတ်ရုံကြီးနဲ့ blind date သွားရင် ပါးစပ်မဟခင်မှာတင် စိတ်ရောဂါသည်လို့အထင်ခံရမှာ။
အပြင်ထွက်ပြီး နောက်လှည့်ပြီးတံခါးမကြီးကိုတင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်တယ်။ အပြင်လူဝင်မှာစိုးလို့။
ကျောက်တံတားကိုကျော် ရှို့လင်လမ်းပေါ်မှာလျှောက်ရင်း တဖြည်းဖြည်းများလာတဲ့လူတွေကိုကြည့်ပြီး ယွီဟွေးဖေးနည်းနည်းတွေဝေသွားတယ်။
ရက်အနည်းငယ်အကြာက ဘွဲ့ရခါစကျောင်းသားတစ်ယောက်။ တစ်ခဏအတွင်း အိမ်မှာ နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်၊ ငရဲပြည်တရားသူကြီးတွေ နေနေကြပြီ။
အခု ဆိုင်းဘုတ်ကိုပြောင်းပြီး ငရဲပြည်ရုံးခွဲလို့ ရေးချင်နေပြီ။ သူ့ဆီမှာ ယမမင်းဆီက လူအင်အားထက်တောင်ပိုစုံလင်နေသလားပဲ။ တစ်ဖက်လူရဲ့အလုပ်ကိုလွှဲယူလို့တောင် ရလောက်ပြီ။ ယမမင်းရဲ့အလုပ်က အပြင်လူကို ငှားမငှားတော့မသိဘူး။
ရှို့လင်ကမကြီးပေမယ့် ကမ္ဘာ့ပထမဆုံးငါးဘုရင် စားသောက်ဆိုင်ကတော့ နာမည်ကြီးအမှတ်တံဆိပ်တစ်ခုပဲ။
ငါးဘုရင်စားသောက်ဆိုင်ရဲ့ ဆိုင်ရှင်က မျိုးရိုးနာမည်ဝူ။ ကြားရသလောက်တော့ ဘိုးဘေးတွေက နန်းတွင်းစားဖိုမှူးထွက်ဆိုလားပဲ။ တစ်သက်လုံး ငါးပဲချက်တာ။ အဲ့ဒီတုန်းက ဧကရာဇ်မင်းတောင် စားပွဲကိုတဗုန်းဗုန်းရိုက်ပြီး ချီးကျူးခဲ့ရတယ်တဲ့။