← Chapters

ရေခဲနဲ့မီးလို ကမ္ဘာနှစ်ခု

Vol. 3 Ch. 43

ရေခဲနဲ့မီးလို ကမ္ဘာနှစ်ခု

Vol. 3 Ch. 43

ဒီလက်ရာက ဒီနေ့အထိလက်ဆင့်ကမ်းလာတာ။ ဒါကြောင့် ကူလင်မှာစကားတစ်ခွန်းရှိတယ်။

ကူလင်းမှာ အကြွင်းမဲ့ရှို့လင်ငါးဘုရင်၊

ဝူမိသားစုငါးဘုရင်ဟာ ရှို့လင်မှာပထမ။

အဲ့ဒီကမ္ဘာ့ပထမဆုံးငါးဘုရင် စားသောက်ဆိုင်ရဲ့ ဆိုင်းဘုတ်ကတော့ အရင်ဧကရာဇ်မင်း ချီးမြှင့်ခဲ့တဲ့ရွှေဆိုင်းဘုတ်ပဲ။ ဒီနေ့အထိဆိုရင် နှစ်ပေါင်းရာချီတဲ့သမိုင်းရှိနေပြီ။ ဒါကြောင့် ဝူမိသားစုရဲ့ဆိုင်က တကယ့်အစဉ်အလာရှိတဲ့ ဆိုင်ပဲ။

ရှို့လင်ကိုလာတဲ့ ဖောက်သည်ဟောင်း တော်တော်များများက တောင်တန်းရေတံခွန်တွေအတွက် မဟုတ်ဘဲ ဒီကမ္ဘာ့ပထမဆုံးငါးဘုရင်အတွက် လာကြတာ။ အရင်တုန်းက လူတစ်ယောက်ဟာ ဈေးကြီးပေးပြီးချက်နည်းကိုဝယ်ချင်ခဲ့ပေမယ့် အစ်မဝူကငြင်းခဲ့တယ်။ တချို့လူတွေက franchise ယူပြီး တခြားမြို့တွေမှာဖွင့်ချင်ခဲ့ပေမယ့် အစ်မဝူက လက်မခံခဲ့ဘူး။

သူ့စကားအတိုင်းဆိုရင် သူကိုယ်တိုင် အနှစ်နှစ်ဆယ်ကျော်လေ့လာပြီးမှ ဒီငါးတစ်အိုးကို ချက်တတ်တာ။ တခြားသူတွေက ဒီလောက်စိတ်ရှည်ရှည်နဲ့ မလေ့လာနိုင်ဘူး။ မကျွမ်းကျင်ဘဲ အပြင်ထွက်ပြီးငါးဘုရင် စားသောက်ဆိုင်ဖွင့်ရင် ဒါကသူတို့ဘိုးဘေးတွေရဲ့နာမည်ကိုဖျက်ဆီးတာပဲ။ ပြီးတော့ ဘိုးဘေးတွေရဲ့ဆုံးမစကားကလည်း အပြင်ကိုမပြန့်ပွားစေရဘူး။

အဲ့ဒါအပြင် အစ်မဝူကလည်း ဆိုင်ကိုတစ်နိုင်ငံလုံးဖွင့်ဖို့ အဲ့လောက်ကြီးမားတဲ့ ရည်မှန်းချက်မရှိဘူး။ ရှာတဲ့ပိုက်ဆံက သူ့အတွက်လောက်ရင်ပြီးပြီ။ ဒါကြောင့် အစ်မဝူရဲ့ဆိုင်ကဒီမှာပဲရှိနေတာ။ နှစ်ပေါင်းရာချီပေမယ့် သိပ်မပြောင်းလဲဘူး။ အဲ့ဒီရှေးဟောင်းအိမ်အိုကြီးကိုပဲ အဆက်မပြတ်ပြုပြင်မွမ်းမံနေတာ။

ငါးဘုရင် စားသောက်ဆိုင်ထဲဝင်သွားတော့ ယွီဟွေးဖေးက ချိန်းထားတဲ့နေရာမှာ မိန်းကလေးနှစ်ယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်။ ယွီဟွေးဖေးက သေချာကြည့်လိုက်တော့ နည်းနည်းရင်းနှီးနေသလိုပဲ။

ယွီဟွေးဖေးထိုင်ချပြီးတော့ သေချာထပ်ကြည့်လိုက်တော့ သူတကယ်ပဲရင်းနှီးနေတာကို တွေ့လိုက်ရတယ်။ မိန်းကလေးနှစ်ယောက်ကလည်း ယွီဟွေးဖေးက ဒီလိုပဲသူတို့ရှေ့မှာ ထိုင်ချလိုက်မယ်လို့ မထင်ထားဘူး။ သူတို့ထဲကဆံပင်တိုတိုနဲ့ မိန်းကလေးတစ်ယောက်က မျက်ခုံးပင့်ပြီးပြောလိုက်သည်။

“ရှင်က ဘယ်သူလဲ။ ဒီမှာလူရှိတယ်”

ယွီဟွေးဖေးက ရယ်ပြီးပြောလိုက်၏။ “ခယ်လီလား… ငါ့နာမည်က ယွီဟွေးဖေး”

ဆံပင်တိုတိုနဲ့မိန်းကလေးက ကြောင်သွားပြီး ရှက်ရမ်းရမ်းနဲ့ရယ်ကာ ပြန်ဆိုသည်။

“အိုး… တောင်းပန်ပါတယ်… အဲ့ဒါ… ငါအရင်က နင့်ဓာတ်ပုံမကြည့်ဖူးဘူးလေ… အဲ့တော့ နင်ဘယ်လိုပုံစံလဲဆိုတာ မသိဘူး”

ယွီဟွေးဖေးရဲ့နဖူးပေါ်မှာ ချွေးတွေတောင်ကျလာပြီ။ သူတို့ကသူ့ပုံစံကိုတောင်မသိဘူးဟ။ စောစောကတည်းကသိရင် သူချွေ့ကျွယ်ကိုလာခိုင်းလိုက်ပါတယ်။ ခယ်လီရဲ့ပုံစံကိုတော့ ယွီဟွေးဖေးက သူ့အမေပို့ပေးတဲ့ အချက်အလက်တွေထဲမှာ မြင်ဖူးတယ်။

အမည် - ခယ်လီ

လိင် - မိန်းမ

လူမျိုး - ဟန်

အသက် - ၂၀

အရပ် - ၁၇၀ စင်တီမီတာ

ပညာအရည်အချင်း - ပန်းချီအနုပညာကျောင်းသူ (တက္ကသိုလ်စတုတ္ထနှစ်တက်နေဆဲ)

မျက်စိရှေ့က ဒီလိုပွင့်လင်းပြီးဖော်ရွေတဲ့ မိန်းကလေးကိုကြည့်ပြီး ယွီဟွေးဖေး နည်းနည်းသဘောကျသွား၏။ ဒါနဲ့ရယ်ပြီးပြောလိုက်သည်။

“ကိစ္စမရှိပါဘူး”

ပြီးတော့ နှစ်ယောက်လုံးက ရှက်ရမ်းရမ်းနဲ့တိတ်ဆိတ်သွားကြကော။ နှစ်ယောက်လုံးက အတွေ့အကြုံမရှိသေးဘူးဆိုတာ သိသာတယ်။ နည်းနည်းကြောင်နေကြတယ်လေ။

ဘေးက ခယ်လီခေါ်လာတဲ့ သူငယ်ချင်းကတော့ နို့လက်ဖက်ရည်တစ်ဘူးကို ဖက်ပြီးခေါင်းငုံ့ကာ တပြွတ်ပြွတ်နဲ့ စုပ်သောက်နေလေရဲ့။ နို့လက်ဖက်ရည်ကုန်သွားပြီဆိုတာ သိသိကြီးကို စုပ်နေတုန်းပဲ။ အဲ့ဒီအားစိုက်ပြီး ကြိုးစားနေတဲ့ပုံစံက သူ့ IQ သိပ်မမြင့်ဘူးဆိုတာကို လုံးဝပြသနေတယ်။ ပြီးတော့ သူတို့ထက်ပိုပြီး စိတ်လှုပ်ရှားနေပုံနဲ့။

ယွီဟွေးဖေးက ဒီမိန်းကလေးရဲ့ ဘေးမျက်နှာကိုကြည့်ပြီး ပိုပြီးရင်းနှီးနေသလို ခံစားလိုက်ရသလိုပဲ။ ဒါပေမဲ့ ယွီဟွေးဖေးက သူဘာလာလုပ်လဲဆိုတာကိုသိသေးတယ်။ အဲ့ဒီမိန်းကလေးကိုတစ်ချက်ကြည့်ပြီးတော့ ခယ်လီကိုပဲ ဆက်ပြော၏။

“ညီမလေး… ဒီ… blind dateက ငါအတွက်ပထမဆုံးပဲ”

ခယ်လီကလည်း ချက်ချင်းလက်ထောင်ပြသည်။ “ငါလည်းပထမဆုံးပဲ”

“ဒီ… အင်း… တိတိကျကျ လုပ်ထုံးလုပ်နည်း ဘယ်လိုလဲငါမသိဘူး။ ငါတို့အရင်ထမင်းစားမလား။ ဒါမှမဟုတ်အရင်စကားပြောမလား” ဆိုပြီး ယွီဟွေးဖေး ပြောလိုက်တော့ ခယ်လီက ခေါင်းကိုကုတ်ပါလေကော။

“အရင်ဆုံး… ထမင်းစားရင်ကောင်းမလား”

ယွီဟွေးဖေးကခေါင်းညိတ်ပြီး နောက်လှည့်အော်လိုက်၏။

“အစ်မဝူ… ငါး”

ယွီဟွေးဖေး ဒီလိုအော်လိုက်တာကိုကြားတော့ နောက်ခြံထဲကနေ အသံကျယ်ကြီးတစ်ခု ထွက်လာ၏။

“ဘာအော်နေတာတုန်း။ တိတ်တိတ်နေရမှန်း မသိဘူးလား”

ချက်ချင်းဘဲ အသက်သုံးဆယ်လောက်ရှိတဲ့ မိန်းမတစ်ယောက်ဝင်လာတယ်။

အာပါပါး… ကိုယ်လုံးကိုယ်ပေါက်က နငယ်ကြီးလိုပဲ ရှေ့ထွက် နောက်ကောက်နဲ့ဟ။ ကြွက်သား အဖုအထစ်ကြီးတွေကလည်း အယ်နေတာပဲ။

တစ်ကိုယ်လုံးကတော့ ရင့်ကျက်တဲ့မိန်းမတစ်ယောက်ရဲ့ ဟန်ပန်ကို ထုတ်လွှတ်နေသား။ မိန်းမက ဆံပင်ရှည်ရှည်နဲ့ မိုးမခရွက်လိုမျက်လုံးတွေက သိပ်မကြီးပေမယ့် ပြင်းထန်လှတဲ့ ငြို့ငင်မှုနဲ့အတူ သြဇာအာဏာပါတဲ့ အကြည့်ကိုပေးစွမ်းတယ်။

တစ်ချက်ကြည့်လိုက်ရင် မိန်းမကြမ်းကြီးလိုမဟုတ်ဘဲ တောပုန်းဓားပြကြီး အတိုင်းပဲ။ ယွီဟွေးဖေးက သူ့ကိုမြင်တိုင်း ရှေးဟောင်းအဆိုအမိန့်ကို အလိုလိုသတိရသွားတယ်။

တောပုန်းကြီးနဲ့တူသော မိန်းမကြမ်းဆိုလား… မိန်းမကြမ်းနဲ့တူသော တောပုန်းကြီးဆိုလာပဲ။

သူခန့်မှန်းတာမမှားရင် ရှေးခေတ်လူတွေက မိန်းမတစ်ယောက်အားကြီးလာရင် ဓားပြနဲ့တူတယ်ဆိုတာ ကိုယ်တွေ့ ရင်နှစ်ပြီးကြုံဆုံရှိခဲ့လို့ သူတို့ကိုဒီလိုခေါ်တာဖြစ်ရမယ်။

ဘိုးဘေးတွေရဲ့ မိန်းမတွေကို ကန့်သတ်ထားတဲ့ ရှေးဟောင်းဆုံးမစကားတွေက သွေးမျက်ရည်တွေနဲ့ပြည့်နေပြီး နောင်လာနောင်သား ယောကျာ်းဘသားတွေကို ကာကွယ်ဖို့ရည်ရွယ်တယ်လို့ ပိုပြီးခံစားလိုက်ရတယ်။

လျှောက်တွေးနေတုန်းမှာပဲ အဲ့ဒီမိန်းမက နီးကပ်လာပြီ။ သူပါးစပ်မှာဆေးလိပ်ခဲထားပြီး ခပ်ကြမ်းကြမ်းခံစားမှုနဲ့ပေါ့။

ဒါက ကမ္ဘာ့ပထမဆုံးငါးဘုရင် စားသောက်ဆိုင်ရဲ့လက်ရှိဆိုင်ရှင်… အဘိုးကြီးဝူရဲ့ တစ်ဦးတည်းသောသမီး အစ်မဝူပဲ။

အစ်မဝူက ယွီဟွေးဖေးမှန်းမြင်တော့ မျက်ခုံးပင့်ပြီးရယ်ကာပြောလိုက်၏။

“ကောင်လေးပါလား… အိုး…အဟွင်းဟွင်း… မတွေ့တာကြာတော့ တော်တော်တောင်ကြီးလာပြီပဲ… အမယ် blind date စလုပ်နေပြီပေါ့”

စကားပြောရင်း အစ်မဝူကကပ်လာပြီး သူ့မျက်နှာက ယွီဟွေးဖေးရဲ့ မျက်နှာနဲ့ထိတော့မလိုဖြစ်နေပြီ။

အယ်အယ်… မျက်လုံးက ဘယ်ရောက်နေတာလဲဟ။ အဲ့ဒါဘယ်မှာမျက်နှာကြည့်တာလဲ… ခြင်ကိုက်ဖုရှာနေတာပဲ။

သူ့ပါးစပ်ငယ်လေးကဖွင့်ပြီး လေကိုမှုတ်ထုတ်လိုက်တော့ သစ်ခွပန်းလိုမွှေးသား။ ဒါပေမဲ့ အဲ့ဒီမျက်လုံးတွေက တောက်ပနေပြီး တော်တော်ကျူးကျော်လိုတဲ့သဘောဆောင်နေတော့ ယွီဟွေးဖေး အဆက်မပြတ် နောက်ကိုရှောင်ခိုင်းနေရတယ်။ ဒါကိုမြင်တော့ အစ်မဝူက ပါးစပ်ကိုမဲ့ပြီး ရယ်ပါလေကော။

“နောက်ကိုမဆုတ်နဲ့တော့… နောက်မှာနံရံပဲရှိတော့တာ။ဘာရှောင်နေတာလဲ… ငါ နင့်ကိုစားမှာမို့လို့လား”

ပြောပြီးတော့ အစ်မဝူက ရှက်ရမ်းရမ်းဖြစ်နေတဲ့ ယွီဟွေးဖေးကို ဂရုမစိုက်ဘဲ ချစ်စရာကောင်းပြီး တုံးတုံးအအကောင်မလေးကို လှည့်ကြည့်ကာ ယွီဟွေးဖေးကို ညှို့ဓာတ်ပါပါ မခို့တရို့ကြည့်ရင်း ပြောလိုက်သည်။

“ပန်းတစ်ပွင့်ခူးပြီး ပျားနှစ်ကောင်နမ်းတယ်… တစ်ပြိုင်တည်းနဲ့ နှစ်ယောက်တွဲတာလား”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ထိုင်ခုံပေါ်ကပြုတ်ကျတော့မလိုဖြစ်သွား၏။ ဒါပေမဲ့ သူလည်း အစ်မဝူအကြောင်း ကောင်းကောင်းသိတယ်။ သူငယ်ငယ်ကတည်းက ဒီလိုစရိုက်ပဲ။ ကြမ်းတမ်းလာရင် ဆွေမျိုးမေ့၊ ဓားကိုင်ပြီး ရွာထဲကအဘိုးကြီးတွေကို လမ်းထိပ်ကနေ လမ်းဆုံးထိ ခုတ်နိုင်တဲ့သူမျိုး။

ဒါပေမဲ့ ကြည့်ကောင်းတဲ့သူကိုတော့ တော်တော်ဖော်ရွေတယ်။ ဒါပေမဲ့ ယွီဟွေးဖေးမျက်စိထဲမှာတော့ အမြဲတမ်း ထူးဆန်းတဲ့ အစ်မကြီး။ ယွီဟွေးဖေးရဲ့ မှတ်ဉာဏ်ထဲမှာ သူငယ်ငယ်က အစ်မဝူက သူ့အစ်မကြီးတစ်ယောက်လိုပဲ။ အဲ့ဒီတုန်းကသူမမှာ အကျင့်တစ်ခုရှိတယ်။ အဲ့ဒါက ယွီဟွေးဖေးရဲ့***ကို လက်နဲ့လိုက်တောက်တာပဲ။ ဒါပေမဲ့ ယွီဟွေးဖေးက သေခံပြီးမလိုက်နာဘူး။ နောက်ဆုံးတော့ဖင်ကို ရိုက်တာပြောင်းသွားတယ်။

ဒါပေမဲ့ ကြီးလာတော့ အစ်မဝူက ငါးဘုရင်စားသောက်ဆိုင်ရဲ့ ဆိုင်ရှင်ဖြစ်သွားပြီး ယွီဟွေးဖေးကတော့ တက္ကသိုလ်ကျောင်းသားဖြစ်သွားတယ်။ တက္ကသိုလ်ဘဝက ယွီဟွေးဖေးကို ပြန်လာတာနည်းသွားစေပြီး တစ်ခါတလေပြန်လာရင် အစ်မဝူကအစည်းအဝေးတက်နေတာ… ဒါမှမဟုတ်စီးပွားရေးနဲ့အလုပ်ရှုပ်နေတာ… နှစ်ယောက်သားတွေ့ဆုံခွင့်လည်းနည်းသွားတယ်။

အခုတော့ ဘယ်လိုမှမထင်ထားမိဘူး။ ဒီလောက်နှစ်တွေမတွေ့ဘဲရှိနေပြီကို တစ်ခါတွေ့တာနဲ့ သူ့ကိုထပ်ပြီးစနောက်တယ်။ ယွီဟွေးဖေးက ငိုရမလိုရယ်ရမလိုနဲ့ တောင်းပန်လိုက်သည်။

“အစ်မဝူ… လွှတ်ပေးပါဦး”

အစ်မဝူက နှုတ်ခမ်းကိုစေ့ပြီး ပြုံးလိုက်တယ်။ လက်ထဲကယပ်တောင်ကို တစ်ချက်ဝှေ့ယမ်းပြီး ဖွင့်လိုက်တော့ အပေါ်မှာစာလုံးကြီးလေးလုံးရေးထားက…

နိုင်ငံတော်အလှ… ကောင်းကင်ဘုံအမွှေးနံ့သာ။

ပြီးတော့ အစ်မဝူက ခယ်လီနဲ့ အရူးမလေးကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။

“သုံးယောက်… နှစ်ယောက် တစ်ယောက်… သတ္တိရှိသားပဲ။ ဒီနေ့ ဒီထမင်းဝိုင်းကို အစ်မကျွေးမယ်” ပြောပြီးတော့ အစ်မဝူက ခါးသေးသေးလေးကို တရမ်းရမ်းလှုပ်ပြီး ထွက်သွားပါလေကော။ သူ့ကြောင့်ကြောင်အနေတဲ့ လူငယ်နဲ့ကောင်မလေးကို လုံးဝဂရုမစိုက်ဘူး။

အစ်မဝူက တံခါးကထွက်ပြီး ခြေဆောင့်လိုက်တော့ ယပ်တောင်က ဖျတ်ဆိုတဲ့အသံနဲ့ပိတ်သွားချိန် သုံးပြည်ထောင်ထဲက ကျန်ဖိန်ကြီးလို နားကွဲမတတ် ကြုံးအော်ဟစ်လိုက်သည်။

“ချန်အဘိုးကြီး… မင်းရပ်နေလိုက်စမ်း။ ငါ့ဆီကယူထားတဲ့အကြွေး ဆပ်ရတော့မယ်”

ပြီးတော့ ယွီဟွေးဖေးက လူလတ်ပိုင်းတစ်ယောက်ကသရဲတွေ့သလိုပဲ ခေါင်းကိုကိုင်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ပုံစံနဲ့ ထွက်ပြေးသွားတာကိုတွေ့လိုက်ရတယ်။ ဒီမြင်ကွင်းကိုမြင်တော့ ခယ်လီက တံတွေးမျိုချပြီး ပြောလိုက်၏။

“ဒီအစ်မ… တော်တော်ကြမ်းတာပဲ”

အရူးမလေးကလည်း ခေါင်းညိတ်မိသည်။

“အင်း… ရေခဲနဲ့မီးလိုကမ္ဘာနှစ်ခု”

All Chapters