ငါးစားကြမယ်… ငါးစားကြမယ်
Vol. 3 Ch. 44
ပြောပြီးတော့ မိုက်မိုက်မလေးက ကိုယ်ပြောမှားသွားမှန်းသိသွားသလိုပဲ။ မျက်နှာချောလေးက နီရဲသွားပြီး ခေါင်းငုံ့ကာ ကုန်သွားပြီဖြစ်တဲ့နို့လက်ဖက်ရည်ကို အားကုန်စုပ်နေတော့တာပဲ။ နို့လက်ဖက်ရည်ကို တပြွတ်ပြွတ်နဲ့ အသံမြည်အောင်တောင်စုပ်နေရင်း သူ့မျက်နှာက ပိုပြီးနီရဲလာတယ်။
ယွီဟွေးဖေးတစ်ယောက် ချက်ချင်းရယ်မိလိုက်တယ်။ သူထင်တာတော့ ဒီကောင်မလေးက တော်တော်ကိုအူ ကြောင်ကြောင်နိုင်တာပဲ။ အစ်မဝူက တစ်ဝကြီးမွှေနှောက်သွားလို့ ယွီဟွေးဖေးတော်တော်ရှက်သွားပေမယ့် ရှက်ပြီးနောက်မှာ ယွီဟွေးဖေးနဲ့မိန်းကလေးနှစ်ယောက်ရဲ့ဆက်ဆံရေးကလည်း နည်းနည်းပိုနီးကပ်သွားစေတယ်။
ငါးမရောက်ခင်မှာ သုံးယောက်သားစကားနှစ်ခွန်းလောက်ပြောနိုင်နေပြီ။ ဒါပေါ့… အဓိကက ယွီဟွေးဖေးနဲ့ခယ်လီက စကားပြောတာ။ မိုက်မိုက်မလေးက ကိုယ့်ကိုယ်ကို မဆီမဆိုင် အလကားလာစားသောက်တဲ့ သူမှန်းသိသွားသလိုပဲ။ ဒါနဲ့တစ်ချိန်လုံးခေါင်းငုံ့ပြီး ပိုက်ကို အားနဲ့ကိုက်နေပါလေကော။
ယွီဟွေးဖေး လှန်းကြည့်လာတာနဲ့ သူကချက်ချင်းအားကုန်စုပ်တော့တာပဲ။ သူ့ရဲ့အားစိုက်နေတဲ့ပုံစံကိုကြည့်ပြီး ယွီဟွေးဖေးတစ်ယောက် တကယ်ပဲမကြည့်ရက်တော့ဘူး။ ထပြီးအပြင်ထွက် အသစ်တစ်ဘူးဝယ်ပြီး သူ့ဆီကိုတန်းထိုးပေးလိုက်ရင်း တစ်ဖက်လူရဲ့ ဘူးလွတ်ကို လဲလှယ်လိုက်တယ်။
ခေါင်းငုံ့နေတဲ့မိုက်မိုက်မလေးက ခယ်လီပေးတယ်လို့ထင်ပြီး အလိုလိုပဲပြောလိုက်တယ်။
“ကျေးဇူးတင်ပါတယ်ရှောင်လီ… အမ်”
မိုက်မိုက်မလေးက ရုတ်တရက်အခြေအနေနည်းနည်းမမှန်ဘူးလို့ခံစားလိုက်ရတာမို့ ခေါင်းမော့လိုက်တော့ ခယ်လီကသွားဖြဲပြီး သူ့ကိုကြည့်ရင်း ရယ်နေတဲ့အပြင် တစ်ဖက်က လူဆိုးဦးလေးတစ်ယောက်ကလည်း သူ့ကိုပြုံးပြုံးလေးနဲ့ကြည့်နေတာကို မြင်တွေ့လိုက်ရသည်။
မိုက်မိုက်မလေးက ချက်ချင်းဘာဖြစ်သွားမှန်း သိလိုက်ပြီး အမြန်ခေါင်းငုံ့ကာ နို့လက်ဖက်ရည်ကိုဆက်သောက်နေတော့၏။ ယွီဟွေးဖေးက ငိုရမလို ရယ်ရမလိုနဲ့ ခယ်လီကိုကြည့်ပြီးပြောလိုက်သည်။
“နင်ဘယ်ကကောက်လာတဲ့ အရူးမလေးလဲ”
ခယ်လီက ယွီဟွေးဖေးကို မျက်စောင်းထိုးပြီးပြောပြသည်။
“ငါ့သူငယ်ချင်းကို စိတ်ကူးယဥ်မနေနဲ့… မိတ်ဆက်ပေးမယ်… သူ့နာမည်က လျိုရှင်း”
ယွီဟွေးဖေးက လက်ဖက်ရည်သောက်နေတုန်း ဒီနာမည်ကိုကြားတော့ နောက်လှည့်ပြီး ဖွီးခနဲဆိုပြီးလက်ဖက်ရည်တွေ တစ်ပန်းကန်လုံးပန်းထွက်သွား၏။ ခယ်လီနဲ့လျိုရှင်းက တစ်ပြိုင်နက်တည်းခေါင်းမော့ပြီး ယွီဟွေးဖေးကိုကြည့်ကာ မေးလိုက်ကြသည်။
“ဘာဖြစ်လို့လဲ”
ယွီဟွေးဖေးက လက်ကိုဝှေ့ယမ်းပြီးပြောလိုက်၏။
“အဟွတ်ဟွတ်… ဘာမှမဖြစ်ဘူး… လည်ပင်းနင်သွားတာ”
လျိုရှင်းတဲ့လား… ဒါက သူနဲ့အိမ်သာတစ်ခုတည်းမှာအတူရှိခဲ့ပြီး စက္ကူချေး၊ ရေပုံးစွပ်ခံရ၊ သောက်ရမ်းစကားများတဲ့ ကောင်မလေးမဟုတ်ဘူးလား။ ကမ္ဘာကြီးက ဒီလောက်ကျဉ်းတယ်လား။ မနေ့ညကတွေ့ခဲ့တယ်၊ နေ့လည်မှာလည်း ထပ်တွေ့ပြန်ပြီ။
ကံကောင်းတာက လျိုရှင်း ယွီဟွေးဖေးကိုမမှတ်မိဘူးထင်ပါ့။ သူ့ကို ရေကြည်မျက်လုံးအကြီးကြီးတစ်စုံနဲ့ကြည့်နေပြီး ယွီဟွေးဖေးကြည့်လာတာနဲ့ ချက်ချင်းခေါင်းငုံ့ နို့လက်ဖက်ရည်ကို အားကုန်စုပ်နေတော့တယ်။
ခယ်လီက ရုတ်တရက်ကပ်လာပြီး အသံကိုနှိမ့်ကာပြောလိုက်သည်။
“အစ်ကို… နင့်ကိုမေးခွန်းတစ်ခုမေးမယ်”
“ပြောကြည့်လေ…”
“ဒီလျိုလင်ရွာမှာ မိန်းမအိမ်သာထဲခိုးဝင်တဲ့ လူယုတ်မာတစ်ယောက်ရှိတယ်ဆိုတာ နင်သိလား”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ အပြုံးကြီးက နည်းနည်းတောင့်တင်းသွားပြီး ချောင်းတစ်ချက်ဟန့်ကာ ခေါင်းငုံ့ပြီးပြောလိုက်၏။
“ဒါ… တကယ်မသိဘူး။ ဘာဖြစ်လို့လဲ။ ခင်ဗျားတို့ ကြုံခဲ့လို့လား”
ခယ်လီက ခေါင်းညိတ်ပြီးပြောသည်။
“ကြုံခဲ့တယ်… တော်တော်ယုတ်မာတာပဲ… ခြေထောက်မသန်စွမ်းဘူး။ တခြားသူတွေက မသန်ပေမယ့်စွမ်းကြတယ်။ ဒီကောင်ကတော့…”
“ဟမ့်… မိန်းမအိမ်သာထဲဝင်တာထားလိုက်တော့… အမ်… အား… နင်ငါ့ကိုမညှစ်နဲ့လေ… ကောင်းပြီ ကောင်းပြီ… မပြောတော့ဘူး”
တစ်ဝက်ပြောပြီးတော့ ခယ်လီက အံကြိတ်နေတယ်။ သိသာတယ်… လျိုရှင်းက တိတ်တိတ်လေးတိုက်ခိုက်လိုက်တာပဲ။
နှစ်ယောက်သားစနောက်နေတုန်းမှာ ရှက်ရမ်းရမ်းဖြစ်နေတဲ့ ယွီဟွေးဖေးက အဲ့ဒီမှာခေါင်းငုံ့ပြီးကိုယ့်ခြေထောက်ကိုယ်ကြည့်နေတာ သူတို့ သတိမထားမိလိုက်ကြဘူး။
စိတ်ထဲမှာတော့… ‘ငါ့ခြေထောက်သုံးချောင်းလုံးအကောင်းကြီးရှိပါတယ်ဟ… အဲ့ဒီအရူးမလေးက ငါ့ကိုထိုင်ရင်းထုံသွားအောင်လုပ်တာလေ’
အဲ့ဒီအချိန်မှာ အစ်မဝူက စားဖိုမှူးနှစ်ယောက်ကိုငါးပြုတ်အိုးကြီးတစ်အိုးသယ်ခိုင်းပြီး လာနေပြီ။
အစ်မဝူက ယွီဟွေးဖေးနားနားကပ်ပြီး လေကိုမှုတ်ထုတ်ကာ အသံကျယ်ကြီးနဲ့ ပြောလိုက်၏။
“နှစ်ယောက် တစ်ယောက်နိုင်ရဲ့လား။ အစ်မကူညီပေးရမလား။ ဒီကောင်မလေးနှစ်ယောက်ကို ငါတစ်ယောက်တည်းနဲ့ မူးအောင်တိုက်နိုင်တယ်။ အဲ့ဒီအခါကျရင်… ဟဲဟဲ… အပေါ်ထပ်မှာအခန်းရှိတယ်”
ယွီဟွေးဖေးက အမြန်ပြောလိုက်ရ၏။ “အစ်မဝူ… ခင်ဗျားအလုပ်သွားလုပ်ပါဦး”
အစ်မဝူက သူ့ကိုမျက်လုံးလှန်ပြလိုက်တယ်။ သူ့ကိုအလိုက်မသိဘူးလို့ပြောနေသလိုပဲ… ပြီးတော့ လှလှပပနဲ့ ထွက်သွားကော။
ယွီဟွေးဖေးက ရှက်ရမ်းရမ်းနဲ့ တစ်ဖက်ကမျက်နှာနီရဲပြီး စားပွဲပေါ်ကဘီယာပုလင်းကို သတိကြီးစွာနဲ့ကြည့်နေတဲ့ ကောင်မလေးနှစ်ယောက်ကို ကြည့်လိုက်တယ်။ အစ်မဝူရဲ့စကားကို သူတို့အားလုံးကြားလိုက်ကြတယ်ဆိုတာ သိသာလွန်းတယ်။
ယွီဟွေးဖေးရဲ့မျက်နှာပြောင်တိုက်မှုနဲ့တောင်မှ ပုစွန်ပြုတ်လို နီရဲနေပြီ။ ဘာရမလဲ… ဒီကောင်ကလည်း လာထားဆိုပြီး ဘီယာပုလင်းကိုတစ်ချက်တည်းနဲ့ မော့ချလိုက်ကော။
ဘုန်း…
ဘီယာပုလင်းကိုစားပွဲပေါ်တင်ပြီး ယွီဟွေးဖေးက လေချဉ်တက်ကာ ပြောလိုက်သည်။
“အေ့… နှစ်ယောက်သား… ဘာမှစိတ်မပူနဲ့တော့… ဟင်းစားကြ…”
တစ်ဖက်ကမိန်းကလေးနှစ်ယောက်က ဒါကိုမြင်တော့ အရင်ကြောင်သွားပြီးနောက် ဖွီးခနဲဆိုပြီးရယ်လိုက်ကြသည်။ သုံးယောက်သားရဲ့ဆက်ဆံရေးက နည်းနည်းပိုနီးကပ်သွားသလိုပဲ စကားပြောတာလည်း ပိုပြီးစည်ကားလာ၏။
လျိုရှင်းက ငါးတစ်ဖတ်ကိုညှပ်ပြီး ပါးစပ်ထဲထည့်ပြီးနောက် မျက်လုံးတွေမှာ ကြယ်တွေပေါ်လာသလို တောက်ပလာပါလေရော။ နောက်တော့ ဘာမှမပြောဘဲ ပန်းကန်ကိုမြှောက်ပြီး ငါးအသားတစ်တုံးကြီးကိုညှပ်ယူလိုက်ပြီးတော့ အနံ့ရတဲ့ကြောင်ငယ်လေးလိုပဲ အဲ့ဒီမှာခေါင်းငုံ့ပြီးစားနေတာ… တော်တော်စားကောင်းပုံပဲ။
ယွီဟွေးဖေးက အစ်မဝူရဲ့ငါးက ကောင်းတယ်ဆိုတာကိုသိတယ်။ သူလည်း မစားရတာ အတော်ကြာပြီ။ ဘာလို့လဲဆိုတော့ အစ်မဝူဆိုင်ကငါးက ဈေးကြီးတာကိုး။
တစ်ပေါင်ကို ၃၆၅ကျပ်။
မျက်စိရှေ့ကဒီတစ်ကောင်က အနည်းဆုံးငါးပေါင်လောက်ရှိမယ်။ တွက်ကြည့်ရင် တစ်ထောင့်ရှစ်ရာကိုးရာလောက်ကျမှာ။ ဒါက အရက်နဲ့တခြားဟာတွေမပါသေးဘူး။
ယွီဟွေးဖေး မူလကသူတို့ကို နှစ်ပေါင်လောက်ရှိတဲ့တစ်ကောင်ကျွေးပြီး အသီးအရွက်နည်းနည်းထပ်ထည့်ရင်း ဖြေရှင်းလိုက်မလို့ပဲ။ နောက်ဆုံး ကိစ္စရှင်း ပိုက်ဆံချွေတာပြီး အိမ်ပြန်အသားစားမလို့။ ဒါပေမဲ့ အစ်မဝူကကျွေးတော့ သူလည်းစိတ်တိုပြီးစားတော့တာပဲ။ စားရတာလည်း အို့ဟိုးဟိုး… ရှယ်ပဲဝေ့။
ယွီဟွေးဖေးက ငါးမျက်လုံးကိုအကြိုက်ဆုံး… တူတစ်ချောင်းနဲ့ညှပ်ထားပြီးပေမဲ့ နောက်တူတစ်ချောင်းလည်းရောက်လာကော။ နှစ်ယောက်လုံးခေါင်းမော့ကြည့်လိုက်တော့ ခယ်လီပဲ။ ယွီဟွေးဖေးက ချောင်းတစ်ချက်ဟန့်ပြီးပြောလိုက်တယ်။
“အဟမ်း… နင်ပဲ ယူလိုက်တော့”
ခယ်လီက သတ္တိရှိရှိနဲ့ ငါးခေါင်းကို ထောင်အောင်လုပ်လိုက်၏။
“တစ်ယောက်တစ်လုံး”
ယွီဟွေးဖေးကရယ်လိုက်ပြီး မရှက်တော့ဘဲ တစ်ယောက်တစ်လုံး ယူစားပစ်သည်။ ငါးမျက်လုံးက ပါးစပ်ထဲဝင်တာနဲ့ ပျော်ဝင်သွား၏။ ဝူမိသားစုရဲ့အထူးအမွှေးအကြိုင်တွေက ငါးရဲ့အရသာနဲ့ပေါင်းစပ်ပြီး လတ်ဆတ်မှုနဲ့အတူ နူးညံ့မှုပါရှိနေတာက တကယ်ကို ပြောမပြတတ်လောက်အောင် သိပ်ကောင်းလွန်း၏။ တစ်ဖက်ကခယ်လီလည်း အံ့ဩစွာအော်လိုက်သည်။
“ဝိုး… ဒီလောက်ကောင်းတာလား… ပစ္စည်းကောင်းပဲ”
ပြီးတော့ ခယ်လီလည်းမရှက်တော့ဘဲ အင်္ကျီလက်ကိုဆွဲတင်ပြီး လက်တစ်ဖက်ကတူ၊ လက်တစ်ဖက်ကပန်းကန်နဲ့ ဇာတိကပြလာပြီး။ ယွီဟွေးဖေးက ကြည့်ပြီး ဒါဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ။ သူဧည့်ခံထားရတာ။ ဘယ်လိုလုပ်ပြီးနည်းနည်းစားလို့ဖြစ်မှာလဲ။ အဲ့ဒါက အရမ်းအရှုံးပေါ်မှာ။ ရည်းစားမရရင်တောင် အားရပါးရစားရမယ်ဆိုတဲ့မူအတိုင်း ယွီဟွေးဖေးလည်းမရှက်တော့ဘဲ ပန်းကန်ပါသုံးတော့တယ်။
ငါးပေါင်ရှိတဲ့ငါးတစ်ကောင်က မကြာခင်မှာပဲသုံးယောက်သား စားကုန်သွားတယ်။ တစ်ယောက်ချင်းစီက အဲ့ဒီမှာထိုင်ပြီး ဝိုင်းစက်နေတဲ့ ဗိုက်ကိုပွတ်သပ်ရင်း အဆီယစ်နေကြပြီ။
“ကောင်းလိုက်တာ… ဒါငါစားဖူးသမျှထဲမှာ အကောင်းဆုံးငါးပဲ” ခယ်လီ ချီးကျူးလိုက်ချိန် လျိုရှင်းကလည်း လိုက်ပြီးခေါင်းညိတ်၏။
“ကောင်းတယ်… တကယ်ကောင်းတယ်… နည်းနည်းနည်းသွားတယ်”
“ဘွားတော်ကြီးရယ်… ငါးပေါင်ရှိတဲ့ငါးကို နင်တစ်ယောက်တည်း အနည်းဆုံးနှစ်ပေါင်စားသွားတာဟ။ ဒါတောင် နည်းတယ်လို့ပြောသေးတယ်လား”
ယွီဟွေးဖေးက ဒီစကားကြားတော့ မျက်လုံးတွေတောင်လှန်တက်သွား၏။ ဒီအရူးမက ခုနကတင် အူတူတူ အတတ ရှက်ကိုးရှက်ကန်းနဲ့ စားတဲ့အချိန်မှာတော့ တော်တော်ကြမ်းသဟ။ အဲ့ဒီပါးစပ်ငယ်လေးကဘယ်လိုဖြစ်လာမှန်းမသိဘူး… ငါးအသားဝင်သွား… ငါးရိုးထွက်လာ… ရှေ့နောက်အဲ့ဒီတစ်ချက်စုပ်လိုက်တဲ့အချိန်ပဲ။ ဝိုးခနဲ ဝါးခနဲ မျက်လှည့်ပွဲထဲ နေရာက်သွားသလို ခံစားမိပါရဲ့။
ယွီဟွေးဖေးက အစပိုင်းမှာသူနဲ့ ပြိုင်ချင်သေး။ နောက်ပိုင်းတော့ တန်းလက်လျှော့လိုက်၏။ ဒီလိုတွေးမိတော့ ယွီဟွေးဖေးကပြောလိုက်သည်။
“ညီမလေး… နင့် ပါးစပ်စွမ်းကို ဘယ်လိုလေ့ကျင့်ထားတာတုန်း”
မေးပြီးတော့ ယွီဟွေးဖေးကဒီစကားမှာပြဿနာရှိမှန်းသိသွားတယ်။ တစ်ဖက်ကလျိုရှင်းရဲ့မျက်နှာက ဖြန်းခနဲနီရဲသွား၏။ ဒီမိန်းကလေးက တော်တော်ရှက်တတ်တယ်။ စကားတစ်ခွန်းမမှန်တာနဲ့ တန်းပြောင်းလဲသွားတာ စစ်ချွမ်းမျက်နှာပြောင်းဇာတ်ထက်တောင်မိုက်သေး။