တိုက်ပွဲ(၄)
Vol. 6 Ch. 531
သေမျိုးနတ်ဘုရား၏ စွမ်းအားသည် သူ့အား ခြိမ်းခြောက်နိုင်စွမ်း ရှိလိမ့်မည်ဟု ချန်းဖန် မထင်သော်လည်း ထိုတိုက်ပွဲက ပြင်းထန်မည်တော့ သေချာသည်။
မူလဝိညာဉ် အဆင့်သို့ ရောက်ရှိဖူးသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် မူလဝိညာဉ် အဆင့်၏ စွမ်းအားကို ချန်းဖန် ကောင်းစွာ သိသည်။ လင်းရှု့မင်၏ စွမ်းအားသည် သုံးနာရီခန့်သာ တည်မြဲမည် ဖြစ်သော်လည်း ထိုအချိန် အတွင်း၌ သူသည် မြေကမ္ဘာ အဆင့်ကိုပင် ပခုံးချင်း ယှဉ်နိုင်နေခဲ့ပြီ ဖြစ်သည်။
ချီသန့်စင်ခြင်း အဆင့်နှင့် မူလ ဝိညာဉ် အဆင့်ကို သေမျိုးနှင့် မသေမျိုးတို့ ကြား၏ အတားအဆီးဟု သတ်မှတ်ကြသည်။ မူလ ဝိညာဉ် အဆင့်သို့ မရောက်ရှိသေးသည့် မည်သူကို မဆို တန်ခိုးရှင်ဟု မသုံးနှုန်းနိုင်ချေ။
မူလဝိညာဉ် သို့မဟုတ် ကမ္ဘာ၏ အခေါ်အဝေါ် မြေကမ္ဘာ နတ်ဘုရား အဆင့်သည် အလွန်အမင်း အစွမ်းထက်သည်။ သူတို့သည် ချီသန့်စင်ခြင်း အဆင့် ရာချီကိုပင် တစ်ကိုယ်တည်း အနိုင်ယူနိုင်စွမ်း ရှိသည်။ ထို့ကြောင့်ပင် များစွာသော ဂြိုဟ်များ၌ မူလ ဝိညာဉ်အဆင့် ကျင့်ကြံသူများကို နတ်ဘုရား အဖြစ် သတ်မှတ် ကိုးကွယ်ကြသည်။
"ဟူး ... လား ... လား ..."
ချန်းဖန်သည် ခန္ဓာကိုယ်ကို ဆန့်တန်းကာ လက်နှစ်ဖက်အား ခါယမ်းလိုက်၏။
သူ၏ လှုပ်ရှားမှုက တစ်စုံတစ်ခုကို ဆွဲမ ထားရသည့် အလား လေးပင်နေ၏။ ရုတ်တရက် အဇူရာ အလင်းတစ်ခုက ချန်းဖန်၏ ကိုယ်မှ စတင် တောက်ပလာသည်။ ထိုအလင်းသည် အရေပြားမှ အစပြု၍၏ အရိုးများ အထိ တောက်ပစွာ လင်းလက်သည်။
အင်အားကြီးမားသော အစစ်အမှန် အမတေများကလည်း ချန်းဖန်၏ ခန္ဓာကိုယ်မှ ပျံ့နှံ့လာကာ နေရာ အသီးသီးသို့ လွင့်စဉ်သည်။ သူသည် နတ်ဘုရား စိတ်အာရုံကို အနိုးကြားဆုံး အနေအထားတွင် ထားကာ လင်းရှု့မင်ကို တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေခဲ့၏။
"ဝေါ ..."
လေပွေဝဲ၏ သယ်ဆောင်မှုတွင် လင်းရှု့မင်သည် ကောင်းကင်သို့ ပျံတက်လာ၏။ သူက လက်နှစ်ကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ရှိ အစစ်အမှန်ချီများနှင့် ချိတ်ဆက်လိုက်၏။
"ဟူး ..."
ရုတ်တရက် လေပွေဝဲတစ်ခု ဖြစ်ပေါ်လာကာ သူ၏ ရှေ့၌ အရှိန်ပြင်းစွာ လည်၏။
"ဝေါ ..."
လေပွေဝဲက ပတ်ဝန်းကျင်ရှိ စွမ်းအားမျိုးစုံကို စုပ်ယူကာ ပိုမို ကြီးထွားလာ၏။ လေပွေဝဲကို ထိန်းချုပ်ခြင်း၌ လင်းရှု့မင်သည် ချွေးများပင် ထွက်လာခဲ့၏။
"သွား ..."
လင်းရှု့မင်က လက်ကို ဝှေ့ယမ်းရင်း အမိန့်ပေးလိုက်သည်။ သူ၏ စကားတွင် လေပွေဝဲက တစ်သဝေမတိမ်း နားထောင်ကာ ချန်းဖန်ထံသို့ တိုးဝင်သည်။ တန်ခိုးရှင် အထွတ်အထိပ် တစ်ယောက်သာ ထိုလေပွေဝဲနှင့် ရင်ဆိုင်ရပါက စက္ကန့်ပိုင်း အတွင်းတွင်ပင် ဘဝပျက် သွားလိမ့်မည် ဖြစ်သည်။
"ပျက်စမ်း ..."
လေပွဲဝဲအား ခုခံရန် ချန်းဖန်သည် လက်သီး တစ်ချက် ထိုးလိုက်သည်။ သူ၏ လက်သီးက အမတေချီများကို သယ်ဆောင်၍ လှိုင်းတစ်ခုကို ဖန်တီးသည်။
"ဘုန်း ..."
ချန်းဖန်၏ ဆူနာမီ အမတေချီလှိုင်းနှင့် လင်းရှု့မင်၏ လေပွေဝဲတို့ ထိပ်တိုက်တွေ့ရာ ကျယ်လောင်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာ၏။
"ဘုန်း ..."
လေပွေဝဲက ရိုင်းစိုင်းစွာပင် အမတေချီလှိုင်းကို ဖျက်ဆီးကာ ချန်းဖန်အား တိုက်ခိုက်သည်။ ချန်းဖန်ကား ထိုအရာ၏ ရိုက်ခတ်မှုတွင် မီတာဒါဇင်ချီအောင် လွင့်စဉ်ပြီးမှသာ ကိုယ်ရှိန် သတ်နိုင်တော့သည်။
"မြေကမ္ဘာ နတ်ဘုရား ... အဲဒါက မြေကမ္ဘာ နတ်ဘုရားရဲ့ စွမ်းအားလား ... အဲဒါက ငါ တစ်သက်လုံး ရှာဖွေနေတဲ့ စွမ်းအားပေါ့ ..."
ယောင်တောက်ရီ၏ မျက်လုံးများကား တဖျတ်ဖျတ် တောက်ပနေ၏။
"အစ်ကိုလင်းက ဒီစွမ်းအားကို နာရီပိုင်းပဲ ထိန်းထားနိုင်တာ စိတ်မကောင်း စရာပဲ ... မဟုတ်ရင် သူက သမိုင်းတစ်ခုကို ဖန်တီးပြီးသား ဖြစ်နေမှာ ... လက်စားချေဖို့ အတွက် အခုလောက် ရင်းနှီးစရာ လိုလို့လား ..."
လီချန်းရှန့်က ခေါင်းခါသည်။
"လင်းလန့်ယာက လင်းမိသားစုရဲ့ အနာဂတ်ပဲလေ ... သူ့ကို ဆုံးရှုံးရတာက လင်းမိသားစုကို အကြီးအကျယ် ထိခိုက်စေတယ် ... အခု လင်းရှု့မင်သာ မရှိတော့ရင် လင်းမိသားစုကို ဘယ်သူက ကာကွယ်မှာလဲ ..."
အဇူရာ နဂါးက အနည်းငယ် ပြုံးလိုက်သည်။
ထိုအချိန်၌ မြောက်ပိုင်းချုံး ဂိုဏ်းဝင်များမှာမူ ဂိုဏ်းချုပ် အတွက် စိတ်ပူနေကြပြီ ဖြစ်သည်။
လင်းရှု့မင်သည် နတ်ဘုရားကဲ့သို့ စွမ်းအားကို ပြသခဲ့သည်။ ချန်းဖန်သည် အားနည်းခြင်း မရှိသော်လည်း ကျိန်းသေ အနိုင်ရမည်ဟု သူတို့ မယုံကြည် ရဲကြတော့ချေ။
"ဘုန်း ..."
လင်းရှု့မင်က ကောင်းကင်မှ လျှပ်စီးကို ဆင့်ခေါ်ကာ တိုက်ခိုက်လိုက်ပြန်၏။ သို့သော်လည်း ထိုတိုက်ခိုက်မှုက ချန်းဖန်၏ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်စွမ်း မရှိချေ။
ချန်းဖန်က အသံ၏ အမြန်နှုန်းကို လင်းရှု့မင် ထံသို့ လျင်မြန်စွာ တိုးဝင်လိုက်သည်။ လင်းရှု့မင်က အမတေချီ အလင်းတစ်ခုကို ဖန်တီးကာ ချန်းဖန်၏ တန်ပြန် တိုက်ခတ်မှုကို ပိတ်ဆို့သည်။
"ဘုန်း ..."
အသံ၏ အမြန်နှုန်းကို ချိုးဖောက်ထားသည့် ချန်းဖန်၏ လက်သီးက မီတာတစ်ရာ အကွာအဝေးကို ဖြတ်သန်းကာ လင်းရှု့မင်၏ အမတေချီ အကာအကွယ် ရှိရာဆီသို့ ရောက်သည်။
အမတေချီသည် စတီးပြားထက်ပင် အဆများစွာ မာကျော၏။ ထို့ကြောင့် ချန်းဖန်၏ လက်သီးချက်ပင်လျှင် ထိုအရာကို ချိုးဖောက်နိုင်စွမ်း မရှိချေ။
"ဘုန်း ..."
လင်းရှု့မင်က ချန်းဖန်အား လက်ဝါးဖြင့် လှမ်းရိုက်သည်။ သို့သော်လည်း ချန်းဖန်က လျင်မြန်စွာပင် နောက်သို့ ဆုတ်ကာ ရှောင်တိမ်းလိုက်၏။
ချန်းဖန်၏ မျက်နှာ တစ်ခုလုံးကား မည်းမှောင်နေပြီ ဖြစ်သည်။
"အဆုံးသတ်ဖို့ အချိန်ရောက်ပြီ ..."
ချန်းဖန်က ကောင်းကင်သို့ ပျံတက်ကာ ခါးတွင် ချိတ်ထားသော ကျောက်မျက်ကို ညင်သာစွာ ထိတွေ့လိုက်၏။
"လင်းရှု့မင် ... လူတွေက မင်းကို ဓားတန်ခိုးရှင်လို့ ခေါ်ကြတယ် ... မင်း ငါ့ရဲ့ဓားကို ဘယ်လို တားနိုင်မလဲ ကြည့်ရအောင် ..."
လင်းရှု့မင်က မျက်မှောင်ကြုတ်ရင်း ချန်းဖန်ဆီသို့ ကြည့်လိုက်၏။
"ဟူး ..."
သူ၏ အကြည့်များ အောက်တွင်ပင် ကျောက်မျက် အတွင်းမှ ဓားများသည် တစ်စင်းပြီး တစ်စင်း ပျံထွက်လာခဲ့သည်။ ဓားသည် ကိုးစင်းပြည့်သည်နှင့် ကောင်းကင်သို့ ပျံတက်ကာ ဝင်္ကပါ ပုံစံ ခင်းကျင်းသည်။
"ပီးရှို နှင်းဆီ အော်ဆာရာ ငန်းဖြူ အနီရောင်ငှက် လိပ်နက် အဇူရာမြွေ အဝါရောင်ပျိုးပန်း ခရမ်းတိမ်တိုက် ..."
ဓားကိုးချောင်း၏ ပေါ်ထွက်လာမှုက လေထုကို အပူချိန် ကျဆင်းကာ အေးခဲစေ၏။
"ဒါက ဓားလျှို့ဝှက်ချက်ရဲ့ ဓားကိုးစင်းလား ..."
လင်းရှု့မင်က အံ့အားသင့်ခြင်းကို ဖုံးကွယ်ရန် မျက်မှောင်ကြုတ်လိုက်သည်။
ဓားလျှို့ဝှက်ချက်သည် တရုတ်၏ နောက်ဆုံး မြေကမ္ဘာ နတ်ဘုရား အဆင့် ဖြစ်သည်။ သူသည် ဓားကိုးချောင်းကို သယ်ဆောင်ကာ ဒဏ္ဍာရီများစွာကို ချန်ထားရစ်ခဲ့သူ ဖြစ်သည်။
"မင်းရဲ့ ဓားကျင့်စဉ်ကို ငါ့ရဲ့ ဓားကိုးစင်းနဲ့ စမ်းသပ်ကြည့်ပါရစေ ..."
ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်း ပြောလိုက်သည်။ ဓားကိုးချောင်းက အစဉ်လိုက်ပင် ရွေ့လျားကာ သူ၏ ပတ်လည်၌ လှည့်ပတ်သည်။
"ကောင်းပြီလေ ..."
လင်းရှု့မင်က အနည်းငယ် ပြုံးရင်း သူ၏ ဓားကျင့်စဉ်ကို အသက်သွင်းလိုက်သည်။
"ဘုန်း ..."
လူတိုင်း၏ အကြည့်များ အောက်တွင်ပင် မရေမတွက်နိုင်သော ရေခဲဓားများ ပေါ်ထွက်လာ၏။ ထိုဓားများသည် ပင်လယ်ရေဖြင့် ပြုလုပ်ထားကာ သုံးထောင်မျှသော အရေအတွက် ရှိသည်။ ဓားတစ်ခုချင်းစီ၏ အရွယ်အစားက သာမန် လူတစ်ယောက်၏ ခန္ဓာကိုယ်ခန့် ရှိသည်။
ထိုသုံးထောင်သော ဓားများက ကောင်းကင်သို့ ပျံတက်ကာ ဓားအစီအရင် တစ်ခုကို အသက်သွင်းသည်။
"ဒီဓား အစီအရင်က ပင်လယ်ရေနဲ့ ဖန်တီးထားပြီးတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်ထားတယ် ... သူ့ နာမည်က မဟာ အနန္တ ဓားဝင်္ကပါတဲ့ ..."
လင်းရှု့မင်သည် မြေကမ္ဘာ နတ်ဘုရား၏ စွမ်းအားကို ပိုင်ဆိုင်ထားသည့်တိုင် ဓားဝင်္ကပါကို ဆင့်ခေါပြီးနောက် အသက်ရှူသံများ လေးလံ နေခဲ့ပြီ ဖြစ်သည်။ သူ၏ ဆံပင်များပင်လျှင် နက်မှောင်ခြင်းများ တဖြည်းဖြည်း လျော့နည်း လာခဲ့တော့ပြီ ဖြစ်သည်။
"သွား ..."
လင်းရှု့မင်က လက်ညှိုးထိုးရာ ဓားများစွာက ချန်းဖန်ဆီသို့ တိုးဝင်ကြ၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ချန်းဖန်ကား ထိုတိုက်ခိုက်မှု အလယ်တွင် မတုန်မလှုပ်သာ ရှိနေသေးသည်။ သူက ဓားကိုးချောင်းကို ထိန်းချုပ်ကာ ခန္ဓာကိုယ် တစ်ဝိုက်၌ စက်ဝိုင်း သဏ္ဌာန် လှည့်ပတ်စေသည်။ ရေခဲဓားများသည် ဓားကိုးချောင်းကို ကျော်ဖြတ်ရန် ကြိုးစားသော်လည်း အသုံးမဝင်ကြချေ။
ဓားပျံကိုးချောင်းသည် ချန်းဖန်၏ အမတေ ဖြည့်တင်းခြင်း ဓားပျံလောက် အစွမ်း မထက်သည့်တိုင် ရေခဲဓားများနှင့် ယှဉ်လျှင်သာ အဆများစွာ ပိုမို အစွမ်းထက်၏။ ထိုဓားများကား နတ်ဘုရား စွမ်းအားများထက်ပင် အားနည်းခြင်း မရှိချေ။
"နိုးထ ..."
ချန်းဖန်က ဓားများ၏ ဝန်းရံမှုတွင်ပင် ကောင်းကင်သို့ ပျံတက်သည်။ သူက မဟာ အနန္တဓား ဝင်္ကပါ၏ တိုက်ခိုက်မှုကို လျစ်လျူကာ လင်းရှု့မင်ဆီသို့ တိုးဝင်၏။
များစွာသော လူများသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အ နေကြပြီ ဖြစ်သည်။ ချန်းပေ့ရွှမ်းကား လွန်ခဲ့သည့် နှစ်ထောင်ချီက ဓားလျှို့ဝှက်ချက် ရောက်ခဲ့သော အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်နိုင်သည်။
အနန္တဓား ဝင်္ကပါ အသုံးမဝင်သည့်တိုင် လင်းရှု့မင်၏ မျက်နှာ၌ အပြုံးတစ်ခု ရှိနေဆဲပင်။
"ဘုန်း ..."
ရုတ်တရက် များစွာသော အဖြူရောင် ရောင်စဉ်များ လင်းရှု့မင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။ ထို ရောင်စဉ်များ၏ ထွက်ပေါ်လာမှုတွင် လင်းရှု့မင်၏ ဆံပင်များကား ဆွတ်ဆွတ်ဖြူသည်။
အခြေအနေများ ဆိုးရွားနေသည့်တိုင် လင်းရှု့မင်က အော်ဟစ် ရယ်မောလိုက်၏။
"ငါ ဒီကျင့်စဉ်ကို နှစ်ခြောက်ဆယ် လုံးလုံး သန့်စင်ခဲ့တယ် ... အဲဒါကို ဒီနေ့တော့ ထုတ်ပြီး အသုံးပြုရတော့မှာပေါ့ ... ချန်းပေ့ရွှမ်း ... ဒါကို ခုခံစမ်း ..."
သူ၏ စကား မဆုံးခင်မှာပင် အစွမ်းထက်သော ဓားချီက ကောင်းကင်သို့ တက်ကာ အမှောင် တိမ်တိုက်ဆီသို့ တိုးဝင်၏။
***