အရှက်မရှိတဲ့ ယွီဟွေးဖေး
Vol. 4 Ch. 47
ဖိန်ကောရဲ့ မည်းသည်းနေတဲ့မျက်နှာနဲ့ တစ်ဖက်လူကတိပေးထားတဲ့ အကျိုးအမြတ်တွေကိုစဉ်းစားမိတော့ သူစိတ်လောသွားပြီး အမြန်လိုက်လာကာ ပြုံးပြတော့သည်။
“သူဌေးယွီ... သူဌေးယွီ... စကားကောင်းကောင်းပြောကြရအောင်လေ။ ဒါမှမဟုတ်... ခင်ဗျားကြည့်... ခင်ဗျား ခဏစောင့်ပါလား။ ကျုပ်အပေါ်တက်ပြီး အစ်ကိုကြီးကို သွားပြောလိုက်မယ်”
ယွီဟွေးဖေးက တကယ်ထွက်သွားချင်တာမဟုတ်ဘူး။ တစ်ဖက်လူက အရှုံးပေးတာကိုမြင်တော့ ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“သွားလေ”
ဒါကိုကြားတော့ ကြက်မွေးလူမိုက်က ပျော်ရွှင်စွာနဲ့ ပြေးသွား၏။ ပိုက်ဝူချန်က တစ်ဖက်လူကိုတစ်ချက်ကြည့်ပြီး ယွီဟွေးဖေးကို မေးသည်။
“ဒါ... အလကားသက်သက် အချောင်အရိုက်ခံရတာလား” ပိုက်ဝူချန်က တစ်ဖက်လူကိုတစ်ချက်ကြည့်ပြီး ယွီဟွေးဖေးကို မေးသည်။
“ဒါကို လူရိုက်ပညာလို့ခေါ်တယ်” ယွီဟွေးဖေးကခေါင်းညိတ်ရင်း ပြန်ဖြေ၏။ မကြာခင်မှာပဲ ကြက်မွေးလူမိုက်က ဖိန်ကောနဲ့အတူ ဆင်းလာသည်။
ဖိန်ကောက အရင်ဆုံးထွက်မလာရဲဘူး။ အထဲမှာရပ်ပြီး ပြတင်းပေါက်ကနေ ယွီဟွေးဖေးဘေးလူက နွားခေါင်းမဟုတ်မှန်း သေချာတော့မှ သက်ပြင်းချပြီးထွက်လာတာ။ သိသာတယ်... ဒီကောင်က နွားခေါင်းရိုက်တာကိုကြောက်နေတာပဲ။
“သူဌေးယွီကိစ္စကို ကျုပ်သိပြီးပြီ။ အတွင်းကို ကြွပါခင်ဗျာ” ဖိန်ကောက ယွီဟွေးဖေးကိုမြင်တော့ မျက်နှာနည်းနည်း ရှက်ရမ်းရမ်းဖြစ်နေ၏။ ဘာပဲဖြစ်ဖြစ်... သူယွီဟွေးဖေးဆီက အနည်းနဲ့အများတော့အနိုင်ကျင့်ခံခဲ့ရတာကိုး။
အပေါ်ထပ်ရောက်တော့ ယွီဟွေးဖေးက စင်္ကြံမှာခြေလှမ်းအနည်းငယ်အကွာတိုင်း လူမိုက်တစ်ယောက်ရပ်နေတာကို တွေ့လိုက်ရတယ်။ တကယ်တော့ သူတို့ကိုလူမိုက်လို့ပြောရတာက သူတို့ရဲ့ဝတ်စားဆင်ယင်မှု အရမ်းထူးဆန်းလို့။ ဒါပေမဲ့ ယွီဟွေးဖေးက သေချာသိတယ်။ ဒီကောင်တွေက တိတိကျကျပြောရရင် အတိုးကြီးကြီးနဲ့ ငွေချေးကုမ္ပဏီကလုံခြုံရေးတွေပဲ။ အဆင့်မြင့် လက်မည်းသမားတွေလည်း ဖြစ်တယ်။
ပြီးတော့ စင်္ကြံထဲက ဒီအုပ်စုဟာ အပြင်ကအုပ်စုထက် အဆင့်အတန်း ပိုမြင့်ပုံပဲ။ တစ်ယောက်ချင်းစီက ဆင်တူဝတ်စုံဝတ်ထားကြတယ်။ ခေါင်းပေါ်ကကြက်မွေးတံလို ဖြစ်နေတာကလွဲရင် တခြားနေရာတွေက ကြည့်ရတာမဆိုးဘူး။
အဲ့ဒီအချိန်မှာ ကြက်မွေးတံတစ်ကောင်ရဲ့ ဆေးလိပ်ပြုတ်ကျသွားတော့ သူကုန်းကောက်လိုက်ချိန် ဗြိဆိုတဲ့အသံနဲ့ ဘောင်းဘီဂွက တန်းပြဲသွားပါလေကော။
“ဖိန်ကော... ခင်ဗျားတို့ကုမ္ပဏီနောက်တစ်ခါအလုပ်ဝတ်စုံမှာတဲ့အခါကျရင် ရှေးဟောင်းမြို့ဈေးကြီးကိုမသွားနဲ့တော့” ယွီဟွေးဖေးက နားထင်ကိုနှိပ်နယ်ပြီးပြောလိုက်၏။
ဖိန်ကောလည်း ဒီစကားကြားတော့ မျက်နှာတစ်ခုလုံးနီရဲသွားပြီး အဲ့ဒီတပည့်ကိုကန်လိုက်သည်။
“ထွက်သွားစမ်း”
ဗြိးးး
ဖိန်ကောရဲ့ဘောင်းဘီဂွက အသံမြည်သွားတော့
ယွီဟွေးဖေးလည်း ပြုံးစိစိနဲ့ သူ့ကိုကြည့်ပြီးမေးတော့တာပဲ။
“ဆောင်းဦးရာသီရောက်ပြီ... ငှက်ကလေးကို လေစိမ်းမမိစေနဲ့တော့... နွေးနွေးထွေးထွေးနေ”
“မင်းဘာသာမင်းသွားတော့... ငါအပေါ့သွားလိုက်ဦးမယ်” ဖိန်ကောက မိုးကောင်းကင်အမည်ရှိအခန်းကို လက်ညှိုးထိုးပြပြီး နောက်လှည့်ရင်း ညည်းညူနေ၏။
“ငါပြောသားပဲ... ဒါကိုမဝတ်သင့်ဘူးလို့...”
တံခါးထဲဝင်သွားတော့ ယွီဟွေးဖေးက စားပွဲကြီးတစ်လုံးဘေးမှာ လူဆယ်ယောက်ကျော်ဝိုင်းထိုင်နေတာကိုတွေ့လိုက်ရတယ်။ ဒီလူတွေထဲမှာ ခုနစ်ယောက်ရှစ်ယောက်က ခေါင်းပြောင်ကြီးတွေ... ဆံပင်ရှိတဲ့သူတွေနဲ့ တစ်ဝက်စီလောက်ပေါ့။ တစ်ယောက်ချင်းစီက လက်မလောက်တုတ်တဲ့ ရွှေဆွဲကြိုးကြီးတွေကိုလည်ပင်းမှာဆွဲထားကြတာ ခွေးလည်ပတ်ကြီးကျနေတာပဲ။ နဂါး၊ ကျား တက်တူးအပြည့်နဲ့ဆိုတော့ တစ်ယောက်ချင်းစီက ကျားသစ် ကျားမလိုပဲ။ မျက်လုံးတွေကတော့ တစ်ယောက်ထက်တစ်ယောက်ပိုပြီးကြမ်းတမ်းစွာနဲ့ ယွီဟွေးဖေးကိုစိုက်ကြည့်နေကြ၏။
အဲ့ဒီခံစားချက်က... အင်း... တကယ်ကို လူမိုက်ဂိုဏ်းလိုပဲဟ။ ဒါပေမဲ့ ယွီဟွေးဖေးက ရင်းနှီးတဲ့ကောင်တစ်ကောင်ကို တွေ့လိုက်ရတယ်။ ဒါကတခြားသူမဟုတ်ဘူး... ဝတုတ်ရှောင်းပဲ။ ဝတုတ်ရှောင်းက ယွီဟွေးဖေးကိုမြင်တော့ မျက်နှာနီသွားပြီး ခေါင်းငုံ့ရင်း ဘာမှမပြောဘူး။ ဒါပေမဲ့ ယွီဟွေးဖေးရဲ့ဖုန်းကတုန်သွားတယ်။ ယွီဟွေးဖေးကမရှောင်ဘဲ ချက်ချင်း ဖုန်းကိုကောက်ကြည့်လိုက်တော့ ဝတုတ်ရှောင်းပို့လိုက်တဲ့ WeChat ပဲ။
“အစ်ကိုကြီးတို့က ယာယီမိတ်ကပ်လိမ်းပြီး ဟန်ဆောင်နေရတာမို့ နားလည်ပေးပါ”
ယွီဟွေးဖေး ချက်ချင်းသဘောပေါက်သွားပြီ။ မျက်စိရှေ့ကဒီကောင်တွေက လူမိုက်ဂိုဏ်းမဟုတ်ဘူး... အကုန်လုံးကသရုပ်ဆောင်တွေ။ ယွီဟွေးဖေးက လူသန်ကြီးတစ်ယောက်ရဲ့ပခုံးပေါ်မှာယင်ကောင်တစ်ကောင်နားနေတာကိုတောင် မြင်လိုက်ရတယ်။ သူကလက်ဝှေ့ယမ်းပြီး တစ်ချက်ရိုက်လိုက်တော့
ဘုန်းဆိုတဲ့အသံနဲ့ ပခုံးပေါ်မှာတက်တူးထိုးထားတဲ့နဂါးက တန်းပြီးအမြီးထောင်သွားကော။
ဟိုက်ရှားဘား... ဒါက ကပ်ထားတာပဲဟ။
ယွီဟွေးဖေးကို များများကြောင်အခွင့်မပေးခင်မှာ... အပေါ်ဆုံးနေရာမှာထိုင်နေတဲ့ အရပ်၁.၇မီတာမပြည့်တပြည့် အမျိုးသားတစ်ယောက်က စားပွဲကိုခေါက်ပြီး အသံကိုဆွဲကာပြောလိုက်၏။
“သူ... ဌေး... ယွီ...”
ယွီဟွေးဖေးကလည်း အားမနာဘဲ သူ့ရှေ့ကိုတန်းလျှောက်သွားပြီး ထိုင်ခုံတစ်လုံးဆွဲပြီးထိုင်ချလိုက်တယ်။ ပြီးတော့ ဘေးကဝတုတ်ရှောင်းကိုမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်လိုက်၏။
“ဖယ်စမ်း... ငါ့ညီထိုင်စရာနေရာမရှိတော့ဘူး”
ဝတုတ်ရှောင်းက ကြောက်လန့်ပြီး သတ္တိမရှိတော့ဘူး။ ချက်ချင်း အလိုလိုထပြီး နေရာဖယ်ပေးလိုက်တော့ တစ်ခန်းလုံးတိတ်ဆိတ်သွားတယ်။ ဝတုတ်ရှောင်းလည်း မျက်နှာမှာချွေးစေးတွေပြန်လာပြီး ကိုကြီးခွေးကို အရှက်ရစေမှန်းသိလိုက်ပြီ။
ဒါကြောင့် ခြောက်ကပ်ကပ်ရယ်ပြီး “ကျုပ်... စားပွဲထိုးကို ဟင်းမှာခိုင်းလိုက်ဦးမယ်” လို့ အကြောင်းပြချက်နဲ့ပြေးထွက်သွားတော့တာပဲ။
ပိုက်ဝူချန်က သိပ်ပြီးစည်းကမ်းမရှိဘူး။ တန်းထိုင်ချလိုက်ပြီး ကိုယ်ကိုမတ်မတ်ထားလိုက်တာ လှံတစ်ချောင်းလိုပဲ။ ပြီးတော့ သူကလက်လှမ်းပြီးဘေးကလူသန်ကြီးတစ်ယောက်ရဲ့မဖွင့်ရသေးတဲ့ ပန်းကန်ခွက်တွေကိုယူလိုက်တော့ အဲ့ဒီလူသန်ကြီးက ကြည့်ပြီး မျက်လုံးပြူးသွားကော။
ဘုန်း...
ယွီဟွေးဖေးက စားပွဲကိုရိုက်လိုက်တော့ အဲ့ဒီလူသန်ကြီးလန့်ပြီးတုန်သွားတယ်။ မျက်စိရှေ့ကလက်ဖက်ရည် ဘောင်းဘီပေါ်ဖိတ်ကျသွားပြီး အမြန်ငုံ့ပြီးသုတ်နေရလေရဲ့။ ယွီဟွေးဖေးကတော့ ထပြီးလက်ဖက်ရည်ခွက်ကိုမြှောက်ကာ ပြောလိုက်၏။
“ခွေးသူဌေး... အပိုစကားတွေမပြောတော့ဘူး... ဘယ်တော့ ဟင်းပွဲချမှာလဲ”
ဖွီး...
ဟန်ဆောင်ပြီး လက်ဖက်ရည်သောက်နေတဲ့ လူတော်တော်များများ နေရာမှာတင် ပန်းထွက်ကုန်ကော။ နောက်ထပ်နှစ်ယောက်ကတော့ နင်ပြီးသေတော့မလို ဖြစ်သွားတယ်။ ကိုခွေးလည်း စကားမပြောနိုင်တော့ဘူး။ လောကမှာ ဒီလောက်နှစ်တွေကြာအောင်နေလာတာ ယွီဟွေးဖေးလိုအဖွင့်စကားမျိုးတစ်ခါမှမကြားဖူးဘူး။
သောက်ကျိုးနည်း... စားပွဲရိုက်လိုက်တော့ သူကယွီဟွေးဖေး ပြဿနာရှာတော့မယ်လို့ ထင်နေတာ။ ထဖိုက်ဖို့တောင်ပြင်ဆင်ပြီးပြီ။ ဒါပေမဲ့ ဘယ်တော့ဟင်းပွဲးချမလဲလို့မေးတာကြီးက... အင်း... ဒီကောင် ငတ်ပြတ်ပြီး ပြန်ဝင်စားတာများလား။ ထမင်းမစားဖူးဘူးလား။ ဒီနေ့မင်းကိုခေါ်လာတာက ထမင်းစားဖို့လား။
ကိုခွေးက စိတ်ကိုငြိမ်အောင်ထိန်းပြီး တည်ငြိမ်စွာနဲ့ယွီဟွေးဖေးကိုကြည့်ကာ ပြောလိုက်သည်။
“သူဌေးယွီ... ခဏစောင့်ပါ... ခဏနေရ စားရတော့မှာပါ။ ဒါပေမဲ့... အကြွေးရှိရင်ပြန်ဆပ်ရတာ လောကနိယာမပဲ... ငါတို့အကြွေးအကြောင်းပြောကြရအောင်”
ယွီဟွေးဖေးလည်း ထိုင်ချပြီး ရယ်ကာပြောလိုက်၏။
“မလောပါနဲ့... အရင်ထမင်းစားကြရအောင်”
ကိုခွေးက ရင်ဘတ်ထဲမှာအောင့်သက်သက်ဖြစ်သွားတယ်။ ဒီနေ့ကစေ့စပ်ညှိနှိုင်းဖို့လာတာ... ဒီကောင်ကမျက်လုံးထဲမှာ ဟင်းပွဲပဲရှိနေတယ်။ သူခံစားရတာက သူ့လူမိုက်ဂိုဏ်းခေါင်းဆောင်ရာထူးက ဒီငမိုက်သားမျက်လုံးထဲမှာ အဲ့ဒီဟင်းပွဲတွေလောက်တောင် အဆင့်မရှိဘူးလား။
တကယ်တော့ ယွီဟွေးဖေးလည်း အဲ့လိုပဲစဉ်းစားနေတာ။ မင်းဘာအစ်ကိုကြီးလဲ... မင်းကရိုက်မှာလား၊ ပြောမှာလား... ငါအရင်မင်းဆီက စားပြီးမှပြောမယ်။
နောက်ဆုံးဘာအဖြေပဲဖြစ်ဖြစ်... သူကအမြတ်ပဲ။
ကိုခွေးက ချောင်းတစ်ချက်ဟန့်ပြီးပြောလိုက်၏။
“ဒါ... ကောင်းပြီလေ”
အဲ့ဒီအချိန်မှာ စားပွဲထိုးက ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲယူလာတယ်။ ယွီဟွေးဖေး ဘာမှမတုံ့ပြန်ခင်မှာပဲ ပိုက်ဝူချန်က အရင်ပွစိပွစိ စပါလေကော။
“သေစမ်း... အသီးအရွက်တွေချည်းပဲလား။ အသားရော ဘယ်မှာလဲ”
ကိုခွေးက ဒီစကားကြားတော့ မျက်နှာနီသွား၏။ သူမရှင်းပြခင်မှာပဲ ယွီဟွေးဖေးကတန်းပြောလိုက်သည်။
“စားပွဲထိုး... ခင်ဗျားတို့ဆိုင်က နာမည်ကြီးငါးဟင်းတစ်အိုးလာခဲ့။ ငါးခူယူနော်... ရှစ်ပေါင် ဆယ်ပေါင်လောက်ဆိုရပြီ... အရမ်းကြီးစရာမလိုဘူး။ နောက်ပြီး... ဝက်သားချိုချဉ်ကြော်တစ်ပွဲ... ဘဲခေါင်းခြောက်စပ်ကြော်... ဝက်သားပေါင်း... ပုစဉ်းရင်ကွဲခြောက်ကြော်... ခွေးသားဆုတ်ကြော် ဘာညာအကုန်တစ်ပွဲစီလာခဲ့”
“ဟုတ်သားပဲ... ခွေးသားအချဉ်ရည်က အကြီးစားယူ”
ဒီစကားကြားတော့ စားပွဲထိုးတောင်ကြောင်သွားပြီး ခေါင်းမော့ကာ ကိုခွေးကိုကြည့်လိုက်၏။ အော်ဒါတင်လိုက်ရမလားလို့ မေးနေသလိုပဲ။ ယွီဟွေးဖေးလည်း ပြန်ကြည့်လိုက်သည်။
“ကိုခွေးကော ဘယ်လိုလဲ။ ခင်ဗျားတို့လို ဂိုဏ်းစတားကြီးတွေ ဒီမှာရှိနေတာ အသားတစ်စက်မှမစားဘူးလား”
ကိုခွေးက ချောင်းတစ်ချက်ဟန့်ပြီး ပြနါပြော၏။
“မ... မဟုတ်ဘူး... အဓိကက... ဒီဟာ... အသက်ကြီးလာတော့... အသည်းအဆီဖုံးတာဘာညာ... ဝိတ်ချနေတာ”
ဒါကိုကြားတော့ ယွီဟွေးဖေးက စားပွဲကိုရိုက်ချပစ်သည်။
“ဒါဆိုအရမ်းကောင်းတာပေါ့။ ငါးအသားက ဝိတ်မတက်ဘူး... ကြိုက်သလောက်စား။ တခြားအသားတွေကိုတော့ ခင်ဗျားတို့မထိနဲ့။ ကျုပ်အကုန်စားမယ်”
ဒီစကားကြားတော့ လူတွေကထပ်ပြီးစကားမပြောနိုင်တော့ဘူး။ ကိုခွေးကတော့ မျက်ခုံးတွေတောင် ထုံးဖွဲ့သွားပြီ။ သူဒီအသက်တောင်ရောက်နေပြီ ဒီလောက်မျက်နှာပြောင်တဲ့လူတစ်ခါမှမမြင်ဖူးဘူး။
Ps… ပိုက်ဝူချန်နဲ့ ဟိတ်ဝူချန်ကို နောက်ပိုင်း သရဲဖြူ သရဲနက်လို့ပဲ သုံးလိုက်ပါတော့မယ်ဗျ။