← Chapters

ဟင်းပွဲမှာလိုက်၊ စားပွဲပါလှန်ပစ်လိုက်

Vol. 4 Ch. 48

ဟင်းပွဲမှာလိုက်၊ စားပွဲပါလှန်ပစ်လိုက်

Vol. 4 Ch. 48

ဒါက အကြွေးလာတောင်းတာပါဟေ့၊ ဘာကောင်မှန်းမသိတဲ့ကောင်တွေကို ထမင်းဖိတ်ကျွေးဖို့ မဟုတ်ဘူး။ ဘာဟင်းတွေ လာမှာခိုင်းနေတာတုန်း။ ပြီးတော့ ဒီဆိုင်က ဟင်းပွဲတွေရဲ့ဈေးကလည်း မိုးထိုးနေတာဟ။

ယွီဟွေးဖေးက ကိုခွေးရဲ့ မျက်နှာကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

“ကိုခွေး... ခင်ဗျားတော့ မကျွေးနိုင်တာတော့ မဟုတ်ပါဘူးနော်”

ဒီစကားကြားတော့ ကိုခွေးတစ်ယောက် မျက်နှာပူပေမယ့် အရှက်ကွဲမခံနိုင်ဘူးလေ။ ဒါနဲ့ အံကြိတ်၊ ခြေစောင့်ပြီး အော်လိုက်တယ်။

“ဟေ့ကောင်... ဟင်းပွဲချ”

စားပွဲထိုးလေးကလည်း ခေါင်းလေးငြိမ့်ပြီး အမြန်ပြေးထွက်သွားတော့တယ်။

“အဟမ်း... ကျွန်တော် အိမ်သာတစ်ချက်လောက် သွားဦးမယ်ဗျာ” ယွီဟွေးဖေးက ပြောပြောဆိုဆို ထထွက်သွားလေရဲ့။ ဘေးက သရဲဖြူကတော့ မနေနိုင်မထိုင်နိုင် လှမ်းမေးတယ်။

“မင်းက ဒီလာခါနီးကမှ အပေါ့သွားပြီးပြီ မဟုတ်လားဟ”

ယွီဟွေးဖေးကတော့ မျက်နှာပြောင်ပြောင်နဲ့ ပြန်ပြောတယ်။

“ဒီလိုအခွင့်အရေးမျိုးက တစ်သက်မှာတစ်ခါ၊ တစ်ခါမှာတစ်သက်ဗျ။ အထဲမှာရှိတာတွေ အကုန်ရှင်းထုတ်ထားမှ တော်ကြာစားလို့များများဝင်မှာပေါ့”

“ဒါဆို ငါလည်းလိုက်မယ်” သရဲဖြူကလည်း ချက်ချင်းထပြီး နောက်ကလိုက်သွားပါလေရော။ ကျန်ခဲ့တဲ့ လူမိုက်တစ်သိုက်မှာတော့ ကြက်သေသေပြီး နားထင်ကနေ ချွေးတွေ တဒီးဒီးကျလို့ပေါ့။ ဒါ ဘယ်လို သောက်ပေါတွေလဲ။

တချို့ဆို ကိုခွေးကိုတောင် “သူဌေး... ဒီကောင်က ဒီလောက်မွဲပြာကျနေတာ၊ ခင်ဗျားပိုက်ဆံ ပြန်ဆပ်နိုင်ပါ့မလား သေချာလို့လား” ဆိုတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်နေကြပြီ။

ကိုခွေးမှာတော့ ခေါင်းလေးငုံ့၊ မျက်ခုံးမွှေးတွေကို လက်နဲ့ဖိညှစ်ရင်း အတွေးနယ်ချဲ့နေတော့တယ်။ ယွီဟွေးဖေးလို ကပ်သီးကပ်သတ်နိုင်တဲ့ ကောင်မျိုးနဲ့တွေ့မှ သူလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ဘူး ဖြစ်နေပြီ။

ယွီဟွေးဖေးတစ်ယောက် အိမ်သာထဲမှာ နာရီဝက်လောက် ပျောက်သွားပြီး ပြန်ရောက်လာတော့ စားပွဲပေါ်မှာ ဟင်းပွဲတွေတောင် စရောက်နေပြီ။ အားလုံးရဲ့စိတ်ထဲမှာတော့ ဒီကောင် အိမ်သာထဲကနေ စားပွဲထိုးလာတာကို ချောင်းကြည့်နေပြီးမှ ထွက်လာတာလို့ တွေးနေကြတယ်။

ယွီဟွေးဖေးက ခုံမှာဝင်ထိုင်ပြီး လက်ဆေးထားတဲ့ လက်ကို လေထဲမှာ ဝှေ့ယမ်းပြီးခါလိုက်တော့ ရေစက်တွေက ဟိုတစ်စ ဒီတစ်စ။ သူ့ဘေးနားက လူမိုက်တစ်ယောက်ဆို ခုံကိုမပြီး နေရာပြောင်းထိုင်သွားရတယ်။

ယွီဟွေးဖေးကတော့ နေရာလေးနည်းနည်းရွှေ့၊ ခြေလေးဆင်းပြီး မျက်နှာကြီးဖြီးလို့။

“အင်း... နေရာကျယ်သွားမှပဲ နေလို့ထိုင်လို့ ကောင်းတော့တယ်”

တစ်ဖက်က လူတွေမှာတော့ ဝမ်းချုပ်ထားတဲ့ရုပ်တွေနဲ့ ဒေါသထွက်လွန်းလို့ သွားတွေတောင် တဂတ်ဂတ် ရိုက်နေကြပြီ။

“ကဲ... ညီအစ်ကိုတို့ ဒီတိုင်းကြီးကြည့်မနေကြနဲ့လေ။ ခင်ဗျားတို့အတွက်မှာထားတဲ့ အသီးအရွက်တွေ ရောက်ပြီ၊ မြန်မြန်စားကြ။

“ငါ့ညီ... မင်းက အသားကြိုက်တယ်မလား။ စား... စား... ဒီဘဲခေါင်းကင်က ရှယ်ပဲ။ ငါးကတော့ ပြောမနေနဲ့တော့... အလန်းစား”

လူမိုက်တစ်ယောက်ကတော့ သည်းမခံနိုင်တော့ဘဲ မေးလိုက်၏။

“သူဌေးယွီ... ဆယ်ပေါင်တောင်ရှိတဲ့ ငါးကြီးကို ခင်ဗျားတစ်ယောက်တည်း အကုန်စားနိုင်လို့လား”

“စိတ်မပူပါနဲ့ဗျာ။ စားမကုန်ရင် ပါဆယ်ထုပ်သွားလို့ရပါတယ်”

လူတွေအားလုံးစိတ်ထဲမှာတော့ “ *@#$& မျက်နှာပြောင်တိုက်ပြီး သောက်ရှက်မရှိတဲ့ကောင်... *******”

တချို့ဆို ဓားမကြီးကိုထုတ် ဒီမလောက်လေးမလောက်စားကို တစ်ပိုင်းချင်း ခုတ်ပစ်လိုက်ချင်စိတ်တွေ တဖွားဖွားပေါ်နေပြီ။ ကိုခွေးက စကားစဖို့ ပါးစပ်ဟလိုက်တော့ ယွီဟွေးဖေးက လက်ကာပြလိုက်သည်။

“စားနေတုန်း စကားမပြောရဘူးလေဗျာ။ ဒါမှ ယဉ်ကျေးရာကျမှာပေါ့။ မဟုတ်ရင် ကျွန်တော်တို့အားလုံး အောက်တန်းစားတွေ ဖြစ်ကုန်မှာပေါ့”

ကိုခွေးတစ်ယောက် ဟထားတဲ့ပါးစပ်ကို ပြန်ပိတ်လိုက်ရပြန်ရော။ အဲ့ဒီအချိန်မှာ စားပွဲထိုးမလေးတစ်ယောက် အခန်းထဲဝင်လာပြီး မြင်ကွင်းကိုကြည့်ပြီး ကြောင်ငေးသွားတယ်။ သူ စားပွဲထိုးသက်တမ်းတစ်လျှောက်မှာ ဒီလိုထူးဆန်းတဲ့ မြင်ကွင်းမျိုး တစ်ခါမှမကြုံဖူးဘူး။

တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေ၊ ခေါင်းပြောင်တွေနဲ့ လူထွားကြီးတစ်သိုက်က စိတ်မပါ့တပါနဲ့ ဟင်းသီးဟင်းရွက်၊ မုန်လာဥ၊ သခွားသီးတွေကို ပါးစပ်ထဲ အတင်းသိပ်ထည့်နေကြတယ်။ ပြီးတော့ သူတို့ရှေ့က လူငယ်နှစ်ယောက်ကို သူတို့စားနေတာ ဟင်းမဟုတ်ဘဲ အဲ့ဒီကောင်တွေရဲ့အသားကို ဝါးနေသလိုမျိုး မျက်လုံးကြီးပြူးပြီး စိုက်ကြည့်နေကြကောပဲ။

တစ်ဖက်က လူငယ်နှစ်ယောက်ကတော့ ဘာမှမဖြစ်သလို၊ အရက်လေးမြည်း၊ အသားငါးတွေကို အားရပါးရစားရင်း ပျော်လို့ရွှင်လို့။

ခေါင်းပြောင်လူထွားကြီးတစ်ယောက်က သည်းမခံနိုင်တော့ဘဲ စားပွဲထိုးမလေးကို မျက်လုံးပြူးပြီး အော်လိုက်သည်။

“ဟေ့ကောင်မ... ဘာကြည့်နေတာလဲ”

စားပွဲထိုးမလေးက မလုံမလဲရယ်ပြပြီး အခန်းထဲက ပြန်ထွက်သွားပြီး ခဏနေတော့ တံခါးပြန်ပွင့်လာပြန်ရော။ ကိုခွေးလည်း ဒေါသထွက်ပြီး အော်တော့တယ်။

“ဝင်လိုက်ထွက်လိုက်နဲ့... ဒီနေရာကို မင်းတို့အိမ်က တံခါးမကြီးများ မှတ်နေလား”

ဝင်လာတဲ့ ဖိန်ကောက ကိုခွေးကိုကြည့်၊ ပြီးတော့ ထူးဆန်းနေတဲ့ အခြေအနေကိုကြည့်ပြီး တံတွေးတစ်ချက်မျိုချကာ မေးလိုက်တယ်။

“ကိုခွေး... ဒီ... ဒီလိုဆို ကျွန်တော် အပြင်ပြန်ထွက်နေလိုက်ရမလား”

“ထွက်သွားစမ်း” ကိုခွေးက သူ့ဒေါသတွေကို ဘယ်သူ့ပေါ်ပုံချရမှန်းမသိဖြစ်နေတုန်း ကိုယ့်လူဝင်လာတော့ အခွင့်ကောင်းယူပြီး ပေါက်ကွဲထည့်လိုက်တော့တာပဲ။ ဖိန်ကောလည်း ဘာမှမတတ်နိုင်ဘဲ ခေါင်းလေးငုံ့ပြီး ပြန်ထွက်သွားရရှာတယ်။

“သူဌေးယွီ... ကျွန်တော်တို့ ပြောစရာရှိတာလေး ဆက်ပြောကြရအောင်ဗျာ” ကိုခွေးက မနေနိုင်တော့ဘူး။ ယွီဟွေးဖေးက သူ့ကိုတစ်ချက်ကြည့်ပြီး ပြုံးစိစိနဲ့ ေပြာလိုက်တယ်။

“ခဏလေးစောင့်ပါဗျာ။ စားလို့တောင် ပြီးတော့မှာပဲကို”

ကိုခွေးက အံကြိတ်လိုက်၏။ “အကြွေးရှိရင်ပြန်ဆပ်ရမယ်။ ဒါက ကမ္ဘာဦးအစကတည်းက နိယာမပဲ။ သူဌေးယွီ... ခင်ဗျား ဘယ်တော့ပြန်ဆပ်မှာလဲ။ ပိုက်ဆံမရှိဘူးဆိုရင်တော့ စာချုပ်ထဲကအတိုင်း ခင်ဗျားတို့ရဲ့ အိမ်နဲ့ပဲ ပေးဆပ်ရလိမ့်မယ်”

ဒီစကားကြားတော့ ယွီဟွေးဖေးက တူကို အောက်ချလိုက်ပြီ။ တကယ်တော့ ယွီဟွေးဖေးကိုယ်တိုင်လည်း မထင်ထားဘူး။ သူက ပါးစပ်ကနေ လျှောက်ပြောလိုက်တာကို ဒီလူတွေက တကယ်ကြီး သူ့ကိုထိုင်ကြည့်နေလိမ့်မယ်လို့။

“အတိုးကြီးစားတဲ့ကိစ္စကိုတော့ ကျွန်တော်ကလုံးဝအယုံအကြည်မရှိဘူးဗျ။ ဒါပေမဲ့ ခင်ဗျားဆီက ချေးထားတဲ့ပိုက်ဆံကိုတော့ သာမန်အတိုးနှုန်းနဲ့ ကျွန်တော်ပြန်ဆပ်ပါ့မယ်။ ကျွန်တော်တို့အိမ်ကိုတော့ ခင်ဗျား စိတ်ကူးမယဉ်နေနဲ့”

ဒီစကားကြားတော့ ကိုခွေးက စားပွဲကို ဒုန်းခနဲထုပြီး မတ်တပ်ထရပ်လိုက်တယ်။

“မင်း ဘာစကားပြောတာလဲ။ အကြွေးရှောင်မလို့လား။ ငါတို့လောကရဲ့ စည်းကမ်းကို လာချိုးဖျက်ချင်တာလား”

ယွီဟွေးဖေးက မျက်လုံးတစ်ချက်လှန်ပြီး ပြန်ပြောတယ်။

“တော်စမ်းပါဗျာ... လောကစည်းကမ်း ဟုတ်လား။ ခင်ဗျားတို့လိုကောင်တွေကများ လောကသားတဲ့လား။ ခင်ဗျား ကျွန်တော့်ကို လူမိုက်လာလုပ်မနေနဲ့နော်၊ ရဲကိုဖုန်းဆက်ပြီး ခင်ဗျားတို့ကို အကုန်ဖမ်းခိုင်းလိုက်ရမလား”

ကိုခွေးတစ်ယောက် ဒေါသထွက်လွန်းလို့ မျက်လုံးတွေတောင် နီရဲလာတယ်။ သူက လူမိုက်အစစ်မှ မဟုတ်တာ။ သူက ငွေတိုးပေးတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ပဲ။ အကြွေးလိုက်တောင်းဖို့ လုံခြုံရေးဝန်ထမ်းတစ်စုနဲ့ ကျောင်းမနေဘဲ လူမိုက်လုပ်ချင်နေတဲ့ ကလေးတွေကိုစုပြီး လူမိုက်ဂိုဏ်းလို ဟန်ဆောင်ထားတာ။

ဒီလို ကြောက်စရာပုံစံနဲ့ အကြွေးတောင်းတော့ ပိုက်ဆံတော်တော်များများ ပြန်ရခဲ့တာတော့အမှန်ပဲ။ ဒါပေမဲ့ ပြဿနာက အဲ့ဒီကလေးတွေက သူတို့ကိုယ်သူတို့ လူမိုက်အစစ်တွေထင်ပြီး သူ့ကို “ကိုကြီး” တွေ “ညီလေး” တွေလုပ်၊ ပိုက်ဆံလိုတိုင်း သူ့ဆီလာတောင်းကြတော့တာပဲ။

တစ်ယောက်က ဆိုင်ဖွင့်ချင်လို့၊ တစ်ယောက်က ကောင်မလေးပိုးဖို့၊ ဒီနေ့တစ်ယောက်က မင်္ဂလာဆောင်၊ နောက်နေ့တစ်ယောက်က အဘိုးအသက်ရှစ်ဆယ်ပြည့်...

ဒီလိုနဲ့ သူ့ပိုက်ဆံအိတ်တောင် ပေါက်ထွက်တော့မယ်။ အခုလည်း ကိုခွေးတစ်ယောက် ကျားစီးဖားစီး ဖြစ်နေပြီ။ ဒီကောင်တွေမရှိရင် သူက ဘယ်လိုမှ ဩဇာမရှိ၊ အကြွေးတောင်းလို့မရ။ ဒီကောင်တွေရှိပြန်တော့လည်း သူကပဲ သူတို့အတွက် အလုပ်လုပ်ပေးနေရသလို ဖြစ်နေတယ်။ ဒါပေမဲ့ အခုတော့ ယွီဟွေးဖေးကြောင့် သူတကယ်ကို ဒေါသထွက်သွားပြီ။ ယွီဟွေးဖေးကို လက်ညှိုးထိုးပြီး အော်လိုက်တယ်။

“မင်း... မင်း... ငါ မင်းကို ဒီအခန်းထဲက အကောင်းမထွက်သွားစေရဘူး... ယုံမလား”

ဖြောင်း...

ပန်းကန်တစ်ချပ်က ကိုခွေးရဲ့မျက်နှာပေါ် တည့်တည့်ကျလာတယ်။ ဟင်းအနှစ်တွေ သူ့မျက်နှာတစ်ခုလုံး ပေကျံကုန်ရော။

ကိုခွေးတင်မကဘူး၊ ယွီဟွေးဖေးတောင် ဒီအဖြစ်အပျက်ကြောင့် လန့်သွားတယ်။ သူ သရဲဖြူကို ဘာလုပ်ဖို့ဆိုပြီး ဘာကိုမှမပြောရသေးတာလေ။ ယွီဟွေးဖေး မော့ကြည့်လိုက်တော့ သရဲဖြူက မျက်လုံးတွေနီရဲပြီး သူ့ကိုစိုက်ကြည့်နေပြီ။ ဒီမြင်ကွင်း ဘယ်မှာမြင်ဖူးသလိုလိုပါလားလို့ သူတွေးလိုက်မိပြီးတော့မှ တရားသူကြီးချွေ့ကျွယ်ရဲ့ မျက်လုံးညိုကြီးကို သွားသတိရလိုက်တယ်။

ဒါနဲ့ ယွီဟွေးဖေးတစ်ယောက် သရဲဖြူကိုတားဖို့ ပါးစပ်ထဲကထွက်တော့မယ့် စကားလုံးတွေကို အမြန်ပြန်မျိုချပြီး ခေါင်းငုံ့ကာ အသားပဲဆက်စားနေလိုက်တော့တာပဲ။

ဟမ့်... ဘာလို့တားရမှာလဲ။ တရားသူကြီးချွေ့ကျွယ်ဆိုတာ သရဲဖြူရဲ့ အထက်အရာရှိ။ ဒီကောင်က အရက်မူးလာရင် အထက်အရာရှိကိုတောင် လက်ပါတဲ့ကောင်။ သူ့လို လောကမှာ အသုံးမကျဆုံးနတ်တစ်ပါးကိုတော့ ပြောမနေနဲ့တော့။ အရက်မူးနေတဲ့ သရဲဖြူက ဘယ်သူ့ကိုမှ မှတ်မိတဲ့ကောင်မဟုတ်ဘူး။ဒီအချိန်မှာ အသံတိတ်နေပြီး ဒီကောင့်အာရုံကို ကိုယ့်ဘက်မရောက်အောင်လုပ်တာကမှ အကောင်းဆုံးနည်းလမ်းပဲ။

တခြားလူထွားကြီးတွေလည်း သတိပြန်ဝင်လာရော စားပွဲကို ဒုန်းခနဲထုပြီး မတ်တပ်ရပ်ကာ အော်ကြတော့တယ်။

“**...သား... မင်းကများ လက်ပါရဲတယ်လား”

သူတို့က သရဲဖြူကို ကြည့်ရတာ ဖြူဖြူသန့်သန့်၊ ကျောင်းစိမ်းဝတ်စုံနဲ့ဆိုတော့ ကျောင်းသားလေးတစ်ယောက်ပဲလို့ထင်ပြီး အနိုင်ကျင့်လို့လွယ်မယ် ထင်နေကြတာ။ ဒါကြောင့် တစ်ယောက်တစ်ပေါက်နဲ့ လက်မောင်းတန်းပြီး ခြိမ်းခြောက်ဖို့ပြင်ကြတော့တယ်။

ဒါပေမဲ့ သရဲဖြူက စကားတစ်ခွန်းမှမပြောဘဲ စားပွဲပေါ်က မှန်ပြားကို လက်နှစ်ဖက်နဲ့ကိုင်ပြီး... လှန်ပစ်လိုက်တယ်။

“ဟေ့... ဟေ့... ဟေ့...” ယွီဟွေးဖေးက တားချိန်တောင်မရလိုက်ဘူး။ စားပွဲပေါ်က ဟင်းပွဲတွေနဲ့အတူ မှန်ပြားတစ်ခုလုံး လန်ကျသွားတော့တယ်။ ပြီးတာနဲ့ သရဲဖြူက ဟိန်းဟောက်သံတစ်ချက်ပေးပြီး သူ့ကို မျက်လုံးပြူးကြည့်နေတဲ့ လူထွားကြီးတစ်ယောက်ရဲ့ မျက်လုံးကို လက်သီးနဲ့တည့်တည့် ထိုးချလိုက်တယ်။

ခွပ်...

“အား...” တစ်ဖက်လူက အော်ရင်းနဲ့ အောက်ကိုထိုင်ကျသွားရော။

All Chapters