ကမ္ဘာကြီး၏ ဆွံ့အမှု
Vol. 6 Ch. 532
လွန်ခဲ့သည့် နှစ်ခြောက်ဆယ် အတွင်း လင်းရှု့မင်သည် သူ၏ စိတ်၊ ခန္ဓာ၊ ဝိညာဉ် အလုံးစုံကို ကျင့်ကြံခြင်း တစ်ခုတွင်သာ မြှုပ်နှံထားခဲ့သည်။ သူသည် စက္ကန့် မလပ်မျှသော အချိန်ကို မြေကမ္ဘာ နတ်ဘုရား အဆင်သို့ တက်လှမ်းနိုင်ရန် ကြိုးစားခဲ့သည်။
သို့သော်လည်း လက်တွေ့ကား သူခန့်မှန်းသည်ထက် ပိုမို ခက်ခဲလွန်းခဲ့၏။
လင်းရှု့မင်သည် အလွန်အမင်း ပါရမီ ပါသည့်တိုင် ဉာဏ်အလင်းတွင်သာ မြေကမ္ဘာ အဆင့်သို့ ရောက်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် အခြေအနေကမူ တူညီသော အဆင့်သို့ မတက်လှမ်း နိုင်ခဲ့ချေ။
သို့သော်လည်း မည်သည့် အခါတွင်မျှ သူ အရှုံးမပေးခဲ့ချေ။ ဓားချီကို နှစ်ဆအထိ ပိုမို သန်မာလာအောင် လေ့ကျင့်ခဲ့သည်။ သူ၏ ဓားချီသည် အေးခဲခြင်း အဆင့်ကို ကျော်လွန်ကာ ခရိုင်စတယ် အလားပင် မာကျော နေခဲ့ပြီ ဖြစ်သည်။
အကယ်၍ လင်းရှု့မင်သာ အခြား ဂြိုလ်ကမ္ဘာ တစ်ခုခု၌ မွေးဖွားလာခဲ့ပါက အနည်းဆုံး ရွှေအမြုတေ အဆင့်သို့ ရောက်ရှိ နေလောက်ပြီ ဖြစ်သည်။
"ဟူး ... ဟူး ..."
အားလုံး၏ အကြည့်များ အောက်တွင်ပင် ကြည်လင်သော အလင်းတစ်ခုက လင်းရှု့မင်၏ ခန္ဓာကိုယ် အတွင်းပိုင်းမှ တိုးထွက်လာ၏။ ထိုအလင်းက သူ၏ အတွင်း ကလီစာများကို တိုက်စားကာ သူ၏ အရိုးများကိုပင် ချိုးပစ်သည်။
"ဘာလဲ ..."
ပရိသတ်များကား ဆွံ့အ သွားကြ၏။
"သူက တကယ်ပဲ တရုတ်ရဲ့ နံပါတ်တစ် ဓားသမား ဂုဏ်ပုဒ်နဲ့ လိုက်ဖက်ပါပေတယ် ..."
လီချန်းရှန့်က သက်ပြင်းတစ်ချက်ချကာ ချီးကျူးလိုက်သည်။
"လင်းရှု့မင်က နှစ်ခြောက်ဆယ် လုံးလုံး အဲဒီ တိုက်ကွက် အပေါ်မှာ ကြိုးစား လေ့ကျင့်ခဲ့ပုံပဲ ... အခု သူဖော်ထုတ်လိုက်တဲ့ စွမ်းအားက မြေကမ္ဘာအဆင့်နဲ့ ဘာမကွာတော့ဘူး ..."
ယောင်တောက်ရီက လေးပင်စွာ ဆိုလိုက်သည်။ သို့သော်လည်း သူ၏ အသံတွင် လင်းရှု့မင် အပေါ် လေးစားခြင်းများက ပြည့်နှက်နေ၏။
အဇူရာ နဂါးပင်လျှင် ထိုအလင်းကို ကြည့်ရင်း မျက်မှာပျက်နေပြီ ဖြစ်သည်။ ဗိုလ်ချုပ်ရဲ့ ပင်လျှင် ထိုအလင်းနှင့် ယှဉ်နိုင်မည်လား မသေချာပေ။
"အရမ်း ကောင်တယ်ဟေ့ ..."
ချန်းဖန်က ရန်သူ၏ အလွန် အစွမ်းထက်သော တိုက်ကွက်ကို ကြည့်၍ ချီးမွမ်းလိုက်၏။ ထို့နောက် သူက လက်တစ်ချောင်းကို ဆန့်ထုတ်ကာ တောက်လိုက်သည်။
"ပီးရှို့ နှင်းဆီ အော်ဆာရာ ..."
ဓားသုံးခုက ချန်းဖန်၏ ရှေ့တွင် ပေါ်လာခဲ့၏။ ထိုဓားများကား ဓားလျှို့ဝှက်ချက်နှင့် အတူ ကြီးကျယ်သော ဒဏ္ဍာရီကို သယ်ဆောင်ထားသည့် ဓားများဖြစ်ကြသည်။
ချန်းဖန်က လက်ချောင်းကို နောက်တစ်ကြိမ် တောက်လိုက်ပြန်သည်။
"အနီရောင်ငှက် ငန်းဖြူ လိပ်နက် ..."
"အဝါရောင်ပျိုးပန်း အဇူရာမြွေ ခရမ်းတိမ်တိုက် ..."
ဓားသုံးချောင်းချင်းစီက တြိဂံ သဏ္ဌာန် ဖွဲ့စည်းကာ ချန်းဖန်၏ ရင်ဘတ်ရှေ့၌ ရပ်တည်ကြသည်။
"အမတေ ဖြည့်တင်းခြင်း ..."
"ဘုန်း ..."
ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ အဝါရောင် ကျောက်မျက် အတွင်းမှ ရွှေရောင် အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်းက ကောင်းကင်သို့ ပျံတက်ကာ ဓားကိုးချောင်း၏ နောက်တွင် နေရာယူသည်။
"ဓား ဝင်္ကပါ ... အသက်ဝင်စမ်း ..."
ချန်းဖန်သည် လက်ချောင်းများကို ဆုပ်ကိုင်လိုက်၏။
ရုတ်တရက် ဓားဆယ်ချောင်းက မိုးကုပ်စက်ဝိုင်းတွင် ရပ်တည်ကာ ကောင်းကင်နှင့် မြေကြီးကို နှစ်ပိုင်းခွဲသည်။
"ဒီဓားအစီအရင်က ကုန်းမြေဆယ်ခုရဲ့ ဆောင်းဦး မိုးရေလို့ ခေါ်တယ် ... အဲဒါက မင်းရဲ့ ဓားကျင့်စဉ်ကို ဖျက်ဆီးပစ်လိမ့်မယ် ..."
ချန်းဖန်က လေးနက်စွာ ဆိုလိုက်သည်။
"ကြည့်ရသေးတာပေါ့ ..."
စကားဆုံးသည်နှင့် လင်းရှု့မင်က သူ၏ ခန္ဓာကိုယ်ကို ဓားချီထံ အပ်နှင်းသည်။ ချီစွမ်းအင်များက သူ၏ ဓားခန္ဓာတွင် တောက်ပကာ ပတ်ဝန်းကျင်သို့ အလင်းရောင်များ ထုတ်လွှတ်သည်။
"ဘုန်း ..."
မဟာ ဉာဏ်အလင်းဖြင့် လင်းရှု့မင်သည် သူ၏ ခန္ဓာကို တိုက်ခိုက်မှု တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုဓားချီက ကောင်းကင်တွင် လှည့်ပတ်ကာ ချန်းဖန်ဆီသို့ တိုးဝင်သည်။
"ဘုန်း ..."
အဖြူရောင် ဓားအလင်းက သုံးဆယ် မီတာခန့် ကြီးမားကာ ကောင်းကင်ရှိ ကြယ်များ၊ လများနှင့် ဆက်သွယ်သည်။ ထို့နောက် ဓားအလင်းက မရပ်တန့်နိုင်သော ဆိုင်ကလုန်း အလား ရွေ့လျား၏။
"သွား ..."
ချန်းဖန်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။
သူ၏ သုံးမီတာ ရှည်သော ရွှေရောင်ဓား ဝင်္ကပါ အလင်းက ရုတ်ခြည်းပင် လှုပ်ရှားကာ ဝင်ရောက်လာသော ဓားချီကို ရပ်တန့်သည်။
ချန်းဖန်၏ ဓားအလင်းကား လင်းရှု့မင်၏ ဓားနှင့် ယှဉ်ပါက သေးငယ်သော အမှုန်အမွှား လေးလောက်သာ ရှိသည်။
"ဘုန်း ..."
ရှေ့ဆုံး၌ ရှိသော ဓားပျံသည် ဓားချီနှင့် ရင်ဆိုင်တွေ့ရာ ဘေးသို့ လွင့်စဉ်ရ၏။
ဒုတိယမြောက် ...
တတိယမြောက် ...
သတ္တမမြောက်...
နဝမမြောက် ...
ဓားပျံ ကိုးချောင်းလုံးသည် ဘေးသို့ လွင့်စဉ်ရာ အမတေ ဖြည့်တင်းခြင်း ဓားတစ်ခုသာ ကျန်ရစ်၏။
ထိုအချိန်၌ မီတာ သုံးဆယ် ရှည်လျားသော ဓားချီကား တစ်မီတာခန့်သာ ကျန်ရှိတော့သည်။ သို့သော်လည်း ထိုအချိန်၌ အမတေ ဖြည့်တင်းခြင်း ဓားမှာမူ အားအင် အပြည့် ကျန်ရှိနေသေးသည်။
"ဘုန်း ..."
ရုတ်တရက် ကျန်ရှိနေသေးသည့် ဓားချီသည် ခရိုင်စတယ်၏ အရောင်သို့ ပြောင်းလဲသွား၏။ အကယ်၍ အနီးကပ်သာ ကြည့်ပါက ထိုကြည်လင်သော ဓားချီ အတွင်း၌ လူတစ်ဦး၏ ပုံရိပ်ကို တွေ့မြင်ရမည် ဖြစ်သည်။
"မူလ အမတေနဲ့ ဓားကို အမိန့်ပေးတယ် ... ဒါကမှ အစ်ကိုလင်းရဲ့ အစစ်အမှန် ဓားကျင့်စဉ်ပဲ ..."
လီချန်းရှန့်က အော်ဟစ်လိုက်သည်။ သူသည် တန်ခိုးရှင် ဖြစ်သည့်တိုင် တည်ငြိမ်မှုများ ကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။
လင်းရှု့မင်သည် သူ၏ အစစ်အမှန် စွမ်းအားကို နောက်ဆုံး တစ်မီတာသော ဓားချီတွင် ကိန်းဝပ်စေခဲ့သည်။ ရှေ့၌ ပျက်စီး သွားခဲ့သော ဓားချီ နှစ်ဆယ့် ကိုးမီတာက လှည့်စားမှု သက်သက်သာ ဖြစ်သည်။
"ဘုန်း ..."
လင်းရှု့မင်၏ ဓားအလင်းက အမတေ ဖြည့်တင်းခြင်းကို ခုတ်ထစ်လိုက်၏။ အမတေ ဖြည့်တင်းခြင်းဓားက နောက်သို့ ပြန်လှည့်ရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာကိုပင် ပေါက်ကွဲ စေနိုင်သည့် ဓား၏ တိုက်ခိုက်မှုတွင် ချန်းဖန်၏ အမူအရာက လေးနက်နေခဲ့ပြီ ဖြစ်သည်။ သူက ရုတ်ခြည်းပဲ ဆန်းကြယ် စွမ်းအားများကို တစ်ဆယ် မီတာအထိ ရှည်အောင် ဆန့်ထုတ်လိုက်သည်။ ဆန်းကျယ် စွမ်းအားက အဖြူရောင်ဖြင့် လင်းလက်လာကာ အဇူရာက ထိုအရာ၏ အနားကို ကွပ်သည်။
"ဘုန်း ..."
လင်းရှု့မင်၏ ဓားချီက အမတေ ဖြည့်တင်းခြင်းဓားကို ကျော်လွန်ပြီးနောက် ချန်းဖန်ထံ ဆက်လက် တိုးဝင်၏။
ချန်းဖန်က မရေအတွက်နိုင်သော အကာအကွယ် အစီအရင်များကို ပစ်လွှတ်ကာ တားဆီးသော်လည်း အသုံးမဝင်ချေ။
"ဘုန်း ..."
"ဘုန်း ..."
"ဘုန်း ..."
လင်းရှု့မင်၏ မူလ အမတေ ခိုအောင်းနေသော ဓားချီနှင့် ချန်းဖန်၏ အဇူရာ ဆန်းကြယ်စွမ်းအားတို့ ထိပ်တိုက်တွေ့ရာ ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ဖြစ်ပေါ်လာ၏။ အလင်းရောင်များ ကလည်း အဆက်မပြတ် တောက်ပကာ ပြိုးပြိုးပျက်ပျက် ကွဲထွက်ကြ၏။
အသံနှင့် အလင်းများ၏ နှောင့်ယှက်မှုတွင် လူအများကား မည်သည့် အရာကိုမျှ မမြင်နိုင် မကြားနိုင် ဖြစ်ကုန်ကြတော့သည်။ အထွတ်အထိပ်များပင် ထိုအလင်း၊ အသံများ ကြားတွင် မျက်စိကန်း၊ နားပင်း ဖြစ်ကြရသည်။
"ဘယ်သူ နိုင်သွားတာလဲ ..."
လင်းရှု့မင်သည် ချန်းပေ့ရွှမ်းကို မသတ်နိုင်လျှင်ပင် အနည်းဆုံး ဒဏ်ရာရအောင် လုပ်နိုင်မည်မှာ သေချာ၏။ မည်သို့ပင် ဆိုစေ ထိုတိုက်ကွက်ကာ သူ နှစ်ပေါင်းခြောက်ဆယ် မြှုပ်နှံထားသည့် ရလဒ် မဟုတ်ပါလား။
တန်ခိုးရှင် အဆင့်များပင် လင်းရှု့မင်၏ ဘက်မှ လောင်းကြေး ထပ်ကြသည်။ လင်းရှု့မင်၏ နောက်ဆုံး တိုက်ခိုက်မှုသည်ကား မြေကမ္ဘာ အဆင့်တွင် ရှိသည်။ တန်ခိုးရှင် အဆင့် ဆယ်ယောက် ပေါင်းလျှင်ပင် ထိုတိုက်ခိုက်မှုကို ခုခံရန် မလွယ်ကူချေ။
ပေါက်ကွဲသံများ ရပ်တန့်သွားသည်နှင့် အဖြူရောင် အလင်းတစ်ခုအား လူတိုင်း တွေ့လိုက်ရ၏။ ထိုအလင်းက မှေးမှိန်ကာ အလွန်တရာ အားနည်းနေပုံ ရသည်။
"ဘာလဲ ..."
လူတိုင်းက ထိုနေရာသို့ စူးစိုက်ကာ စိတ်ဝင်တစား ကြည့်လိုက်ကြ၏။
"ငါရှုံးသွားပြီ လင်းလန့်ယာရေ ... တောင်းပန်ပါတယ် ..."
တိုးတိတ်သော အသံတစ်ခုက အဖြူရောင် အလင်း အတွင်းမှ ထွက်ပေါ်လာသည်။
ထိုအလင်း၌ ခပ်ဖျော့ဖျော့ ပေါ်နေသော လင်းရှု့မင်၏ မျက်နှာသည်ကား အလွန်အမင်း နာကျင်နေဟန်ရကာ ရုတ်ခြည်းပင် အိုမင်းလာ၏။
"ခရက် ..."
ရုတ်တရက် အဖြူရောင် အလင်းက မရေမတွက်နိုင်သော အပိုင်းအစများ အဖြစ် ပေါက်ကွဲကာ လေထု၌ လျင်မြန်စွာ လွင့်စဉ် ပျောက်ကွယ် သွားတော့သည်။ ထိုအလင်း ပျောက်ကွယ် သွားသည်နှင့် ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော လူငယ် တစ်ယောက်၏ ပုံရိပ်က ပေါ်လာခဲ့၏။
"ဘာလဲ ..."
ထိုမြင်ကွင်းကို ကြည့်ရင်း ပရိသတ်များကား လုံးဝ ဆွံ့အ သွားကြတော့သည်။
၂၀၁၂ ဒီဇင်ဘာ ၇ ရက် ...
ချန်းပေ့ရွှမ်းသည် ဓားတန်ခိုးရှင် လင်းရှု့မင်ကို အနိုင်ယူခဲ့သည်။
ထိုသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ကမ္ဘာလုံး ဆွံ့အ သွားကြတော့သည်။
***