အာပလာကောင်
Vol. 4 Ch. 49
ပြီးတော့ သရဲဖြူက ဘေးနားက ခုံတစ်လုံးကိုဆွဲယူပြီး နောက်လူထွားကြီးတစ်ယောက်ကို ရိုက်ချလိုက်တယ်။ ပြီးတာနဲ့ စားပွဲပေါ်ခုန်တက်၊ ကိုခွေးရဲ့ကိုယ်ပေါ် ခုန်အုပ်ပြီး လက်သီးနဲ့ ဘယ်ပြန်ညာပြန် အဆက်မပြတ်ထိုးတော့တာပဲ။
“ပြော... ပြောမလား... မပြောဘူးလား... ဟမ်... ပြောလို့”
ကိုခွေးက အရိုက်ခံရလို့ မူးမသွားခင်မှာပဲ မေးခွန်းကြောင့် မူးသွားတယ်။ ဒီကောင်လေးက သူ့ကို ဘာတွေပြောခိုင်းနေတာတုန်း။ အဲ့ဒီအချိန်မှာပဲ ဖိန်ကောနဲ့ တခြားတပည့်တွေ အခန်းထဲပြေးဝင်လာပြီး အော်ကြတယ်။
“လွှတ်လိုက်... **... မင်း ငါ့ကိုကြီးကိုလွှတ်လိုက်စမ်း”
ဖိန်ကောက သရဲဖြူရဲ့ကျောကို ခြေထောက်နဲ့ကန်ချလိုက်တယ်။ သရဲဖြူက ယိုင်သွားပြီး ပါးစပ်ထဲကနေ လျှာရှည်ကြီးတစ်လစ် ထွက်ကျလာပြီး ဖိန်ကောရဲ့မျက်နှာပေါ် ဖြတ်ခနဲ သွားရိုက်မိလေရဲ့။
ယွီဟွေးဖေးလည်း ဒီမြင်ကွင်းကိုတွေ့တော့ သွားပြီ လို့ စိတ်ထဲကအော်လိုက်တယ်။ တခြားလူတွေကလည်း သရဲဖြူရဲ့လျှာရှည်ကြီးကို မြင်တော့မယ်။ ယွီဟွေးဖေးက စကားများမနေတော့ဘူး။ ပြေးပြီး အဲ့ဒီလူကို ခြေထောက်နဲ့ကန်လှဲချလိုက်တယ်။ ပြီးတော့ ခုံတစ်လုံးကို ဝှေ့ယမ်းပြီးအော်ပါလေကော။
“အားလုံး ရှေ့မတိုးနဲ့”
တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာလည်း ပေါက်ကွဲနေပြီ။ သရဲနက်က ဘာလို့မီးပိတ်ပြီး မဝင်လာသေးတာလဲ။ ဖန်ခွက်လွှတ်ချတာနဲ့ အချက်ပေးမယ်ဆိုတာကို အခုစားပွဲတောင် လှန်ပြီးနေပြီဟ။
သေချာနားစွင့်ကြည့်လိုက်တော့ အပြင်မှာ ဆူဆူညံညံနဲ့ တစ်ယောက်ယောက် အော်နေသံကြားနေရတယ်။ ဒါပေမဲ့ ယွီဟွေးဖေးမှာ အများကြီးစဉ်းစားချိန်မရှိတော့ဘူး။ တစ်ဖက်မှာ ဖိန်ကောက အော်နေပြီ။
“ဟိုလူထွားကြီးမရှိတော့ မင်းက ဘာကောင်မှတ်လို့လဲ။ ဝိုင်းသမကြစမ်း”
ကြက်မွှေးတံလိုကောင်တွေ၊ ခေါင်းပြောင်တွေ၊ ရွှေရောင်ခွေးလည်ပတ်ကြိုးကြီးတွေနဲ့ လူတစ်သိုက်က ဟေးလားဝါးလားနဲ့ ပြေးဝင်လာကြတော့တယ်။ အဲ့ဒီအချိန်မှာ သရဲဖြူလည်း နည်းနည်းပြန်လန်းလာပြီး လျှာကို အမြန်ပြန်သိမ်းလိုက်ပြီ။ ကြမ်းပြင်ပေါ်က ကိုခွေးကတော့ မျက်နှာမှာ ဟင်းအနှစ်တွေရော၊ တံတွေးတွေရော ပေကျံပြီး ပူစပ်စပ်နဲ့စပ်ဖျဉ်းဖျဉ်းဖြစ်နေတော့ မျက်လုံးတောင် ဖွင့်မရတော့ဘူး။
ဒါကိုမြင်တော့ သရဲဖြူလည်း စိတ်အေးသွားကော။ သရဲဖြူက မတ်တပ်ရပ်ပြီး ဖိန်ကောရဲ့လက်သီးကို ဘေးတစ်ချက်ယိမ်းပြီး ရှောင်လိုက်တယ်။ ပြီးတော့ တစ္ဆေတစ်ကောင်လို အခန်းထဲမှာ ခြေလှမ်းသေးသေးလေးတွေနဲ့ ဟိုရွှေ့ဒီရွှေ့လုပ်နေတော့ အခန်းထဲက လူဆယ်ယောက်ကျော်လောက်က ဝိုင်းပြီးတိုက်ခိုက်နေတာတောင် သူ့ကို မထိနိုင်ဘူး။ လက်သီးတွေ၊ ခြေထောက်တွေ၊ ပုလင်းပျံတွေအားလုံးကို သူက အေးဆေးရှောင်တိမ်းသွားတယ်။
ဒါ့အပြင် လမ်းကြုံရင် တစ်ယောက်တစ်ချက် လက်သီးနဲ့ထိုးသွားသေးတော့ အားလုံး မျက်လုံးကိုအုပ်ပြီး အော်ဟစ်နေကြရတယ်။ လူလည်ကျတဲ့ကောင်တစ်ချို့က သရဲဖြူကို မနိုင်မှန်းသိတော့ အပျော့တွေ့ အနိုင်ကျင့်ဆိုတဲ့ နိယာမအတိုင်း ယွီဟွေးဖေးဘက်ကို ဦးတည်လိုက်ကြတယ်။
ယွီဟွေးဖေးကလည်း ကြောက်မနေဘူး။ ခုံကိုလွှဲပြီး ရမ်းသမ်းရိုက်တော့ ခဏတော့ ဘယ်သူမှ သူ့အနားမကပ်နိုင်ဘူး။
“သရဲဖြူ... ကယ်ပါဦးဟ” ယွီဟွေးဖေးက ခုံလွှဲရင်း အော်နေတယ်။ သရဲဖြူက ဒီဘက်က အသံကြားတော့ လိပ်ပြာလေးလို ပျံဝဲလာပြီး တစ်ယောက်တစ်ချက် လက်သီးနဲ့ထိုးချလိုက်တော့ အားလုံး လှဲကျကုန်ရော။
ရန်ပွဲက မြန်မြန်ဖြစ်ပြီး မြန်မြန်ပြီးသွားတယ်။
ဘာလို့လဲဆိုတော့ သရဲဖြူရဲ့ လိပ်ပြာကသလို လက်သီးသိုင်းက အရမ်းကိုထူးဆန်းနေလို့ပဲ။ ရှောင်တိမ်းတာလည်းမြန်၊ ပြေးတာလည်းမြန်၊ လက်သီးတစ်ချက်ဆို ဘယ်သူမှမခံနိုင်ဘူး။ ပြီးတော့ သရဲဖြူက စည်းကမ်းကြီးတဲ့လူလိုပဲ၊ မျက်လုံးတစ်ဖက်ပဲ ညိုမဲနေတဲ့သူကိုတွေ့ရင် ပြေးပြီးနောက်တစ်ဖက်ကို လက်သီးနဲ့ထပ်ဖြည့်ပေးတယ်။ နှစ်ဖက်စလုံး ပန်ဒါလိုညီသွားမှ ကျေနပ်ပြီးလက်ပြန်ရုပ်သွားတာ။
အဲ့ဒီအချိန်ကျမှ သူလည်း အရက်ပြေသွားပုံပဲ။ ကြောင်တောင်တောင်လေးနဲ့ ရပ်နေတယ်။
သူက ကြမ်းပြင်ပေါ်က ဟင်းပွဲတွေ၊ ပန်းကန်တွေကိုကြည့်၊ ယွီဟွေးဖေးကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာ ပြောတယ်။
“ယွီလေး... နောက်ခါ စားပွဲမလှန်နဲ့ကွာ... နှမြောစရာကြီး”
ဒီစကားကြားတော့ ယွီဟွေးဖေးတစ်ယောက် ဒီကောင့်ကို လက်သီးနဲ့ထိုးပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ *ငါ့ ****... မင်းကများ ငါ့ကိုပြောရဲသေးတယ်။ မင်းလှန်တာလေကွာ။
ဒါပေမဲ့ သရဲဖြူက အရက်ပြေသွားပြီဆိုတော့ ရမ်းကားတော့မှာမဟုတ်ဘူး။ ယွီဟွေးဖေးက သရဲဖြူကိုဆွဲပြီး ထွက်လာခဲ့တယ်။
အောက်ထပ်ရောက်တော့ တပည့်တစ်သိုက်က နားကြပ်တပ်၊ သီချင်းနားထောင်ရင်း ခေါင်းတွေတငြိမ့်ငြိမ့်နဲ့။ ယွီဟွေးဖေးတို့ဆင်းသွားတာကို ဘယ်သူမှမတားဘူး။ ကိုခွေးရဲ့ စီမံခန့်ခွဲမှုက ဘယ်လောက်ညံ့ဖျင်းလဲဆိုတာ မြင်သာတယ်။
မပြန်ခင်မှာ ယွီဟွေးဖေးက မီးဖိုချောင်ထဲဝင်ပြီး ငါးတစ်ထုပ်ကြီးဆွဲလာခဲ့တယ်။ ဒါက သူအိမ်သာသွားတုန်းက ထပ်မှာပြီး ပါဆယ်ထုပ်ခိုင်းထားတာ။ နောက်ပြီး ကျုံးဟွာ စီးကရက်နှစ်ဘူးနဲ့ မော့ထိုင်အရက်သုံးပုလင်းပါယူပြီး “ကိုခွေးရဲ့ အကောင့်ထဲ ထည့်လိုက်” ဆိုတဲ့စကားတစ်ခွန်းပဲ ထားခဲ့တာပေါ့။
အပြင်ရောက်တော့ စင်မြင့်ပေါ်ကလူက မိုက်ခွက်ကိုင်ပြီး အော်နေပြီ။
“ဖြတ်သွားဖြတ်လာ မိတ်ဆွေအပေါင်းတို့... မီတာလေးဆယ်ရှည်တဲ့ စပါးကြီးမြွေကြီး မြင်ဖူးကြပါသလား။”
“အစစ်အမှန် စပါးကြီးမြွေကြီးပါခင်ဗျာ။ ကြက်ကိုလည်းစားတယ်၊ ဘဲကိုလည်းစားတယ်... အစိမ်းလိုက်စားပြမှာနော်။ ချက်ပြုတ်ထားတာမဟုတ်ဘူး”
“မမြင်ဖူးတဲ့သူတွေ လာခဲ့ကြပါ... နောက်ကလူတွေ အဆင်သင့်ဖြစ်ပြီလား။ ဖြစ်ရင် ထွက်လာတော့မယ်နော်”
ဘေးနားက အဘိုးကြီးတစ်ယောက်က သူတို့နားကဖြတ်သွားချိန် ဆဲဆိုနေတာကို ကြားလိုက်ရသား။
“သေနာကျ လူလိမ်တွေ... တစ်ညလုံး ဒီစကားတစ်ခွန်းတည်း အော်နေတာ။ စပါးကြီးမြွေလည်း ထွက်မလာဘူး။ သူတို့လိမ်းဆေးပဲ ရောင်းနေတာကြီး”
ယွီဟွေးဖေးလည်း ဘာပြောရမှန်းမသိတော့ဘူး။ ဒီလိုလိမ်တဲ့ကောင်တွေကို သူအရင်ကလည်း တွေ့ဖူးပေမဲ့ ဒီလိုနေရာအထိ ရောက်လာလိမ့်မယ်လို့တော့ မထင်ထားဘူး။
“ဟိုကောင် သရဲနက်မဟုတ်လား” သရဲဖြူက ပြောတော့ ယွီဟွေးဖေး လှည့်ကြည့်လိုက်ချိန် ဆိုင်အောက်က ထောင့်တစ်နေရာမှာ လူမည်းမည်းတစ်ယောက် ခေါင်းငုံ့ပြီးထိုင်နေလေရဲ့။ သရဲနက်အစစ်ပဲ။
ယွီဟွေးဖေးက အမြန်ခေါ်ပြီး အတူတူပြန်ခဲ့ကြ၏။ လမ်းမှာ သရဲနက်က စပ်စုပြီးမေးသည်။
“အဆင်ပြေခဲ့လား”
“အစ်ကိုကြီးရာ... ကျုပ်တို့ ရိုက်ပွဲတောင်ပြီးသွားပြီ။ ဖန်ခွက်လွှတ်ပြီး အချက်ပေးမယ်လို့ ပြောထားတာလေ။ စားပွဲတောင်လှန်ပြီးပြီ ခင်ဗျားက ဘယ်ရောက်နေတာတုန်း”
သရဲနက်က နားကိုကလော်ရင်း ဟိုဘက်က စင်မြင့်ကို လက်ညှိုးထိုးပြ၏။
“အဲ့ဒီစက်က အသံကျယ်လွန်းလို့ကွာ... မကြားလိုက်ဘူး”
ယွီဟွေးဖေးလည်း ဘာမှဆက်မပြောနိုင်တော့ဘူး။ ဒါပေမဲ့ သရဲဖြူရဲ့ တိုက်ခိုက်ရေးစွမ်းရည်မြင့်လို့ တော်သေးတယ်လို့ တွေးမိတယ်။ မဟုတ်ရင် ဒီနေ့ သူအသကုန် အရိုက်ခံရမှာ။
ယွီဟွေးဖေးတို့ ပြန်သွားတော့မှ ကိုခွေးတစ်ယောက် ထလာပြီး မျက်နှာက ဟင်းအနှစ်တွေနဲ့ ငရုတ်သီးတွေကို ဆေးကြောလိုက်သည်။ မျက်လုံးညိုမဲနေတဲ့ မျက်နှာကိုကြည့်ပြီး အံကြိတ်ကာ အော်ဟစစ်တော့သည်။
“ယွီဟွေးဖေး... မင်း ငါနဲ့တော့... အား... နာလိုက်တာ”
သူအောက်ထပ်ဆင်းပြီး ဘောင်ချာကိုမြင်လိုက်ရတဲ့အခါမှာတော့ ကိုခွေးတစ်ယောက် မျက်လုံးထဲမှာ မှောင်မိုက်သွားပြီး မူးလဲမတတ်ဖြစ်သွားကောပဲ။
နောက်ဆုံးတော့ ငွေတိုးချေးစားတဲ့ ကိုခွေးကိုယ်တိုင် အကြွေးစာချုပ်ရေးပေးပြီးမှ ဆိုင်ထဲကထွက်လာနိုင်ခဲ့တာ။ အပြင်ရောက်တဲ့အချိန်မှာတော့ မိုးကောင်းကင်ကြီးကို မော့ကြည့်ကာ ညည်းညူလိုက်၏။
“ယွီဟွေးဖေး... မင်း*@#&$ မင်းငါ့ကို စောင့်နေလိုက်။ အား... နာလိုက်တာကွာ”
…
တံခါးမကြီးကိုတွန်းဖွင့်ပြီး ယွီဟွေးဖေးက အော်လိုက်သည်။
“ညီအစ်ကိုတို့... ငါးလာစားကြ”
စားစရာရှိတယ်ကြားတော့ ခြံတံခါးကနွားသိုးဝင်တိုက်သလိုပဲ ဂျိန်းဆိုတဲ့အသံနဲ့ပွင့်သွားပြီး နွားခေါင်းက ပထမဆုံးပြေးထွက်လာရင်း အော်နေတော့သည်။
“သေစမ်း... မင်းတို့က ငါတို့ကို သတိရသေးတယ်လား။ ငါကြည့်လိုက်ဦးမယ် ဘာတွေပါလဲ”
မြင်းမျက်နှာလည်းရောက်လာပြီး မျက်နှာရှည်ကြီးကကပ်သွားကာ အိတ်ထဲကငါးအသားကိုကြည့်ပြီး နှစ်ယောက်လုံးအနံ့ခံလိုက်၏
“မွှေးတယ်ဟ။ အဲ့ဒီအဘိုးကြီးက သက်သက်ကြွားလုံးထုတ်နေတာမဟုတ်ဘူးပဲ” သရဲနက်ကအရပ်ပုတော့ တိုးဝင်လာပြီး အနံ့ခံပြီးနောက် သူ့အမြင်ကိုပြောသည်။
“ယွီလေး... မင်းကိုယ်တိုင် ဒီလောက်ကောင်းတဲ့အစားအစာတွေ ဝယ်နိုင်မှာမဟုတ်ဘူး။ ဒါက...” ချွေ့ကျွယ်ရဲ့ အမေးစကားကြောင့် ယွီဟွေးဖေးက ဟဲဟဲရယ်ပြီး ပြောပြလိုက်တယ်။
“တစ်ဖက်လူကရက်ရောလွန်းတော့ ဘယ်တတ်မှာနိုင်မှာလဲ။ မငြင်းသာဘူးပေါ့” ပြောပြီးတာနဲ့ ယွီဟွေးဖေးက ထင်းရှူးပင်ကိုလှန်းအော်ပါလေကော။
“မျက်ပြူးကြီး... ဆေးလိပ်လာသောက်”
ထင်းရှူးပင်ပေါ်က ဘူးသီးထဲကနေ မျက်ပြူးကြီးထွက်လာပြီး အင်တင်တင်ဖြစ်နေတဲ့ အသံနဲ့ပြော၏။
“ငါပြောမယ်နော်... ဈေးပေါတဲ့ဆေးလိပ်ကိုတော့ မသောက်ဘူး...”