အောင်ပွဲခံ အရက်ဝိုင်း
Vol. 4 Ch. 50
“ဘယ်သူ့ကိုအထင်သေးနေတာလဲ။ သောက်စမ်း”
သူစကားမဆုံးခင်မှာပဲ ယွီဟွေးဖေးက သူ့ကိုကျုံးဟွာတစ်ဘူးပစ်ပေးလိုက်တယ်။
“အား... ကျုံးဟွာပါလား။ ရှယ်ပဲကွ... ယွီလေး... မင်းချမ်းသာသွားပြီလား” မျက်ပြူးကြီးက ကြည့်ပြီး စိတ်လှုပ်ရှားစွာနဲ့အော်ပါလေကော။
“အဲ့ဒီအသုံးမဝင်တာတွေမပြောနဲ့... ကျုပ်ကိုပြောစမ်း ဒီနေ့ခန့်ညားလား၊ မခန့်ညားဘူးလား” ယွီဟွေးဖေးကမေးလိုက်ရာ မျက်ပြူးကြီးက အလင်းဖြူကိုထိန်းချုပ်ပြီး လက်မကြီးတစ်ချောင်းပုံဖော်ကာပြောလိုက်သည်။
“ခန့်ညားတယ်... လောကသုံးပါးမှာ မင်းအခန့်ညားဆုံးပဲ”
ယွီဟွေးဖေးက ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး မော့ထိုင်သုံးပုလင်းကို စားပွဲပေါ်တင်လိုက်တယ်။
“ကိုနွား... အရက်သောက်မလား”
နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲနက်၊ ချွေ့ကျွယ်တို့ အရက်ကိုမြင်တာနဲ့ မျက်လုံးတွေက အရောင်တောက်လာတယ်။ ဒီအရှက်မရှိတဲ့ကောင်တွေအားလုံး သူတို့ဒီကို ဘာလို့ရောက်လာလဲဆိုတာကိုတောင် မေ့သွားကြပုံပဲ။ အရက်ရဲ့တန်ခိုးက ဘယ်လောက်ကြီးလဲဆိုတာ မြင်သာတယ်။
တံခါးပိတ်ပြီး ယွီဟွေးဖေးက နောက်ဖေးက သံဒယ်အိုးကြီးတစ်လုံးယူလာရင်း ခြံထဲမှာပဲ မီးပုံဖို၊ ဒယ်အိုးတင်၊ ငါးအသားတွေထည့်ပြီး ငါးပေါင်းဟော့ပေါ့ လုပ်စားကြတော့တယ်။
အရက်သုံးပုလင်း၊ ငါးသုံးထုပ်နဲ့ မြေအောက်က နတ်ဘုရားတစ်သိုက် အားရပါးရ စားသောက်ကြရင်း ယွီဟွေးဖေးကို ဘာတွေဖြစ်ခဲ့လဲ မေးကြတော့တာပဲ။ ယွီဟွေးဖေးက အဖြစ်အပျက်ကို အစအဆုံးပြောပြတော့ အားလုံးရယ်ကြတော့တာပေါ့။
ဒီနတ်ဘုရားတွေအတွက်တော့ ရန်ဖြစ်တာလောက်က ကိစ္စမရှိဘူးလေ။ ဒါပေမဲ့ စားပွဲလှန်တဲ့အကြောင်းရောက်တော့ သရဲဖြူက မကျေမနပ်နဲ့ ပြောတယ်။
“မင်းတို့မသိလို့... ယွီလေးဆိုတဲ့ကောင်က ကြည့်တော့ လူ畜无害 (လူ畜無害) ပုံစံလေးနဲ့၊ တကယ်တမ်းကျတော့ စားပွဲလှန်ပစ်တာ။ ဟင်းတွေအကုန်လုံး နှမြောစရာကြီး”
ဖွီး...
ယွီဟွေးဖေးတစ်ယောက် ပါးစပ်ထဲကအရက်တွေ မျက်ပြူးကြီးရဲ့ မျက်လုံးပေါ် သွားပန်းမိတော့တယ်။
ဒါပေမဲ့ ကျုံးဟွာတစ်ဘူးကြောင့် မျက်ပြူးကြီးက စိတ်မဆိုးဘူး။ ယွီဟွေးဖေးကတော့ ဒေါသထွက်လွန်းလို့ပေါက်ကွဲတော့မယ့်အတိုင်းပဲ။
သူက စားပွဲလှန်တယ်ဟုတ်လား။ သရဲဖြူ လူလည်ကျတာတော့ တော်တော်ကျွမ်းကျင်တာပဲ။ အားလုံးက လူလည်တွေဆိုတော့ ယွီဟွေးဖေးရဲ့ပုံစံနဲ့ ပါဆယ်ထုပ်လာတဲ့ အစားအစာတွေကိုကြည့်ပြီး ယွီဟွေးဖေးလှန်တာမဟုတ်မှန်း သိကြတာပေါ့။ ယွီဟွေးဖေးက ချက်ချင်းရှင်းပြတယ်။
“ဒီကောင် အရက်မူးပြီး စကားနည်းနည်းများတာနဲ့ စားပွဲလှန်တာ။ အား... ဟင်းကောင်းတွေ နှမြောလိုက်တာဗျာ။ ပါဆယ်ထုပ်လာမလို့ဟာကို။ ဒါဆို ကျုပ်တို့ တစ်ရက်လောက် စားလို့ရမှာ”
ဒီတော့ အားလုံးက သရဲဖြူကို ဝိုင်းကြည့်ကြတော့တယ်။
“သရဲဖြူရာ... မင်းက ဘယ်လိုလုပ် စားပွဲလှန်ရတာလဲ။ အဲ့ဒါတွေက ဟင်းကောင်းတွေချည်းပဲကွ”
“သရဲဖြူ... နောက်ခါ စားပွဲမလှန်နဲ့၊ စကတ်လှန်။ စကတ်လှန်ရင် ကြည့်စရာရှုခင်းလေးဘာလေးရှိသေးတယ်။ မင်းက စားပွဲလှန်တော့ ရှုခင်းလည်းမရှိ၊ စားစရာလည်းမရှိဘူး” အားလုံးက စေတနာအပြည့်နဲ့ ဆုံးမစကားဆိုကြတယ်။
ယောက်ျားတွေဆိုတာ အရက်သုံးခွက်ဝင်တာနဲ့ မိန်းမအကြောင်း စပြောကြတာ ထုံးစံပဲလေ။
“ယွီလေး... မင်း ရည်းစားမရှိသေးဘူးမလား” နွားခေါင်းက ယွီဟွေးဖေးနားကပ်ပြီး မေးတယ်။
“မရှိဘူး... ဒီနေ့မှ မိန်းမပင် သွားကြည့်လာတာ” သရဲနက်က လက်ထောင်ပြီးပြောကော။
“ဒါဆို မင်းက လူပျိုစစ်စစ်ကြီးလား” မြင်းမျက်နှာက ကလိမ်ကကျစ်အပြုံးနဲ့ ဝင်ပါလာပြီ။
“မဖြစ်နိုင်ပါဘူး။ ငါလောကထဲလှည့်လည်လာတာ နှစ်ပေါင်းများစွာကြာပြီကွ။ ဒီခေတ်ကလေးတွေက ပွင့်လင်းကြတယ်။ အသက်ပြည့်တာနဲ့ လူပျိုစစ် မရှိတော့ဘူး... ဟုတ်တယ်မလား ယွီလေး။ ဟာ... မင်းက ဘာလို့မျက်နှာကြီးရဲနေတာလဲ။” သရဲဖြူက ခေါင်းခါရင်း ဆိုပါလေကော။
“မင်း တကယ်ကြီး လူပျိုစစ်နေတာတော့ မဟုတ်ပါဘူးနော်” သရဲနက်က ရိုးသားတဲ့ မျက်နှာလေးနဲ့ ထပ်ဖြည့်လိုက်တယ်။
“မျက်နှာတွေရဲ၊ ရှက်နေပြီ။ လူပျိုစစ်စစ်ပဲ” မြင်းမျက်နှာက ဟားတိုက်ရယ်ပြီးပြောလိုက်တော့ နွားခေါင်းကလည် အားရပါးရရယ်တော့တာပဲ။
“ဟားဟားဟား... ကောင်လေး... မင်းကလည်း ပေါ့လိုက်တာ။ ဒီအသက်အရွယ်ထိ လူပျိုစစ်တုန်းလား။ ငါဆို ဆယ့်လေးနှစ်နဲ့ အဖေဖြစ်နေပြီ”
ဒါတွေကြားတော့ သရဲဖြူနဲ့ သရဲနက်က ပိုပြီးစိတ်လှုပ်ရှားလာတယ်။
“ယွီလေး... မင်းတကယ် လူပျိုစစ်လား။ ဒါဆို မင်းက ငါတို့နှစ်ယောက်ရဲ့ ကျေးဇူးရှင်ပဲ”
ဒီစကားကြားတော့ ယွီဟွေးဖေးက နားမလည်လို့ ပြန်မေးလိုက်တယ်။
“ကျုပ်က ဘယ်လိုလုပ် ခင်ဗျားတို့ရဲ့ ကျေးဇူးရှင်ဖြစ်သွားရတာလဲ”
“ငါတို့လောကထဲလှည့်လည်လာတဲ့နှစ်တွေမှာ အသက်နှစ်ဆယ်ကျော်မှ လူပျိုစစ်ဖြစ်နေတဲ့ အသုံးမကျတဲ့ကောင်မျိုး မတွေ့ဖူးသေးတဲ့ လစ်ဟာမှုကို မင်းက ဖြည့်ဆည်းပေးလိုက်တာလေ။ ပြော... မင်းက ငါတို့ရဲ့ ကျေးဇူးရှင်ဟုတ်မဟုတ်”
“သေနာကျတွေ... ဒီထမင်းဝိုင်းကတော့ စားလို့မဖြစ်တော့ဘူး” ယွီဟွေးဖေးက ဒေါသထွက်ပြီး ထထွက်သွားပြီး လမ်းလျှောက်ရင်း အော်နေလေရဲ့။
“ခင်ဗျားတို့မှ လူပျိုစစ်တွေ... ခင်ဗျားတို့တစ်အိမ်လုံး လူပျိုစစ်တွေ။ ငါက ဝတ်မှုန်ကူးရုံသက်သက်ပါကွာ၊ ပန်းပွင့်ကိုတော့ အညွှန့်မချိုးခဲ့ပါဘူး။ ငါအိပ်ဖူးတဲ့မိန်းမတွေက ခင်ဗျားတို့မြင်ဖူးတာထက်တောင်များသေးတယ်”
အားလုံးက သူ့စကားကြားပြီး ဟားတိုက်ရယ်ကြတော့တယ်။ ဘယ်သူမှမယုံဘူးလေ။ နောက်ဆုံးတော့ ချွေ့ကျွယ်က ယွီဟွေးဖေးကို ပြန်ခေါ်လာပြီးတော့ အားလုံးအရက်သောက်၊ ငါးစားရင်း ပျော်ပျော်ပါးပါး စကားပြောကြတယ်။
ဒါပေမဲ့ နောက်နေ့မနက်မှာတော့ ယွီဟွေးဖေးတစ်ယောက် ခါးနာ၊ ခြေထောက်နာ၊ မျက်လုံးတွေပါနာနေရော။ သူမနေ့ညက ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်တယ်လို့ မှတ်မိနေတယ်။
အိပ်မက်ထဲမှာ သူက ရှေးခေတ်စစ်မြေပြင်ကို ရောက်သွားပြီး သူက စစ်သူကြီးမဟုတ်၊ စစ်သားမဟုတ်ဘဲ မြင်းတစ်ကောင်ဖြစ်နေတယ်။ သူ့ကိုစီးတဲ့စစ်သူကြီးရယ်၊ အနက်ရောင်နဲ့အဖြူရောင်ဝတ်ထားတဲ့လူနှစ်ယောက်ရယ်နဲ့ အပြန်အလှန် အချီ ၃၀၀လောက် တိုက်ခိုက်နေကြတာတဲ့။
ဘေးနားမှာ မနာလိုဖြစ်နေတဲ့မြင်းတစ်ကောင်က သူ့ကိုအဆက်မပြတ်လာကန်ပြီး မောင်းထုတ်နေသေးတယ်။ အသေးစိတ်ပြန်စဉ်းစားတော့ ဘာမှပြန်မှတ်မိတော့ဘူး။
ဒါပေမဲ့ ယွီဟွေးဖေး မျက်နှာသစ်ရင်း မှန်ထဲက မျက်ကွင်းညိုမဲကြီးကို မြင်လိုက်ရတဲ့အခါမှာတော့ သူအရာအားလုံးကို သဘောပေါက်သွားပြီ။
“နွားခေါင်း... မြင်းမျက်နှာ... ရှဲ့ပီအန်း... ဖန့်ဝူကျို့”
ယွီဟွေးဖေးတစ်ယောက် နောက်ဘယ်တော့မှ ဒီလူမိုက်တွေနဲ့ အရက်မသောက်တော့ဘူးလို့ ကျိန်ဆိုလိုက်တယ်။ ဒါက အရက်သောက်တာမှမဟုတ်တာ၊ လူကိုသေအောင်လုပ်နေတာပဲ။
ယွီဟွေးဖေး ခြေမနဲ့စဉ်းစားရင်တောင် မနေ့ညကအဖြစ်အပျက်ကို မြင်ယောင်နေပြီ။ နွားသိုးခေါင်းက သူ့ကိုစီးပြီး သရဲဖြူ၊ သရဲနက်နဲ့ တိုက်ခိုက်နေတာ ကျိန်းသေပေါက်ပဲ။ မြင်းမျက်နှာကတော့ ဘေးကနေ မနာလိုဖြစ်ပြီး သူ့ကိုကန်နေတာဖြစ်မယ်။
အဲ့ဒီအချိန်မှာပဲ နောက်ဖေးခြံထဲကနေ ဘူ...ဂွမ်...ဆိုတဲ့ အသံတွေကြားလိုက်ရတယ်။ ချက်ချင်းဘဲ နွားခေါင်းရဲ့ တဟီးဟီးရယ်သံ ထွက်လာပါလေကော။
“ကိုမြင်းရာ... မင်းဟာက တော်တော်ဝေးဝေးရောက်သွားတာပဲ”
မြင်းမျက်နှာက ဟွန်းခနဲမှုတ်ပြီး ပြန်ပြောတာပေါ့။
“ဒါကို ကျန်းမာတယ်ခေါ်တယ်ကွ။ မင်းလို အတုံးလိုက်ကြီးချတာမျိုးမဟုတ်ဘူး”
ယွီဟွေးဖေးရဲ့ နားထင်မှာတော့ သွေးကြောတွေထောင်ထလို့... ပိုက်ဆံအိတ်ကိုကောက်ကိုင်ပြီး အပြင်ပြေးထွက်လာခဲ့တယ်။ လက်ထဲမှာ ပိုက်ဆံနည်းနည်းရှိတုန်း အိမ်သာကိုအမြန်ပြင်လိုက်မှဖြစ်မယ်။
မဟုတ်ရင် နေ့တိုင်းခြံထဲသွားနေရတာနဲ့... အဓိကက လူခြောက်ယောက်သွားတာ၊ နွားသိုးခေါင်းက အတုံးကြီးချ၊ မြင်းမျက်နှာက ဟိုးအဝေးကြီးရောက်... ဒီရက်ပိုင်းလေးအတွင်းမှာ နောက်ဖေးခြံက မြေမြှုပ်မိုင်းကွင်းလိုဖြစ်နေပြီ။ အိမ်သာသွားချင်ရင်တောင် လမ်းသိတဲ့လူခေါ်သွားမှဖြစ်မယ်။ မဟုတ်ရင် ခြေချလိုက်တာနဲ့ မိုင်းမိတော့မှာ။ ဒါကြောင့် အိမ်သာပြင်ဖို့ကိစ္စက ချက်ချင်းလုပ်ရမယ့်ကိစ္စဖြစ်နေပြီ။
ဒါပေမဲ့ ရှေ့ခြံရောက်တာနဲ့ မျက်ပြူးကြီးက ကျုံးဟွာဆေးလိပ်ကိုဖွာ၊ နေပူစာလှုံရင်း ပျင်းရိပျင်းတွဲ လှဲနေတာတွေ့လိုက်ရတယ်။ ယွီဟွေးဖေးထွက်လာတာမြင်တော့ မျက်လုံးပြူးကြီးက ပြုံးစိစိနဲ့မေးတော့တာပဲ။
“ယွီလေး... ဘယ်သွားမလို့လဲ”
“အိမ်သာပြင်ဖို့ လူသွားရှာမလို့... ခင်ဗျား ခြံစောင့်ထားနော်။ တစ်ယောက်ယောက် ခြံကျော်တက်လာရင် ခြောက်လွှတ်လိုက်”
မျက်လုံးပြူးကြီးက ဒီစကားကြားတော့ ချက်ချင်းလန်းသွားပြီး ထထိုင်လိုက်ရင်း ပြုံးစိစိနဲ့မေးတယ်။
“ပိုက်ဆံရှိလို့လား”
ယွီဟွေးဖေး ခေါင်းညိတ်ပြလိုက်တော့ မျက်ပြူးကြီးက ယွီဟွေးဖေးရဲ့အိတ်ကပ်ကို ကလိမ်ကကျစ်အကြည့်နဲ့ စိုက်ကြည့်ပြီး ဆက်မေးတော့တာပဲ။
“ဘယ်လောက်ရှိလဲ”
ယွီဟွေးဖေးက ဒီလောဘကြီးတဲ့ကောင်ကို လူယာလို အဘိုးကြီးနဲ့ တစ်တန်းတည်းထားတာမို့ လန့်သွားတယ်။
“နှစ်ရာ”
“နှစ်ရာက မများပေမဲ့ အဆင်ပြေပါတယ်။ ငါ မင်းကိုကူညီပေးရမလား”
ယွီဟွေးဖေးက အံ့ဩတကြီးနဲ့ မျက်လုံးပြူးကြီးကိုကြည့်လိုက်တယ်။
“ခင်ဗျားက အိမ်သာပြင်တတ်လို့လား”