သနားစရာ ကိုခွေး
Vol. 4 Ch. 51
“ငါကိုယ်တိုင်တော့ မလုပ်တတ်ပေါင်ကွာ။ ဒါပေမဲ့ ငါ့အထက်မှာ လူရှိတယ်လေ”
“သူက သုံးလောကလုံးရဲ့ ပစ္စည်းသွင်းသူကွ၊ ဘာပစ္စည်းကောင်းမှ သူ့ဆီမှာမရှိတာ မရှိဘူး။ သူ့မှာကိုယ်ပိုင် ထုတ်လုပ်ရေးစခန်းရှိတယ်၊ အကုန်လုံးနတ်ဒေဝါတွေထဲက ပစ္စည်းလုပ်တဲ့ ဆရာကြီးတွေချည်းပဲ”
“မင်းလိုချင်တာသာပြော။ သူတို့တန်းလုပ်ပေးလိုက်မယ်၊ ပြီးတော့ ဒီကိုပို့လိုက်ရုံပဲ”
“သူတို့ပစ္စည်းတွေက အာပလာတွေဆိုပေမယ့် နတ်ပြည်ကထွက်တဲ့ အာပလာကွ၊ ဒီလောကမှာတော့ ထိပ်တန်းပစ္စည်းပဲ။ အဓိကကွာ... တော်တော်ခိုင်တာ။ အနည်းဆုံးတော့ ဒီငပေါတွေ မင်းပစ္စည်းကို ဖျက်ဆီးလို့မရတော့ဘူး။ ဘယ်လိုလဲ”
ရှေ့ပိုင်းစကားတွေကိုတော့ ယွီဟွေးဖေးက မျက်ပြူးကြီး လေဖောနေတာ၊ သူ့ပိုက်ဆံကို လိမ်ဖို့ကြိုးစားနေတာလို့ပဲ သဘောထားလိုက်တယ်။ ဒါပေမဲ့ နောက်ဆုံးစကားကြားတော့ ယွီဟွေးဖေး စိတ်ဝင်စားသွားပြီ။
နောက်ထပ် ဘယ်လိုအကောင်မျိုးတွေ ရောက်လာဦးမလဲ ဘယ်သူသိမှာလဲ။ တော်ကြာ လိပ်ဘိုးကြီးတစ်ကောင်လောက်ရောက်လာရင် သူတို့အိမ်က ဘိုထိုင်အိမ်သာခွက်က ဒီလိုအကြမ်းပတမ်းသုံးတာကို ခံနိုင်မှာမဟုတ်ဘူး။
“အိမ်သာတစ်ခုပြင်တာ ဘယ်လောက်ကျမှာလဲ”
“ငါမေးကြည့်လိုက်ဦးမယ်၊ ခဏစောင့်” မျက်ပြူးကြီးက ဘူးသီးထဲ အမြန်ဝင်ပြီး ပစ္စည်းပေးသွင်းသူကို ဆက်သွယ်တော့တယ်။ ခဏနေတော့ သူပြန်ထွက်လာ ဈေးစကားစတော့တာပဲ။
“နှစ်ရာ”
ယွီဟွေးဖေးက ကြားတာနဲ့ ချက်ချင်းနှစ်ရာ ပေးလိုက်တယ်။ မျက်ပြူးကြီးက ကြောင်သွားပြီး သူဈေးတန်တန်ခေါ်လိုက်မိပြီလို့ သဘောပေါက်သွားပုံပဲ။ ဒါပေမဲ့ စကားက ပါးစပ်ကထွက်သွားပြီဆိုတော့ ပြန်ရုပ်သိမ်းလို့မကောင်းတော့ဘူး။ မျက်ကြီးက ပိုက်ဆံကိုယူပြီး ဘူးသီထဲပြန်ဝင်သွားတယ်။ ခဏနေတော့ တူသေးသေးလေးတစ်လက်ကိုင်ပြီး ပြန်ထွက်လာလေကော။
“သွားစို့... အိမ်သာကိုလိုက်ပြ”
ယွီဟွေးဖေးလည်း သူဘာတွေလျှောက်လုပ်မလဲ မသိတာနဲ့ အိမ်သာကိုခေါ်သွားလိုက်တယ်။ အိမ်သာထဲရောက်တာနဲ့ ဒီကောင်က တူကိုကိုင်ပြီး အိမ်သာခွက်အစုတ်ကို ဖြောင်းခနဲ ထုချလိုက်တော့တာပဲ။
ခင်ဗျား ဘာလုပ်တာလဲလို့ ယွီဟွေးဖေး မေးတောင်မမေးရသေးဘူး ဒင်ဆိုတဲ့အသံကြားလိုက်ရတယ်။
တူက ပေါက်ကွဲပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် အိမ်သာခွက်ပေါ်ကျသွားတာကနေ အသံထွက်လာတာပဲ။
ပြီးတော့ ကွဲကြေနေတဲ့ အိမ်သာခွက်အစအနတွေက လေထဲပြန်ပျံတက်လာပြီး တဖျောင်းဖျောင်းနဲ့ ပေါင်းစပ်ရင်း ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားတယ်။
တိတိကျကျပြောရရင် အက်တမ်တွေ၊ မော်လီကျူးတွေပေါ့။ နောက်ဆုံးမှာ ဒီအက်တမ်မော်လီကျူးတွေက ပြန်လည်ပေါင်းစပ်ပြီး အသစ်စက်စက် ဘိုထိုင်အိမ်သာခွက်တစ်ခုအဖြစ် မူလနေရာမှာ ပေါ်လာတော့တာပဒ။
ဒါကိုမြင်ပြီး ယွီဟွေးဖေးတစ်ယောက် ကြောင်ငေးသွားတာပေါ့။ ဒါက အရမ်းကို အံ့ဩဖို့ကောင်းတယ်လေ။ မျက်လုံးပြူးကြီးက လက်ခါပြီးလိုက်ရင်း ပြောလိုက်တယ်။
“ကဲ... ပြီးပြီ”
ယွီဟွေးဖေးက အနားကပ်ပြီး အိမ်သာခွက်ကို စမ်းကြည့်တဲ့အနေနဲ့ ထိလိုက်တော့ အေးစက်နေပြီး ပစ္စည်းက အရင်ဟာနဲ့ သိပ်မကွာဘူးထင်ရတယ်။ သူကိုယ်တိုင်တက်နင်းပြီး ခုန်ပေါက်ကြည့်လိုက်တော့ ဒီအိမ်သာခွက်က တကယ်ခိုင်ခံ့ပြီး နည်းနည်းလေးတောင် မလှုပ်ဘူး။
အဓိကက ရေလှောင်ကန်ပဲ။ တစ်ခါဆွဲချလိုက်တာနဲ့ ချက်ချင်းရေပြန်ပြည့်လာတာ လုံးဝစောင့်စရာမလိုဘူး။ ရေအားကလည်း အရမ်းပြင်းတာမို့ သူ့ကိုထည့်ပြီး ရေဆွဲချရင်တောင် မျောပါသွားလောက်တယ်။ နွားခေါင်းရဲ့ အတုံးလိုက်အခဲလိုက်ကြီးတွေနဲ့ ပိုက်လိုင်းပိတ်မှာ လုံးဝစိတ်ပူစရာမလိုတော့ဘူး။
“ဘယ်လိုလဲ။ မှတ်ချက်လေးပေးပါဦး”
မျက်ပြူးကြီး မေးလိုက်တော့ ယွီဟွေးဖေးက လက်မထောင်ပြတော့တာပေ့ါ။
“ရှယ်ပဲ”
မျက်ပြူးကြီးက ကျေနပ်စွာနဲ့ ဘူးသီးဆီသွားပြီး ပြန်ဝင်သွားတော့တယ်။ ဒီအိမ်သာခွက် ဘယ်လောက်ခိုင်လဲ သေချာမသိပေမယ့် ယွီဟွေးဖေးလည်း သိပ်ဂရုမစိုက်တော့ဘူး။ သာမန်အိမ်သာခွက်အသစ်ဝယ်ပြီး လူခေါ်တပ်ရင်တောင် နှစ်ရာမကဘူး။ ဒါက နတ်ပြည်ထုတ်ဆိုတော့ ပိုတောင်တန်သေး။
အိမ်သာရသွားတော့ ယွီဟွေးဖေးက တံခါးပိတ်ပြီး အပေါ်မှာထိုင်ချကာ နတ်ပြည်အိမ်သာရဲ့ ပထမဆုံးအကြိမ် အတွေ့အကြုံကို ခံစားနေတော့တာပဲ။ ယွီဟွေးဖေး လန်းဆန်းတက်ကြွစွာနဲ့ အိမ်သာထဲကထွက်လာတော့ တံခါးခေါက်သံကြားရတယ်။
ယွီဟွေးဖေးက မျက်မှောင်ကြုတ်ပြီး အပြင်ထွက်တံခါးဖွင့်ကြည့်လိုက်တော့... အောင်မလေး... ကိုခွေးက လူတစ်သိုက်နဲ့ တံခါးဝမှာ ပိတ်ရပ်နေပါလေရော။
“ကိုခွေး... ဘာကိစ္စများလဲဗျ”
ကိုခွေးက လက်ကိုနောက်ပစ်၊ နေကာမျက်မှန်တပ်ပြီး ယွီဟွေးဖေးကိုကြည့်ရင်း ပြောတယ်။
“ကောင်လေး... ငါ ဒီအသက်အရွယ်ထိ ဒီလောက်နာဖူးတာ တစ်ခါမှမရှိဘူး။ လူမွေးတာ ရက်တစ်ထောင်၊ သုံးတာ တစ်နာရီတဲ့။ ညီအစ်ကိုတို့... ဝိုင်းကြစမ်း”
ယွီဟွေးဖေးက ဒါကိုမြင်တာနဲ့ ဖြောင်းခနဲ တံခါးပြန်ပိတ်လိုက်တယ်။ အပြင်မှာတော့ မိုးရွာသလို ဒုန်း ဒုန်း ဒိုင်း ဒိုင်းနဲ့ တံခါးကိုထုသံတွေ ဆူညံနေတာပဲ။
“ယွီဟွေးဖေး... မင်းတံခါးဖွင့်စမ်း”
“သေနာကျ... မင်းယောက်ျားဆိုရင် တံခါးဖွင့်စမ်း”
အပြင်ကအသံကြားတော့ ချွေ့ကျွယ်က ထွက်လာပြီး “ဘာဖြစ်တာလဲ” လို့ မေးတော့ ယွီဟွေးဖေးကလည်း အကျိုးအကြောင်း ရှင်းပြလိုက်တာပေါ့။ အကြောငါးစုံသိရတော့ ချွေ့ကျွယ်က ဟက်ဟက်ပက်ပက်ရယ်တော့တာပဲ။
“ဒါများကွာ... လွယ်ပါတယ်”
ယွီဟွေးဖေးက ချွေ့ကျွယ်တစ်ယောက် နွားခေါင်းတို့ကိုခေါ်ပြီး ဖိုက်ခိုင်းတော့မယ်ထင်နေတာ။ ဒါပေမဲ့ သူက ယွီဟွေးဖေးရဲ့ဖုန်းကိုယူပြီး ၁၉၉ ကို တန်းဆက်လိုက်တယ်။
“ဟဲလို... ရဲစခန်းလားခင်ဗျာ။ ဟုတ်... ဟုတ်ကဲ့၊ ကျွန်တော်တို့ တိုင်ချင်လို့ပါ။ ဒီမှာ လူမိုက်ဂိုဏ်းတွေ ရမ်းကားနေလို့၊ အရမ်းကြမ်းတာပဲ၊ ဆေးမင်ကြောင်အကြီးကြီးတွေနဲ့ ရွှေကြိုးအကြီးကြီးတွေနဲ့... ဟုတ်ကဲ့၊ မြန်မြန်လာပေးပါခင်ဗျာ။ အထူးရဲခေါ်ရမလား... ခင်ဗျားတို့ သဘောပါပဲ၊ သူတို့က တော်တော်ကြမ်းနေလို့ပါ”
ဖုန်းချပြီးတော့ ချွေ့ကျွယ်က ကြောင်ငေးနေတဲ့ ယွီဟွေးဖေးလက်ထဲကို ဖုန်းပြန်ပစ်ပေးလိုက်တယ်။ ယွီဟွေးဖေးလည်း ဘာပြောရမှန်းမသိတော့ဘူး။ တံခါးကြားကနေ ချောင်းကြည့်လိုက်တော့ အပြင်က ကလေကချေပုံစံတွေက ဘယ်နားမှာ ကြမ်းနေလို့လဲ။
ဆယ်မိနစ်လောက်ကြာတော့ ရဲကားဥဩသံတွေကြားရပြီး တံခါးထုသံ၊ ဆဲဆိုသံတွေလည်း တိတ်သွားတော့တာပဲ။ ကျန်တာကတော့ ဖိနပ်သံ တဒုန်းဒုန်းနဲ့ အပြေးအလွှား ထွက်ပြေးသွားကြတဲ့ အသံတွေ။
ယွီဟွေးဖေးက နံရံပေါ်တက်ကြည့်ပြီး အန္တရာယ်ကင်းမှ သက်ပြင်းချနိုင်တော့တယ်။ ရဲနဲ့စကားနည်းနည်းပြောပြီးတော့ လူမမိလိုက်ဘူး၊ နောက်ပိုင်းသတိထားဖို့မှာပြီး သူတို့ပြန်သွားကြတယ်။ ယွီဟွေးဖေးက မေးစေ့ကိုပွတ်သပ်ရင်း ဒီကိစ္စက မပြီးသေးဘူးဆိုတာကို ကောင်းကောင်းသိတာပေါ့။
ဒါပေမဲ့ ယွီဟွေးဖေး အံ့ဩသွားတာက ကိုခွေးတစ်ယောက် အဲ့ဒီနေ့ကစပြီး ရက်တော်တော်ကြာ သူ့ကိုဒုက္ခလာမပေးတော့တာပဲ။ ယွီဟွေးဖေးလည်း စဉ်းစားမိတယ်၊ ကိုခွေးများ စိတ်ပြောင်းသွားပြီလား။ လူကောင်းဖြစ်သွားပြီလားပေါ့။
အဲ့ဒီအချိန်မှာပဲ ရှို့လင်ရွာနဲ့မနီးမဝေးက ချွန်းလင်ရွာမှာ ယောက်ျားတစ်ယောက်က အဝတ်လျှော်တဲ့ ပျဉ်ပြားပေါ်ဒူးထောက်၊ အဝတ်လျှော်ဇလုံကို ခေါင်းပေါ်တင်ထားပြီး မလှုပ်မယှက်ရပ်နေလေရဲ့။
“ပြောစမ်း... ငါစောင်အောက်မှာဝှက်ထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ” လူကောင်ထွားထွား မိန်းမတစ်ယောက်က ဘယ်လက်မှာ တံဇဉ်၊ ညာလက်မှာ တုတ်ကိုင်ပြီး ယောက်ျားရှေ့မှာ ဟိုလျှောက်ဒီလျှောက်နဲ့ စစ်မေးနေတော့တာပဲ။
ဒါက ဘယ်သူမှမဟုတ်ဘူး၊ ကိုခွေး... ကော်ပုထုံပဲဖြစ်ပါတယ်။
ချစ်လှစွာသောဇနီးရဲ့ ကျာပွတ်၊ တုတ်၊ တံဇဉ်ခေါက်ဒဏ်တွေအောက်မှာ ကော်ပုထုံတစ်ယောက် အမှန်အတိုင်းဖွင့်ဟဝန်ခံရလေပြီ။
“ဟို... ဟို... အရင်က အဘိုးကြီးယွီကို ပိုက်ဆံတွေချေးထားတယ်မလား။ အဘိုးကြီးကသေသွားတော့ သူ့မြေးဆီက အကြွေးပြန်တောင်းမယ်၊ မရရင် သူတို့အိမ်ကိုယူမယ်လို့ စဉ်းစားထားတာ”
“ဒါပေမဲ့... အဲ့ဒီကောင်က ဆီနဲ့ရေလိုပဲ၊ ဘယ်လိုမှရောလို့မရဘူး”
“ငါက အဲ့ဒါမေးနေလို့လား” ကော်ကတော်က မျက်လုံးတစ်ချက်လှန်ပြီး တုတ်နဲ့ လွှဲရိုက်ချလိုက်တယ်။
“အား... အား... မရိုက်ပါနဲ့တော့... ငါပြောတာဆုံးအောင်နားထောင်ပါဦး” ကော်ပုထုံက အော်ဟစ်ငြီးငြူတယ်။ ကော်ကတော်က လက်တပြင်ပြင်နဲ့ ဆက်မေးတော့တာပဲ။
“ပြော... ဒီနေ့ရှင်းအောင်မပြောနိုင်ရင် နင့်ကိုသတ်ပစ်မယ်”
ကော်ပုထုံကတော့ မျက်နှာငယ်လေးနဲ့ ပြောရတော့တာပေါ့။
“နင့်မောင်လေး ဖိန်ကောက လူခေါ်ပြီးအကြွေးသွားတောင်းတာ အရိုက်ခံလိုက်ရတယ်။ ဒါ... ငါက ဒီတိုင်းကြည့်နေလို့ဖြစ်မလား။ လူခေါ်ပြီး ပြန်လက်စားချေရတာပေါ့”
“ချေတာက ချေတာ၊ ပိုက်ဆံက ဘာလို့သုံးရတာလဲ”
“ငါတို့က ဒီနယ်တစ်ဝိုက်မှာ နာမည်ရှိတဲ့ လူမိုက်တွေပဲဟာ...”
ဖြောင်း...
ကော်ကတော်က ပါးကိုရိုက်ချလိုက်ပြီး “လူမိုက်ဟုတ်လား။ နင်ါလိုကောင်က လူမိုက်တဲ့လား”
“နင်... နင်က ဝက်ပဲ။ နင့်ကိုယ်ကို မီးသွေးသုတ်လိုက်တိုင်း ရှမ်းပြည်က တောဝက်နက်ကြီး ဖြစ်သွားမယ်များ ထင်နေလား”
ကော်ပုထုံက လန့်ပြီးတုန်သွားကာ သနားစရာအသံနဲ့ အသဲအသန် ရှင်းပြတော့တာပဲ။
“ငါက အရင်ဆုံးယဉ်ကျေးပြမလို့ပါ၊ ဒါပေမဲ့ အဲ့ဒီကောင်က တော်တော်ယုတ်မာတာ”
“စားပွဲမှာ ဈေးအကြီးဆုံးဟင်းတွေမှာတာထားဦး၊ စားပွဲပါလှန်ပြီး ငါတို့ကို တစ်ဝကြီးဝိုင်းရိုက်သေးတယ်”
“အဲ့ဒီသကောင့်သား ပြန်သွားတုန်းက ငါးတစ်ဇလုံအကြီးကြီးရယ်၊ မော့ထိုင် သုံးပုလင်းရယ်၊ ကျုံးဟွာနှစ်ဘူးရယ် ပါဆယ်ထုပ်သွားသေးတယ်။ နင်ပြော... ဒါ လူတစ်ယောက် လုပ်သင့်တဲ့အလုပ်လား”