ဂိုက်ဖမ်းခြင်း
Vol. 4 Ch. 52
ကော်ကတော်က ပါးတစ်ချက်ထပ်ရိုက်လိုက်ပြီး “နင်လူမိုက်ဟန်ဆောင်တာကရော လူလုပ်တဲ့အလုပ်လား”
ကော်ပုထုံ လည်ပင်းကိုပုဝင်သွားပြီး “ငါကလည်း ငါတို့အိမ်အတွက် ဝင်ငွေလေးဘာလေးရှာချင်လို့ပါကွာ။ ပြီးတော့ ရွာမှာငွေချေးလာတာ ဒီလောက်နှစ်တွေကြာပြီ၊ ဒီလောက်ခက်တဲ့ကောင်မျိုး တစ်ခါမှမတွေ့ဖူးဘူး”
ကော်ကတော်က ပိုဒေါသလာထွက်ပြီး ခြေစောင့်ကာ “အဲ့ဒီကောင်က နင့်ကိုလိမ်သွားတယ်ဆိုရင်တောင် ဒီလောက်ပိုက်ဆံမကုန်သင့်ဘူးလေ။ အခုက နှစ်သောင်းတောင်”
သူက လူတွေအများကြီးရှေ့မှာ ငါ့ကိုအရှက်ခွဲသွားတာ၊ ငါက ပြန်လက်စားချေရမှာပေါ့”
“ပြီးတော့ရော”
“ပြီးတော့ ငါ့ညီအစ်ကိုတွေ ဆယ်ယောက်လောက်ခေါ်ပြီး သူ့အိမ်တံခါးသွားပိတ်၊ ပြဿနာရှာတာပေါ့”
“ပိုက်ဆံရလာလား”
“အဲ့ဒီသကောင့်သားက ရဲခေါ်လိုက်တယ်လေ”
“အမလေး... နင်... နင်က ဝက်လား။ နေ့ခင်းကြောင်တောင် လူတွေခေါ်ပြီး သူများအိမ်တံခါးသွားပိတ်တာ သူက ရဲမခေါ်ဘဲ နင်တို့ဝင်ရိုက်မှာကို ထိုင်စောင့်နေရမှာလား”
“တော်သေးတယ် အထဲမဝင်မိလို့၊ ဝင်မိရင် နင်တို့အခုချိန်ဆို အထဲရောက်ကုန်ပြီ”
ဒီမှာတင် ကော်ကတော်က နားထင်ကိုနှိပ်ပြီး ပြောနေတော့ ကော်ပုထုံကလည်း ခေါင်းကိုဆက်တိုက်ငြိမ့်ပြပါလေကော။
“လူတွေအများကြီးက ငါ့အတွက် အားဖြည့်ပေး၊ တံခါးရိုက်ပေး၊ ရဲလိုက်ဖမ်းတော့ ခွေးပြေးပြေးရတာတွေအတွက် ကားခတော့ ပြန်ပေးရမှာပေါ့။ ပြီးတော့ နေ့လယ်စာ အရက်ကောင်း၊ ဟင်းကောင်းတွေနဲ့... နှစ်သောင်းက သုံးဆယ့်ရှစ်ကျပ်ပဲ ကျန်တော့တယ်”
“ငါ...”
ဖြောင်း ဖြောင်း ဖြောင်း...
“အာရိုရိုး...”
ကော်ကတော်က တုတ်ကိုလွှဲပြီး အဆက်မပြတ် တစ်ဝကြီးရိုက်တော့တာပဲ။ ကော်ပုထုံလည်း မခံနိုင်တော့တာမို့ ထပြီးအမြန်ပြေးတော့တယ်။ ကော်ကတော်က တံဇဉ်ကိုင်၊ တံဇဉ်မှာချည်ထားတဲ့ ကျာပွတ်ကြိုးကို ဝှေ့ယမ်းပြီး နောက်ကလိုက်ရိုက်ရင်း ဆဲဆိုနေတော့တာပဲ။
“*$#@&# **** ငါ နင့်ကို ရိုက်သတ်ပစ်မယ်”
ယွီဟွေးဖေးတို့ဘက်မှာတော့ သရဲဖြူ၊ သရဲနက်၊ နွားခေါင်း၊ မြင်းမျက်နှာတို့နဲ့အတူ လက်နက်အပြည့်အစုံနဲ့ အိမ်မှာတစ်ပတ်လောက် စောင့်နေတာ။ ဒါပေမယ့် ရန်သူရဲ့အရိပ်အယောင်တောင်မတွေ့ဘူး။ အဲ့လိုနဲ့ စားသောက်နေထိုင်တာတွေနဲ့ အရင်လိမ်လာတဲ့ ပိုက်ဆံတွေအကုန်ပြောင်သွားရော။ ဒီချိန်မှာတော့ ယွီဟွေးဖေးတစ်ယောက် မိုးကောင်းကင်ကိုမော့ကြည့်ပြီး ငိုညည်းတော့တယ်။
“ပိုက်ဆံ... ပိုက်ဆံရေ”
အဲ့ဒီအချိန်မှာပဲ ဖုန်းက ဒင်ဆိုမြည်လာပြီး နူးညံ့တဲ့အမျိုးသမီးအသံတစ်ခု ထွက်လာကော။
“သင့်ထံသို့ အော်ဒါအသစ်ရောက်ရှိနေပါသည်။ ကျေးဇူးပြု၍ စစ်ဆေးပေးပါ”
ယွီဟွေးဖေးက လန့်ပြီး ဖုန်းကို အမြန်ကောက်ကိုင်လိုက်တဲ့အခိုက်အတန့်မှာ ဖုန်းမျက်နှာပြင်သေးသေးလေးအပေါ်မှာ ခေါင်းကြီးခြောက်လုံး နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်၊ တရားသူကြီးချွေ့ကျွယ်နဲ့ ယွီဟွေးဖေး၊ ခြောက်ယောက်လုံး ချက်ချင်းကေါ်လာပြီး ဝိုင်းအုံကြည့်နေကြပါလေကော။
မတတ်နိုင်ဘူးလေ။ အစားကောင်းတွေစားဖူးထားတော့ အသီးအရွက်စိမ်းတွေက စားလို့မဝင်တော့ဘူး။ အစားကောင်းစားချင်ရင် ပိုက်ဆံလိုတယ်။ ဒီအော်ဒါက သူတို့ရဲ့ တစ်ခုတည်းသော ဝင်ငွေလမ်းကြောင်းပဲ။ ဂရုမစိုက်လို့မှ မဖြစ်တာ။
ယွီဟွေးဖေးကြည့်လိုက်တော့ တကယ်အော်ဒါမှာတဲ့သူရှိတာပဲ။ ဒါပေမဲ့ အော်ဒါမှာတဲ့သူကိုမြင်တော့ ယွီဟွေးဖေးရယ်လိုက်မိတယ်။
မှာတဲ့သူက... ခယ်လီ။
ဆိုလိုတာက ဒီသူဌေးမလေး သူ့ဆီမှာလာတည်းတာပဲ။ ယွီဟွေးဖေးဘေးက ချွေ့ကျွယ်ကိုကြည့်လိုက်တော့ သူလည်း ခယ်လီနဲ့ လျိုရှင်းတို့အကြောင်းကိုသိထားတော့ ပြုံးပြီးပြောတယ်။
“ကိစ္စမရှိဘူး... ငါလုပ်ပေးထားတဲ့ မျက်နှာဖုံးတွေတပ်ထား။ ကိုယ့်ဇာတ်ကောင်ကို ကိုယ်သတိထားရင် ဘာမှမဖြစ်ဘူး။ အားလုံးသတိထားကြ... ဇာတ်ကောင်က အရမ်းအရေးကြီးတယ်၊ ဂိုက်က အဲ့ဒီအပေါ်မှာမူတည်တယ်။ ငါတို့က သရဲနတ်တည်းခိုခန်းကွ၊ ကစားရမှာက တစ္ဆေတစ္ဆေ နတ်နတ်ပုံစံမျိုး၊ ဂိုက်အပြည့်နဲ့ လူပါးမဝရဘူး၊ တစ်သားတည်းဖြစ်နေရမယ်”
ယွီဟွေးဖေးက စိတ်ချဖို့ ခေါင်းညိတ်ပြပြီးတော့ အော်ဒါလက်ခံလိုက်တယ်။ အော်ဒါလက်ခံပြီးတာနဲ့ ယွီဟွေးဖေးက ချွေ့ကျွယ်နဲ့အတူ မျက်နှာဖုံးသွားယူတော့တာပဲ။
သစ်သားမျက်နှာဖုံးတွေ တစ်ယောက်တစ်ခု။ မျက်နှာဖုံးက ရိုးရိုးရှင်းရှင်းပဲ။ မျက်နှာပေါ်မှာ အပေါက် နည်းနည်းပဲပါတယ်။ ရိုးရှင်းပေမယ့် ရုပ်မဆိုးဘူး။ အပေါ်က ထူးဆန်းဆန်း ဖျောက်ဆိပ်ပန်းပွင့်တွေက ခြံကြီးတစ်ခုလုံးရဲ့ အငွေ့အသက်နဲ့ လိုက်ဖက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်ဝါက ဝေ့ဝဲနေသလိုပဲ။
မျက်နှာဖုံးတပ်ပြီးတော့ ယွီဟွေးဖေးကိုယ်တိုင်တောင် တောနက်ကြီးထဲက တစ္ဆေအိမ်စောင့်တဲ့ အဘိုးကြီးလို ခံစားလိုက်ရတယ်။ ယွီဟွေးဖေးက မှန်ရှေ့မှာ ဟီးဟီးရယ်ပြီး စမ်းကြည့်တော့တာပေါ့။
“မင်္ဂလာပါ၊ သရဲနတ်တည်းခိုခန်းမှ ကြိုဆိုပါတယ်။ ဒီတည်းခိုခန်းရဲ့ စည်းကမ်းတွေ သိတယ်မလား”
ယွီဟွေးဖေးက ဒါက အရမ်းဂိုက်မိတယ်လို့ထင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အပြင်ထွက်လာခဲ့ရင်း အပြင်ရောက်တော့ နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်၊ ချွေ့ကျွယ် ငါးယောက်လုံးက ရှေ့ခြံတံခါးဝမှာထိုင်ပြီး ဧည့်သည်အမြန်လာဖို့ ခေါင်းကြီးထောင်ပြီး မျှော်နေကြတာတွေ့လိုက်ရတယ်။
ညနေစောင်းတော့...
ဒေါက်... ဒေါက်... ဒေါက်...
“လာပြီ... လာပြီ”
ယွီဟွေးဖေးတို့အားလုံး ချက်ချင်းလန်းဆန်း တတ်ကြွသွားကြတယ်။ ဒီလူတွေကိုစောင့်နေရလို့ နေ့လယ်စာရော ညစာရော မစားရသေးဘူး။
အရင်ကပိုက်ဆံနဲ့ လိမ်လာတဲ့အစားအစာတွေကုန်သွားပြီ၊ စားစရာဆိုလို့ အရွက်စိမ်းပဲရှိတယ်။ လူတိုင်းက မကြိုက်ကြဘူး၊ ဒီနေ့ဝင်ငွေရှိမယ်ဆိုတာသိတော့ ပိုက်ဆံရမှ အစားကောင်းစားဖို့စောင့်နေကြတာ။ အားလုံးဗိုက်ဆာလွန်းလို့ မျက်လုံးတွေက တစိမ်းစိမ်းတောက်၊ ဗိုက်ထဲကအော်သံတွေက မိုးကြိုးပစ်သလိုပဲ။
အခုတံခါးခေါက်သံကြားတော့ ယွီဟွေးဖေးက ချက်ချင်းထရပ်လိုက်တယ်။ ချွေ့ကျွယ်က လက်တစ်ချက်ဝှေ့ယမ်းလိုက်တော့ သရဲဖြူနဲ့သရဲနက်က မျက်နှာဖုံးတပ်ပြီး တံခါးဝကို ပြေးသွားကြကော။ နွားခေါင်းနဲ့ မြင်းမျက်နှာကတော့ ပစ္စည်းတွေအမြန်သိမ်းပြီး ထွက်သွားကြပြီ။ သူတို့ရဲ့ ပုံမှန်မဟုတ်တဲ့ ခေါင်းကြီးတွေက ဘာမျက်နှာဖုံးမှအသုံးမဝင်ဘူး၊ ရှောင်နေမှပဲဖြစ်မယ်လေ။
ယွီဟွေးဖေးခွင့်ပြုချက်နဲ့ သရဲဖြူသရဲနက်က တံခါးဖွင့်လိုက်တော့ တံခါးက ကျွီ...ကျွီဆိုတဲ့အသံနဲ့ ပွင့်သွားပြီးတော့ အရိပ်သုံးခု တံခါးဝမှာပေါ်လာတယ်။ ခရလီ၊ လျိုရှင်းနဲ့ လူထွားကြီး လျိုကျွမ်းတို့ပဲ။
ဒီလူတွေကို ယွီဟွေးဖေးတို့အားလုံးမြင်ဖူးတော့ မစိမ်းကြဘူး၊ ရယ်စရာကောင်းတယ်လို့ပဲထင်မိတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကမှ တောင်ပေါ်မှာ သူတို့ကို ကြောက်လန့်တကြားဖြစ်အောင်လုပ်ခဲ့ပြီး အခုတစ်အိမ်တည်းပြန်ရောက်လာကြပြီ။
တံခါးက ဖြည်းဖြည်းချင်းပွင့်သွားတော့ ခရယ်လီ၊ လျိုရှင်း၊ လျိုကျွမ်း သုံးယောက်လုံး အေးစက်စက်လေတစ်ချက်တိုက်ခတ်လာတာ ခံစားလိုက်ရပြီး မသိစိတ်ကနေ တုန်တတ်သွားကြပါလေကော။ အဲ့တော့ လျိုရှင်းနဲ့ခရယ်လီက တစ်ယောက်နဲ့တစ်ယောက် ပိုပြီးပူးကပ်သွားကြတယ်။
တံခါးပွင့်သွားတော့ ရှေးခေတ်ဝတ်စုံဝတ်ထားတဲ့ လူလတ်ပိုင်းတစ်ယောက် သူတို့မြင်ကွင်းထဲပေါ်လာပြီး သူ့အပြုံးက ဖော်ရွေပေမယ့် သူတို့မျက်လုံးထဲမှာတော့ ကြောက်စရာကောင်းနေတယ်။ တောနက်ကြီးထဲက ယုန်ဖြူလေး ပါးစပ်ထဲဝင်လာတာကိုစောင့်နေတဲ့ ကျားကြီးလိုပဲ။
လူလတ်ပိုင်းရဲ့အသံက တည်ငြိမ်တယ်၊ ပျော်ရွှင်တဲ့အရိပ်အယောင်မရှိဘူး၊ တခြားစိတ်လှုပ်ရှားမှုလည်းမရှိဘူး၊ စက်ရုပ်တစ်ရုပ်က အပြုံးတစ်ခု အတင်းညှစ်ထုတ်ထားသလို အရမ်းကိုထူးဆန်းလွန်းတယ်။
“ဧည့်သည်တို့... တည်းခိုဖို့လာတာလား”
ဒီကြောက်စရာကောင်းပြီး ထူးဆန်းတဲ့အငွေ့အသက်ကိုမြင်တော့ ခယ်လီနဲ့ လျိုရှင်း နည်းနည်းကြောက်သွားပေမယ့် ဒီဆိုင်ကိုပိုပြီးစိတ်ဝင်စားလာကြပြီ။ ကြောက်ပေမယ့် သင်္ချိုင်းကုန်းပေါ်အိပ်ရတဲ့ခံစားချက်ကို ခံစားကြည့်ချင်ကြတာက ခပ်များများရယ်။
လျိုကျွမ်းကတော့ သတ္တိပိုရှိတယ်။ အစက ငါးယောက်တောင်ပေါ်တက်တာ၊ တောင်ပေါ်ကဆင်းတော့ နှစ်ယောက်က ကြောက်လန့်ပြီး ရက်တော်တော်ကြာလှဲနေပြီးမှ အိမ်ပြန်သွားကြတာ။ ဒါကြောင့် ငါးယောက်အဖွဲ့က သုံးယောက်ပဲကျန်တော့တယ်။
လျိုကျွမ်းက ရှေ့တစ်လှမ်းတက်ပြီး အသံကျယ်ကျယ်နဲ့ အရင်အော်မေးပါလေကော။
“ခင်ဗျားက တည်းခိုခန်းပိုင်ရှင်လား။ ခင်ဗျားတို့လုပ်ထားတာ တော်တော်မိုက်တာပဲ၊ တကယ့်တစ္ဆေတွေနတ်ဘုရားတွေ အတိုင်းပဲ”
ဒီစကားကြားတော့ ချွေ့ကျွယ်က ခပ်ရေးရေးပြုံးလိုက်တာ အဲ့ဒီအမူအရာက လိမ္မော်ခွံအက်သွားသလို ပိုပြီးထူးဆန်းသွားတယ်။ စိတ်ခံစားမှုမပါတဲ့အသံနဲ့ ပြန်ဖြေလိုက်တော့တာပေါ့။
“ဒါက ကျုပ်တို့သူဌေးရဲ့ စွမ်းဆောင်မှုပါ၊ အားလုံးက သူကိုယ်တိုင်စီစဉ်ထားတာပေါ့။ ဧည့်သည်တို့... တည်းခိုချင်ရင် ကျုပ်နဲ့လိုက်ခဲ့ပါ၊ စာရင်းသွင်းပြီးရင် တည်းခိုနိုင်ပါပြီ”
“ခင်ဗျားက ပိုင်ရှင်မဟုတ်ဘူးလား” ခယ်လီက အံ့ဩတကြီးနဲ့ ချွေ့ကျွယ်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ပုံစံက အရမ်းထူးဆန်းပြီး ဘယ်လိုကြည့်ကြည့် ပိုင်ရှင်နဲ့တူနေတာကြီး။
ချွေ့ကျွယ်က ခပ်ရေးရေးပြုံးပြီး ဘာမှမပြောဘဲ မော့ကြည့်လိုက်တယ်၊ သူ့အကြည့်က ရှေ့ခြံကတစ်ထပ်တိုက်ကိုကျော်ပြီး နောက်ခြံကနှစ်ထပ်တိုက်ကို ရောက်နေတာပဲ။
နှစ်ထပ်တိုက်ပေါ်မှာ အနီရောင်ဝတ်စုံနဲ့ လူတစ်ယောက်က မျက်နှာဖုံးတပ်ပြီးထိုင်နေရင်း လက်ထဲမှာပန်းတစ်ပွင့်ကိုင်ပြီး သေချာကြည့်နေတာ။ ပုံစံက တစ်ချက်မှမလှုပ်ဘူး။