← Chapters

ငွေပြန်အမ်းခြင်း

Vol. 4 Ch. 54

ငွေပြန်အမ်းခြင်း

Vol. 4 Ch. 54

ချွေ့ကျွယ်က စိတ်ဝင်တစားနဲ့ ခွေးခြေပုလေးတစ်လုံးယူပြီး အပြင်မှာထိုင်ရင်း သူတို့သုံးယောက် ပန်းချီဆွဲတာကို စိန်ပြေနပြေ ကြည့်နေတော့တာပဲ။

သုံးယောက်သားက မူလကတည်းက ကြောက်နေကြတာ၊ အခု ချွေ့ကျွယ်က ဘေးမှာထိုင်ပြီး သူ့ရဲ့အေးစက်စက်မျက်လုံးတွေနဲ့ လာစိုက်ကြည့်နေတဲ့ပုံက ထောင်မှူးက အကျဉ်းသားတွေကို စောင့်ကြည့်နေသလိုပဲ။

ခယ်လီနဲ့ လျိုကျွမ်းတို့ တစ်ကိုယ်လုံးတောင့်တင်း၊ ခေါင်းတွေပါထုံပြီး ဆွဲနေတဲ့ပန်းချီက တစ္ဆေရေးတဲ့အင်းချပ်လိုပဲ ဘာတွေမှန်းမသိတော့ဘူး။ လျိုရှင်းတစ်ယောက်ပဲ သူ့ရဲ့အာရုံကြောထူထူနဲ့ ဘာမှဂရုမစိုက်ဘဲ သူ့လျှာလေးကိုကိုက်ကာ အားရပါးရဆွဲနေတာ။ တစ်ချက်ချင်း၊ တစ်ချက်ချင်းမှာ သူ့ရဲ့ကိုယ်ပိုင်ဟန်ပန်လေးတွေနဲ့ပေါ့။

ချွေ့ကျွယ် ခဏကြည့်ပြီးတော့ နေရာရွှေ့လိုက်ပြီး လျိုရှင်းပန်းချီဆွဲတာကိုပဲ ကြည့်တော့တယ်။ ဘာလို့လဲဆိုတော့ သူ့အမြင်မှာ ဟိုနှစ်ယောက်က လူလိမ်တွေ၊ ပန်းချီလုံးဝမဆွဲတတ်ဘူး။ သရဲဖြူကတော့ ပွစိပွစိပြောနေလေရဲ့။

“ဟမ့်... ဒီပန်းချီကိုကြည့်တာနဲ့ သိနေရပြီ။ ဒီနှစ်ယောက်က အဲ့ဒီဗန်ဘာညာဆိုတဲ့ကောင်လိုပဲ စိတ်မနှံ့တဲ့ကောင်တွေ”

သရဲနက်ကတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ “မဟုတ်ပါဘူးကွာ။ ငါကြည့်ရသလောက် သူတို့ဆွဲတာ တော်တော်ကောင်းပါတယ်”

သူ့စကားကြားတာနဲ့ သရဲဖြူက ချက်ချင်းပဲ သရဲနက်နဲ့ အကွာအဝေးတစ်ခု ခြားထားလိုက်တော့တယ်။ ယွီဟွေးဖေးလည်း နှစ်ထပ်တိုက်ပေါ်မှာထိုင်ရင်း ခိုးကြည့်နေတာပဲ။ ဒီသုံးယောက်လုံးက ပန်းချီကျောင်းသားတွေမှန်း သူမသိခဲ့ဘူး။ ဒါကြောင့် ညသန်းခေါင်ကြီး တောင်ပေါ်တက်တာကိုး။ စိတ်ကူးစိတ်သန်း သွားရှာတဲ့သဘောပေါ့။

သုံးယောက်သား ပန်းချီဆွဲနေတော့ အသံသိပ်မထွက်ဘူး။ ခြံထဲမှာတိတ်ဆိတ်နေပြီး ရံဖန်ရံခါတိုက်ခတ်လာတဲ့လေပြင်းကြောင့် ထင်းရှူးပင်ကြီးက တရှဲရှဲမြည်၊ ထင်းရှူးရွက်တွေက ကောင်းကင်မှာပျံဝဲနေတာပဲရှိတယ်။

ချွေ့ကျွယ်ကလည်း တော်တော်ကြီးကို ထိုင်နိုင်တဲ့သူပဲ။ ပြီးတော့ စိတ်ဝင်တစားနဲ့တောင် ကြည့်နေသေးတယ်၊ ရေနွေးဖြူသောက်ရင်း ကြည့်နေတာ သုံးနာရီလောက်တောင်ရှိနေပြီ။

ယွီဟွေးဖေးက အစပိုင်းမှာ ချွေ့ကျွယ်လို ရေနွေးဖြူတစ်ခွက်ကို ရေနွေးကြမ်းဟန်ဆောင်ပြီး မျက်နှာဖုံးအပေါက်ကနေ ဂိုက်ဖမ်းပြီးသောက်နေသေးတယ်။ ဒါပေမဲ့ ခဏနေတော့ သူပြေးသွားရော။ မတတ်နိုင်ဘူး၊ အဲ့ဒီခွက်က အဆိပ်ရှိတယ်။ သူထိုင်နေရင်း မသိစိတ်က ကောက်ကိုင်ပြီးသောက်ချင်နေတာ။

နောက်ဆုံးတော့ ဗိုက်ထဲမှာရေနွေးဖြူတွေချည်းပဲ၊ ဆီးအိတ်တောင်ပေါက်ကွဲတော့မယ်၊ ပြီးတော့ ရေကိုမြင်ရင်တောင် ပျို့ချင်လာပြီ။

အောက်ထပ်ဆင်းတော့ ယွီဟွေးဖေးကို နွားခေါင်းနဲ့မြင်းမျက်နှာက တားထားတယ်။ နွားခေါင်းက ဆိုင်ထဲမှာလူရှိတာသိတော့ အသံကျယ်ကျယ်မပြောဘဲ အပေါ်ထပ်ကိုလက်ညှိုးထိုးပြီး အပေါ်တက်ပြောမယ်ဆိုတဲ့သဘောမျိုးပြတယ်။ ယွီဟွေးဖေးက သူ့အဓိပ္ပာယ်ကိုနားလည်ပြီး သုံးယောက်သား သုံးလွှာပေါ်တက်သွားကြတာပေါ့။

သုံးလွှာထဲရောက်တော့ နွားခေါင်းနဲ့မြင်းမျက်နှာက အသက်ကိုဝဝရှူပြီး ဟိန်းဟောက်သံနဲ့ အော်ချလိုက်တယ်။ ဒီတစ်ချက်က ယွီဟွေးဖေးကို တစ်မီတာလောက်မြင့်အောင် ထခုန်မိမတက်ပဲ။

“အောင်မလေး... ခင်ဗျားတို့ နှစ်ယောက်ဘာလုပ်တာလဲ။ ရူးနေလား” ယွီဟွေးဖေးအော်တော့ နွားခေါင်းက ရင်ဘတ်ကိုပုတ်ပြီး ညည်းတော့သည်။

“အား... အောင့်ထားရတာ သေတော့မယ်”

မြင်းမျက်နှာက လိုက်ပြီးခေါင်းညိတ်၏။ “ဟုတ်တယ်... လူမလာခင်က မျှော်နေတာ။ လူလာတော့ တကယ်အောင့်ထားရတာပဲ”

ယွီဟွေးဖေးက ဒီစကားကြားတော့ ခေါင်းကိုက်သွားသည်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ၊ လူလာတော့ သူတို့ဆက်ပြီးဆူညံလို့မဖြစ်ဘူး။ အဓိကက နွားသိုးခေါင်းနဲ့မြင်းမျက်နှာက မျက်နှာဖုံးတပ်တပ် မတပ်တပ် လူနဲ့မတူဘူးကိုး။

တကယ်လို့လူမြင်သွားရင် သတ္တိနည်းတဲ့သူနဲ့တွေ့ရင် ပြဿနာတက်နိုင်တယ်။ သတ္တိရှိတဲ့သူနဲ့တွေ့ရင် ပိုပြီးဒုက္ခရောက်မယ်၊ အဲ့ဒီလိုဖြစ်လာရင် သူတို့ဆိုင်ကို နိုင်ငံကအဖွဲ့အစည်းအမျိုးမျိုးက ဝိုင်းထားတော့မှာပဲ။ နောက်ပိုင်း ဓားနဲ့လှီးခံရမလား၊ ဘာဖြစ်မလဲဆိုတာ မပြောနိုင်ဘူး။

ဒါပေမဲ့ အခုလောလောဆယ်တော့ ဘာကောင်းတဲ့နည်းလမ်းမှမရှိဘူး။ နွားခေါင်းနဲ့ မြင်းမျက်နှာကိုပဲ အောင့်အည်းခိုင်းရတော့မယ်။

“တော်ပြီ... မင်းဘာပြောချင်လဲသိတယ်။ ငါတို့ညီအစ်ကိုနှစ်ယောက် အောင့်ထားရလို့မွန်းကြပ်နေပေမယ့် လုံးဝပူးပေါင်းဆောင်ရွက်မှာပါ” နွားခေါင်း အရင်စကားစတော့ မြင်းမျက်နှာက လိုက်ပြီးခေါင်းညိတ်သည်။

“ဟုတ်တယ်... ဟုတ်တယ်”

ယွီဟွေးဖေးက သူတို့နှစ်ယောက်ကို ကျေးဇူးတင်တဲ့အကြည့်နဲ့ကြည့်လိုက်၏။

“ဒါဆိုရင် ကျုပ်တို့တောင်ထဲမှာ ဒုတိယစစ်မြေပြင်ဖွင့်မလား။ မင်းတို့အဲ့ဒီမှာသွားလည်မလား”

နွားသိုးခေါင်းကခေါင်းခါပြီး “မဖြစ်ဘူး၊ ငါတို့အကြာကြီးမခွဲနိုင်ဘူး”

ယွီဟွေးဖေးမှ သတိရတော့တယ်၊ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေအနေနဲ့ ဒီကောင်တွေက ယွီဟွေးဖေးဆီမှာ လိမ်လိမ်မာမာအကျဉ်းကျခံပြီး အလုပ်ကြမ်းလုပ်၊ သူတို့ရဲ့အတွေးအခေါ်ကိုမြှင့်တင်ရမှာ။ အခုစဉ်းစားကြည့်တော့ အကျဉ်းနှင် ယဉ်ကျေးလိမ္မာဦးစီးဌာနက ဒီလောက်ဆင်းရဲတာ၊ ဒီလောက်သနားစရာကောင်းတာက ဒီအကြောင်းအရာတွေကြောင့်လည်းဖြစ်နိုင်တယ်။

ဒီကောင်တွေက ပြစ်ဒဏ်ကျခံဖို့လာတာ၊ သက်တောင့်သက်သာနေဖို့လာတာမဟုတ်ဘူး။ ပြဿနာက ဒီကောင်တွေက ပြစ်ဒဏ်ကျခံရတာ သက်တမ်းရှိတယ်၊ ယွီဟွေးဖေးက ဒီမှာဒုက္ခခံရတာက တစ်သက်တစ်ကျွန်း။

မဖြစ်ဘူး... မဖြစ်ဘူး... ပြောင်းလဲရမယ်၊ နေထိုင်မှုဘဝကိုတိုးတက်အောင်လုပ်ဖို့ နည်းလမ်းရှာရမယ်။

ယွီဟွေးဖေးက စိတ်ထဲမှာဆုံးဖြတ်ချက်ချလိုက်ပြီ။ သုံးလွှာမှာထိုင်ရင်း ယွီဟွေးဖေးလည်း ဘာလုပ်စရာမှမရှိတာနဲ့ နွားခေါင်းနဲ့ မြင်းမျက်နှာကိုခေါ်ပြီး သုံးလွှာရဲ့ မြေဧရိယာကို စတင်တိုင်းတာတော့သည်။

ဒီမှာရပ်နေရင်း ကောင်းကင်အဆုံးကိုမမြင်ရပေမယ့် ယွီဟွေးဖေးသိထားတာက ဒီနေရာဟာ မြင်ရသလောက်ကြီးမှာမဟုတ်ဘူး။ တကယ်ပဲ သုံးယောက်သား တစ်ယောက်တစ်လမ်းစီ လမ်းလျှောက်သွားတာ မကြာခင်မှာပဲ လေထုနံရံကိုတိုက်မိကြတော့တာပဲ။ ယွီဟွေးဖေးက ပွတ်သပ်ပြီး ပွစိပွစိပြောတော့သည်။

“ဒီလောက်ပဲကျယ်တာလား”

ဒါက ယွီဟွေးဖေး ထင်တာထက် ပိုသေးနေတာပဲ။ ဘောလုံးကွင်း တစ်ကွင်းစာလောက်ပဲရှိပြီး ကျန်တဲ့နေရာတွေက လေထုနံရံနဲ့ကာထားတယ်။ အဲ့ဒီရှုခင်းတွေက တကယ်ရှိတာလား၊ ဒါမှမဟုတ် လှုပ်ရှားနေတဲ့ ပန်းချီကားချပ်တွေလားတော့ မသိဘူး။

လိုက်တိုင်းပြီးတော့ သူတို့လည်း ပျင်းလာကြပြီ။ ဒါနဲ့ နွားခေါင်းက မြင်းမျက်နှာကို ခြေသည်းညှပ်ပေးသလို မြင်းမျက်နှာကလည်း နွားခေါင်းကို သန်းရှာပေးတယ်။ ယွီဟွေးဖေးကတော့ ဒီလိုရွံစရာကောင်းတဲ့ အပန်းဖြေနည်းလမ်းထဲကို လုံးဝမပါဝင်ဘူး။ အဲ့ဒီအချိန်မှာပဲ သရဲဖြူက ရယ်ပြုံးပြုံးနဲ့ဝင်လာကော။

“ယွီလေး၊ ကြည့်စမ်း... ဒါဘာလဲ”

ယွီဟွေးဖေးကြည့်လိုက်တော့ သရဲဖြူလက်ထဲမှာ ပိုက်ဆံတစ်ထပ်ကြီး။ နွားခေါင်းက ချက်ချင်းထရပ်ပြီး တစ်ချက်တည်းလုယူလိုက်ရင်း ကျယ်လောင်စွာရယ်မောတော့သည်။

“အောင်မလေး... ပိုက်ဆံအများကြီးပဲဟ”

မြင်းမျက်နှာလည်း လိုက်ကပ်သွားပြီး သူ့မျက်နှာရှည်ကြီးက ရထားခေါင်းတွဲလိုပဲ အားလုံးရဲ့မြင်ကွင်းကိုကာထားပါလေကော။

ယွီဟွေးဖေးက သူ့ကိုတစ်ချက်တွန်းဖယ်ပြီး ပိုက်ဆံကိုယူပြီးရေတွက်လိုက်တော့ သုံးသောင်းတိတိ။

“ဒီလောက်များတာလား။ သူတို့ဘယ်လောက်ကြာကြာတည်းမှာလဲ”

“ဆယ်ရက်... တစ်ယောက်ဆယ်ရက်”

သရဲဖြူရဲ့ ရယ်ပြီးပြောတဲ့အသံကို မြင်းမျက်နှာနဲ့နွားခေါင်းက ကြားသွားတာနဲ့ သွားဖုံးတွေပေါ်အောင်ရယ်ကြတော့တယ်။ စည်းကမ်းအရ အွန်လိုင်းမှာအခန်းဘွတ်ကင်လုပ်ရင် ငွေသားလက်ခံလို့မရဘူး၊ ဝက်ဘ်ဆိုဒ်ကလည်း ပုံမှန်အချိန်မှာ ရှင်းပေးတာမဟုတ်ဘူး။

ယွီဟွေးဖေးက ဒီပြဿနာကိုဖြေရှင်းဖို့ ဖွံ့ဖြိုးတိုးတက်ဆဲဝက်ဘ်ဆိုဒ်တစ်ခုရှာထားတာ။ ဒီဝက်ဘ်ဆိုဒ်က ဆိုင်တွေကိုဆွဲဆောင်ဖို့ ငွေသားတိုက်ရိုက်လက်ခံခွင့်ပြုတယ်။ ဒါပေမဲ့လစဉ် အခြေခံဝန်ဆောင်မှုခနဲ့ အော်ဒါစုစုပေါင်းရဲ့တစ်စိတ်တစ်ပိုင်းကိုပေးရတာမျိုး။ ဒါကြောင့် ယွီဟွေးဖေးက ငွေသားကိုလက်ထဲမှာ မြင်နေရတာ။

ရှေ့ကပိုက်ဆံကိုကြည့်ရင်း ယွီဟွေးဖေးရဲ့လက်ကတုန်နေလေရဲ့။ သူမှတ်မိသလောက် ဒီကိုးထပ်ဆောင်ရဲ့စည်းကမ်းထဲမှာ အပြင်လူလာတည်းရင် အများဆုံး သုံးရက်ပဲတည်းလို့ရတယ်ဆိုတဲ့ အချက်ရှိတယ်။

ယွီဟွေးဖေးက မျက်မှောင်ကြုတ်ပြီး “ဒါက... အများကြီးပြန်ပေးရတော့မယ် ထင်တယ်”

“ယွီလေး... ဘာဖြစ်တာလဲ” နွားသိုးခေါင်းက စပ်စုပြီးမေးတော့တာပဲ။ ယွီဟွေးဖေး အကျိုးအကြောင်းပြောပြတော့ အားလုံးငိုညည်းကုန်ကြတာပေါ့။

“ဒါကပိုက်ဆံလေကွာ။ ယွီလေး... အစ်ကိုကြီး... ဒါပိုက်ဆံလေကွာ။ မင်း... ငါယူလာရတာလွယ်တယ်၊ မင်းကပြန်ပေးခိုင်းတော့ ငါမသွားချင်ဘူး”

သရဲဖြူက ချက်ချင်းဂျီကျတော့တာပဲ။ သူက လောဘကြီးလို့မဟုတ်ဘူး၊ ဒီရက်ပိုင်းတကယ်ကို ငတ်ပြတ်နေကြလို့။ နေ့တိုင်းဟင်းသီးဟင်းရွက် အစိမ်းစားရတာ မျက်လုံးတွေတောင်စိမ်းနေပြီ။

ယွီဟွေးဖေးက မျက်နှာငယ်လေးနဲ့ပြောရတာပေါ့။

“ကိုးထောင်ချန်ထားရင်လည်း အစားကောင်းအသောက်ကောင်းစားရတာပဲ။ ပိုတာတွေပြန်ပေးလိုက်ပါ”

“ယွီလေး... ဒါသက်တမ်းတိုးလို့မရဘူးလား” နွားသိုးခေါင်းက အားကိုးတကြီးနဲ့ မေးပါလေကော။

All Chapters