← Chapters

တံမြက်စည်းနဲ့ စုတ်တံ

Vol. 4 Ch. 55

တံမြက်စည်းနဲ့ စုတ်တံ

Vol. 4 Ch. 55

ယွီဟွေးဖေးကမဖြေဘဲ အဲ့ဒီစုတ်ပြတ်နေတဲ့စာအုပ်ကိုရှာ လူတိုင်းကအထဲက အချက်အလက်တိုင်း သေချာလေ့လာလိုက်ကြတယ်။

ဒါပေမဲ့အဖြေက... မရဘူး။

ကိုးထပ်ဆောင်မှာတည်းခိုတဲ့ လူတိုင်း တစ်ပတ်အတွင်းမှာ အများဆုံးသုံးရက်ပဲ တည်းခိုခွင့်ရှိတယ်။

သုံးရက်ပြည့်ရင် ထွက်သွားရမှာဖြစ်ပြီး နောက်တစ်ပတ်ကြာမှ ထပ်တည်းခိုလို့ရမယ်။

ဒါက စည်းကမ်းပဲ။ ပြောင်းလဲချင်ရင် အခွင့်အရေး အဆင့်အတန်းကို မြှင့်တင်မှရမယ်။ ယွီဟွေးဖေးက နားထင်ကိုနှိပ်နယ်ပြီး ပြောလိုက်၏။

“ဘာမဆိုအခွင့်အရေးနဲ့ အဆင့်အတန်းလိုတယ်... လူယာက ခွေးလိုဆင်းရဲတာ မဆန်းတော့ဘူး...”

ဒါပေမဲ့ စည်းကမ်းကစည်းကမ်းပဲ... ယွီဟွေးဖေးလည်းဘာမှမတတ်နိုင်ဘူး။ အခွင့်အရေးကိုဘယ်လိုမြှင့်တင်ရမလဲဆိုတာကိုပဲ စဉ်းစားနေရတော့တယ်။

“ဒီမှာပြောတာက အောင်မြင်မှု၊ စွမ်းဆောင်မှု... ဒါပေမဲ့ မင်းလိုအကျဉ်းမှူးတစ်ယောက်က ဘယ်လိုအောင်မြင်မှုရမှာလဲ။ ဒါမှမဟုတ်ငါတို့ကိုထောင်ဖောက်ပြေးခိုင်း၊ မင်းငါတို့ကိုပြန်ဖမ်း၊ အဲ့ဒါမှအောင်မြင်မှုလို့ သတ်မှတ်မှာလား”

နွားခေါင်းရဲ့ စကားကြောင့် မြင်းမျက်နှာကလည်း ဝင်ပြောလိုက်သည်။

“ဒါဆိုငါတို့နှစ်ယောက်ကတန်းပြီး ငရဲဆယ့်ရှစ်ထပ်ကိုပစ်ချခံရမှာ... ထပ်ပြီးကံမကောင်းရင်... ကောင်းကင်ဘုံကိုခေါ်သွားပြီး သရဲသတ်ဓားနဲ့ခုတ်၊ နန်းတွင်းဟင်းတစ်ပွဲဖြစ်သွားမှာ”

“ဒီလိုလုပ်လို့မရဘူး” ယွီဟွေးဖေးက လက်ကိုဝှေ့ယမ်းရင်း တားလိုက်တော့ နွားခေါင်းနဲ့မြင်းမျက်နှာက တစ်ပြိုင်နက်တည်းအော်လိုက်ကြတယ်။

“ဒါဆိုဘယ်လိုလုပ်ကြမလဲ”

ပြီးတော့ နှစ်ကောင်က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြး တဟဲဟဲရယ်ရင်း ပြောလိုက်ကြသည်။

“ဒါမှမဟုတ် သရဲဖြူနဲ့ သရဲနက်ကိုစမ်းခိုင်းကြည့်မလား”

ယွီဟွေးဖေး “@#¥...”

အတော်ကြာအောင့်အီးပြီးမှ “ခင်ဗျားတို့တကယ်ကို ညီအစ်ကိုကောင်းတွေပဲ”

“သေချာတာပေါ့ဟ” နွားခေါင်းနဲ့မြင်းမျက်နှာကအော်လိုက်ကြသည်။ ယွီဟွေးဖေးက ဒီနှစ်ကောင်ကို ဆင်ဂရုမစိုက်တော့ဘူး။ အောင်မြင်မှုက ရခဲတယ်။ ဒါပေမဲ့ကုသိုလ်ကတော့ လမ်းကြောင်းရှိလောက်မယ်။

ကုသိုလ်... အင်း... ကောင်းမှုလုပ်တာပဲမဟုတ်လား။

ယွီဟွေးဖေးက အပေါ်ကမိတ်ဆက်ပေးထားတဲ့အတိုင်း သူ့ရဲ့ကိုးထပ်ဆောင်တံဆိပ်ပြားကိုထုတ် စိတ်အာရုံပြုလိုက်တော့ တံဆိပ်ပြားကနေ စာအုပ်တစ်အုပ်အဖြစ်ပြောင်းသွားပြီး ကုသိုလ်ကောင်းမှု အပိုင်းကို တန်းလှန်လိုက်တယ်။

ကုသိုလ်: ၁၁

ယွီဟွေးဖေးက ချက်ချင်းကြောင်သွား၏။

“ငါဘယ်လိုလုပ်ပြီး ကုသိုလ်ရသွားတာလဲ”

“မင်းမကြာသေးခင်ကဘာလုပ်ခဲ့လဲ” နွားခေါင်းက ကပ်လာပြီးပြောလိုက်တော့ ယွီဟွေးဖေး ခေါင်းခါပြ၏။ သူကလူမိုက်တွေကိုရိုက် ကိုခွေးကြီးကိုလိမ်ညာခဲ့ပေမယ့် ဒါတွေက ကိုယ့်ပြဿနာကိုဖြေရှင်းတာပဲ။ ပြီးတော့ ဒီလူတွေကလည်းအကြွေးတောင်းဖို့လာတာလေ။ သူတို့ကိုရှင်းတာက ဘာကုသိုလ်မှရမှာမဟုတ်ဘူး။

“နောက်မှာအသေးစိတ်ခလုတ်ရှိတယ်”

မြင်းမျက်နှာ ပြောတဲ့အတိုင်း ယွီဟွေးဖေးက အသေးစိတ်ကို တစ်ချက်နှိပ်လိုက်တော့...

သင်္ချိုင်းကုန်းသန့်ရှင်းရေးလုပ်... သန့်ရှင်းတယ်... ကုသိုလ် +၁

သင်္ချိုင်းကုန်းသန့်ရှင်းရေးလုပ်... သန့်ရှင်းတယ်... ကုသိုလ် +၁

…

သင်္ချိုင်းကုန်းသန့်ရှင်းရေးလုပ်... အရမ်းသန့်ရှင်းတယ်... ကုသိုလ် +၂

တစ်ဆက်တည်းဆယ်ကြောင်း... နောက်ဆုံးတစ်ကြောင်းက အထူးထင်ရှားနေတော့ ယွီဟွေးဖေးက မေးစေ့ကို ပွတ်သပ်ပြီးပြောလိုက်သည်။

“သင်္ချိုင်းကုန်း သန့်ရှင်းရေးလုပ်တာ ကုသိုလ်ရသေးတယ်လား”

တစ်ပြိုင်နက်တည်းမှာပဲ... တံမြက်စည်းတစ်ချောင်းကို နွားခေါင်းက ယွီဟွေးဖေးလက်ထဲထည့်ပေးလိုက်၏။ ယွီဟွေးဖေး စကားမပြောခင်မှာပဲ မြင်းမျက်နှာက သူ့ကိုတွန်းပြီး အပြင်ကိုလျှောက်ရင်းနဲ့ပြောသည်။

“ဒီမှာနတ်စွမ်းအင်တွေအရမ်းများတယ်... မင်းကြာကြာနေရင်မသက်မသာဖြစ်လိမ့်မယ်။ သွား... အလုပ်ကောင်းကောင်းလုပ်... သင်္ချိုင်းကုန်း သန့်ရှင်းရေးလုပ်။ အရမ်းချစ်တယ်နော်... မွမွ”

ယွီဟွေးဖေးက ရပ်ပြီးတစ်ခုခုပြောချင်ပေမယ့် မြင်းမျက်နှာရဲ့အင်အားက နွားခေါင်းလောက်မကြီးပေမယ့် ယွီဟွေးဖေးနဲ့ယှဉ်ရင် ကားနဲ့ကြက်ပေါက်လေး ကွာခြားချက်အတိုင်းပဲ။ ယွီဟွေးဖေးက လုံးဝခုခံနိုင်စွမ်းမရှိတော့ အဲ့ဒီကောင်ကတန်းပြီး တွန်းထုတ်လိုက်တော့ကော။

လှေကားထစ်မှာရပ်ပြီး ယွီဟွေးဖေးက မျက်နှာကျက်ကိုမော့ကြည့်ရင်း ဆဲလိုက်၏။

“မင်းအမေလင်... ဒီမှာဘယ်သူက boss လဲ”

ပါးစပ်ကမကျေမနပ်ဖြစ်နေပေမယ့် ယွီဟွေးဖေးကကုသိုလ်အတွက် အခွင့်အရေးကိုအမြန်ဆုံးအဆင့်မြှင့်တင်ဖို့၊ ပိုက်ဆံများများရှာဖို့၊ ကောင်းကောင်းစားရဖို့အတွက် တံမြက်စည်းကိုကိုင်ပြီး သင်္ချိုင်းကုန်းကိုပြေးသွားတော့၏။

ဒါနဲ့ ယွီဟွေးဖေးက လက်တစ်ဖက်မှာ ရေပုံးတစ်လုံးကိုင်၊ ရေပုံးထဲမှာက ရေနဲ့အဝတ်စအပြည့်၊ လက်တစ်ဖက်မှာ တံမြက်စည်းကိုင်ပြီး ရှေ့ခြံရောက်လာချိန် ပန်းချီဆွဲပြီးလို့ စတင်သိမ်းဆည်းနေတဲ့လူအုပ်ကို တစ်ချက်ကြည့်ပြီး နောက်လှည့်ကာ ဘေးတံခါးကနေသင်္ချိုင်းကုန်းထဲဝင်သွားတော့သည်။

ဒီမြင်ကွင်းကိုမြင်တော့ ခယ်လီရဲ့မျက်လုံးတွေကတောက်ပသွားပြီးမေးလိုက်၏။

“သူဌေး... အဲ့ဒီတံခါးကထွက်ရင် ဘယ်ကိုရောက်လဲ”

“သင်္ချိုင်းကုန်း” ယွီဟွေးဖေးက အေးစက်စက်နိုင်လွန်းတဲ့ လေသံနဲ့ တစ်ခွန်းထဲ ပြောထည့်၏။

အရင်ကပြောခဲ့တဲ့အတိုင်းပဲ သင်္ချိုင်းကုန်းထဲမှာလူလုပ်သင်္ချိုင်းနဲ့ လူတွေသွားလာရလွယ်ကူတဲ့လမ်းတွေကလွဲရင် တခြားနေရာတွေက လုံးဝမပြောင်းလဲဘူး။

အထူးသဖြင့် အဲ့ဒီသက်တမ်းရင့် အပင်အိုကြီးတွေက တစ်ပင်မှ မလှုပ်ရှားဘူး။ ဒီမှာမေပယ်ပင်တွေအများကြီးရှိတယ်။ ဆောင်းဦးရာသီရောက်တော့ ဆောင်းလေတစ်ချက်တိုက်လိုက်ရင် အရွက်တွေကတစ်ရွက်ပြီးတစ်ရွက် အဝါရောင်ဖြစ်ဖြစ်၊ အနီရောင်ဖြစ်ဖြစ် လေထဲမှာလွင့်နေတော့တာပဲ။

သင်္ချိုင်းကုန်းထဲမှာ တစ်ရက်လောက် အမှိုက်လာမလှဲရင် သစ်ရွက်တွေက အများကြီးပုံနေတော့တာ။ အဓိကက ယွီဟွေးဖေးရှေ့မှာလှဲရင် နောက်မှာလိုက်ကျနေတာပဲ။ ယွီဟွေးဖေးက အဲ့ဒီသစ်ရွက်ကြွေတွေကိုကြည့်ပြီး ပွစိပွစိဖြစ်နေပြီ။

“ငါငယ်ငယ်တုန်းက ဒီသင်္ချိုင်းကုန်းကိုလာချိန်မှာ သစ်ရွက်ကြွေတွေနည်းနည်းပဲရှိတာ။ ဒီလောက်မများဘူး။ ဒါကလူကို သက်သက်အနိုင်ကျင့်နေတာပဲ”

ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သူ့အဘိုးယွီအိုက်ကော်က နေ့တိုင်းနီးပါး ဒီမှာစောင့်နေတာ။ ယွီဟွေးဖေးဘယ်အချိန်လာလာ အိမ်ထဲမှာအမြဲတမ်းလူမရှိဘူး။ သင်္ချိုင်းကုန်းထဲမှာပဲ အမြဲတမ်း တံမြက်စည်းကိုဝှေ့ယမ်းပြီး လှဲကျင်းနေတာလေ။

အဘိုးကိုစဉ်းစားမိတော့ ယွီဟွေးဖေးရဲ့စိတ်လည်းနည်းနည်းလှုပ်ရှားသွားပြီး မူလကသစ်ရွက်ကြွေလှဲကျင်းရင်း မတည်ငြိမ်တဲ့စိတ်လည်း ငြိမ်သက်သွားတယ်။

ယွီဟွေးဖေးက အဲ့ဒီအတွေးစတွေကို မစဉ်းစားတော့ဘဲ တိတ်ဆိတ်စွာနဲ့ တံမြက်စည်းကိုဝှေ့ယမ်းပြီး အမှတ်တရထဲက အဘိုးပုံစံကိုအတုခိုးရင်း သစ်ရွက်တစ်ရွက်ချင်းစီ လှဲကျင်းနေလိုက်၏။

သူလုံးဝမသိလိုက်တာက ဘေးတံခါးမှာ စပ်စုနေတဲ့မျက်နှာငယ်လေးတစ်ခုကထွက်လာပြီး မျက်လုံးအကြီးကြီးတစ်စုံကတောက်ပနေရင်း ယွီဟွေးဖေးရဲ့အရိပ်ကိုကြည့်နေတာပဲ။

ပြီးတော့ ပန်းချီကားတင်တဲ့ဒေါက်တစ်ခုကို အဲ့ဒီမှာထောင်လိုက်ပြီး လက်ငယ်လေးက ပန်းချီစုတ်တံကိုကိုင်ပြီး အမြန်ပုံဖော်နေ၏။

လာတဲ့သူက လျိုရှင်းပဲ။

အခုအချိန်မှာ လျိုရှင်းက ယုန်နားရွက်ဦးထုပ်လေးဆောင်းပြီး ခွေးခြေပုပေါ်မှာထိုင်ရင်း တော်တော်စိတ်ဝင်တစား အလေးအနက်ထားပြီး လှဲကျင်းနေတဲ့ယွီဟွေးဖေးကိုကြည့်နေ၏။

ယွီဟွေးဖေးကတော့ စိတ်နှစ်ထားပြီး သစ်ရွက်တွေကိုလှဲကျင်းနေဆဲ။ နှစ်ယောက်လုံးက အပိုစကားမရှိဘူး။ ယွီဟွေးဖေးတောင် လူလာတာမသိဘူး။ နှစ်ယောက်သားဒီလိုတိတ်ဆိတ်စွာနဲ့ အလုပ်ကိုယ်စီ လုပ်နေကြတာပေါ့။

သူက သစ်ရွက်ကြွေကိုလှဲ၊ သူမကသူ့ကိုပန်းချီကားချပ်အဖြစ်ဆွဲ။

ဆောင်းဦးလေထ... မေပယ်ရွက်နီလွင့်ကျ... အဖြူရောင် သင်္ချိုင်းကျောက်တိုင်တွေဘေးမှာ... အနီရောင်ဝတ်ရုံနဲ့ ယွီဟွေးဖေးက တကယ်ပဲဒီရှုခင်းထဲမှာရောနှောသွားသလိုပဲ။

ချွေ့ကျွယ်က ပထမဆုံး လျိုရှင်းကိုတွေ့ပေမယ့် ဘာမှမပြောဘဲပြုံးပြပြီး လျိုရှင်းဘေးက ရေနွေးဘူးထဲမှာ ရေနွေးတစ်ဘူးထပ်ထည့်ပေးလိုက်တယ်။

လျိုရှင်းကတော့ လုံးဝမသိလိုက်ဘူး... ပန်းချီဆွဲတဲ့အပိုင်းမှာ တော်တော်စိတ်နှစ်ထားတဲ့ပုံပဲ။ ခယ်လီနဲ့လျိုကျွမ်းကတော့ နှစ်ယောက်လုံးကုတင်ပေါ်မှာလှဲပြီးအိပ်ပျော်နေကြပြီ။ တစ်နေ့လုံးပန်းချီဆွဲပြီးတော့ နှစ်ယောက်လုံးလည်း စိတ်မောနေကြပြီလေ။

နောက်ခြံမှာ နွားခေါင်းနဲ့ မြင်းမျက်နှာက ကလိမ်ကကျစ်နိုင်စွာနဲ့နံရံပေါ်မှာမှောက် ခေါင်းထောင်ရင်း ခဏခဏ ချွေ့ကျွယ်ကိုမျက်စပစ်နေကြပြီ။

ဒါကြောင့် ချွေ့ကျွယ်က လျှောက်သွားပြီး မေးလိုက်တယ်။ “ဘာဖြစ်လို့လဲ”

နွားခေါင်းက ဗိုက်ကိုလက်ညှိုးထိုးပြပြီး “ဆာတယ်... အခုပိုက်ဆံရှိပြီ... ယွီလေးကိုအမြန်စားစရာသွားလုပ်ခိုင်းလိုက်”

“အဆင်မပြေလောက်ဘူး... သူအခုသင်္ချိုင်းကုန်း သန့်ရှင်းရေးလုပ်နေတယ်”

ချွေ့ကျွယ်ရဲ့ စကားကိုကြားတော့ နွားခေါင်းနဲ့မြင်းမျက်နှာရဲ့မျက်နှာတွေ စိမ်းသွားကြတယ်။ စောစောကတည်းကသိရင် သူတို့ယွီဟွေးဖေးကို တံမြက်စည်းသွားလှဲခိုင်းမှာ မဟုတ်ဘူး။ စားစရာ အရင်သွားဝယ်ခိုင်းမှာ။

“သူတစ်ယောက်တည်း ဘယ်လောက်ကြာကြာ လှဲရမှာလဲ။ ဒါမှမဟုတ်... ငါတို့သွားကူညီကြမလား”

“မသွားနဲ့... ဧည့်သည်လည်း သင်္ချိုင်းကုန်းထဲမှာရှိတယ်။ မင်းတို့သွားရင်မကောင်းဘူး”

နွားခေါင်းနဲ့မြင်းမျက်နှာက စိတ်လောပြီးဆံပင်တွေကုတ်နေကြပြီးတော့ ကြံရာမရတာနဲ့ မျက်နှာဖုံးတပ်ထားတဲ့ နှစ်ယောက်ကိုကြည့်ပြီး ပြောလိုက်တော့တာပေါ့။

“မင်းတို့ညီအစ်ကိုနှစ်ယောက်သွားကြ...”

သူရဲဖြနဲ့ သရဲနက်က ခေါင်းခါပြီးပြောလိုက်ကြတယ်။

“မသွားဘူး။ သရဲဖြူ သူရဲနက်က သင်္ချိုင်းကုန်းမှာ တံမြက်စည်းလှဲတာ နိမိတ်မကောင်းဘူး။ ငါတို့ကလုပ်ချင်ရင်တောင် တချို့သူတွေက မလိုချင်ဘူး။

နောက်မှ ကုသိုလ်မရတဲ့အပြင် အပြစ်ပါတစ်ဆင့်တိုးသွားမှာ”

သူ့စကားကြောင့် နွားခေါင်းနဲ့ မြင်းမျက်နှာ စကားမပြောနိုင်တော့ဘူး။ မသွားနိုင်ရင်လည်း စောင့်နေရုံပဲရှိတော့တာပေါ့လေ။ ဒါနဲ့နောက်ခြံမှာ နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်၊ ချွေ့ကျွယ်တို့အတူတူထိုင်နေကြပြီး ဗိုက်ထဲက ဂွီး ဂွီးဆိုပြီးမြည်တိုင်း ရေတွေကို တစ်ငုံပြီးတစ်ငုံသောက်ရင်း ဗိုက်ထဲမှာတစ်ခုခုရှိအောင် ကြိုးစားနေကြလေရဲ့။

All Chapters