← Chapters

ငါး

Vol. 4 Ch. 56

ငါး

Vol. 4 Ch. 56

နေမင်းကြီးလည်း တောင်စွယ်မှာဝင်သွားပြီ။ နေဝင်ဆည်းဆာရဲ့ အနီရောင်အလင်းတန်းတွေက သင်္ချိုင်းကုန်းတစ်ခုလုံးကို ရွှေရောင်တောက်တောက်တွေ ဖြန်းပက်ထားသလိုပဲ။ အလင်းရောင်တွေက သစ်ရွက်တွေကြားကနေ ယွီဟွေးဖေးရဲ့ မျက်နှာပေါ်ကျလာတော့မှ သူလည်း တံမြက်လှဲနေတဲ့စိတ်အစဉ်ထဲကနေ ပြန်လည်လွတ်မြောက်လာတော့တယ်။

ခါးကိုမတ်လိုက်ရင်း ယွီဟွေးဖေးက လက်တစ်ဖက်နဲ့ မျက်စိရှေ့က အလင်းရောင်ကိုကာပြီး မျက်မှောင်ကြုတ်လိုက်၏။

“ညနေတောင်စောင်းနေပြီလား”

ဂလောက်

အသံတိုးတိုးလေးတစ်ခုကြားတော့ ယွီဟွေးဖေးလှည့်ကြည့်လိုက်ချိန် ဘေးတံခါးက ပိတ်သွားခါစပဲ။

“ဘယ်သူလဲဟ”

ယွီဟွေးဖေးက ပွစိပွစိပြောလိုက်ပေမယ့် သိပ်တော့ဂရုမစိုက်လိုက်ဘူး။ တံမြက်စည်းကိုချ၊ ရေပုံးကိုဆွဲပြီး သူ့အဘိုး ယွီအိုက်ကော်ရဲ့ သင်္ချိုင်းရှေ့ကိုရောက်လာ၏။ အဝတ်စနဲ့ အဘိုးရဲ့သင်္ချိုင်းကို သေသေချာချာ သန့်ရှင်းရေးလုပ်ပေးရင်း လေသံတိုးတိုးနဲ့ပြောသည်။

“အဘိုး... စိတ်ချပါ၊ ကျွန်တော်အခု အဆင်ပြေနေပါပြီ။ အိမ်မှာ ဒုက္ခပေးတဲ့ အာပလာကောင်တွေ နည်းနည်းရောက်နေတာက လွဲလို့ပေါ့”

“ဒါပေမဲ့ ခြုံပြောရရင်တော့ နောက်ဆို ကျွန်တော်အထီးကျန်တော့မှာ မဟုတ်ဘူး”

“အရင်က အဘိုးဘာလို့ သင်္ချိုင်းဂူတွေဘေးမှာပဲ တဝဲလည်လည်လုပ်နေလဲ နားမလည်ခဲ့ဘူး၊ အခုတော့ နည်းနည်းသဘောပေါက်လာပြီ”

“ဒါပေမဲ့... ဒီအလုပ်က ခါးနည်းနည်းညောင်းသားဗျ” ပြောပြီးတာနဲ့ ယွီဟွေးဖေးက ထရပ်လိုက်၏။

“သွားပြီနော်... ဒီနေ့ အရက်ကောင်းကောင်းလေးဝယ်ပြီး ညကျရင် အဘိုးနဲ့အတူ နှစ်ခွက်လောက်လာသောက်မယ်”

ခြံထဲပြန်ရောက်တော့ ယွီဟွေးဖေးက သင်္ချိုင်းကုန်းရှင်းတဲ့ ပစ္စည်းကိရိယာတွေကို သေသေချာချာသိမ်းဆည်းပြီး တံခါးဖွင့်ကာ အေးအေးဆေးဆေး ထွက်သွားတော့သည်။

ရှို့လင်ရွာက သိပ်မကြီးပေမယ့် သိပ်လည်းမသေးဘူး။ ယွီဟွေးဖေးရဲ့အိမ်ရှေ့က မြစ်ချောင်းလေးအတိုင်း အရှေ့ဘက်ကိုဆက်လျှောက်သွားရင် မြစ်ကျယ်တစ်ခုကိုရောက်တယ်။ အဲ့ဒါက စုန်းဟွာမြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်ပြီး အမည်ကတော့ လောင်ကန်းမြစ်၊ အဘိုးကြီးမြစ်တဲ့လေ။

လောင်ကန်းမြစ်ကမ်းနားမှာ နေ့တိုင်း ငါးမျှားတဲ့လူတွေရှိတယ်။ ယွီဟွေးဖေးအခုသွားတာက ငါးသွားဝယ်တာပါပဲ။ ဒီနေရာက ငါးမျှားသမားတွေများတော့ နေ့တိုင်းလိုလို ငါးရကြတယ်။

သူတို့ဘာသာသူတို့လည်း မစားနိုင်၊ အိမ်ကလူတွေလည်း စားရတာငြီးငွေ့နေပြီဆိုရင် ဒီနေရာမှာပဲ ဈေးပေါပေါနဲ့ ရောင်းချပစ်တတ်တယ်။ ဒါပေမဲ့ ဒီနေ့တော့ ယွီဟွေးဖေးက လူရင်းတစ်ယောက်ကိုတွေ့လိုက်တယ်။ အဲ့ဒီလူက တံခါးဝမှာ ဇစ်ပြင်၊ စက်ဘီးပြင်တဲ့ အဘိုးကြီးပဲ။

အဘိုးကြီးက ထိုင်နေပြီး ဘေးမှာ ရေပုံးအနီကြီးတစ်ပုံးချလို့၊ အေးဆေးတည်ငြိမ်တဲ့ပုံစံနဲ့ တော်တော်လေး ဇိမ်ကျနေပုံပဲ။ ပြောရရင် ယွီဟွေးဖေး ဒီအဘိုးကြီး ဆိုင်ဖွင့်တာမတွေ့တာ ရက်နည်းနည်းကြာပြီ။ အဲ့ဒီအချိန်မှာ လမ်းဖြတ်သွားတဲ့ အဘိုးကြီးတစ်ယောက်က ရယ်ပြီးပြောလိုက်တယ်။

“အဘိုးကြီးကျန်း... ခင်ဗျား ဒီရက်ပိုင်း ဘာလို့နေ့တိုင်းဒီမှာ ငါးလာမျှားနေတာလဲ။ ခင်ဗျားဆိုင် မဖွင့်တော့ဘူးလား”

အဘိုးကြီးကျန်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ “မလောပါဘူးကွာ။ လွန်ခဲ့တဲ့ရက်ပိုင်းက လူအတစ်သိုက်က ငါ့သော့ခလောက်တွေကို အပြောင်ဝယ်သွားတာ။ အကုန်လုံး ဈေးနှစ်ဆနဲ့ရောင်းလိုက်တာ၊ လက်ထဲမှာ ပိုက်ဆံပိုလျှံနေတော့ ပျော်ရွှင်စရာအချိန်လေးတွေ ခံစားနေတာပေါ့”

“ဟား... ခင်ဗျားကတော့ တကယ်ပဲ...”

အဘိုးကြီးတွေအချင်းချင်းက အဘိုးကြီးကျန်းရဲ့အကျင့်ကိုသိတော့ ဘာမှဆက်မပြောဘဲ ခေါင်းခါပြီးထွက်သွားတော့တာပဲ။ အဘိုးကြီးကျန်းက အချိန်ကိုကြည့်ပြီးတော့ တောင်စွယ်မှာ လုံးလုံးလျားလျား ဝင်တော့မယ့် နေမင်းကြီးကိုကြည့်ရင်း ငါးမျှားတံကိုသိမ်းကာ ပြန်ဖို့ပြင်ဆင်နေပြီ။ အဲ့ဒီအချိန်မှာပဲ အရိပ်တစ်ခုက နေရောင်ကိုလာကွယ်နေပါလေကော။

“ဘယ်သူလဲ”

အဘိုးကြီးကျန်း မော့ကြည့်လိုက်တော့ အနီရောင်ဝတ်ရုံကြီးနဲ့ ယွီဟွေးဖေးက သူ့ရှေ့မှာရပ်ပြီး ပြုံးစိစိနဲ့ကြည့်နေလေရဲ့။

ယွီဟွေးဖေးကိုမြင်တာနဲ့ အဘိုးကြီးကျန်းက မျက်ခုံးတွေပင့်တက်သွားပြီး နှုတ်ခမ်းမွေးထောင်၊ မျက်လုံးပြူးရင်း အော်တော့တာပဲ။

“မင်း... ခွေးကောင်လေးလား။ မင်းဘာလုပ်မလို့လဲ”

ယွီဟွေးဖေးက ထိုင်ချလိုက်ပြီး ပုံးထဲကိုကြည့်လိုက်တော့။ အောင်မလေး... အနည်းဆုံး ငါးပေါင်လောက်ရှိမယ့် ငါးခူကြီးတစ်ကောင်၊ ပြီးတော့ ငါးကြင်းကြီးနှစ်ကောင်နဲ့ ငါးကြင်းခုံး ဆယ်ကောင်။ တကယ်ကို ငါးတွေအများကြီးရထားတာပဲ။

ယွီဟွေးဖေးက ပါးစပ်ဖြဲပြီးရယ်လိုက်၏။

“ငါးတော်တော်ရထားတာပဲနော်”

အဘိုးကြီးကျန်းက ဂုဏ်ယူစွာနဲ့ “ဒါပေါ့ကွာ၊ ငါက ရှို့လင်ရွာရဲ့ ငါးမျှားဘုရင်ပဲ”

“တော်ပြီ... ဒါဆို ကျွန်တော်အကုန်ယူသွားပြီနော်”

အဘိုးကြီးကျန်းကကြားတော့ ချက်ချင်းထိတ်လန့်သွားပြီး တားပါလေကော။

“ဟေ့... ဟေ့... မင်းဘာလုပ်မလို့လဲ”

“အမြတ်ခွဲဝေယူမလို့လေ”

“ဘာအမြတ်ခွဲဝေယူရမှာလဲ”

အဘိုးကြီးကျန်းက ထိတ်လန့်တကြားအော်နေပေမယ့်

ယွီဟွေးဖေးက မျက်နှာပြောင်ပြောင်ပဲ။

“ခင်ဗျားက ကျွန်တော့်အပေါ် စစ်ဖြစ်တုန်း အမြတ်ထုတ်သွားတာလေ၊ အခု စစ်ပြီးသွားပြီ၊ ကျွန်တော် အမြတ်လေးဘာလေး ခွဲမယူရတော့ဘူးလား”

“ငါ... ငါ...”

အဘိုးကြီးကျန်းက ဒေါသထွက်လွန်းလို့ ပါးစပ်တွေတောင်ရွဲ့စောင်းသွား၏။ ယွီဟွေးဖေးက ရေပုံးအနီကြီးကိုပိုက်ပြီး နှုတ်ဆက်တော့သည်။

“ကြည့်... ခင်ဗျား ဘာမှပြန်မပြောနိုင်တော့ဘူးမလား။ ဒါဆို ကျွန်တော်အားမနာတော့ဘူးနော်၊ ဘိုင့်ဘိုင်”

“ငါ... မင်းအဘိုးကိုပဲ ဘိုင့်ဘိုင်လိုက်” အဘိုးကြီးကျန်းက အော်ဟစ်လိုက်တော့ ယွီဟွေးဖေး လှည့်ကြည့်ပြီး ကလိမ်ကကျစ်အပြုံးနဲ့ မေး၏။

“ဒါမှမဟုတ်... ဈေးပေါပေါနဲ့ ကျွန်တော့်ကိုရောင်းမလား”

အဘိုးကြီးကျန်းက သူ့ငါးတစ်ပုံးလုံး ယွီဟွေးဖေးဆိုတဲ့ သကောင့်သားလုယက်သွားပြီထင်နေတာ၊ အခုတော့ အခြေအနေကပြောင်းပြန်ဖြစ်ပြီး ပိုက်ဆံနည်းနည်းပါးပါးရနိုင်သေးတယ်ဆိုတော့...

“ငါးရာရရင် မင်းကိုရောင်းမယ်”

ယွီဟွေးဖေးက မျက်လုံးတစ်ချက်လှန်ပြီး ပုံးကိုပိုက်ကာ “သွားပြီ”

“မသွားနဲ့ဦးလေကွာ၊ စကားကောင်းကောင်းပြောကြရအောင်လေ။ ငါတို့က အရောင်းအဝယ်လုပ်နေတာပဲ၊ အပေးအယူရှိမှ မှန်တာပေါ့”

“ဒီလောက်ရမယ်... ဘယ်လိုလဲ” ယွီဟွေးဖေးက တစ်ရာတန်တစ်ရွက် တန်းထုတ်ပေးလိုက်၏။

“နည်းနည်းထပ်တိုးပေးဦး” အဘိုးကြီးကျန်းက မကျေမနပ်ဖြစ်သွားသည်။

“အဘိုးကြီး... ကျုပ်တို့ရွာလေးမှာ ငါးဘယ်ဈေးလဲ ခင်ဗျားမသိတာမှမဟုတ်တာ။ တောငါးဆိုတော့ မြို့ထဲမှာတော့ ဈေးမပေါဘူးပေါ့။ ဒါပေမဲ့ ရွာမှာက ဒီဟာတွေလိုချင်ရင် ကိုယ့်ဘာသာကိုယ်လာဖမ်းလို့ရတယ်၊ တန်ဖိုးမရှိဘူး”

“တစ်ရာက နည်းတယ်ဆိုပေမယ့် ခင်ဗျားက ကျုပ်အပေါ် စစ်ဖြစ်တုန်း အမြတ်တစ်ခါထုတ်သွားပြီးပြီ။ ဈေးလျှော့ပေးတာက မလွန်ပါဘူးနော်”

အဘိုးကြီးကျန်းက ဒီစကားကြားတော့ မျက်နှာကြီးနီရဲပြီး တော်တော်ကြာမှ ခြေစောင့်ကာ လက်ခံလိုက်၏။

“ယူသွား... ယူသွား... ယူပြီး အမြန်ထွက်သွားစမ်း”

ယွီဟွေးဖေးက ပုံးကိုပိုက်ပြီး ပြေးထွက်သွားပြီး အဝေးရောက်သွားတော့ အဘိုးကြီးက ခြေစောင့်ပြီးအော်တော့တာပဲ။

“မဟုတ်သေးဘူးလေ၊ ငါ့ပုံး... ငါ့ပုံးတော့ ပြန်လာပို့ဦးနော်။ အဲ့ဒီပုံးက နှစ်ဆယ်တောင်တန်တယ်ဟ”

ယွီဟွေးဖေးကတော့ ဂရုမစိုက်ဘူး၊ အသေအလဲပြေးတော့တာပဲ။ ဒီပုံးကို သူလည်းယူမလို့မဟုတ်ဘူး၊ သုံးပြီးရင် ပြန်ပေးလိုက်ရုံပေါ့။ ဒါပေမဲ့ အခုပြန်ပေးလိုက်ရင် ဒီငါးတွေကောင်ကို သူဘယ်လိုပြန်သယ်သွားမှာလဲ။ ဒါကြောင့် ယွီဟွေးဖေးက အဝေးကနေလှမ်းအော်လိုက်တယ်။

“မနက်စောစော အိမ်တံခါးဝမှာ လာယူလိုက်”

“မင်း... ကောင်စုတ်လေး” အဘိုးကြီးကဆဲဆိုလိုက်ပေမယ့် ယွီဟွေးဖေးက သူ့ပုံးကို အပိုင်စီးတာမဟုတ်ဘဲ ခဏငှားတာဆိုတာသေချာတော့ လက်ခံလိုက်ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လိုက်လို့လည်း မမီတော့ဘူး။

ငါးရပြီဆိုတော့ ယွီဟွေးဖေးက တိုဖူး၊ ကြက်သွန်၊ ဂျင်း၊ ကြက်သွန်ဖြူအစုံအလင် ထပ်ဝယ်လိုက်တယ်။ အကုန်အဆင်သင့်ဖြစ်မှ ယွီဟွေးဖေးက ပစ္စည်းတွေကိုကိုင်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်လာခဲ့တာပေါ့။ တံခါးဝရောက်ခါနီးမှာ ယွီဟွေးဖေးက မျက်နှာဖုံးတပ်လိုက်တယ်။ ဒါတော့ မေ့လို့မဖြစ်ဘူးလေ။

တံခါးဖွင့်လိုက်တော့ ယွီဟွေးဖေးက ခယ်လီ၊ လျိုကျွမ်းနဲ့ လျိုရှင်းတို့ အပြင်ထွက်တော့မယ့်အချိန်နဲ့တိုးတော့တာပဲ။

“ပြန်လာပြီလား သူဌေး” တွေ့တွေ့ချင်းပဲ ခယ်လီက နှုတ်ဆက်တော့ ယွီဟွေးဖေးကလည်း ပြန်ခေါင်းညိတ်ပြရတာပေါ့။

“အင်း... ပြန်လာပြီ”

လျိုရှင်းက ယွီဟွေးဖေးရဲ့ပုံးထဲကငါးကိုကြည့်ပြီး မျက်လုံးတွေတောက်ပနေလေရဲ့။ အဲ့ဒီနေ့က အစ်မဝူရဲ့ဆိုင်ကငါးစားပြီးကတည်းက ငါးကိုစွဲလမ်းနေပြီ။

“ဟား... ဒီအကောင်ကြီးတွေက ရှယ်ပဲ၊ မြစ်ငါးတွေလား”

“ကြည့်ရတာ စားလို့အရမ်းကောင်းမယ့်ပုံပဲ...”

ယွီဟွေးဖေးက “အင်း” လို့တစ်ချက်ထူးလိုက်တယ်။

အဲ့ဒီ အင်းလို့ထူးလိုက်တော့ အသံပြောင်းဖို့မေ့သွားတာ၊ ခယ်လီက ယွီဟွေးဖေးကို သံသယမျက်လုံးနဲ့ကြည့်တော့တာပဲ။

“ရှင့်အသံက နည်းနည်းရင်းနှီးသလိုပဲနော်”

ယွီဟွေးဖေးက အဆိုတော်မှမဟုတ်တာ၊ အသံပြောင်းတာမှမကျွမ်းကျင်ဘူးလေ။ ဘယ်လောက်ပြောင်းပြောင်း သူ့အသံကတော့ပါနေမှာပေါ့။ အဲ့တော့ ချောင်းတစ်ချက်ဟန့်ပြီး အရှက်ပြေဖို့ ပါးစပ်ကနေလျှောက်ပြောလိုက်တယ်။

“အတူတူစားမလား”

ယွီဟွေးဖေးက ပါးစပ်ကနေ အလိုက်အထိုက်ပြောလိုက်တာပဲ၊ ယုတ္တိရှိရှိပြောရရင် အားလုံးကမရင်းနှီးကြဘူး၊ သူကလည်းအရင်က လူကြောက်အောင် စပါယ်ရှယ် ဂိုက်ဖမ်းပြထားတော့ တစ်ဖက်က သဘောတူမှာမဟုတ်ဘူးပေါ့။

ဒါပေမယ့်လည်း...။

All Chapters