သောက်
Vol. 4 Ch. 58
ငါးက အိုးထဲဝင်တာနဲ့ တန်းပြီးဇလုံကိုမပြီး ချီတက်လာကော။ တခြားသူတွေကပန်းကန်၊ ဒီနှစ်ကောင်က ဇလုံ။
ဒီမြင်ကွင်းကိုမြင်တော့ ခယ်လီတို့အားလုံးကြောင်သွားကြကော။ ဒီလိုထမင်းစားတာမျိုး မမြင်ဖူးဘူးထင်ပါ့။ ဒါကြောင့် ယွီဟွေးဖေးက ချောင်းတစ်ချက်ဟန့်ပြီးပြောပြလိုက်တယ်။
“အဟမ်း... သူတို့ကငတ်သေသွားတဲ့ သရဲဗားရှင်း သရဲဖြူ၊ သရဲနက်ကို သရုပ်ဆောင်နေတာလေ”
“ခင်ဗျားတို့ အသားမစားရတာ ဘယ်လောက်တောင်ကြာနေပြီလဲ”
လျိုကျွမ်း ဝင်မေးလိုက်ချိန်မှာ ယွီဟွေးဖေးက ကောင်းကင်ကိုမော့ကြည့်ပြီး ကြယ်ကိုတွက်နေလေရဲ့။ ဘေးမှာရှိတဲ့ ချွေ့ကျွယ်က အစားဝင်ဖြေပေးလိုက်ရတော့တာပေါ့။
“ဒီနှစ်ကောင်ကဦးနှောက်မကောင်းဘူး... ငယ်ငယ်ကတည်းကဒီလိုပဲ... တစ်ခုခုဆိုအလန့်တကြားနဲ့... စားသောက်ရင်လူပုံစံမရှိဘူး။ သာမန်နေရာတွေကလည်းသူတို့ကိုမလိုချင်ဘူး... အဲ့တော့ ငါတို့သူဌေးကစိတ်ကောင်းထားပြီး သူတို့ကိုလက်ခံထားတာ။ ခင်ဗျားတို့စိတ်မရှိကြပါနဲ့...”
ဒီစကားကြားတော့ သရဲဖြူနဲ့ သရဲနက် နှစ်ယောက်လုံးရဲ့ ကိုယ်ကတောင့်တင်းသွားပြီး လှုပ်ရှားမှုတွေတောင် ရပ်တန့်သွားတယ်။ ယွီဟွေးဖေးက သူတို့ကို တိတ်တိတ်လေး တစ်ချက်ကန်လိုက်တော့ နှစ်ယောက်လုံးခေါင်းငုံ့ပြီး ဆက်စားကြတော့တာပေါ့။
ကောင်းကင်ကအရမ်းမှောင်နေပြီး မီးပုံပွဲကလေနဲ့အတူတုန်ခါနေတော့ လူတွေကဒီလှုပ်ရှားမှုငယ်လေးတွေကိုမမြင်နိုင်ဘူး။
အထူးသဖြင့်ခယ်လီနဲ့ လျိုကျွမ်းက ယောက်ျားဆန်တဲ့စရိုက်ရှိတော့ ဒီအသေးစိတ်လေးတွေကိုပိုပြီးဂရုမစိုက်ဘူး။ သူတို့ကချွေ့ကျွယ်ရဲ့စကားကို သေချာစဉ်းစားပြီး ယွီဟွေးဖေးကိုကြည့်ရင်း ပြောလိုက်ကြတယ်။
“သူဌေး... ခင်ဗျားကတကယ်ကို လူကောင်းတစ်ယောက်ပဲ”
အထူးသဖြင့်လျိုရှင်းက အရည်လဲ့နေတဲ့ မျက်လုံးအကြီးကြီးတစ်စုံနဲ့ ကြယ်ပွင့်ကိုကြည့်သလိုပဲ။ ယွီဟွေးဖေးကိုတောင် တကယ်လို့ထင်သွားစေပြီး နည်းနည်းတောင် မြောက်ကြွမြောက်ကြွဖြစ်သွားတာမို့ ချွေ့ကျွယ်ကို ဖက်နမ်းချင်စိတ်တောင်ပေါက်သွားတော့တာပဲ။
ကြည့်စမ်း... ဒါမှစံချိန်မီတဲ့ ခွေးခေါင်းစစ်သူကြီးဆိုတဲ့အတိုင်း အရေးကြီးတဲ့အချိန်မှာ စကားတစ်ခွန်းနဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်သဟ။
ချွေ့ကျွယ်ရဲ့ဒီစကားတစ်ခွန်းကြောင့် ဒီနှစ်ကောင် ဘယ်လောက်ပဲရိုင်းရိုင်း ဘယ်လောက်ပဲတစ်ဖြဲနှစ်ဖြဲစားစား လူတိုင်းကလက်ခံလိုက်ကြပြီ။
ဒါပေါ့ ဒီနှစ်ကောင်က စားတာကြမ်းပေမယ့် တကယ်တော့ ငါးအသားတုံးကြီးတွေကို ပန်းကန်ထဲထည့်ပြီး ဘေးမှာ ငြိမ်ငြိမ်လေးထိုင်စားတာပဲ။ ဟင်းရည်တွေပတ်ပတ်လည် လွင့်စင်တာမျိုးမရှိတော့ လူတိုင်းရဲ့စားချင်စိတ်ကိုလည်း မထိခိုက်ဘူး။
သူတို့ကို ချစ်ခင်ကြင်နာတတ်တဲ့ ခယ်လီနဲ့လျိုရှင်းက ခဏခဏ အသားနှစ်တုံးလောက်ညှပ်ပြီးတောင် ပေးကြသေးတာ။ အထူးသဖြင့်လျိုရှင်းက သရဲနက်အရပ်ပုလို့ တစ်ခါတစ်လေ အသားယူဖို့ ထတာကိုမြင်ရချိန် သနားပြီး ဘေးမှာထိုင်ရင်း သူ့ကိုအသားညှပ်ပေးတယ်။ ငါးဗိုက်သားပေါ်ကအသားကောင်းတွေကိုပဲရွေးပြီး သေသေချာချာထည့်ပေးသေး။ တစ်ခါတစ်လေ ငါးအမြီးညှပ်မိရင် သရဲနက်ကို ငါးအရိုးပါရွေးပေးသေးတာ။
ဒါကိုမြင်တော့ ယွီဟွေးဖေးရဲ့မျက်လုံးတွေတောင်နည်းနည်းနီလာတယ်။ စိတ်ထဲမှာအားကျနေတာပေါ့။ စောစောကတည်းက အရူးလုပ်လို့ ဒီလိုအခွင့်အရေးရမယ်ဆိုတာသိရင် သူအရင်ရူးပစ်မှာလေ။ ဘေးမှာတော့ လျိုကျွမ်းက ပွစိပွစိပြောလေကောပဲ။
“သေစမ်း... အရူးက ဒီလိုကံကောင်းတာပဲလား...” ပြီးတော့ ဒီကောင်ကခယ်လီဘေးကိုကပ်သွားတယ်။
“ခယ်လီ... ငါမျက်စိမကောင်းဘူး... အဝေးမှုန်တယ်။ နင်ငါ့ကို ငါးအရိုးရှိ မရှိကြည့်ပေးပါလား”
ခယ်လီက ခေါင်းမော့ပြီးသူ့ကိုတစ်ချက်ကြည့်၊ ဖွီးဆိုပြီး ငါးအရိုးတစ်ချောင်း ထွေးထုတ်ပြီးတော့အဝေးကိုလက်ညှိုးထိုးပြလိုက်တယ်။
“ထွက်သွား”
လျိုကျွမ်းက ချက်ချင်းလည်ပင်းကိုကျုံ့ပြီး နောက်လှည့်ကာ ယွီဟွေးဖေးဘေးကိုသွားထိုင်ရင်းအေးအေးဆေးဆေး စားနေတော့တာပေါ့။
ယွီဟွေးဖေးတစ်ယောက် ဘာမှပြောနိုင်တော့ဘူး။ ဒီလိုကြမ်းတဲ့ ခယ်လီကိုကြည့်၊ ပြီးတော့နူးညံ့တဲ့ လျိုရှင်းကိုကြည့်ရင်း ဘေးက ယမမင်းကြီး ချွေ့ကျွယ်ကိုမေးပါလေရော။
“ကိုချွေ့ကြီး... ခင်ဗျားက လူဝင်စားတာကို တာဝန်ယူတာမလား။ ခယ်လီလိုမျိုးက... အင်း.. ခင်ဗျား အမှားလုပ်မိလို့ ယောက်ျားက မိန်းမကိုယ်ထဲ ဝင်စားသွားတာများလား”
“လျှောက်ပြောမနေနဲ့။ သူကမွေးရာပါစရိုက်... ငါနဲ့ဘာဆိုင်လို့လဲ”
ယွီဟွေးဖေးက ပါးစပ်ကို တကျွတ်ကျွတ်နဲ့ လုပ်နေချိန်မှာ နောက်ခြံကတစ်ယောက်ယောက် အဆက်မပြတ် လေချွန်နေသံကြားလိုက်ရတယ်။ သူနောက်လှည့်ကြည့်လိုက်တော့ နံရံပေါ်မှာမြင်းခေါင်းတစ်လုံး၊ နွားခေါင်းတစ်လုံးက အဆက်မပြတ်မျက်စပစ်နေကြတာ မြင်ရပါလေရော။
ယွီဟွေးဖေးက အဲ့ဒီတော့မှသတိရတယ်။ သူ့မှာတာဝန်မပြီးသေးဘူးပြီး။ ဒါကြောင့် အရက်ခွက်ကိုကိုင်ပြီး ဇာတ်လမ်းစတော့တာပဲ။
“ခင်ဗျားတို့က ကျုပ်တို့တည်းခိုခန်းရဲ့ ပထမဆုံးဧည့်သည်တွေဆိုတော့ ဒီအရက်တစ်ခွက်ကို ကျုပ်ခင်ဗျားတို့ကို တို့စ်လုပ်ပြီး တိုက်မယ်”
“မလုပ်ပါနဲ့... သူဌေး။ ဒီမှာခင်ဗျားအကြီးဆုံး... ကျုပ်တို့က ခင်ဗျားကိုတိုက်ရမှာ” လျိုကျွမ်းက ယဉ်ကျေးစွာနဲ့ပြောလိုက်တယ်။
ခယ်လီကလည်း “ဟုတ်တယ်... ဒီထမင်းဝိုင်းက ရှင့်ဆီကကပ်စားတာ... သေချာပေါက် ငါတို့က ရှင့်ကိုတိုက်ရမှာ။ ပြီးတော့... တခြားမပြောနဲ့။ ရှင်က အရူးနှစ်ယောက်ကို လက်ခံထားတာကြည့်ပြီး လူ့ကျင့်ဝတ်လိုက်နာသူမှန်း သိသာနေတာ။ ရှင့်ကိုယောကျာ်းကောင်းတစ်ယောက်အနေနဲ့ လေးစားမိပါရဲ့”
ဒီစကားကြားတော့ သရဲဖြူ လက်ကတုန်သွားပြီး ဇလုံက မြေကြီးပေါ်ကျတော့မလို ဖြစ်သွားတယ်။ သရဲနက်ကတော့ မျက်နှာတည်တည်နဲ့လက်ခံလိုက်တယ်... သူကအရူးလုပ်ရတာကိုကြိုက်စပြုလာပြီထင်ပါ့။ လျိုရှင်းလည်း ဝင်ပြောလိုက်တယ်။
“သူဌေးက အရမ်းတော်တာပဲနော်”
လှလှပပလေးနှစ်ယောက်က ချီးကျူးတာဆိုတော့ ဘာပြောစရာရှိသေးလဲ။ ယွီဟွေးဖေးက ခေါင်းထဲမှာထူပူသွားပြီး လာထား တစ်ခါတည်းမော့ချလိုက်တာပေါ့။
“ငါလည်း သောက်ရဲတယ်” ခယ်လီက အားကျမခံ လိုက်ပြီးမော့ချလိုက်တယ်။ လျိုရှင်းလည်း တော်တော်ယောက်ျားဆန်သား။ တစ်ခါတည်း မော့ချတာပဲ။ ပြီးတော့ မျက်နှာလေးက ဖျက်ခနဲနီသွားကော။ လျိုကျွမ်းကိုတော့ ယွီဟွေးဖေး သူ့ကိုလုံးဝမကြည့်ဘူး။
တကယ်တော့ ယွီဟွေးဖေးမျက်စိထဲ ဒီနေရာကလူအားလုံးထဲမှာ ခယ်လီနဲ့လျိုရှင်းကလွဲရင် ကျန်တဲ့လူတွေ တော်တော်မျက်စိနောက်စရာကောင်းတယ်... အထူးသဖြင့် အဲ့ဒီအမည်းကောင်ပဲ။
“သူဌေး... ခုနကခွက်ကမတွက်ဘူး။ ဒီခွက်နဲ့ ရှင်ကိုတိုက်တယ်” ခယ်လီကထရင်း အရက်ခွက်ကိုမြှောက်ပြီး တန်းမော့ချလိုက်ပြီးတော့ မျက်လုံးပြူးပြူးနဲ့ တခြားသူတွေကိုတစ်ချက်စိုက်ကြည့်ပါလေရော။
“အားလုံးချထားလိုက်။ ဒါကငါနဲ့သူဌေးသောက်တာ... နင်တို့ အလှည့်မဟုတ်ဘူး။ သောက်ချင်ရင်... ခဏနေ ငါနင်တို့နဲ့ တစ်ယောက်ချင်းစီသောက်မယ်”
ဒီကောင်မလေးရဲ့ရက်ရောတဲ့ပုံစံကိုကြည့်ပြီး ယွီဟွေးဖေး နည်းနည်းကြောက်သွားတယ်။ တစ်ဖက်လူကိုမူးအောင်လုပ်ပြီး နွားခေါင်းနဲ့မြင်းမျက်နှာကို စစ်မြေပြင်ကိုပို့မလို့စဉ်းစားနေတာ။ အခုကြည့်ရသလောက် ဒီအလုပ်ကပျက်တော့မယ်လို့ ထင်လာပြီ။
စိတ်ထဲမှာလန့်နေပေမယ့်... မျက်နှာကတော့မပြောင်းလဲဘူး။ ဘာပဲဖြစ်ဖြစ်မျက်နှာဖုံးတပ်ထားတော့ ခယ်လီတို့က သူလန့်နေတာကိုမမြင်နိုင်ဘူး။
ယွီဟွေးဖေးက တစ်ခါတည်းမော့ချလိုက်တယ်။
“သောက်ရဲတယ်။ ကောင်းမှုကစုံမှဖြစ်တယ်... တစ်ခွက်တည်းသောက်တဲ့အကျင့် ဘယ်မှာရှိလို့လဲ... ထပ်လာစမ်း” ခယ်လီကထပ်ပြီးခွက်မြှောက်လိုက်တယ်။
ယွီဟွေးဖေးက ချွေ့ကျွယ်ကိုတစ်ချက်ကြည့်လိုက်ပြီး... သေစမ်း... ဒီနေ့မလွယ်လောက်ဘူးလို့ ပြောနေသလိုပဲ။
ချွေ့ကျွယ်က ချောင်းတစ်ချက်ဟန့်ရင်း “သောက်လိုက်ပါ...”
နောက်ခြံမှာ... နွားခေါင်းနဲ့မြင်းမျက်နှာကအဲ့ဒီကြမ်းတမ်းတဲ့ကောင်မလေးကိုကြည့်ပြီး... နွားခေါင်းကဘီးတစ်ချောင်းကိုင်ပြီးသူ့ဆံပင်တိုတိုကိုဖြီးနေတယ်... ပွစိပွစိပြောနေတယ်။ “ဒီကောင်မလေးကမဆိုးဘူး... တော်တော်ကြမ်းတာပဲ...”
“ဟင်းမချက်တတ်တဲ့သူတွေက အမှိုက်တွေပဲ” မြင်းမျက်နှာရဲ့လေသံက ရွံရှာမှုတွေအပြည့်ပဲ။
“ဟုတ်သားပဲ...”
ဒီနှစ်ကောင်က အခြေအနေရဲ့ပြင်းထန်မှုကို သေချာမသိသေးဘူး။ ယွီဟွေးဖေးက ခယ်လီတစ်ခါတည်းမော့ချလိုက်တာကိုကြည့်ပြီး မျက်စိစုံမှိတ်ပြီးလိုက်သောက်လိုက်ရတယ်။
ခယ်လီကထိုင်ချရုံရှိသေး... လျိုကျွမ်းကဖျတ်ခနဲထလိုက်ပါလေရော။
“သူဌေး... ကျုပ်လည်းခင်ဗျားကိုတစ်ခွက်တိုက်မယ်။ ယောက်ျားတစ်ယောက်အနေနဲ့ ဒီခွက်ငယ်လေးကအားမရဘူး။ ငါတို့ပန်းကန်နဲ့ ပြောင်းသောက်ကြမယ်”
ယွီဟွေးဖေးက ဒီသန်မာတဲ့ ဟန်တရုတ်ကြီးကိုမော့ကြည့်ပြီး တီးခေါက်မေးကြည့်တာပေါ့
“ညီလေး... ဘယ်ကလဲ”
“အရှေ့မြောက်ပိုင်းသားပါ”
ဒါကိုကြားမှ ယွီဟွေးဖေးက ကြိတ်ပြီးသက်ပြင်းချလိုက်တော့တာပဲ။ ဟူး... တော်ပါသေးရဲ့။ အရှေ့မြောက်ပိုင်းသားတွေချည်းပဲ... ဘယ်သူကဘယ်သူ့ကိုကြောက်မှာလဲ။ စိတ်သက်သာတုန်းရှိသေး လျိုကျွမ်းက ဖြည့်စွက်ပြောလိုက်ပါလေကော။
“ဒါပေမဲ့ ငါ့အမေက မွန်ဂိုလူမျိုးလေ။ ပြီးတော့ ငါငယ်ငယ်တုန်းက အဲ့ဒီဘက်မှာကြီးပြင်းလာတာ”
ယွီဟွေးဖေးက အရက်ပန်းကန်ကိုင်ထားတဲ့လက်တောင်တုန်သွားပြီး စိတ်ထဲကနေတွေးလိုက်တယ်။
‘သောက်ကျိုးနည်း... ဒါဘယ်လိုလူတွေလဲ။ သူတို့ကိုမူးအောင်လုပ်မယ်တဲ့လား... ဒီနေ့ ငါမသေရင်တောင်ကံကောင်းပြီ’
လျိုကျွမ်းလည်း ကြမ်းတယ်... အရက်တစ်ပန်းကန်... တစ်ငုံတည်းနဲ့မော့ချလိုက်တယ်။ ပြီးတော့ ဒီကောင်ကလည်း စပ်သွားပုံပဲ။ မျက်နှာတစ်ခုလုံးကဝက်အသည်းလိုနီရဲနေပြီး အဲ့ဒီနီရောင်ကမျက်နှာကနေ လည်ပင်းအောက်ထိ တန်းဆင်းသွားတယ်။ ဒါက အဲ့ထက်ပိုပြီး အောက်ကိုမမြင်ရလို့။ မဟုတ်ရင် ယွီဟွေးဖေးက ဒီကောင်ဘိုးဘေးအမြစ်အထိ နီသွားမယ်လို့တောင် သံသယဝင်နေပြီ။
လျိုကျွမ်းရဲ့ပါးစပ်ကတင်းတင်းစေ့ထားပြီး ကြည့်ရတာ တော်တော်မခံမရပ်နိုင်ဖြစ်နေပြီ။ ဒါပေမဲ့ဒီကောင်က ကြိတ်ပြီးအောင့်အီးခံလိုက်တယ်။
ပြီးတော့ လျိုကျွမ်းက ယွီဟွေးဖေးကိုပန်းကန်အကြီးကြီးကိုမှောက်ပြရင်း တစ်ချက်မေးဆတ်ပြလိုက်တယ်။ မင်းအလှည့်ဆိုတဲ့သဘောပေါ့။
ယွီဟွေးဖေးက ဘာပဲဖြစ်ဖြစ် လူကြမ်းတစ်ယောက်ပဲ။ အရင် အတိုးကြီးငွေချေးလုပ်ငန်းကို ရင်ဆိုင်တုန်းက တစ်ယောက်တည်း သံကြိုးဝှေ့ယမ်းပြီးတက်သွားရဲတာပဲ။ ဒီလိုအခြေအနေမျိုးရောက်နေမှတော့ ဘာရမလဲ... ခြေဆောင့်၊ အံကိုကြိတ်ကာ၊ လက်နှစ်ဖက်ကိုမြှောက်ပြီး ရဲရဲတောက် မျက်လုံးတစ်စုံနဲ့ သတ္တိရှိရှိ ပြောလိုက်တာပေါ့။
“ကောင်းပြီ... ငါအရှုံးပေးတယ်”