← Chapters

သစ္စာဖောက်

Vol. 4 Ch. 59

သစ္စာဖောက်

Vol. 4 Ch. 59

ဖွီး...

ခယ်လီက အရက်တစ်ငုံပန်းထွက်သွားပြီး မီးပုံပေါ်ကျသွားတော့ မီးတောက်တွေက အမြင့်ကြီးထတောက်လာပါလေရော။ လျိုရှင်းလည်း ခွီးဆိုပြီးရယ်လိုက်မိသလို သရဲနက်နဲ့သရဲဖြူက တစ်ပြိုင်နက်တည်းမိုးကောင်းကင်ကိုမော့ကြည့်နေတဲ့ဟန်က ငါတို့ဒီလိုငကြောက်ကို မသိဘူးဆိုတဲ့ပုံစံနဲ့။

ချွေ့ကျွယ်လည်း ရွံရှာတဲ့ပုံစံနဲ့ ခေါခေါင်းငုံ့သွားပြီ။ ယွီဟွေးဖေးက သူတို့သုံးယောက်ကိုတစ်ချက်ကြည့်ပြီးအော်တယ်။

“ဘာဖြစ်နေတာလဲ။ ဘာအမူအရာတွေလဲ။ မကျေနပ်ရင် ခင်ဗျားတို့လာလေ”

“ကောင်းပြီ... ငါလာမယ်”

ချွေ့ကျွယ် သဘောတူပေမဲ့ ခယ်လီက လက်မခံဘူး။

“ဒီလိုမရဘူး။ လျိုကျွမ်းက သူဌေးကိုတိုက်တာ။ တခြားသူဘယ်လိုအစားသောက်လို့ရမလဲ။ ဒါကလူကိုအထင်သေး စော်ကားတာပဲ”

လျိုကျွမ်းကခေါင်းညိတ်ရင်း “သူဌေး... ခင်ဗျားက ကျုပ်ကိုအထင်မသေးဘူးဆိုရင် ဒီတစ်ခွက်ကိုမော့လိုက်၊ မဟုတ်ရင် ကျုပ်ကိုစော်ကားတာလို့ ယူဆမယ်”

ယွီဟွေးဖေးက လျိုကျွမ်းရဲ့အလေးအနက်ထားတဲ့မျက်လုံးကိုကြည့်ပြီး ငိုသံပါနဲ့ “ဒါဆို... ခင်ဗျားပဲ ကျုပ်ကိုစော်ကားလိုက်ပါတော့”

ဖွီး...

ခယ်လီက ခွက်ကိုမြှောက်ပြီး ချွေ့ကျွယ်နဲ့တစ်ခွက်သောက်မလို့၊ ဒါပေမဲ့ထပ်ပြီး ပါးစပ်ထဲက ပန်းထွက်သွားတယ်။

“အို... ခင်ဗျား... ခင်ဗျား... ဟားဟား။ ခင်ဗျားက အရမ်းရယ်စရာကောင်းတာပဲ။ ကျုပ်က ခင်ဗျားကိုအေးစက်စက်ပုံစံ ထင်နေတာ၊ ဘာလို့ ဟတ်စကီပုံစံဖြစ်နေတာလဲ”

ယွီဟွေးဖေးက လက်ဖြန့်ပြီး “မတတ်နိုင်ဘူးလေ။ ကျုပ်အရင်က ဘာတွေကြုံခဲ့ရလဲသိရင် ခင်ဗျားလည်း ကြောက်သွားမှာပဲ”

ဒီမှာတင် ယွီဟွေးဖေးကသူတို့ကို ဆက်မေးတယ် “မင်းတို့အရိုက်ခံနိုင်စွမ်း ဘယ်လောက်ရှိလဲ။ ပြီးတော့ ခါးရောကောင်းလား”

အားလုံးက နားမလည်တဲ့မျက်လုံးနဲ့ ယွီဟွေးဖေးကိုကြည့်နေကြတယ်။ လျိုကျွမ်းက...

“ကျုပ်ဂရုမစိုက်ဘူး၊ သူဌေး... ဒီအရက်မသောက်ရင်ခင်ဗျားက ကျုပ်ကိုအထင်သေးတာပဲ၊ အခုအခန်းပြန်အပ်ပြီး ထွက်သွားမယ်”

ယွီဟွေးဖေးက အခန်းပြန်အပ်ဆိုတဲ့ စကားလုံးနှစ်လုံးကြားတော့ ဦးနှောက်ထဲမှာ ညီမျှခြင်းတစ်ခု ချက်ချင်းပေါ်လာတယ်။

အခန်းပြန်အပ် = ငွေပြန်အမ်း = မွဲ

ဒါနဲ့ယွီဟွေးဖေးက ပန်းကန်လုံးအကြီးကြီးကိုယူပြီး အပြည့်ထည့်၊ မော့ပြီး ဂလုဂလုနဲ့သောက်ချလိုက်ပြီးတော့ မျက်လုံးတွေက ချက်ချင်း နီရဲလာပါရော။

“ထပ်လာစမ်း”

လျိုကျွမ်းကမြင်တော့ အားပါတရ ရယ်မောပြီး “သူဌေးက သဘောကောင်းသားပဲ... လာထား”

ဒါကို ယွီဟွေးဖေးကမြင်တော့.. အာပါပါး ဒီကောင်လျိုကျွမ်းက တကယ်ထပ်လာတာပဲဟ။ စိတ်ထဲမှာခါးသက်နေပြီ။ အစကတော့ အရှိန်အဝါနဲ့ တစ်ဖက်လူကိုဖိအားပေး ဖြဲခြောက်ပြီး အလိုလိုဆုတ်ခွာသွားအောင်လုပ်မလို့။ ဘာလို့ တည့်တည့်တိုးသွားသလို ခံစားနေရတာလဲကွာ။

လျိုကျွမ်းက တစ်ကျိုက်တည်းမော့သောက်ပြီး ပန်းကန်လုံးကို မှောက်ချလိုက်တယ်။

‘တောက်... သေနာကျ။ အများဆုံး ခါးထပ်နာ၊ မျက်လုံးထပ်မဲရုံပေါ့။ ချကွာ... သောက်မယ်’

ယွီဟွေးဖေးလည်း မော့သောက်လိုက်တော့ “ကောင်းတယ်” ခရယ်လီကဦးဆောင်ပြီး လက်ခုပ်တီးချိန်

တခြားသူတွေကလည်းလိုက်ပြီး လက်ခုပ်တီးကြတာပေါ့။

အရက်တိုက်ခံရတော့ ယွီဟွေးဖေးလည်းစိတ်ပါလာပြီ၊ မျက်လုံးတစ်ချက်လှန်ပြီး ခယ်လီကိုကြည့်လိုက်တယ်။

ဒီကောင်မလေးကစတာ၊ အလွတ်မပေးနိုင်ဘူး၊ ပြင်းပြင်းထန်ထန် လက်စားချေတဲ့အနေနဲ့ မူးအောင်သောက်ခိုင်းမယ်။

ဒါနဲ့ ယွီဟွေးဖေးကအရက်ရှိန်နဲ့ အရမ်းစိတ်လှုပ်ရှားစွာနဲ့ပန်းကန်လုံးအကြီးကြီးကိုမြှောက်ပြီး ခယ်လီကို “ညီမလေး... လာ နှစ်ခွက်ချမယ်”

ခရယ်လီကလည်း နောက်မတွန့်ဘူး။ ပန်းကန်လုံးကြီးကိုမြှောက်ရင်း “လာစမ်း နှစ်ခွက်ဆိုလည်း နှစ်ခွက်ချမယ်” ဆိုပြီးတော့ တစ်ကျိုက်တည်းမော့ချလိုက်တယ်။

ယွီဟွေးဖေး နည်းနည်းကြောင်သွားတယ်။ စိတ်ထဲမှာ ‘အောင်မလေး... ငါ့တက္ကသိုလ်တက်ခဲ့တာ အလကားပဲလား။ ဒီလူ့အဖွဲ့အစည်းကို လုံးဝနားမလည်တော့ဘူး၊ အခုခေတ်မိန်းမတွေက ဒီလောက်မာကြတာလားဟ’

“သူဌေး... မင်းအလှည့်” ဘေးကလျိုကျွမ်းက အတွေးများနေတဲ့ ယွီဟွေးဖေးကို သတိပေးလိုက်ရော။

ယွီဟွေးဖေးကလည်း လက်ထဲက ပန်းကန်လုံးကြီးကိုကြည့်ပြီး အံကြိတ်ရင်း မော့သောက်လိုက်တယ်။ပန်းကန်လုံးတောင် မမှောက်ရသေးဘူး ခရယ်လီကဒုတိယခွက်ကို ဗိုက်ထဲထည့်ပြီးပြီ။ တစ်ချိန်တည်းမှာပဲ လျိုကျွမ်းက ယွီဟွေးဖေးကိုထပ်ဖြည့်ပေးတယ်။

ယွီဟွေးဖေးအခု ဒီနှစ်ကောင်က ကြိုတင်ကြံစည်ထားတယ်လို့တောင် သံသယဝင်နေပြီ။ ဒါသူ့ကိုမူးအောင်လုပ်ပြီး သူ့ဆီကပိုက်ဆံ တစ်ရာလိမ်ယူမလို့လား။

ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ သူတို့က သူ့ထက်အများကြီးပိုချမ်းသာတယ်ဟ။ ခယ်လီ လက်ပေါ်ကနာရီက အစိမ်းရောင်ရေတစ္ဆေ၊ ဈေးကွက်မှာ ၈သောင်း ၉သောင်းလောက်ရှိနေပြီ။ တခြားဟာတွေယွီဟွေးဖေး မသိပေမယ့် စဉ်းစားကြည့်ရင်လည်း နာမည်ကြီးတံဆိပ်တွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေပဲ။

ယောက်ျားကြီးတစ်ယောက်ဖြစ်ပြီး တစ်ကိုယ်လုံးကပစ္စည်းတွေက ကောင်မလေးတစ်ယောက်ရဲ့ အဆင်တန်ဆာတစ်ထည်လောက်တောင် မတန်ဘူးလို့ စဉ်းစားမိတော့ စိတ်ထဲမှာဝမ်းနည်းလာပြီ။

ယွီဟွေးဖေးက ပန်းကန်လုံးကြီးကိုမြှောက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးတော့ အရမ်းရက်ရောစွာနဲ့ “ဘယ်သူရှိသေးလဲ”

“ငါရှိတယ်” လျိုရှင်းကစိတ်လှုပ်ရှားစွာနဲ့ထရပ်လိုက်တယ်။ ဒီကောင်မလေးက အကြည်ရောင်အရည်တွေပြည့်နေတဲ့ ပန်းကန်လုံးကြီးကိုကိုင်ပြီး မျက်နှာနီရဲရဲနဲ့ သူ့ကိုကြည့်နေတာဟ။

“ငါ့ကိုမလိမ်နဲ့... မင်းဟာကရေ”

လျိုရှင်း မျက်နှာပိုနီရဲသွားပြီး လျှာလေးထုတ်ပြီး “ကျွန်မအရက်မသောက်ဘူး... ခုနကမြည်းကြည့်တာ၊ အရမ်းအရသာဆိုးတယ်”

စားတဲ့သူကပါးစပ်ပျော့၊ ယူတဲ့သူကလက်တိုဆိုတဲ့စကားအတိုင်းပဲ။ သရဲနက်က သူတို့ငါးကိုစားပြီးတာနဲ့ သစ္စာဖောက်တော့တာပဲ။

“ငါမင်းနဲ့သောက်မယ်”

ဒီစကားကို ယွီဟွေးဖေးကကြားတော့ ဒေါသထွက်လွန်းလို့ နဖူးမှာမီးပွင့်တွေတောင် ထွက်နေလာပြီ။

‘ခွေး@#$ မင်း&*! ငါ$#& သစ္စာဖောက်တာ မြန်လွန်းတယ် ****’

နောက်ခြံမှာ နွားသိုးခေါင်းက သူ့သံခက်ရင်းခွကိုထုတ်ပြီး မြင်းမျက်နှာကိုတွန်းဖယ်ရင်း “မင်းငါ့ကိုလွှတ်၊ ကိုယ့်လူအချင်းချင်း သစ္စာဖောက်တဲ့အမည်းကောင်ကို သွားဆုံးမမယ်။ ***က ကိုယ့်လူကိုမူးအောင်လုပ်နေတယ်။ ဒါကငါတို့ကို အသားမစားစေချင်တာပဲ”

မြင်းမျက်နှာကတားပြီး “ကိုနွား၊ မ... မလုပ်နဲ့... ဒေါသမထွက်နဲ့၊ မင်းထွက်သွားရင် ငါတို့တကယ်စားစရာမရှိတော့ဘူး။ သရဲနက်ရဲ့စိတ်ဓာတ်ကို မင်းမသိတာမှမဟုတ်တာ၊ ရိုးသားလွန်းတယ်၊ တခြားသူက သူ့ကိုနည်းနည်းကောင်းပြရင် သူကအဆတစ်ထောင်ပြန်ပေးတယ်။ အဲ့ဒီကောင်မလေးက မင်းကိုအဲ့လိုဂရုစိုက်ရင်... မင်းဘယ်လိုလုပ်မလဲ”

နွားသိုးခေါင်းကရင်ဘတ်ကိုပုတ်ပြီး ဖြောင့်မတ်စွာနဲ့ “ငါယွီလေးဆိုတဲ့ကောင်လေးကို... အဟမ်း... ငါငါ့ညီကိုသေချာပေါက်ကူညီမှာပေါ့”

သူ့စကားကြောင့် မြင်းမျက်နှာက သူ့ကိုမျက်စောင်း ဒိုင်းခနဲ့ ထိုးပစ်လိုက်တော့တာပဲ။ နှစ်ကောင်သားလက်နက်ချပြီး နံရံပေါ်ပြန်တက်ရင် ဘာဆက်ဖြစ်မလဲလို့ ထပ်ခိုးကြည့်နေကြတာပေါ့။

ယွီဟွေးဖေးက ထဆဲချင်ပေမယ့် ဘေးမှာလူတွေအများကြီးရှိနေတာ၊ ပြီးတော့ ချွေ့ကျွယ်တရားက သူ့နဖူးမှာ လူကောင်းတံဆိပ်ကြီးကပ်ပေးထားတာလေ။ အခု ထဆဲလိုက်ရင် သူ့ပုံရိပ်ချက်ချင်းပြိုလဲသွားမှာပေါ့။

“သောက်ရမ်းကောင်း ရွှေညီအစ်ကိုပဲ၊ ငါတို့ခွက်နဲ့ပဲသောက်ရအောင်”

သရဲနက်ကလည်း တစ်ခွန်းပြန်ပြောလိုက်တယ်။

“ဘာတွေလျှောက်ပြောနေတာလဲ။ ပန်းကန်လုံးကြီးနဲ့ပဲချမှာကွ။ ဘယ်သူ့ကို လာအထင်သေးနေတာလဲ”

ယွီဟွေးဖေး လက်ထဲကပန်းကန်လုံးကိုကြည့်ပြီး ဒီအမည်းကောင်ရဲ့မျက်ခွက်ပေါ် လွှဲရိုက်ပစ်ချင်စိတ်ပေါက်သွားတယ်။

ချွေ့ကျွယ်က ချောင်းတစ်ချက်ဟန့်ပြီး “ယွီလေး... သောက်လိုက်ပါကွာ”

အခုချိန်မှာတော့ တခြားလမ်းမရှိတော့ဘူး။ မထူးဇာတ်ခင်းမှပဲ ရတော့မယ်။

ချကွာ... သောက်တယ် ဘာဖြစ်လဲ။

နှစ်ပန်းကန်လုံးကုန်တော့ ယွီဟွေးဖေးက လူကိုနှစ်ယောက်မြင်နေရပြီ။ သူကပုံမှန်ဆိုရင် အရက်ဖြူတစ်ပိုင်းပဲသောက်နိုင်တာ၊ သူတို့အိမ်က ပန်းကန်လုံးက တစ်ပိုင်းခွဲလောက်ရှိတယ်၊ နှစ်ခွက်ချပြီးတော့ ယွီဟွေးဖေး တစ်ကိုယ်လုံး လေပေါ်ပျံဝဲနေသလို ခံစားနေရပြီ၊ ဦးနှောက်တောင် မလည်နိုင်တော့ဘူး။

အဲ့ဒီအချိန်မှာ နူးညံ့တဲ့လက်သေးသေးလေးတစ်ဖက်က ယွီဟွေးဖေးရဲ့ခေါင်းကိုပွတ်သပ်ပြီး “သူဌေး... မရရင် အနားယူလိုက်တော့လေ”

“အာ... မရဘူး၊ ထပ်သောက်ရမယ်...” ယွီဟွေးဖေးကခေါင်းခါတယ်၊ သူနွားသိုးခေါင်းနဲ့မြင်းမျက်နှာကိုကတိပေးထားတာကိုမှတ်မိနေသေးလို့ပဲ။ ဒါနဲ့ယွီဟွေးဖေးကပန်းကန်လုံးကြီးကို မြှောက်ပြီး

“လာစမ်း... ညီအစ်ကို၊ ထပ်ချမယ်”

ချွေ့ကျွယ်က အသာလေး ဝင်သတိပေးလေရဲ့။ “ငါလျိုညီအစ်ကိုနဲ့ သောက်နေတယ်”

အဲ့တော့ ယွီဟွေးဖေးက ခယ်လီဘက်ကို လှည့်လိုက်တာပေါ့။ ဒါပေမယ့် သရဲဖြူက တားလိုက်တယ်။

“ငါ... ငါသူနဲ့သောက်နေတယ်၊ မင်းခဏအနားယူလိုက်”

ယွီဟွေးဖေးကနောက်လှည့်ပြီး “ဟေ့ လျိုရှင်း... ကောင်မလေးရော”

“ဒီမှာ” လျိုရှင်းရဲ့အသံကဘေးနားက ထွက်လာတယ်။

“ထိုင်... အရက်သောက်”

“ကျွန်မအရက်မသောက်ဘူး...”

သရဲနက်ကမြင်တော့ ထရပ်ပြီး “ငါ...”

သူတစ်ချက်ထရပ်လိုက်တော့ နောက်ကျောမှာလူသတ်ချင်တဲ့ အငွေ့အသက်နှစ်ခုက သူ့ကိုချိပ်ပိတ်စည်းခတ်ထားသလို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံးကြက်သီးမွှေးညင်းတွေ ထောင်ထသွားတယ်။ ခဏလန့်သွားပြီးမှ သူဘယ်ဘက်ကလူလဲဆိုတာ သတိရတော့တယ်။ ပါးစပ်ထဲကထွက်တော့မယ့်စကားက ချက်ချင်းဘဲ ပြောင်းသွားတော့တာပေါ့။

“လျိုရှင်း... ငါမင်းနဲ့အတူသောက်မယ်”

“ကောင်းပြီလေ... ကျွန်မရေပဲသောက်မယ်နော်။ ကြည့်ရတာ ဒီနေ့အားလုံးမူးနေကြတော့ တစ်ယောက်ယောက်က သတိရှိရှိနဲ့ အားလုံးကိုဂရုစိုက်ဖို့တာဝန်ယူရမှာပေါ့” လျိုရှင်းရဲ့အသံက နွေးထွေးနေလေရဲ့။

All Chapters