← Chapters

ပျားအုံ

Vol. 4 Ch. 60

ပျားအုံ

Vol. 4 Ch. 60

ဒီစကားက လူတိုင်းရဲ့စိတ်ထဲ တော်တော်နွေးထွေးသွားစေတယ်။

“ငါရုတ်တရက် ဒီကောင်မလေးကို ကြိုက်စပြုလာပြီ”

နွားခေါင်းရဲ့စကားနဲ့အတူ မြင်းမျက်နှာက အားရပါးရမျက်နှာရှည်ကြီးကို ညိတ်လိုက်တော့ နံရံနဲ့ခေါင်းဆောင့်မိပါလေရော။

ပစ်မှတ်မရှိတော့ ယွီဟွေးဖေးက အရက်ပုလင်းကိုကိုင်ပြီး လျိုကျွမ်းဘေးမှာထိုင်လိုက်သည်။ ချွေ့ကျွယ်က သူနဲ့သောက်ပြီးတာနဲ့ ချက်ချင်းအရက်ပုလင်းကိုမြှောက်ပြီးပြောလိုက်၏။

“ညီကို။ ဆက်ကြမယ်” ပြီးတာနဲ့ ယွီဟွေးဖေးက တန်းမော့ချပစ်သည်။

ဒီမြင်ကွင်းက လျိုကျွမ်းကိုတောင် ကြောင်သွားစေ၏။ သူဘယ်လိုမှမထင်ထားဘူးလေ။ အရင်ဒီလောက်ကြောက်တတ်တဲ့ ယွီဟွေးဖေးက အခုချိန်မှာဒီလိုကြမ်းမယ်လို့ပေါ့။

“အဟဟ…။ သူဌေးကလက်စားချေချင်နေတာပဲ… ကောင်းပြီ… ငါအဖော်လုပ်ပေးမယ်”

ကြည့်ရတာတော့ လျိုကျွမ်းနဲ့ ယွီဟွေးဖေးတို့့နှစ်ယောက်သား အရက်ပြိုင်သောက်နေတာ။ ဒါပေမဲ့ဒီမြင်ကွင်းက နွားခေါင်းနဲ့ မြင်းမျက်နှာရဲ့စိတ်ထဲမှာတော့ တစ်မျိုးတစ်ဘာသာအရသာရှိပြီး မျက်လုံးတွေတောင်စိုစွတ်လာကော။

ဘာလို့လဲဆိုတော့ ယွီဟွေးဖေးက လျိုကျွမ်းနဲ့မော့ချနေတုန်းမှာ ဘေးကို စိတ်မပူဖို့ အမူအရာလုပ်ပြဖို့မမေ့ဘူး။ လမ်းကြောင်းမှားနေပေမယ့် အဓိပ္ပာယ်ကတော့ နှစ်ယောက်လုံးသိတယ်။ ယွီဟွေးဖေး ဒီကြောက်တတ်တဲ့ကောင်က တကယ်ပဲမျက်နှာပြန်ရချင်လို့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ယွီဟွေးဖေးအကြောင်းကို ကောင်းကောင်းသိတယ်။ ဒီကောင်က အရှက်ရှိတဲ့ကောင်မဟုတ်ဘူး။

သူဒီလိုလုပ်တာက သူတို့အပေါ်ကတိကို လုံးဝဖြည့်ဆည်းဖို့ အသက်စွန့်နေတာ။

“ညီအစ်ကိုကောင်းပဲ…”

လျိုကျွမ်းက အရက်ပုလင်းကိုမြှောက်ပြီး ဂလုဂလုနဲ့သောက်လိုက်တာ ကုန်သွားတာနဲ့ မျက်လုံးနှစ်လုံးလှန်ရင်း ဝေါ့ခနဲအန်ချလိုက်ပြီးတော့ လေတစ်ချက်တိုက်တာနဲ့ လဲကျသွာတော့တာပဲ။

ယွီဟွေးဖေး ဒါကိုမြင်တော့ ယိုင်နဲ့ယိုင်နဲ့ တဟဲဟဲရယ်ပြီးပြောလိုက်တယ်။

“K.O! နောက်တစ်ယောက်”

ချွေ့ကျွယ်က သရဲဖြူကိုတစ်ချက်ကန်လိုက်တော့ ဒီကောင်က ချက်ချင်းအမြန်ထပြီး လျိုရှင်းနဲ့အတူ လျိုကျွမ်းကို အခန်းထဲသွားနားခိုင်းတော့တာပဲ။

“တော်လောက်ပြီ”

ချွေ့ကျွယ်က ယွီဟွေးဖေးကို ကပ်တိုးလေး သတိပေးပေမယ့် သူက ခေါင်းခါပြတယ်။

“မဖြစ်ဘူး… ညီမလေး… ငါတို့အလှည့်”

“သူဌေး… ရသေးလို့လား” ခယ်လီက ယွီဟွေးဖေးကိုကြည့်ပြီး မေးလိုက်၏။

“ရတယ်… အဲ…” ယွီဟွေးဖေးကပြောပြီးတာနဲ့ မျက်လုံးနှစ်လုံးလှန်ပြီး နောက်လှန်လဲကျသွားရော။ ချွေ့ကျွယ်က ကြိုတင်ပြင်ဆင်ထားတော့ အရင်ဖမ်းထားလိုက်ပြီး ခယ်လီကိုရယ်ပြီးပြောသည်။

“ငါသူ့ကိုပြန်သွားနားခိုင်းလိုက်မယ်”

“ကူညီပေးရမလား”

“မလိုဘူး… ခင်ဗျားတို့သောက်ကြပါ”

ချွေ့ကျွယ်က ပြုံးပြီးငြင်းလိုက်တယ်။ သူကရယ်နေပေမယ့် မျက်လုံးထဲကလေးနက်မှုနဲ့ ငြင်းပယ်မှုက တော်တော်ခိုင်မာ၏။ ခယ်လီနောက်ဆက်တွဲပြောချင်တဲ့စကားအားလုံးကိုမျိုချလိုက်ရသည်။

ချွေ့ကျွယ်က ယွီဟွေးဖေးကိုထမ်းရင်း နောက်ခြံကိုတံခါးထဲဝင်တာနဲ့ နွားခေါင်းကတန်းလာပြီး ယွီဟွေးဖေးကို မင်းသမီးလိုပွေ့ချီလိုက်၏။ ပြီးတော့နွားမျက်လုံးတစ်ချက်စိုက်ကြည့်ပြီးပြောသည်။

“အရက်မူးနေတာ… ဒီလိုဘယ်ထမ်းလို့ရမှာလဲ။ ငါ့ညီလေးမသက်မသာဖြစ်မှာပေါ့”

မြင်းမျက်နှာက လိုက်ပြီးခေါင်းညိတ်၏။ “ဟုတ်တယ်… ဟုတ်တယ်”

“ကိုချွေ့… ခင်ဗျားသွားစားလိုက်တော့။ ငါတို့သူ့ကို ပို့လိုက်မယ်…”

“ဘာလဲ… မစားတော့ဘူးလား”

ချွေးကျွယ်က မေးလိုက်တော့ နွားခေါင်း ခေါင်းခါပြီး “စားစရာက အချိန်မရွေးရှိတယ်။ ညီအစ်ကို… ဒီတစ်ယောက်ပဲရှိတာ… မစားတော့ဘူး”

နွားခေါင်းက ယွီဟွေးဖေးကိုပွေ့ပြီးထွက်သွားသလို မြင်းမျက်နှာလည်း အတူတူ လိုက်သွား၏။ ဒီမြင်ကွင်းကိုမြင်တော့ ချွေ့ကျွယ်ကရယ်လိုက်မိသည်။ လူနှစ်ယောက်လျော့သွားတော့ ခယ်လီတို့လည်း နည်းနည်းမှ ဆင်မထိုင်နိုင်တော့ဘူး။ ဒါကြောင့် ငါးအသားနည်းနည်းစားပြီးတော့ လူစုခွဲလိုက်ကြသည်။

ခယ်လီနဲ့လျိုရှင်းက ချွေ့ကျွယ်၊ သရဲဖြူ၊ သရဲနက်ကိုအပျက်အစီးတွေ ရှင်းလင်းရာမှာကူညီပေးကြ၏။ ကျန်တဲ့ဟင်းတွေမနည်းဘူး။ အကုန်ထုပ်ပိုးရင်း မနက်ဖြန် ပြန်နွှေးပြီးဆက်စားဖို့ ပြင်ဆင်ထားလိုက်တော့သည်။

ညသန်းခေါင်ကျော်တော့ ယွီဟွေးဖေးက ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်တော့ နွားခေါင်းကြီးတစ်လုံးက သူ့ခေါင်းပေါ်မှာ ရှိနေတာကိုတွေ့လိုက်ရသည်။ အဲ့ဒီတစ်ခဏမှာ ယွီဟွေးဖေး ဆံပင်တွေတောင်ထောင်ထသွားပြီး အော်လိုက်၏။

“သရဲ… သရဲ…”

“မင်းအမေသရဲ။ ငါက နွားခေါင်းဟ” နွားခေါင်းက ပါးစပ်အကျယ်ကြီးဖြဲပြီး ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးပြချိန် ဟိုဘက်မှာလည်း မြင်းမျက်နှာကလိုက်ပြီးပြောလိုက်၏။

“ငါလည်းရှိတယ်… မြင်းမျက်နှာ”

ယွီဟွေးဖေးက မျက်နှာစောင်းကြည့်လိုက်တော့ မြင်းမျက်နှာကိုတွေ့ပြီး ထပ်ပြီးတုန်သွားရင်း ရှုပ်ရှုပ်ထွေးထွေးနဲ့ မေးတော့သည်။

“ငါသေပြီလား”

“မင်းအမေလင်သေ… မင်းသက်တမ်းက ရှည်ကြီးကျန်သေးတာဟ။ ငရဲတမန်လာဖမ်းမှ ရမယ်။ မဟုတ်ရင်… သေမှာမဟုတ်ဘူး။ အခုငရဲတမန်တွေအားလုံး မင်းအိမ်မှာလေ။ မင်းက ဘာကြောက်နေတာလဲ”

မြင်းမျက်နှာရဲ့ပြောစကားကို ယွီဟွေးဖေးတစ်ယောက်ကြားတော့ ဦးနှောက်က နည်းနည်းကြည်လင်သွား၏။ ခေါင်းကိုခါလိုက်တော့ အမှတ်တရတွေတဖြည်းဖြည်းပေါ်လာပြီး အတွေးတွေကစတင်ရှင်းလင်းလာသည်။ အဲ့ဒီတော့မှ ခါးခါးသီးသီးပြုံးပြီးပြောလိုက်၏။

“အမူးလွန်သွားတာပဲကိုး… ရေရှိလား။ ခေါင်းကိုက်တယ်”

နွားခေါင်းက ချက်ချင်း ရေတစ်ခွက်သွားယူလာပေး၏။

“စောစောကတည်းက ပြင်ဆင်ထားပြီးပြီ… နွေးနေပြီ”

ယွီဟွေးဖေးက အံ့ဩစွာနဲ့နွားခေါင်းကိုကြည့်ပြီးပြောလိုက်သည်။

“ကိုနွားကြီး… ခင်ဗျားဘယ်တုန်းကဒီလောက်ဂရုစိုက်တတ်သွားတာလဲ”

“ဂရုစိုက်တာမဟုတ်ဘူး… ခယ်လီနဲ့လျိုရှင်းဆိုတဲ့ကောင်မလေးနှစ်ယောက်က လာပြီးမှာသွားတာ။ ငါတို့မျက်နှာမပြရဲဘူးလေ… အဲ့တော့ သရဲဖြူတို့က လက်ခံလိုက်တာပဲ”

မြင်းမျက်နှာပြောပြီးတော့ ယွီဟွေးဖေးက ခေါင်းနည်းနည်းညိတ်ရင်း ထပ်ပြီးညည်းညူလိုက်၏။

“မိန်းမတွေကမှ နွေးထွေးတာပဲ”

ဒီလိုပြောတော့ နွားခေါင်းကကပ်လာပြီး တဟဲဟဲပြောလိုက်တယ်။

“ယွီလေး… ငါထင်တာတော့ဒီကောင်မလေးနှစ်ယောက်မဆိုးဘူး။ အကုန်လုံး ယူလိုက်ပါလား”

“ဟုတ်တယ်… ငါလည်းမဆိုးဘူးလို့ထင်တယ်။ အထူးသဖြင့် အဲ့ဒီလျိုရှင်း… ဟင်းချက်တတ်တယ်။ နောက်ဆိုရင် ငါတို့ကိုဟင်းချက်ကျွေးခိုင်းလို့ရတယ်”

“ငါထင်တာတော့ အဲ့ဒီခယ်လီလည်းမဆိုးဘူး။ သောက်အားကောင်းသား။ နောက်ဆိုရင်အရက်သောက်ဖော်ရှိပြီ”

ယွီဟွေးဖေးက တစ်ယောက်တစ်ပေါက်ပြောနေတဲ့ သူတို့ကို မျက်စောင်းထိုးပြီး ပြောလိုက်၏။

“ခင်ဗျားတို့စဉ်းစားတာများသွားပြီ… အဲ့ဒီခယ်လီကငါအရင်က blind date သွားတဲ့သူပဲ။ ငါက သူ့အကြိုက်မဟုတ်ဘူး…”

နွားခေါင်းက ဒီစကားကြားတော့ နည်းနည်းနှမြောသွားတဲ့ပုံစံနဲ့ ပါးစပ်ကို တကျွတ်ကျွတ်လုပ်ပါလေရော။

“ဒါဆိုနှမြောစရာပဲ… ဒါပေမဲ့ လျိုရှင်းဆိုတဲ့ကောင်မလေးလည်းမဆိုးဘူးလေ”

“ခင်ဗျားက ဘာကောင်လဲ။ အဓိကပစ်မှတ်ကိုမရတော့ သူ့သူငယ်ချင်းကိုပြောင်းလိုက်တယ်။ ဒါက အရိုက်ခံချင်တာလား”

နွားခေါင်းကတော့ ဂရုမစိုက်စွာဘူး။

“အချစ်ဆိုတာ… မျက်စိကျဖို့ အရေးအကြီးဆုံး။ ကျန်တာတွေက အာပလာပဲ”

ယွီဟွေးဖေးက ခေါင်းခါလိုက်ဒါပေမဲ့ ခေါင်းထဲမှာတော့ လျိုရှင်းရဲ့တုံးအတဲ့ပုံစံကိုပြန်သတိရသွားပြီး အလိုလိုပါးစပ်ကိုမဲ့ပြီးပြုံးလိုက်၏။

မြင်းမျက်နှာက ဒီအပြုံးကိုမြင်တော့ “မင်း… ရာဂစိတ် ငယ်ထိပ်ရောက်နေပြီ”

“ထွက်သွား။ အား… ခေါင်းကိုက်တယ်… ကျုပ်ကိုရေနည်းနည်းထပ်ပေး” ယွီဟွေးဖေးကအော်လိုက်ချိန်မှာ သရဲနက် ပြန်ရောက်လာတယ်။ ဒီကောင်ကတစ်ကိုယ်လုံးသစ်ရွက်တွေနဲ့ ခြေထောက်ပေါ်မှာလည်း ရွှံ့တွေပေလို့။

“မဲကြီး… ခင်ဗျား ဘာသွားလုပ်လာတာလဲ။ ရွှံ့ကျင်းထဲမှာ လူးလှိမ့်လာတာလား”

သရဲနက်က တဟဲဟဲရယ်ပြီး… နောက်ကျောကနေပစ္စည်းကြီးတစ်ခုကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။

“ဒါသောက်… အရက်ပြေတယ်… ခေါင်းလည်း မကိုက်ဘူး”

“အဲ့ဒါဘာလဲ” ယွီဟွေးဖေးကမေးလိုက်တယ်။ သူအခုအရက်ရှိန်မပြေသေးတော့ မူးနေတုန်းပဲ။ ပစ္စည်းတွေကိုလည်း သေချာမမြင်ရဘူး။

“ပျားအုံ… ငါတို့နှစ်ယောက် ခုနကပျားအုံတစ်အုံကိုသွားနှိုက်လာတာ”

စကားပြောနေတုန်းမှာ သရဲဖြူလည်းဝင်လာတယ်။ ဒီကောင်က မျက်နှာဖုံးမတပ်ထားဘူး။ မျက်နှာပေါ်မှာအဖုကြီးတွေက တော်တော်ထင်ရှားသား။ ပျားတွေရဲ့ဖင်နဲ့အတော်အသင့် နှုတ်ဆက်ခံခဲ့ရမှန်းသိသာတယ်။

“သောက်ကျိုးနည်း… တန်ခိုးမရှိတော့ ပျားတစ်ကောင်တောင် မရှောင်နိုင်တော့ဘူး”

ယွီဟွေးဖေးက သရဲနက်ရဲ့မျက်နှာဖုံးကိုဆွဲချလိုက်တော့ ဒီကောင့်မျက်နှာအတုပ်မခံရပေမယ့် နှုတ်ခမ်းတွေက ဝက်အူချောင်းကြီးနှစ်ချောင်းလို ဖောင်းကားနေပြီ။ ခေါင်းပေါ်မှာလည်းအဖုကြီးတွေမနည်းဘူး။ ဒီနှစ်ကောင်က ငရဲတမန်တွေဖြစ်နေတာ ကံကောင်းလို့ပဲ။ သာမန်လူမဟုတ်တော့ ကိုယ်ခန္ဓာကကြောက်စရာကောင်းလောက်အောင်သန်မာလို့ ဘာမှမဖြစ်တာ။ သာမန်လူဆို လဲသေသွားနိုင်တယ်။

“ပျားရည်ဘယ်လောက်ထည့်ရမလဲ” မြင်းမျက်နှာကမေးလိုက်တော့ သရဲနက်က ပါးစပ်ဟပြီး ပြောပြသည်။

“အကုန်ထည့်လိုက်”

“ဟုတ်တယ်… အကုန်ထည့်လိုက်”

“လူခေါင်းလောက်ကြီးတဲ့ပျားအုံကို အကုန်ထည့်လိုက်ရင်… မင်းတို့ကသူ့ကို ချိုသေအောင်လုပ်မလို့လားဟ။ မင်းတို့ဦးနှောက်ကိုပါ ပျားတုပ်ခံထားရတာလား”

All Chapters