← Chapters

တိုက်ပွဲ၏ အဆုံးသတ်

Vol. 6 Ch. 533

တိုက်ပွဲ၏ အဆုံးသတ်

Vol. 6 Ch. 533

“ချန်းပေ့ရွှမ်း တိုက်ပွဲမှာ နိုင်သွားတယ်  …”

တိုက်ပွဲကို အဝေးမှ ကြည့်နေသော အဖြူရောင်ဝတ် မိန်းကလေး တစ်⁠ဦးက တီးတိုး ရေရွတ်လိုက်သည်။

သူမသည် ခပ်လှမ်းလှမ်းမှ ကြည့်လျှင် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ် အရွယ် မိန်းမငယ်လေး တစ်ဦးနှင့် တူညီသော်လည်း အနီးကပ် ကြည့်ပါက အသက် သုံးဆယ်ခန့် မိန်းကလေး တစ်ဦး ဖြစ်ကြောင်း တွေ့မြင်ရမည် ဖြစ်သည်။

ထိုမိန်းကလေး၏ မျက်လုံးများသည် အိပ်မက်ဆန်ကာ ရီဝေနေ၏။ အကယ်၍ တစ်စုံ တစ်ယောက်ကသာ သူမ၏ အသွင်အပြင်ကို အကဲခတ်မည် ဆိုပါက သူမ၏ လျှို့ဝှက်သည့် နက်နဲသော ဖြစ်တည်မှု၌ ခေါင်းကိုက်သွားမည်မှာ သေချာသည်။

”အောမိသောဖော  …”

မိန်းကလေး၏ ဘေးနားတွင် ရပ်နေသော ဘုန်းကြီးအို တစ်ပါးက ရေရွတ်လိုက်သည်။ ထို့နောက်သူက တည်ငြိမ်စွာ ပြောလိုက်၏။

“ဒကာလင်းက ဓားချီကို နှစ်ခြောက်ဆယ် တိုင်တိုင် ကျင့်ကြံခဲ့တယ် ... ဒါတောင်မှ သူက ချန်းပေ့ရွှမ်းကို မယှဉ်နိုင်ခဲ့ဘူး ... ဒကာလင်းသာ လွန်ခဲ့တဲ့ နှစ်ထောင်ချီလောက်မှာ ပေါ်ထွက်ခဲ့ရင် သေမျိုးနတ်ဘုရားအစား ဗောဓိသတ္တ အဆင့်အထိတောင် ရောက်ရှိနိုင်တယ်  …”

“ဟင်းဟင်း ... သေမျိုး နတ်ဘုရား  …”

အဖြူရောင် ဝတ်စုံဝတ် မိန်းကလေးက နှာခေါင်းရှုံ့လိုက်သည်။

“အဲဒီ စကားလုံးက ကြားရတာ မဆိုးပေမဲ့ ကျင့်ကြံသူရဲ့ အသက်စွမ်းအားကို အရင်းအနှီးလုပ်ရတယ် ... တစ်နာရီဆိုတဲ့ အချိန်လေး စစ်မြေပြင်မှာ အစွမ်းထက်ဖို့ တစ်နှစ်ဆိုတဲ့ အချိန်ကို ပေးရတယ် ... လူသား နတ်ဘုရား ဆိုတာက ဘာအသုံးကျတာရှိလဲ …”

“အောမိသောဖော …”

ဘုန်းကြီးအိုက ခေါင်းကိုငုံ့ရင်း သက်ပြင်းသာ ချလိုက်၏။

ထိုအချိန်၌ ပရိတ်သတ်များကား တိုက်ပွဲ၏ အဆုံးသတ် ရလဒ်ကြောင့် ဆွံ့အနေကြဆဲ ဖြစ်သည်။ သူတို့သည် ချန်းဖန်ကို သရဲတစ္ဆေ တစ်ကောင်အလား ငေးမော ကြည့်နေမိကြသည်။ ချန်းဖန် လင်းရှု့မင်ကို အနိုင်ယူနိုင် လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့် မထားခဲ့ကြချေ။

လင်းရှု့မင်ပင် ရှုံးနိမ့်ခဲ့ရာ မည်သူက ချန်းဖန်ကို အနိုင်ယူနိုင်တော့မည်နည်း။

“သူက တကယ့် ပြိုင်ဘက်ကင်းပဲ …”

ရှုင်းရီဂိုဏ်း၏ အထွတ်အထိပ် ပညာရှင်က ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများတွင်မူ လေးစားခြင်း၊ အံ့အားသင့်ခြင်း၊ ကြောက်ရွံ့ခြင်းများက ပြည့်ရွှမ်းနေ၏။

အဇူရာ နဂါး၊ လီချန်းရှန့်၊ ယောင်တောက်ရီ စသည့် တန်ခိုးရှင် အဆင့်များမှာမူ စကားတစ်ခွန်းပင် မဆိုခဲ့ကြချေ။

သူတို့သည် လင်းရှု့မင်၏ နောက်ဆုံး တိုက်ခိုက်မှုတွင် ချန်းဖန် တစ်ခုခု ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ လင်းရှု့မင်၏ နောက်ဆုံး တိုက်ခိုက်မှုသည် လေယာဉ်တင် သင်္ဘောကြီးကိုပင် နှစ်ပိုင်း ဖြတ်ပစ်နိုင်သည်အထိ အစွမ်းထက်ကြောင်း သူတို့ ကောင်းစွာ သိသည်။ သို့သော်လည်း ထိုတိုက်ခိုက်မှုသည် ချန်းဖန်၏ ခန္ဓာကိုယ်မှ ရွှေရောင် သံချပ်ကာကိုပင် ချိုးဖျက်နိုင်စွမ်း မရှိခဲ့ချေ။

“ချန်းပေ့ရွှမ်းက လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်က ရဲ့ချင်စန်းထက်တောင် ပိုပြီး အစွမ်းထက်နေပြီပဲ  …”

နောက်ဆုံး၌ ယောင်တောက်ရီက လေးပင်စွာပြောရင်း တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ငါတို့ ခုနစ်ယောက် ရဲ့ချင်စန်း ပူးပေါင်း တိုက်ခိုက်ကြတုံးက သူဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ခန့်မှန်းနိုင်ခဲ့တယ် ... ဒါပေမဲ့ သူပိုင်ဆိုင်ခဲ့တဲ့ စွမ်းအားက ချန်းပေ့ရွှမ်းရဲ့ တိုက်ခိုက်မှု တစ်ခုကိုတောင် ခုခံဖို့ အခွင့်အရေး မရှိဘူး” လီချန်းရှန့်ကလည်း ခေါင်းကိုခါရင်း ရေရွတ်လိုက်သည်။

ရဲ့ချင်စန်းနှင့် လင်းရှု့မင် နှစ်ယောက်စလုံးသည် တန်ခိုးရှင် ထိပ်ဆုံး အဆင့်ကို ပိုင်ဆိုင်ထားသည်မှာ လူတိုင်း ရှင်းလင်းစွာ သိသော အရာဖြစ်သည်။ သို့သော်လည်း  သူတို့သည် အလွန် အစွမ်းထက်သည့်တိုင် တန်ခိုးရှင် အဆင့်၏ ကန့်သတ်မှုတွင်သာ ရှိသည်။

ယခု ချန်းပေ့ရွှမ်း ပိုင်ဆိုင်ထားသော စွမ်းအားမှာမူ တန်ခိုးရှင် အဆင့်ထက် ကျော်လွန်နေသည့် မြေကမ္ဘာ အဆင့်ဖြစ်သည်။ အစစ်အမှန် မြေကမ္ဘာ အဆင့် ဟုတ်မဟုတ်သာ အသေအချာ မပြောနိုင်သေးခြင်း ဖြစ်သည်။

“သူက မြေကမ္ဘာ အဆင့် မဟုတ်သေးဘူး ... ဒါမေမဲ့ သူ့ရဲ့ စွမ်းအားက အဲဒါထက်လည်း အားမနည်းဘူး  …”

“ကလန့်  …”

ကီကူမွန် သို့မဟုတ် ဝါတနဘေ၏ ဓားက စတင်ကာ တဆတ်ဆတ် တုန်လာခဲ့၏။ ထိုအရာကား သခင်၏ တိုက်ခိုက်လိုစိတ်တွင် သွေးဆာနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဝါတနာဘေက ခေါင်းခါကာ ရေရွတ်လိုက်၏။

“ဆာမူရိုင်းတွေက သေရမှာ မကြောက်ဘူး ဆိုပေမဲ့ ဘယ်ဆာမူရိုင်းကမှ အကြောင်းမဲ့ သေဖို့ ဆန္ဒ မရှိဘူး …”

ထိုအချိန်၌ အန်ရာနှင့် ဝမ်ရှောက်ယွင် တို့မှာမူ ခြေထောက်များပင် ခွေယိုင်နေခဲ့ကြပြီ ဖြစ်သည်။ သူတို့သည် သာမန်လူများသာ ဖြစ်ကြရာ ယခုကဲ့သို့ ရင်ထိတ်သည်းဖို မြင်ကွင်းမျိုးကို မမြင်တွေ့ဖူးကြချေ။ အဆိုးဆုံးကား အသက်လု တိုက်ပွဲ၌ တိုက်ခိုက် နေသူက သူတို့၏ အချစ်ရဆုံးသား ဖြစ်နေသည် မဟုတ်ပါလား။

“ဟူး လား လား  …”

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကောင်းကင်မှ မြေပြင်သို့ ပြန်လည် ဆင်းသက်လိုက်၏။ ထို့နောက် သူက ပရိသတ်များဘက်သို့ လှည့်ကာ ကျယ်လောင်သည့် အသံဖြင့် ပြောလိုက်သည်။

“လင်းရှု့မင်က ကျဆုံးခဲ့ရတယ် ဆိုပေမဲ့ ဂုဏ်သိက္ခာ ရှိရှိ ကျဆုံးခဲ့ရတာပဲ ... သူ့ရဲ့ ဂုဏ်သိက္ခာကို လေးစားတဲ့ အနေနဲ့ ဒီနေ့က စလို့ လင်းမိသားစုကို သူ့ကိုယ်စား ငါ ကာကွယ်ပေးမယ် ... လင်းမိသားစုကို ထိရဲတဲ့လူက ငါ့ရဲ့ ရန်သူပဲ …”

ချန်းဖန်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“ကောင်းပါပြီ …”

မြောက်ပိုင်းချုံး ဂိုဏ်းသားများက ဒူးများ ထောက်ရင်း အမိန့် နာခံလိုက်သည်။

အခြားသော အထွတ်အထိပ် အဆင့်များ၊ သိုင်းပညာရှင်များကလည်း ခေါင်းညိတ်ကြသည်။

ချန်းဖန်သည် လင်းမိသားစုကို ဘယ်တုံးကမှ သဘောမကျခဲ့ချေ။ လင်းများသည် သူ့ကို သတ်ရန် အကြိမ်ကြိမ် ကြိုးစားဖူးသည်။

သို့သော်လည်း လင်းရှု့မင်ကမူ အခြား လင်းများနှင့် မတူချေ။ သူသည် ချန်းဖန် မရှိခိုက်၌ ချန်းမိသားစုဝင် အားလုံးကို သတ်ဖြတ်ပစ်နိုင်သည့်တိုင် မလုပ်ခဲ့ချေ။ ဂုဏ်သိက္ခာ ရှိရှိပင် ချန်းဖန်ကို စိန်ခေါ်ကာ တိုက်ခိုက်ခဲ့သည်။

ထို့အပြင် သူ၏ ရဲစွမ်း သတ္တိနှင့်၊ ပါရမီကိုလည်း ချန်းဖန် လေးစားမိသည်။ ကမ္ဘာမြေကဲ့သို့ နေရာမျိုးတွင်ပင် ဇွဲမလျှော့ဘဲ ကျင့်ကြံကာ ရှေ့သို့ လျှောက်လှမ်းခဲ့သည်။ ချန်းဖန်ပင်လျှင် သူ၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန် အကာအကွယ် နတ်ဘုရား စွမ်းအားကို သုံးခဲ့ရသည်။

“ငါ လင်းရှု့မင်ကို အထင်သေးခဲ့မိတယ် ... တကယ်တော့ သူက ဓားလမ်းစဉ်ကို ဘဝ တစ်ခုလုံး မြှုပ်နှံထားခဲ့တဲ့ ဓားသမား အစစ်ပဲ ... ကောင်းကင်က သူ့ကို ကမ္ဘာမြေလို နေရာမျိုးမှာ မွေးဖွားစေခဲ့တာ နှမြောစရာပဲ  …”

ထိုအတွေးဖြင့် ချန်းဖန်၏ မျက်လုံးတွင် စိတ်မကောင်းမှုများ အနည်းငယ် စွန်းထင်းသွား၏။ သို့သော်လည်း ခဏအတွင်းမှာပင် သူ၏ မျက်လုံးများက အခြားအတွေးစ တစ်ခုဖြင့် မှောင်မိုက်သွား၏။

သူသည် ဝိညာဉ်ပင်လယ် အလယ်ဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ဝိညာဉ် ပင်လယ် နောက်ဆုံး အဆင့်ကိုလည်း သူ အချိန်မရွေး ချိုးဖျက် ဝင်ရောက် နေနိုင်ပြီ ဖြစ်သည်။

သို့သော်လည်း မူလ ဝိညာဉ် (မြေကမ္ဘာ) အဆင့်သို့ ရောက်ရှိရန် အတွက်မူ သူ့အတွက် ခက်ခဲနေသေးသည်။ ဤကမ္ဘာမြေ၏ ချီရင်းမြစ်ကား ရှားပါးလွန်းသည်။ သူ့အနေဖြင့် မြေကမ္ဘာနတ်ဘုရား တစ်ယောက် နေခဲ့သော ဂူ သို့မဟုတ် ရတနာသိုက် တစ်ခုကို ရှာဖွေ တွေ့ရှိမှသာ ထိုရည်မှန်းချက်ကို အောင်မြင်နိုင်ပေလိမ့်မည်။

“ကမ္ဘာမှာ နှစ်တစ်ထောင်လောက် ကြာအောင် မြေကမ္ဘာအဆင့် မပေါ်ထွက်ခဲ့တာ အံ့ဩစရာ မရှိဘူးပဲ  …”

ချန်းဖန် သက်ပြင်းချမိသည်။ ထူးထူးခြားခြား ကျင့်ကြံခြင်း ရင်းမြစ် တစ်ခုခု ရှာဖွေ မတွေ့ရှိပါက သူ့အနေဖြင့် မူလဝိညာဉ် အဆင့်ကို ရောက်ရှိရန် ငါးနှစ်ခန့် အထိ အချိန်ယူ ကျင့်ကြံရပေလိမ့်မည်။

“ရှောင်ဖန် ... အဆင်ပြေရဲ့လား …”

ဝမ်ရှောက်ယွင်က သူမ၏ သားဖြစ်သူ အနားသို့ အပြေးကလေး လာရင်း မေးလိုက်သည်။

“အဆင်ပြေပါတယ် ... အမေ”

ချန်းဖန်က ပြုံးရင်း အဖြေပေးလိုက်သည်။

ဟွာရန်ဖန်း၊ ဖန့်ချုံး၊ အန်ရာနှင့် အခြားလူများကလည်း သူ့ အနားသို့ ရောက်လာကာ စိုးရိမ်တကြီး မေးကြသည်။ ချန်းဖန်က အားလုံးကို ညင်သာစွာ ပြုံးပြရင်း အဆင်ပြေကြောင်း ရှင်းပြလိုက်သည်။

“ဟမ့်  …”

ချန်းဖန် အနိုင်ရသွားကြောင်း အတည်ပြု ပြီးသည်နှင့် ယောင်တောက်ရီက နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က လျှပ်စီးအလင်း အသွင်ပြောင်း၍ ကောင်းကင်၌ ပျောက်ကွယ် သွားတော့သည်။

လီချန်းရှန့်ကလည်း ခေါင်းကိုခါ၍ အဝေးသို့ ပျံသန်း ထွက်ခွာသွားသည်။ ဝါတနာဘေကလည်း ပင်လယ်၌ လမ်းလျှောက်ရင်း ဂျပန် ရှိရာဘက်သို့ ပြန်လှည့်သည်။

သို့သော်လည်း ခွန်းလွန် အဖွဲ့မှာမူ ကျန်ရှိ နေဆဲ ဖြစ်သည်။

“ဗိုလ်ချုပ်ချန်း... ဂုဏ်ယူပါတယ် ...”

ပျံလွှားနီလေးက ချန်းဖန်ထံသို့ လျှောက်လာရင်း နှုတ်ဆက်လိုက်သည်။ ထို့နောက် သူမက စစ်ဝတ်စုံ ဝတ်ထားသော အဘိုးအိုက ညွှန်ပြရင်း ပြောလိုက်၏။

“ဗိုလ်ချုပ်ချန်း ... ဒါက ခွန်းလွန်ရဲ့ လက်ထောက် ခေါင်းဆောင် ဗိုလ်ချုပ် ကူချန့်ဟယ်ပါ  …”

“ကျုပ်ကို နဂါးအိုကြီးလို့ ခေါ်လို့ ရပါတယ် …”

စစ်ဝတ်စုံ ဝတ်ထားသော အဘိုးအို သို့မဟုတ် အဇူရာ နဂါးက  ပြုံးပြရင်း ပြောလိုက်သည်။

“တွေ့ရတာ ဝမ်းသာမိပါတယ် ... ဆရာကူ …”

ချန်းဖန်က ပြန်လည် ပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။

“ဗိုလ်ချုပ်ချန်း ... ခင်ဗျား တိုက်ပွဲမှာ အနိုင်ရခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ် ... ဒါပေမဲ့ မပေါ့ဆဖို့တော့ ကျုပ် သတိပေးပါရစေ ... အခုဆိုရင် ခင်ဗျားက အမေရိကန် ရုရှားတို့လို နိုင်ငံကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေပြီ …”

အဇူရာ နဂါးက ခဏမျှ ရပ်ကာ လေးနက်သော အသံဖြင့် ဆက်ပြောလိုက်သည်။

“ခင်ဗျားက ကမ္ဘာရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဆိုပေမဲ့လည်း အရမ်း အစွမ်းထက်တဲ့ ရန်သူ တစ်ယောက် ရှိသေးတယ် ဆိုတာ မမေ့ပါနဲ့ …”

“ဆရာကူပြောတာ အမေရိကန်လား …”

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြန်မေးလိုက်သည်။

“ဟုတ်ပါတယ် ... အမေရိကန်က ဒီဂြိုလ်ရဲ့ အရှင်သခင်လို့ ပြောလို့ ရတယ် ... တရုတ်နဲ့ ရုရှားနှစ်နိုင်ငံ ပေါင်းတာတောင် သူ့ရဲ့ အနေအထားကို စိန်မခေါ်နိုင်သေးဘူး ... ဆယ့်ကိုး ရာစုလောက် ခရစ်ယာန် ဘုရားကျောင်းရဲ့ အင်အား အကြီးဆုံး အခြေအနေမှာတောင် အမေရိကန်က စစ်သား တစ်သန်းလောက်နဲ့ ဝန်းရံပြီး ဘုန်းတော်ကြီးတွေကို ဒူးထောက် စေခဲ့ဖူးတယ် …”

အဇူရာ နဂါးက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

“ကျွန်တော် သိပ်နားမလည်ဘူး ... အမေရိကန်က နျူကလိယ ရှိတယ် ဆိုပေမဲ့ အဲဒါက အချိန်နေရာ မရွေး သုံးလို့ရတဲ့ လက်နက် မဟုတ်ဘူး ... သူတို့ ဘယ်လောက်ပဲ အစွမ်းထက်ထက် တန်ခိုးရှင်တွေ အကုန်လုံးကို တစ်ကြိမ်တည်း သတ်ဖြတ်နိုင်မှာ မလို့လား …”

ချန်းဖန်က နားမလည်စွာ မေးလိုက်သည်။

“ဟီးဟီး …”

အဇူရာ နဂါးက ခေါင်းခါရင်း လျှို့ဝှက်စွာ ပြုံးလိုက်သည်။

“အချိန်ကျရင် အဖြေကို သိရမှာပါ ... အခုတော့ နျူကလိယကို ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးသမျှ အမေရိကန်ကို မထိသင့်ဘူး ဆိုတာပဲ မှတ်ထားပါ …”

အဇူရာ နဂါးက ပြောပြီးသည်နှင့် ကောင်းကင်သို့ ပျံတက်၍ တိမ်များအကြား တိုးဝင်သည်။ သူ ပျောက်ကွယ် သွားသည်နှင့် အသံတစ်ခုက ချန်းဖန်ဆီသို့ ပျင့်လွင့်လာ၏။

“ရန်ကျင်းကို ရောက်ရင် ကျုပ်ဆီ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်  …”

“လာခဲ့ပါ့မယ်  …”

ချန်းဖန်က အဖြေပေးလိုက်သည်။

***

တိုက်ပွဲ အပြီး၌ ချန်းဖန်သည် ကမ္ဘာ၏ တရားဝင် အစွမ်း အထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ မဟာအင်အားကြီး နိုင်ငံများမှ လွဲလျှင် သူအား ယှဉ်နိုင်သူ မရှိတော့ချေ။

စစ်မြေပြင်၌ ရှိနေခဲ့သည့် များစွာသော သိုင်းပညာရှင်များသည် ချန်းဖန်၏ အနိုင်ရမှု သတင်းကို ကမ္ဘာအနှံ့သို့ သယ်ဆောင်ကြသည်။ လျှို့ဝှက် စုံထောက်များနှင့် အထူး စစ်သားများကလည်း တိုက်ပွဲ ရလဒ်ကို မိမိနိုင်ငံ၊ အဖွဲ့အစည်းများသို့ တင်ပြကြသည်။

တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များက လူအများကို ဆွံ့အ ငြိမ်သက်စေသည်။ လင်းရှု့မင်၏ နောက်ဆုံး တိုက်ခိုက်မှုက မြေကမ္ဘာ အဆင့်သို့ပင် ရောက်ရှိ နေခဲ့သည်ဟု ဆိုသည်။ သို့တိုင်အောင် သူသည် ချန်းပေ့ရွှမ်း၏ လက်အောက်၌ ကျရှုံးခဲ့ရသည်။

ချန်းပေ့ရွှမ်းကား ခန့်မှန်း၍ မရနိုင်အောင်ပင် အစွမ်းထက်လွန်းသည်။ သူ၏ အစွမ်းကို ဖော်ပြရန် စကားလုံး တစ်လုံးသာ ရှိတော့၏။ ထိုအရာကား “ပြိုင်ဘက်ကင်း” ပင်။

***

All Chapters