ပြိုင်ဘက်ကင်း
Vol. 6 Ch. 534
“ပြိုင်ဘက်ကင်း ... သူက တကယ့်ကို ပြိုင်ဘက်ကင်းပဲ …”
တစ်စုံ တစ်ယောက်က ရေရွတ်လိုက်သည်။
“လင်းရှု့မင်ဟာ အရင်တုန်းက နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံး ငါးယောက်မှာတောင် ပါခဲ့တယ် ... နှစ်ခြောက်ဆယ် ကြာပြီးတဲ့ နောက်မှာ သူက လူသား နတ်ဘုရားအဆင့် အထိကို တက်လှမ်းနိုင်ခဲ့တယ် ... ဒါတောင်မှ ချန်းပေ့ရွှမ်းထံမှာ သူရှုံးနိမ့်ခဲ့ရတယ် ... ချန်းပေ့ရွှမ်းက ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ ကောင်းရတာလဲ …”
လူအို အထွတ်အထိပ် ပညာရှင် တစ်ယောက်ကလည်း သက်ပြင်းချသည်။
ချန်းပေ့ရွှမ်း ဆိုသော ကောင်လေးကား အလွန် အစွမ်းထက်လွန်းသည်။
သူသည် ကမ္ဘာအား သာမန် အတွင်းအား ပညာရှင် ဘဝကပင် လွှမ်းမိုးခဲ့သည်။ ယခု အချိန်အထိ သူသည် တိုက်ပွဲ တစ်ပွဲပင် မရှုံးနိမ့်ခဲ့သေးချေ။
လဲ့ချန်းကျွယ်၊ ကျိုးတရီ၊ နှင်းဝံပုလွေ ဘုရင်မှ အစပြု၍ ယခု လင်းရှု့မင်အထိ သူ့၏ လက်အောက်၌ ရန်သူတိုင်း ကျရှုံးခဲ့ရသည်။
“လင်းရှု့မင်ရဲ့ တိုက်ခိုက်မှုကို ပိတ်ဆို့ခဲ့တဲ့ ရွှေရောင် သံချပ်ကာက ဘာလဲ ... အဲဒါက အထူး နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဝတ်စုံလား ... ဒါမှမဟုတ် ချန်းပေ့ရွှမ်း ဖန်တီးထားတဲ့ ဓမ္မရတနာလား …”
လူအများက ဒွိဟ ဖြစ်ကြသည်။
များစွာသော နိုင်ငံများသည် တိုက်ပွဲကို မှတ်တမ်းတင်ရန် ဂြိုလ်တု၊ မြေပြင် နေရာပေါင်းစုံမှ ကြိုးစားခဲ့ကြသည်။ ကံဆိုးစွာပင် တိုက်ပွဲ ဖြစ်သည့် အချိန်၌ မိုးရွာသွန်းနေရာ ရှင်းလင်းသော မှတ်တမ်းကို မရရှိခဲ့ချေ။
ထို့ကြောင့်ပင် တိုက်ပွဲ သုံးသပ်သူများသည် ပရိတ်သတ်များ၏ အမြင်များကိုသာ အခြေပြု၍ ကောက်ချက်ချ ကြရသည်။
အတွေ့အကြုံ ရင့်ကျက်သော တိုက်ပွဲ သုံးသပ်သူ တစ်ဦးက စီအိုင်အေ၏ သီးသန့် ဖိုရမ်တွင် ယခုကဲ့သို့ သုံးသပ်ချက် တစ်ခု ရေးသည်။
“လင်းရှု့မင်က လူသား နတ်ဘုရား စွမ်းအားကို ထုတ်သုံးတဲ့ အခါမှာ ချန်းပေ့ရွှမ်းထက် ပိုအစွမ်းထက် သွားတယ် ဆိုတာ သံသယ ဖြစ်စရာ မလိုဘူး ... အဲဒါကြောင့်ပဲ ချန်းပေ့ရွှမ်းက ဓားလျှို့ချက်ရဲ့ ရတနာတွေလို့ ပြောကြတဲ့ ဓားကိုးချောင်းကို ထုတ်သုံးခဲ့ရတယ် ... ဒါတွေကို ကြည့်မယ် ဆိုရင် ချန်းပေ့ရွှမ်းက မြေကမ္ဘာ အဆင့် မဟုတ်သေးတာတော့ သေချာတယ် ... ဒါပေမဲ့ သူက အခြား တန်ခိုးရှင်တွေထက် အဆများစွာ ပိုပြီး အစွမ်းထက်တယ် ဆိုတာလည်း ငြင်းစရာ မရှိဘူး ... တန်ခိုးရှင် အဆင့် ရှစ်ယောက် ပေါင်းတိုက်တောင် သူ့ကို နိုင်မယ် မထင်ဘူး …”
“ကြည့်ရတာ ချန်းပေ့ရွှမ်းကို တိုက်ချင်ရင် နျူကလိယကိုပဲ အားကိုးရတော့မယ်နဲ့ တူတယ် …”
သီးသန့် ဖိုရမ် အတွင်းရှိ လူများစွာက စတင် ငြင်းခုန်ကြသည်။
“မဖြစ်နိုင်ဘူး ထင်တယ် ... ဘယ် မဟာ အင်အားကြီးနိုင်ငံက သူ့ကို သတ်ဖို့ မြို့တစ်မြို့လုံးကို နျူကလိယ ကြဲမှာလဲ ... အဲဒါက လူသန်းချီတဲ့ အသက်တွေကွ ... ဘယ် အစိုးရကမှ အဲဒီလို လုပ်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး …”
“ဟီးဟီး ... မင်းက ခေတ်မှီ နျူကလိယ စွမ်းအားကို အထင်သေးနေတာပဲ ... အမေရိကန်နဲ့ ဆိုဗီယက်တို့မှာ ၁၉၈၀ လောက် ကတည်းက နျူကလိယ လက်နက် ထောင်ချီ ရှိနေပြီ ... အဲဒီ အထဲမှာ ဧရိယာငယ်လေးတွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်တွေမှ အများကြီး … နောက်ပြီး အခုက ၂၀၁၂ တောင် ရောက်နေပြီနော် ... အမေရိကန်က ဘယ်လို လက်နက်တွေကို ထပ်ပြီး တီထွင်ထားမလဲ ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး …”
မဟာ အင်အား နိုင်ငံများ၏ လက်နက်များ အကြောင်း ခန့်မှန်းရသည်က မျက်စိမှိတ်ကာ လမ်းလျှောက်နေခြင်းနှင့် အတူတူပင်။ ထိုအရာများကား သူတို့၏ ထိပ်တန်း လျှို့ဝှက်ချက်များ ဖြစ်သည်။
“ဒါပေမဲ့ အမေရိကန် ရုရှားတို့လို နိုင်ငံကြီးတွေ ဝင်ပါဖို့က မလွယ်ဘူး ... ရုရှားကိုပဲ ဥပမာကြည့် ... ချန်းပေ့ရွှမ်းက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ဗိုလ်ချုပ် တစ်ယောက်ကို သတ်ပစ်လိုက်တာတောင် သူတို့ ဘာအရေးယူလဲ ... နိုင်ငံရဲ့ ဖြစ်တည်မှုကို မခြိမ်းခြောက် ခံရသေးသမျှ ဘယ်မဟာအင်အားကြီး နိုင်ငံကမှ ဝင်ပါမှာ မဟုတ်ဘူး …”
မစ္စတာ လေ့လာသူက ဝင်ရေးလိုက်၏။
“မစ္စတာ လေ့လာသူ ... ချန်းပေ့ရွှမ်းက ဘယ်အဆင့် ရောက်နေပြီလို့ ခင်ဗျား ထင်လဲ …”
အသုံးပြုသူ တစ်ယောက်က မေးလိုက်သည်။
ထိုအရာကား သီးသန့် ဖိုရမ်ရှိ လူတိုင်း သိလိုနေသော မေးခွန်း ဖြစ်သည်။
“ဟိုအရင်က နတ်ဘုရား သတ်မှတ်ချက်မှာ ဆိုရင် ထိပ်ဆုံး ငါးယောက်ရဲ့ ကွာဟချက်က တကယ့်ကို သေးသေးလေးပဲ ... ဒါကြောင့်မလို့ လင်းရှု့မင်က သူတို့ အထဲက အစွမ်း အထက်ဆုံး တစ်ယောက်လို့ ဆိုနိုင်တယ် ... အခု ချန်းပေ့ရွှမ်းက လင်းရှု့မင်ကို နိုင်ခဲ့တယ် ဆိုတော့ ကမ္ဘာပေါ်မှာ ဘယ်သူမှ သူ့ကို ခြိမ်းခြောက်နိုင်တော့မယ် မထင်ဘူး …”
မစ္စတာ လေ့လာသူက စကားကို အနည်းငယ် ထပ်ဖြည့်လိုက်သည်။
“ခရစ်ယာန် ဘုရားကျောင်းရဲ့ သူတော်စင် ဘုန်းတော်ကြီးနဲ့ တရုတ်ရဲ့ မြေကမ္ဘာ အဆင့်တွေ မရှိတော့ရင်ပေါ့လေ …”
လူအများက ခေါင်းခါကြသည်။
“မဖြစ်နိုင်ဘူး ... သူတို့က လွန်ခဲ့တဲ့ နှစ်ထောင်ချီတုန်းက ဒဏ္ဍာရီထဲတွေပဲဟာ …”
“ဒါဆိုရင် …”
မစ္စတာ လေ့လာသူက နောက်ဆုံး ကောက်ချက်ကို ချမှတ်လိုက်သည်။
“ချန်းပေ့ရွှမ်းက ကမ္ဘာရဲ့ အစွမ်း အထက်ဆုံး ပညာရှင်လို့ ကျုပ်တို့ ပြောနိုင်ပြီပေါ့ ... နတ်ဘုရား သတ်မှတ်ချက်ကို ပြန်ပြီး စီရရင် သူ့က နံပါတ်တစ် နေရာမှာ ရှိသင့်တယ် …”
“ဒါဆို နတ်ဘုရား သတ်မှတ်ချက် ထိပ်ဆုံး သုံးယောက်ဝင်ခဲ့တဲ့ ရဲ့ချင်စန်းတို့ ခရစ်ယာန် ဘုရားကျောင်းရဲ့ စီရင်သူတို့တောင် ချန်းပေ့ရွှမ်းကို မနိုင်တော့ဘူးပေါ့ …”
တစ်ယောက်က မေးလိုက်သည်။
“သူတို့က လင်းရှု့မင်နဲ့ တစ်တန်းတည်းမှာပဲ ရှိတာ ... သူတို့သာ မြေကမ္ဘာ အဆင့်ကို ရောက်ပြီးရင်တော့ ချန်းပေ့ရွှမ်းနဲ့ ယှဉ်နိုင်မှာပေါ့ ... မဟုတ်ရင်တော့ ဘယ်သူမှ ချန်းပေ့ရွှမ်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး ... မြေကမ္ဘာ အဆင့် အောက်မှာ ချန်းပေ့ရွှမ်းက ပြိုင်ဘက်ကင်းပဲလေ …”
မစ္စတာ လေ့လာသူ၏ စကားအား နားထောင်ပြီးနောက် ဖိုရမ် တစ်ခုလုံးကား တိတ်ဆိတ် သွားတော့၏။
“ပြိုင်ဘက်ကင်း …”
ထိုအရာက မည်သည့် အဓိပ္ပာယ်နည်း။ လွန်ခဲ့သည့် နှစ်ရာချီ အတွင်း အလွန် အစွမ်းထက်သော တန်ခိုးရှင်များစွာ ပေါ်ထွက်ခဲ့သည့်တိုင် မည်သူကမျှ “ပြိုင်ဘက်ကင်း” ဂုဏ်ပုဒ်ကို မခံယူနိုင်ခဲ့ချေ။ သို့သော်လည်း ယခုတွင်မူ ချန်းပေ့ရွှမ်းသည် ထိုအစဉ်အလာကို ချိုးဖျက်ခဲ့သည်။
“ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေ အားလုံးထဲမှာ သူ တစ်ယောက်ပဲ ပြိုင်ဘက်ကင်း ဂုဏ်ပုဒ်ကို ခံယူနိုင်တယ် …”
မစ္စတာ လေ့လာသူက ထိုမှတ်ချက်ဖြင့် စကားဝိုင်းကို ပိတ်သိမ်း လိုက်တော့သည်။
***
ဥရောပ၊ မြောက် အမေရိက၊ အရှေ့ အလယ်ပိုင်း၊ မြောက်အာဖရိက၊ လက်တင် အမေရိက စသည့် နိုင်ငံများစွာရှိ မရေမတွက်နိုင်သော သိုင်းပညာရှင်များသည် တိုက်ပွဲ သတင်းများကြောင့် ဆွံ့အ အံ့ဩ နေမိကြတော့သည်။
လင်းရှု့မင်ကား လွန်ခဲ့သည့် နှစ်ရာချီကပင် ကမ္ဘာ၏ အစွမ်း အထက်ဆုံး သိုင်းပညာရှင် တစ်ယောက်အဖြစ် ကျော်ကြားခဲ့သူ ဖြစ်သည်။ သူပင်လျှင် ရှုံးနိမ့်ခဲ့ရရာ မည်သူက ချန်းပေ့ရွှမ်းကို အနိုင်ယူ နိုင်တော့မည်နည်း။
“ဒီနေ့က စလို့ ဘယ်သူမှ ချန်းပေ့ရွှမ်းကို သွားမရှုပ်ကြနဲ့ ... သူ့ကို တွေ့တာနဲ့တောင် ရိုရိုသေသေ ဆက်ဆံကြ …”
အမှောင်ကမ္ဘာမှ များစွာသော ပညာရှင်များက သူတို့၏ မိသားစု၊ အဖွဲ့ဝင်များကို ညွှန်ကြားသည်။
“ချန်းပေ့ရွှမ်းက တန်ခိုးရှင် အဆင့်တွေကို လွှမ်းမိုးနိုင်ပြီး အမေရိကန်လို မဟာအင်အားကြီး နိုင်ငံတွေနဲ့တောင် ယှဉ်နိုင်နေပြီ …”
“ဟုတ်တယ် ... သာမန် အင်အာစုတွေက ချန်းပေ့ရွှမ်းကို မယှဉ်နိုင်တော့ဘူး ... ကုလ သမဂ္ဂရဲ့ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံလောက်ပဲ သူ့ကို ယှဉ်နိုင်တော့မယ် ... အခုဆိုရင် ချန်းပေ့ရွှမ်းကို ကမ္ဘာရဲ့ ခြောက်ခုမြောက် အစွမ်း အထက်ဆုံး အင်အားစုလို့တောင် သတ်မှတ်လို့ ရနေပြီ …”
ထိုမှတ်ချက်က ကမ္ဘာတစ်ခုလုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။
“ခြောက်ခုမြောက် ချန်းနိုင်ငံ …”
“ကမ္ဘာရဲ့ ခြောက်ခုမြောက် အစွမ်း အထက်ဆုံး …”
ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော လူများက အပြောင်အပျက် သဘောဖြင့် ချန်းဖန်ကို နာမည်ပြောင်များ ပေးကြသည်။ သို့သော်လည်း ထိုနာမည်ပြောင်များ၏ အနက် အဓိပ္ပာယ်က လူတိုင်းအား ကြက်သီးထသွား စေသည်။
ထိုအချိန် ခွန်းလွန်တောင် လျှို့ဝှက် စစ်စခန်း အတွင်း …
“ဒါရိုက်တာရှောင် ... ကျုပ်တို့ ချန်းပေ့ရွှမ်းရဲ့ စစ်တပ်ရာထူးကို တိုးမြှင့်ပေးရင် ကောင်းမလား …”
ကျားဖြူက မေးလိုက်သည်။
“ရာထူးထိုးပေးမယ် ... ဘယ်လိုလဲ …”
ဒါရိုက်တာရှောင်က ပြန်မေးလိုက်၏။
“ငါတို့ နိုင်ငံရဲ့ အမြင့်ဆုံး စစ်တပ် ရာထူးက ဗိုလ်ချုပ်ကြီး အဆင့်ပဲ ရှိတာလေ ... အခြား နိုင်ငံတွေမှာတော့ မဟာ ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီး အဲဒီလို အဆင့်တွေ ရှိတယ် ကြားတယ် ... ငါတို့ သူ့အတွက် အဲဒီလို ရာထူး တစ်ခု တီထွင်ပေးရမှာလား …”
ဒါရိုက်တာရှောင်၏ စကားကြောင့် ကျားဖြူ ခေါင်းကုတ်မိသည်။
“ဒါက ကျွန်မတို့ ဆုံးဖြတ်ရမဲ့ ကိစ္စ မဟုတ်ဘူး ... နိုင်ငံခေါင်းဆောင်ဆီကို တင်ပြတာ ပိုကောင်းလိမ့်မယ် …”
ပျံလွှားနီလေးက ဝင်ပြောလိုက်၏။
“ဟီးဟီး ... သူ့လို နိုင်ငံ တစ်နိုင်ငံနဲ့ ညီမျှတဲ့သူ ရှိမယ်လို့ ဘယ်သူက ထင်မိမှာလဲ ... Forbes စာရင်းက ဘီလျံနာတွေတောင် သူ့လို လွှမ်းမိုးနိုင်စွမ်း မရှိဖူးဘူး …”
လိပ်နက်ကလည်း ရယ်မောရင်း ဆိုလိုက်၏။
“ဟုတ်တယ် …”
ကျားဖြူက ခေါင်းညိတ်လိုက်သည်။
“ကိုယ်ပိုင် စွမ်းအားနဲ့ ယှဉ်ရင် ပိုက်ဆံဆိုတာက ဘာမှ အသုံးမကျတဲ့ အရာပါပဲ ... အဲဒီ စကားကို ချန်းပေ့ရွှမ်းက အကြိမ်ကြိမ် သက်သေ ပြခဲ့တယ် …”
ခွန်းလွန် တစ်ခုလုံးကား သက်ပြင်းသာ ချနေမိကြတော့သည်။
***