အသစ်ပြန်လည်ဖွဲ့စည်းခြင်း
Vol. 019 Ch. 1804
ဟွာဂျီယူက ဇဝေဇဝါဖြင့် ရီဖူရှင်းထံသို့ အသံပို့လွှတ်လိုက်သည်။ "သူမက ငါ့ကို ကြည့်နေသလိုပဲ။"
ရီဖူရှင်းက သူမ၏ စကားကို ကြားသောအခါ အံ့သြသွားလေသည်။ သူ နားကြားမှားသလား။
မင်းသမီးဒွန်ဟောင်က သူတို့နှစ်ယောက်ကို သတိပြုမိသည်လား။
သို့ဆိုလျှင် မင်းသမီးဒွန်ဟောင်က သူတို့၏ ယခင်က တွေ့ဆုံမှုကို မှတ်မိနေခြင်း ဖြစ်နိုင်သလား။
သို့သော်လည်း ထိုအဖြစ်တို့က ဆယ်စုနှစ်များစွာ အကြာက ဖြစ်သည်။ မင်းသမီးဒွန်ဟောင်သည် အလွန်တောက်ပနေသူ ဖြစ်သောကြောင့်မဟုတ်လျှင် သူသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအကြာက တစ်စုံတစ်ယောက်အား မှတ်မိလိမ့်မည် မဟုတ်ပေ။
"ကိုက်ချိန်က အရှင်မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။" ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ချိန်က မင်းသမီးဒွန်ဟောင်ဘက်သို့ လှည့်ကာ ပထမဆုံး ဦးညွှတ်အရိုအသေပေးသူ ဖြစ်လေသည်။ သူက အရှင်ဒွန်ဟောင်၏ လက်အောက်၌ ခစားရသူ ဖြစ်သော်လည်း အမှန်တကယ်၌ သူသည် မင်းသမီးအား ကြိမ်ဖန်များစွာ မြင်တွေ့ဖူးခြင်း မရှိပေ။
သူသည် ကောင်းကင်ဒေသ တော်ဝင်နန်းတော်အတွင်း၌ မင်းသမီးဒွန်ဟောင်၏ အဆင့်အတန်းက အလွန် မြင့်မားသည်ကိုသာ သိရှိပေသည်။ သူမ လိုချင်သည့်အရာဟူသမျှကို အရှင်ဒွန်ဟောင်က တွေဝေခြင်းမရှိဘဲ ချက်ချင်း ခွင့်ပြုပေးလိမ့်မည် ဖြစ်သည်။
"အရှင်မင်းသမီးကို နှုတ်ခွန်းဆက်ပါတယ်။" ကျန်သည့်သူများကလည်း ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ နတ်ပြည်ထောင်များဖြစ်စေ၊ ထိပ်သီးအင်အားစုများဖြစ်စေ၊ သူတို့အားလုံးက မင်းသမီးကို လေးစားသမှု ပြုကြရသည်။ အကြောင်းမှာ သူတို့ရှေ့၌ ရှိနေသူမှာ ကောင်းကင်ဒေသ၏ တစ်ဦးတည်းသော မင်းသမီးဖြစ်သောကြောင့် ဖြစ်၏။
ရီဖူရှင်း၏ တုံ့ပြန်မှုက တခြားသူများထက်စာလျှင် အနည်းငယ် နှေးကွေးပေသည်။ သူသည် တောက်ပသော နတ်ရောင်ဝါတို့နှင့် လွှမ်းခြုံထားသော ထိုတည်ငြိမ်သည့် အမျိုးသမီးကို မြင်သောအခါ သူ၏ မသိစိတ်ထဲ၌ ဦးညွှတ်အလေးပြုလိုခြင်း မရှိချေ။ ဖြစ်နိုင်သည်က အင်ပါယာရီချင်၊ နှင်းလူဝံအင်ပါယာနှင့် သူ့ဆရာ ဆရာဒူတို့ကြောင့် သူသည် မင်းသမီးဒွန်ဟောင်နှင့် ယှဥ်ပြိုင်လိုသည့် စိတ်ရှိနေသောကြောင့် ဖြစ်ပေလိမ့်မည်။
သူ၏ မွေးစားအဖေက သူသည် ဧကရာဇ်တစ်ပါးဖြစ်ရန် မွေးလာသည်ဟုဆိုသော်လည်း သူ လျှောက်ခဲ့ရသော လမ်းတလျှောက်လုံးက ခက်ခဲကြမ်းတမ်းမှုတို့နှင့် ပြည့်နေခဲ့သည်။ သို့သော်လည်း သူ့ရှေ့မှ အမျိုးသမီးက မြင့်မြတ်တော်ဝင်ဆန်မှုတို့နှင့်အတူ မွေးဖွားလာခဲ့၏။ သူတို့က ရန်သူဖြစ်လာရန် ကံကြမ္မာဖန်နေခဲ့သည်လား။
အကယ်၍ တစ်စုံတစ်ယောက်ကိုသာ သူ၏ ကံကြမ္မာရန်သူအဖြစ် သတ်မှတ်ရမည်ဆိုပါက ထိုသူက မင်းသမီးဒွန်ဟောင် ဖြစ်ပေလိမ့်မည်။
သူသည် အခုချိန်ထိ သူတို့နှစ်ယောက်ကြားမှ ပတ်သတ်မှုအား အဖြေမရှာနိုင်သေးပေ။ သူက မည်သူနည်း။ သူက အင်ပါယာရီချင်နှင့် မည်သို့သော ပတ်သတ်မှု ရှိနေသနည်း။ အရှင်ဒွန်ဟောင်နှင့် မည်သို့သော ရန်ငြိုးမျိုး ရှိနေသနည်း။
သူက မလှုပ်ရှားဘဲ သူ့ဘေးမှ ဟွာဂျီယူသည်လည်း သူ့ကဲ့သို့ပင် ရှိနေသည်။
သို့ပေမယ့် ခဏကြာပြီးနောက် ရီဖူရှင်းသည် တခြားသူများကဲ့သို့ သူ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ တခဏအတွင်း၌ သူ၏ စိတ်ထဲတွင် ကိစ္စရပ်ပေါင်းစုံ ဖြတ်ပြေးသွား၏။ သူ၏ စိတ်အခြေအနေက ရှုပ်ထွေးနေပြီး သူသည် နှစ်ပေါင်းများစွာတိုင် အရာအားလုံးကို ထုတ်ဖော်ပြလိုခြင်း မရှိဘဲ သိုသိပ်စွာ ဆက်လက်နေထိုင်နေသည့် သူ၏ မွေးစားဖခင်အား တွေးမိသည်။ သူသည် မာနကြောင့် မစုံစမ်းဘဲ နေလိုသော်လည်း သူ့အား ဂရုအစိုက်ဆုံးသူအပေါ် တရားမျှတမှု ရှိမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ မင်းသမီးဒွန်ဟောင်အား သူ လက်လှမ်းမှီလာသည့် အချိန်၌ အမှန်တရားအား ကြာကြာဖုံးကွယ်ထား၍ ရနိုင်တော့မည် မဟုတ်ပေ။
ရီဖူရှင်း၏ တွေဝနေေမှုကို သတိပြုမိလျှင် မင်းသမီးဒွန်ဟောင်က သူ့ဘက်သို့ တစ်ချက်လှမ်း ကြည့်လိုက်သော်လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။ သူမက လူအုပ်ကြီးအား ကြည့်ကာ ပြောလိုက်၏။ "ဘုံကိုးဘုံက အင်အားစုတွနေဲ့ ကောင်းကင်ဒေသအပြင်ဘက် မူလဘုံကရော အားလုံး ရောက်ကြပြီလား။"
"ငရဲတံခါးက ထိန်းချုပ်ထားတဲ့ လျှို့ဝှက်နယ်မြေဘုံကလွဲရင် လူတိုင်း ရောက်နေလောက်ပါပြီ။" သူမ ဘေး၌ ရပ်နေသော နတ္ထိအင်ပါယာနန်းတော်၏ နန်းတော်သခင်က ပြန်ဖြေလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာကျော်လောက်က ကောင်းကင်ဒေသမှာ ကသောင်းကနင်းတွေ ဖြစ်ခဲ့တယ်။ ပြောရရင် မူလဘုံက အဲဒီအရှုပ်အထွေးတွေထဲမှာ ပါဝင်ခဲ့ပြီး ရှင်တို့ထဲက တော်တော်များများ ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးကြနိုင်တယ်။ နောက်ပိုင်း လောကကြီးက ပြန်တည်ငြိမ်လာပြီး စနစ်တကျ ပြန်ထူထောင်တဲ့အခါမှာ ထိပ်သီးအင်အားစုတွေက မူလဘုံကို ပေါင်းစည်းခဲ့တယ်။ အခု မူလဘုံရဲ့ ဖြတ်လမ်းကြောင်းက ပွင့်လာတာမို့ မှော်နက်စစ်တပ်ရဲ့ အင်အားစုတွေက တစ်ကြိမ်ထပ်ပြီး ကျူးကျော်ဖို့ ကြိုးစားနေတယ်။ အဲဒါက ဘုံကိုးဘုံမှာ အရှုပ်အထွေးတွေ ဖြစ်လာစေလိမ့်မယ်။ ကျွန်မကြားတာတော့ လူတိုင်းက ဘုံကိုးဘုံကို ထိန်းချုပ်ဖို့အတွက် တိုက်ခိုက်ရင်း အလုပ်ရှုပ်နေကြတယ်ဆို။" မင်းသမီးဒွန်ဟောင်က ကောင်းကင်ထက်၌ မတ်တပ်ရပ်ရင်း လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။
သူမ၏ အသံက အနည်းငယ် အေးစက်နေသော်လည်း ၄င်းက သူမ၏ မောက်မာဝံ့ကြွားမှုကို ခံစားမိစနေိုင်သည်။ နတ်အလင်းတို့နှင့် ဝန်းရံခံထားရသည့် သူမထံမှ စကားအနည်းငယ်က ထိပ်သီးအင်အားစုမှ တန်ခိုးရှင်များကို ဖိအားအနည်းငယ် ခံစားမိစေပေသည်။
"ပြီးတော့ အင်အားစုအများအပြားက မူလဘုံကနေ ဖယ်ထုတ်ပြီး ဖျက်ဆီးခံလိုက်ရပြီလို့ ကြားတယ်။" မင်းသမီးဒွန်ဟောင်က ဆက်ပြောလိုက်သည်။ သူမက လူအုပ်ကြားထဲမှ ရွှေရောင်နတ်ပြည်ထောင်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။ "ကိုက်ချိန်၊ အဲဒါ ဟုတ်လား။"
ကိုက်ချိန်က အနည်းငယ် ထိတ်လန့်သွားကာ မင်းသမီးဒွန်ဟောင်ကို မော့ကြည့်လိုက်သည်။ သူက မတ်မတ်ရပ်ရင်း မင်းသမီးဒွန်ဟောင်ကို အရိုအသေပြုကာ ပြောလိုက်သည်။ "အရှင်မင်းသမီး၊ အခု ဘုံကိုးဘုံမှာ တကယ်ကို ရှုပ်ထွေးနေပါတယ်။ ဒီမှာ ပျက်စီးဆုံးရှုံးတာ အနည်းအကျဥ်းတော့ ရှိပေမယ့် မူလဘုံရဲ့ အနာဂတ်ကို ထည့်မစဥ်းစားဘဲ ပြုမူနေတဲ့ အင်အားစုတွေ အများကြီးရှိတယ်။ အခု ဖြတ်လမ်းကြောင်းက ပွင့်လာပြီး မှော်နက်စစ်တပ်က ကျူးကျော်လာတော့မှာဆိုတော့ ဘုံကိုးဘုံကို စနစ်တကျ ပြန်ထူထောင်ဖို့ လိုတယ်။ ကောင်းကင်ဒေသက အင်အားစုတွေက မူလဘုံက အင်အားစုတွေထက် ပိုသန်မာကြတယ်။ သူတို့ကသာ မူလဘုံကို ထိန်းချုပ်ခွင့်ရသွားမယ်ဆိုရင် တကွဲတပြားဖြစ်နေတာတွေကို သေချာစုစည်းနိုင်ပြီး အားလုံးရဲ့ အင်အားကိုလည်း သေချာပုံသွင်းပေးနိုင်လိမ့်မယ်။"
မင်းသမီးဒွန်ဟောင်က ခေါင်းညိတ်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။ အောက်ဘက်ရှိ ကိုက်ချိန်ကို ကြည့်ကာ ပြောလိုက်၏။ "ရှင်ပြောတာ နည်းနည်းတော့ တရားနည်းလမ်းကျတယ်။ ဒီနေ့ ဆင့်ခေါ်ထားတဲ့ထဲမှာ ရှင်လည်း ပါသလို အခု ကောင်းကင်ဒေသနဲ့ မူလဘုံက ထိပ်သီးအင်အားစုတွေလည်း အကုန် ရောက်နေကြပြီ။ ဘာဖြစ်လို့ စနစ်တကျ ပြန်ဖွဲ့စည်းမယ့်အကြောင်းကို ပြိုင်ပွဲလုပ်ပြီး မဆုံးဖြတ် ဘဲနေရမှာလဲ။ အနိုင်ရတဲ့သူက မူလဘုံကို ထိန်းချုပ်နိုင်တဲ့သူတွေ ဖြစ်လာပြီး ကျရှုံးတဲ့လူကတော့ ထည့်တွက်ခံရမှာ မဟုတ်ဘူး။ ဒီနည်းလမ်းနဲ့ စစ်ပွဲတွေ မဖြစ်ဘဲ စနစ်တကျဖွဲ့စည်းတာကိုလည်း ဆက်လုပ်နိုင်မယ်။ ဘာပြောစရာရှိလဲ။"
ကိုက်ချိန်က သူမကို စူးစမ်းသလို ကြည့်လိုက်ပြီး ခေါင်းအား ငုံ့ကာ ပြန်မဖြေခဲ့ပေ။ သိသာစွာပင် မင်းသမီးသည် ယခုဖြစ်ပျက်နေသော ကိစ္စရပ်များအပေါ် အနည်းငယ် စိတ်မကျနေပ်ဖြစ်နေပြီး သူမ၏ ဆန္ဒက အရှင်ဒွန်ဟောင်၏ ဆုံးဖြတ်ချက်အပေါ် တိုက်ရိုက်သက်ရောက်ပေသည်။ မင်းသမီးဒွန်ဟောင်က ဤနေရာသို့ ကိုယ်တိုင် ရောက်လာခဲ့ခြင်းမှာ အရှင်ဒွန်ဟောင်၏ ဆန္ဒကို ကိုယ်စားပြုနေကြောင်း ထင်ရှားပေသည်။
တခြားအင်အားစုမှ လူများက အများကြီး မပြောကြပေ။ သူတို့က ယခုချက်ချင်း ဤနေရာ၌ တိုက်ခိုက်ကြရမည်လား။
ယနေ့တွင် မည်သူက အသက်ရှင်လျက် ထွက်ခွာသွားနိုင်မည်လဲဆိုသည်မှာ မသိနိုင်သည့်အရာပင် ဖြစ်၏။
အင်အားစုများက သူတို့နှင့်အတူ အထူးချွန်ဆုံး မျိုးဆက်သစ်လေးများကို ခေါ်ဆောင်လာသည်ဖြစ်ရာ သူတို့နှင့် ကိုယ်ပိုင်အတွေးတချို့ ရှိနေမည်မှာ သေချာသည်။ သူတို့တွင် အခွင့်အရေး မရှိလုနီးပါးဖြစ်သည်ကို သိကြသော်လည်း အနာဂတ်တွင် မင်းသမီးဒွန်ဟောင်နှင့် အဆက်အသွယ်ရနိုင်ရန်အတွက် သူတို့အပေါ် ထင်မြင်ချက်ကောင်းများ ချန်ရစ်ထားခဲ့နိုင်ရန် မျှော်လင့်နေကြသည်။
မင်းသမီးက မည်မျှထူးချွန်သူ ဖြစ်ပါစေ သူမက အမျိုးသမီးတစ်ယောက်ပင် ဖြစ်ကာ သူမ နှစ်သက်သဘောကျသည့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရမည်သာ ဖြစ်သည်။ သို့ပေမယ့် ကောင်းကင်ဒေသအတွင်း၌ မင်းသမီး၏ အဆင့်အတန်းနှင့် ကိုက်ညီသူ မည်သူမှ မရှိသည့် အတွက် မျှော်မှန်းချက်မြင့်မြင့် ထားလည်း ထိခိုက်စရာအကြောင်းမရှိပေ။
သို့သော်လည်း သူတို့သည် မင်းသမီးဒွန်ဟောင်၏ ကျက်သရေရှိ မြင့်မြတ်မှုကို မြင်တွေ့လိုက်ရသည့်အခါ မလွယ်ကူသလို ခံစားလိုက်ကြရသည်။
နတ်ရောင်ဝါအလင်းတို့နှင့် ခြံရံထားသော မင်းသမီးဒွန်ဟောင်သည် အစွမ်းထက်ကာ မြင့်မြတ်ထည်ဝါသော တည်ရှိမှုတစ်ခု ဖြစ်ပြီး အနာဂတ်၏ အင်ပါယာဘုရင်မအလောင်းအလျာ ဖြစ်သည်။
အနာဂတ်၌ သူမက အမှန်တကယ်ပင် အင်ပါယာဘုရင်မတစ်ပါး ဖြစ်လာနိုင်ပေသည်။
"အရှင်မင်းသမီး၊ နေမင်းနတ်နန်းတော်ဆိုတာ မူလက ကျုပ်တို့ နေမင်းနတ်တောင်ကုန်းရဲ့အခွဲတစ်ခုပါ။ အခု ကျုပ်တို့ ဒီကို လာခဲ့ရတာက နေမင်းနတ်နန်းတော်ကို နေမင်းနတ်တောင်ကုန်းနဲ့ ပြန်လည်ပေါင်းစည်းဖို့ကြောင့် ဖြစ်ပါတယ်။ လက်ရှိ သူရိန်ဘုံက ကျင့်ကြံခြင်းမှာ အားနည်းတာကြောင့် သူတို့သာ ကျုပ်နဲ့ လိုက်ပြီး နေမင်းနတ်တောင်ကုန်းမှာ ကျင့်ကြံဖို့ဆန္ဒရှိရင် ကျုပ်က သူရိန်ဘုံရဲ့ အင်အားစုတွေကို စုစည်းပြီး ခေါ်ဆောင်သွားမှာပါ။ အခုကစပြီး နေမင်းနတ်တောင်ကုန်းက အရှင်ဒွန်ဟောင်ရဲ့ ဆန္ဒကို လိုက်နာလို့ သူရိန်ဘုံမှာ နတ်မီးလျှံလမ်းစဥ်ကို သင်ကြားပို့ချပေးပြီး သူရိန်ဘုံက တန်ခိုးရှင်တွေ သန်မာလာအောင် လုပ်ဆောင်ပေးမယ်။ ကျုပ်တို့က တခြားဘုံတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။" နေမင်းနတ်တောင်ကုန်းမှ တန်ခိုးရှင်က သူ့ကိုယ်သူ တရားမျှတသယောင် ပြုမူ၍ ပြောလိုက်သည်။
သို့သော်လည်း ရှင်းလင်းစွာပင် သူရိန်ဘုံ၌ သူတို့ လိုချင်သည့်အရာ ရှိနေသောကြောင့် လွယ်လွယ်ကူကူ လွှတ်ပေးလိုက်မည် မဟုတ်ပေ။ သူ၏ ဖော်ပြချက်သည် ယခု သူရိန်ဘုံက နေမင်းနတ်တောင်ကုန်း၏ ထိန်းချုပ်မှုအောက် ရောက်နေပြီဟု ဆိုလိုပေသည်။ မင်းသမီးက မကန့်ကွက်သရွေ့ အနာဂတ်တွင် အပြောင်းအလဲ ရှိမည် မဟုတ်ပေ။
ထို့အပြင် ဤကိစ္စတွင် မင်းသမီးက အများကြီး ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ချေ။
မင်းသမီးဒွန်ဟောင်က သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း အများကြီးမပြောပေ။ သူမသည် သူရိန်ဘုံက နေမင်းနတ်တောင်ကုန်းအတွက် အရေးပါပြီး ထိုအကြောင်းရင်းက ဖော်ပြ၍ မရနိုင်သော တစ်စုံတစ်ခု ဖြစ်ပေမည်။
"တခြားသူတွေကရော ဘယ်လိုလဲ။" မင်းသမီးဒွန်ဟောင်က ထပ်မေးလိုက်သည်။ "ဒီနေ့ အားလုံးကို ကျွန်မ ဆင့်ခေါ်ရတာက မူလဘုံကို ထိန်းသိမ်းဖို့ ရှင်တို့အားလုံး ဘယ်လိုရွေးချယ်မလဲဆိုတာ သိချင်လို့ပဲ။"
***