← Chapters

မြောက်ပိုင်းချုံးဂိုဏ်းသို့

Vol. 6 Ch. 535

မြောက်ပိုင်းချုံးဂိုဏ်းသို့

Vol. 6 Ch. 535

တိုက်ပွဲ သတင်းကြောင့် တစ်ကမ္ဘာလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြချိန်တွင် ချန်းဖန်ကမူ မိတ်ဆွေ၊ မိသားစုဝင်များ ဝန်းရံ၍ ပါ့ကျင်းတောင်၊ မြောက်ပိုင်းချုံးဂိုဏ်း အခြေစိုက် စခန်းသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

“မြောက်ပိုင်းချုံး နန်းတော် …”

အဝင်ဝရှိ ဆိုင်းပုဒ်ကို ကြည့်ရင်း ချန်းဖန်  အသံထွက် ဖတ်လိုက်၏။

ထို့နောက် သူက အနည်းငယ် ပြုံးရင်း ဖန့်ချုံးကို လှည့်ကြည့်လိုက်သည်။ ထိုနာမည်သည် သူနှင့် ဖန့်ချုံး၏ အစနာမည်များကို ယူ၍ ပေးထားခြင်း ဖြစ်သည်။

ဖန့်ချုံးက နားလည်သည့် သဘောဖြင့် ချန်းဖန်အား နူးညံ့စွာ ပြန်လည် ပြုံးပြလိုက်သည်။ သူမ၏ မျက်လုံးများက ပျော်ရွှင် ဂုဏ်ယူမှုဖြင့် အနည်းငယ် တောက်ပနေ၏။

“ဆရာ ... အထဲကို ကြွပါ …”

ဟွာရန်ဖန်းက ယဉ်ကျေးစွာ ပြောလိုက်သည်။

အဆောက်အဦ အတွင်း ရောက်သည်နှင့် အစိမ်းရောင် နဂါး အစီအရင် အတွင်းရှိ မြောက်ပိုင်းချုံး နန်းတော်အတိုင်း အလှဆင်ထားသည်ကို ချန်းဖန် တွေ့လိုက်ရသည်။ အနည်းငယ် ကွဲပြားမှု ရှိသည့်တိုင် မူလပုံစံနှင့် များစွာ မကွာလှချေ။

ချန်းဖန်က အဓိက ထိုင်ခုံသို့ လျှောက်သွားကာ ထိုင်လိုက်၏။ အားရှို့၊ ဖန့်ချုံး၊ ဝမ်ရှောက်ယွင်နှင့် အခြားလူများကလည်း ချန်းဖန်၏ ဘေးတွင် ဝိုင်း၍ နေရာယူလိုက်ကြသည်။

“ကျွန်တော်က မြောက်ပိုင်းချုံးဂိုဏ်းကို တည်ထောင်ခဲ့တယ် ဆိုပေမဲ့ ဘယ်မှာ အခြေချရမယ်မှန်း မစဉ်းစားရသေးဘူး ... တစ်နှစ်ကျော် တံခါးပိတ် ကျင့်ကြံနေတဲ့ အတောအတွင်းမှာ ဒီလောက် ခမ်းနားတဲ့ ဌာနချုပ် ဆောက်ပြီးမယ်လို့ မထင်ထားခဲ့ဘူး …”

ချန်းဖန်က ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“ဒါတွေ အားလုံးက ယူကီရှီရိုဆာ လုပ်ထားတာတွေပါ ... ဆရာ ပျောက်နေတုန်း မြောက်ပိုင်းချုံးအတွက် အစစ အရာရာကို သူပဲ တာဝန်ယူထားတာ …”

အားရှို့က ယူကီရှီရိုဆာကို ကြည့်ရင်း ပြောလိုက်၏။

ယူကီရှီရိုဆာမှာမူ နှင်းမင်းသမီးကလေး အလား အေးစက်စက်နှင့် မတုန်မလှုပ်ပင်။ သို့သော်လည်း သူမ၏ မျက်လုံးများကမူ ဂုဏ်ယူမှုကြောင့် အနည်းငယ် တောက်ပနေ၏။

“မင်း တကယ် ကောင်းကောင်း လုပ်ခဲ့တာပဲ …”

ချန်းဖန်က ယူကီရှီရိုဆာကို ကြည့်ရင်း ခေါင်းညိတ် ပြလိုက်သည်။

ပထမ၌ သူသည် ယူကီရှီရိုဆာကို အိမ်ခြေရာမဲ့ အခြေအနေကြောင့်သာ ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် သူမ၏ အတင်းအကျပ် ပူဆာမှုကြောင့် အဆင့်နိမ့် ကျင့်စဉ်ကိုသာ ပေး၍ လေ့ကျင့်စေခဲ့သည်။

ချန်းဖန် အနေဖြင့် ယူကီရှီရိုဆာ အပေါ် များစွာ မျှော်လင့် မထားခဲ့ချေ။ သို့သော်လည်း သူမက မြောက်ပိုင်းချုံးဂိုဏ်းကို လွှမ်းမိုးကာ အခြား ဂိုဏ်းဝင်များကို ဘုရင်မ တစ်ပါးကဲ့သို့ ဦးဆောင် နိုင်ခဲ့သည်။

“ဟူး …”

ချန်းဖန်က အစီအရင် တစ်ခုအား ခင်းကျင်း၍ အစိမ်းရောင် ဝိညာဉ်ချီ တစ်ခုကို ဖန်တီးလိုက်သည်။

ထိုအင်အားကြီး ယင်သစ်သား ဝိညာဉ်ချီက ယူကီရှီရိုဆာ၏ ခန္ဓာကိုယ်ကို ဖြတ်သန်း၍ သူမ၏ ခန္ဓာကိုယ်ကို ကုသသည်။ တစ်ခဏ အတွင်းမှာပင် လင်းရှု့မင်ကြောင့် ရနေခဲ့သော သူမ၏ ဒဏ်ရာများ လုံးလုံး ပျောက်ကင်းကာ အကောင်းဆုံး အခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။

“ကျေးဇူးပါ ... ဆရာ …”

ယူကီရှီရိုဆာက ဒူးထောက်ရင်း ကျေးဇူးတင်စကား ဆိုလိုက်၏။

“ထလို့ ရပြီ …”

ချန်းဖန်က သူမကို ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက် သူက မြောက်ပိုင်းချုံး ဂိုဏ်းသားများကို ဝှေ့ကြည့်ရင်း ကြေညာလိုက်၏။

“အခု မြောက်ပိုင်းချုံးဂိုဏ်းက တရားဝင် ဖြစ်သွားပြီ ဆိုတော့ ငါတို့ရဲ့ အဆင့်အတန်းနဲ့ အင်အားကို ထိန်းသိမ်းရမှာပေါ့ ... ငါ မင်းတို့ တစ်ယောက်ချင်းစီကို ကျင့်စဉ် တစ်ခုစီ ပေးမယ် ... မင်းတို့သာ သေချာ ကျင့်ကြံမယ် ဆိုရင် အနည်းဆုံး တန်ခိုးရှင် အဆင့်ကို ရောက်လိမ့်မယ် …”

“ကျေးဇူးပါ ... ဂိုဏ်းချုပ်”

မြန်မာ အမှောင်ကဝေဂိုဏ်းမှ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများနှင့် အခြားလူများက ဒူးထောက်ရင်း ကျေးဇူးတင်လိုက်ကြသည်။

အမှောင်ကဝေဂိုဏ်း၊ ယင်တစ္ဆေဂိုဏ်း၊ ဆေးနတ်ဘုရား တောင်ကြား စသည့် ဌာနခွဲများမှ ကျင့်စဉ်များသည် အစွမ်းထက်သည် ဆိုသော်လည်း ချန်းဖန်၏ ကျင့်စဉ်များနှင့် ယှဉ်လျှင်မူ အမှိုက်လောက်သာ ရှိ၏။

ချန်းဖန်က ဌာနခွဲ တစ်ခုချင်းစီကို သူတို့နှင့် လိုက်ဖက်သော ကျင့်စဉ်များ ပေးလိုက်သည်။ ထိုကျင့်စဉ်များသည် တန်ခိုးရှင် လောက၏ အောက်တန်း ကျင့်စဉ်များဟု ဆိုနိုင်သော်လည်း ဤကမ္ဘာရှိ မည်သည့် ကျင့်စဉ်ထက် မဆို ပိုမို အစွမ်းထက်သည်။

“ဆေးနတ်ဘုရား တောင်ကြား အတွက် အာခီမီ လျှို့ဝှက်ချက် ကျင့်စဉ် …”

“အမှောင်ကဝေဂိုဏ်း အတွက် ကောင်းကင် ကဝေ လျှို့ဝှက်ချက် ကျင့်စဉ် …”

“ယင်တစ္ဆေဂိုဏ်း အတွက် တစ္ဆေကကြိုး အစီအရင် သုံးဆယ့်ခြောက်ခု …”

“နဂါးခန်းမ အတွက် သိုင်းနဂါး ကျင့်စဉ် …”

ထိုကျင့်စဉ် အားလုံးကား တန်ခိုးရှင် အဆင့် ကျင့်စဉ်များ ဖြစ်ကြသည်။ သူတို့သာ ကျင့်စဉ်ကို အဆုံးအထိ အောင်မြင်ပါက လင်းရှု့မင်ကဲ့သို့ အစွမ်းထက်သော တန်ခိုးရှင်များ ဖြစ်လာကြလိမ့်မည်။ မြေကမ္ဘာ အဆင့်သို့ တက်လှမ်းရန် အတွက်မူ သူတို့ ကိုယ်တိုင်၏ ကံကောင်းမှုနှင့် ပါရမီတို့ လိုအပ်ပေလိမ့်မည်။

ကျင့်စဉ်များအား ပေးဝေပြီးနောက် ချန်းဖန်က ဆက်လက် ကြေညာလိုက်၏။

“ဒီကျင့်စဉ်တွေကို လူတိုင်း ကျင့်ကြံလို့ မရဘူး ... မင်းတို့ တစ်ယောက်ချင်းစီရဲ့ မြောက်ပိုင်းချုံး အပေါ် သဘောထားကို စီစစ် အကဲခတ်ပြီးမှပဲ အဓိကတပည့် ဌာနခွဲကို ဝင်သင့် မဝင်သင့် ဆုံးဖြတ်မယ် …”

“အဓိက တပည့် ဌာနခွဲဝင် ဖြစ်လာတဲ့ သူတွေက မြောက်ပိုင်းချုံးဂိုဏ်းရဲ့ ကျင့်စဉ်တွေကို ကျင့်ကြံခွင့်ရမဲ့ အပြင် ဆေးဝါးနဲ့ ဓမ္မ လက်နက် ထောက်ပံ့မှုကိုပါ ရမယ် …”

ထို့နောက် ချန်းဖန်က ယူကီရှီရိုဆာဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

“ယူကီရှီရိုဆာ ... မင်းက အဓိကတပည့် ဌာနခွဲကို ဦးဆောင်ရမယ် …”

“ကောင်းပါပြီ ဆရာ …”

ယူကီရှီရိုဆာက ယုံကြည်ချက် ရှိစွာ ပြောလိုက်၏။

ထိုမြင်ကွင်းကို ကြည့်၍ ဖန့်ချုံး၏ အမူအရာက အနည်းငယ် မည်းမှောင်သွား၏။ သို့သော်လည်း သူမက ဘာမှ ဝင်မပြောခဲ့ချေ။

အဓိက တပည့် ဌာနခွဲကို ဖွဲ့စည်းကြောင်း အတည်ပြုပြီးနောက် ချန်းဖန်က အရာရာကို ယူကီရှီရိုဆာထံသို့  လွှဲပေးလိုက်၏။

ထို့နောက် သူက ဆေးဝါးများကို ထုတ်ယူကာ ဌာနခွဲများသို့ ဝေငှပေးလိုက်သည်။ ထိုဆေးများသည် ဆေးနတ်ဘုရား တောင်ကြားနှင့် အစိမ်းရောင် နဂါး အစီအရင်တို့မှ ဆေးပင်များကို သန့်စင်၍ ပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုအထဲ၌ ခန္ဓာကိုယ် သန့်စင်ခြင်းဆေး၊ ဆန်းကြယ် ဆေးဝါးများ၊ အမေတေ စုစည်းခြင်း ဆေးများ ပါဝင်၏။

ထို့နောက် မြောက်ပိုင်းချုံးဂိုဏ်း တွေ့ဆုံပွဲ ပြီးဆုံးကြောင်း ကြေညာလိုက်ရာ တပည့်များ အားလုံး အစီအရီ ပြန်သွားကြတော့သည်။ အခန်းထဲ၌ ဝမ်ရှောက်ယွင်၊ ယူကီရှီရိုဆာ၊ ဟွာရန်ဖန်း စသည့် လူရင်း အချို့သာ ကျန်ရစ်ခဲ့သည်။ လုယန်ဝူ၊ ကျန်းအန့်ချီ၊ ကျိုးကျင်းရီတို့ပင် ပြန်သွားကြပြီ ဖြစ်သည်။

“ခုနက တပည့်တွေကို ပေးလိုက်တဲ့ ကျင့်စဉ်တွေ သာမန် ကျင့်စဉ်တွေချည်းပဲ ... အခု ဒီမှာ ရှိတဲ့ လူတွေကတော့ မြောက်ပိုင်းချုံးဂိုဏ်းရဲ့ အဓိက အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် အစစ်အမှန် တန်ခိုးရှင် ကျင့်စဉ်တွေကို လေ့ကျင့်ခွင့် ရမယ် …”

ချန်းဖန်က ပြောရင်း ပုရပိုက် တစ်ခုကို ထုတ်ယူလိုက်သည်။

“မြောက်ပိုင်းချုံး ချီသန့်စင်ခြင်း …”

လူတိုင်းက ပုရပိုက်ကို ယူရင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“ဆရာ ... မြောက်ပိုင်းချုံး ချီသန့်စင်ခြင်း ကျင့်စဉ်နဲ့ သာမန် ကျင့်စဉ်တွေက ဘာကွာလဲ …”

အားရှို့က စိတ်ဝင်စားစွာ မေးလိုက်၏။

“အများကြီး ကွာတာပေါ့ …”

ချန်းဖန်က ပြုံးရင်း အဖြေပေးလိုက်၏။

“သာမန် ကျင့်စဉ်တွေကို ကျင့်ရင် တန်ခိုးရှင် အဆင့်ကိုပဲ ရောက်နိုင်လိမ့်မယ် ... ဒါပေမဲ့ မြောက်ပိုင်းချုံး ကျင့်စဉ်ကတော့ မြေကမ္ဘာ အဆင့်အထိ ရောက်နိုင်တယ် …”

“မြောက်ပိုင်းချုံး” ကျင့်စဉ်သည် ကျင့်ကြံခြင်း လောက၌ “အစစ်အမှန် သိုင်းပညာ ချီသန့်စင်ခြင်း” ဟု ခေါ်သော အခြေခံ တည်ဆောက်ခြင်း ကျင့်စဉ် ဖြစ်သည်။ ထိုကျင့်စဉ်သည် အစစ်အမှန် သိုင်းပညာဂိုဏ်း၌ တပည့်များစွာ လေ့ကျင့်ကြသည့် ချီသန့်စင်ခြင်း အဆင့် ကျင့်စဉ် ဖြစ်သည်။

“မြေကမ္ဘာ အဆင့်ကို ရောက်နိုင်တယ် …”

ဖန့်ချုံး အပါအဝင် လူတိုင်း၏ မျက်လုံးများ တောက်ပ သွားကြ၏။

သူတို့သည် တိုက်ပွဲ၌ လင်းရှု့မင် ထုတ်ဖော်ခဲ့သော စွမ်းအားကို တွေ့မြင်ခဲ့ရသည်။ သူသည် မြေကမ္ဘာ အဆင့်ကို မရောက်သေးသည့်တိုင် လှိုင်းနှင့် မုန်တိုင်းကို ဆင့်ခေါ်ကာ နတ်ဘုရား တစ်ပါး၏ အစွမ်းကို ပြသခဲ့သည်။

“ဒီကျင့်စဉ်က အခု ဒီမှာ ရှိတဲ့ လူတွေ အတွက်ပဲနော် ... အခြား ဘယ်သူ့ကိုမှ မပြကြနဲ့ …”

ချန်းဖန်က နောက်တစ်ကြိမ် အလေးအနက် မှာကြားလိုက်သည်။

“အင်း …”

“ဟုတ်ကဲ့ …”

“ကောင်းပါပြီ …”

လူတိုင်းက ခေါင်းညိတ် လိုက်ကြသည်။

အားရှို့၊ ယုဝမ်ကျင်းနှင့် ဟွာရန်ဖန်းတို့သည် ချန်းဖန်၏ တပည့်များ ဖြစ်သည်။ ယူကီရှီရိုဆာကမူ သူ၏ အစေခံ မိန်းကလေး ဖြစ်သည်။ ထို့ကြောင့်ပင် ချန်းဖန်သည် သူတို့အား အစစ်အမှန် သိုင်းပညာဂိုဏ်း၏ လျှို့ဝှက် ကျင့်စဉ်ကို သင်ကြား ပေးခဲ့ခြင်း ဖြစ်သည်။

တပည့်များ ထွက်ခွာ သွားပြီးနောက် ဝမ်ရှောက်ယွင်၊ အန်ရာနှင့် ဖန့်ချုံးတို့သာ မြောက်ပိုင်းချုံး နန်းတော် အတွင်း၌ ကျန်ရစ်ခဲ့၏။ သူတို့ကား ချန်းဖန်၏ ဘဝ နှစ်ခု စလုံး၌ အရေး အပါဆုံး လူများ ဖြစ်ကြသည်။

“အန်တီဝမ် အမအန် ရှောင်ဖန် ... ငါလည်း သွားတော့မယ်နော် ... နောက်ကျ နေပြီမလို့ မနက်ကျမှ တွေ့ကြမယ် …”

ဖန့်ချုံးက အလိုက်တသိ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

“ဘာလို့ ပြန်ရမှာလဲ ... သမီးတို့က လက်ထပ် ပြီးပြီပဲဟာ ... ရှောင်ဖန်က သမီးရဲ့ နာမည်ကိုတောင် ဂိုဏ်းမှာ ထည့်သုံး ပြီးနေပြီ ... ဒါတောင် သမီးက ဘာလို့ ရှက်နေ ရသေးတာလဲ …”

ဝမ်ရှောက်ယွင်က ပြုံးရင်း ဖန့်ချုံးအား ဆွဲထားလိုက်၏။

“အမေ အမ ရှောင်ချုံး ... ဒီနှစ်ပိုင်းမှာ အလုပ်တွေ ပိနေတော့ တော်တော်လေး ပင်ပန်းနေပြီ ထင်တယ် …”

ချန်းဖန်က မေးလိုက်၏။

“အင်း ... သားမရှိတဲ့ တစ်နှစ်ခွဲ အတွင်းမှာ ချုံးလေးက အလုပ် အပင်ပန်းဆုံးပဲ ... သူက မြောက်ပိုင်းချုံး လုပ်ငန်းစုရဲ့ စီအီးအို တာဝန်ကို ယူထားရတဲ့ အပြင် အခြား လုပ်ငန်းစုတွေကိုပါ ကိုင်တွယ် ရသေးတယ် ... ချုံးလေးကြောင့်ပဲ မြောက်ပိုင်းချုံးရဲ့ စီးပွားရေးက မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာတာ …”

ဝမ်ရှောက်ယွင်က ရှင်းပြလိုက်သည်။

“သမီး မပင်ပန်းပါဘူး အန်တီရဲ့ ... အမအန်နဲ့ အန်တီတို့က ဘေးနားကနေ အမြဲတမ်း ကူညီ နေတာပဲဟာ ... ပြီးတော့ အန့်ချီ ယန်ဝူတို့ကလည်း အကူအညီ လိုတယ် ဆိုတာနဲ့ ချက်ချင်း ရောက်လာကြတယ်လေ …”

ဖန့်ချုံးက တည်ငြိမ်စွာ ပြန်လည် ပြောလိုက်သည်။

“ဘာဖြစ်ဖြစ် လုပ်ငန်းကြီး တစ်ခုကို ဦးဆောင်နိုင်ဖို့ ဆိုတာက အရမ်းကို အရည်အချင်း ရှိမှ ဖြစ်တာလေ... ရှောင်ဖန်က  တကယ့် ဇနီးကောင်း တစ်ယောက်ကို ရထားတာပဲ …”

ဝမ်ရှောက်ယွင်က ရယ်မောရင်း စနောက် လိုက်၏။

ထိုစကားကြောင့် ဖန့်ချုံး၏ မျက်နှာက အနည်းငယ် ရှက်သွေးဖြာ သွားကာ အောက်သို့ ငုံ့လိုက်သည်။

“ဟားဟား ... ဟုတ်တာပေါ့ ... ကဲ ဒါက အားလုံး တော်ကြတဲ့ အတွက် ဆုချတာ …”

ချန်းဖန်က ရယ်မောရင်း ဆေးလုံး သုံးလုံးကို ထုတ်ပေးလိုက်သည်။

“ဒါတွေက ... ဘာလဲ”

ဝမ်ရှောက်ယွင်က မေးလိုက်၏။

“ဒါတွေကို မီးတောက် ဝိညာဉ်ဆေးလို့ ခေါ်တယ် ... ဒီဆေးကို စားတာနဲ့ အထွတ်အထိပ် တစ်ယောက်က တစ်ခါတည်းနဲ့ တန်ခိုးရှင် ဖြစ်သွားနိုင်တယ် …”

ချန်းဖန်က အဖြေပေးလိုက်သည်။

“အမေတို့မှာက အခြေခံ မရှိတော့ တန်ခိုးရှင် အဆင့်ကို မရောက်ရင်တောင် အထွတ်အထိပ် အဆင့်တော့ အေးအေးဆေးဆေး  ရောက်မှာပါ ... နောက်ပြီး ကျန်နေတဲ့ ဆေးနိသင်တွေနဲ့ ဆိုရင် တန်ခိုးရှင် အဆင့်ကို ငါးနှစ်အတွင်း ရောက်လိမ့်မယ် …”

ထိုစကားကို နားထောင်ရင်း အန်ရာ၏ မျက်လုံးများ ပြူးကျယ်သွား၏။

“မဟုတ်တာ ရှောင်ဖန်ရယ် ... ဒီဆေးတွေက အရမ်းကို တန်ဖိုး ရှိလွန်းတယ် ... ယူကီရှီရိုဆာနဲ့ အားရှို့တို့ကို ပေးလိုက်ပါလား ... အဲဒါက ပိုပြီး အသုံးဝင်တာပေါ့ …”

ဝမ်ရှောက်ယွင်နှင့် ဖန့်ချုံးတို့ကလည်း ခေါင်းညိတ်ကြသည်။

“အမအန် ... အဲဒီလို မပြောပါနဲ့ ... အမတို့ သုံးယောက်က ကျွန်တော့်ရဲ့ အရင်းနှီးဆုံး လူတွေပါ ... ကျွန်တော်ရဲ့ ရင်ထဲမှာ အမတို့က သူတို့ထက် အဆအများကြီး ပိုပြီး အရေးပါပါတယ် ... နောက်ပြီး ဒီဆေးတွေက တန်ခိုးရှင် ကျင့်ကြံခြင်း ခရီးလမ်း စဖို့အတွက် အကောင်းဆုံး အခြေခံတွေပဲလေ …”

ချန်းဖန်က ပြန်လည် ပြောလိုက်၏။

“တန်ခိုးရှင် ကျင့်ကြံခြင်း ခရီးလမ်း …”

ဖန့်ချုံး၊ အန်ရာနှင့် ဝမ်ရှောက်ယွင်တို့က တစ်ယောက် ကြည့်လိုက်ကြ၏။ ချန်းဖန် ပြောခဲ့သော စကားလုံးအား သူတို့ နားမလည်ကြချေ။

***

All Chapters